← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

🍏 Chapter 183

သူမ၏ခါးပေါ်တွင် ဖက်ထားသော သူ့ လက်သည် ဖြည်းညှင်းစွာ တင်းကျပ်သွားပြီး သူမသည် မသိစိတ်က လက်ကို ဆန့်ထုတ်ကာ သူ့ လည်ပင်းကို ဖက်တွယ်လိုက်မိရာ ရှေ့သို့ ကိုင်းညွှတ်သွားသော ခန္ဓာကိုယ်မှာ သူ၏ရင်ခွင်ထဲသို့ အပြည့်အဝ ကျဆင်းသွားရရှာသည်။

အသက်ရှူသံများ လုယူခြင်း ခံလိုက်ရသည့် အချိန်တွင် ဝေဝါးစွာဖြင့် သူ ပြောလိုက်သော စကားကို ကြားလိုက်ရသည်။

"မျက်လုံးမှိတ်"

တိုးညှင်းအက်ရှသော အသံလှိုင်းက နားစည်ထဲသို့ တိုးဝင်လာပြီး နူးညံ့နေသော နှလုံးသားမှာ ပိုမိုနူးညံ့ပျော့ပျောင်းသွားရသည်။

သူမသည် လိမ္မာယဉ်ကျေးစွာဖြင့် မျက်လုံးမှိတ်လိုက်သည်။

နှုတ်ခမ်းနှင့် လျှာတို့ ရောယှက်နေသော ခံစားချက်က ဦးခေါင်းထဲက အရာအားလုံးကို ထုံထိုင်း သွားစေသည်။ လေထုမှာ ပူပြင်းလှသော်လည်း သူတို့ကြားထဲက ပူပြင်းမှုလောက်တော့ မပြင်းထန်ပါပေ။ ပေါ်ထွက်နေသော အရေပြားပေါ်က ပူပြင်းမှုမှာ လူကို စိတ်မရှုပ်စေတော့ပါချေ။ အကြောင်းမူကား သူမ၏ ခါးပေါ်တွင် တင်ထားသော လက်ဖဝါးမှာ ပိုမို၍ပင် ပူလောင်နေသောကြောင့် ဖြစ်သည်။

နမ်းရှိုက်သည့် အချိန်ပမာဏမှာ လောလောဆယ်တွင် မသိရှိနိုင်သော ကိစ္စတစ်ခု ဖြစ်ပေသည်။ ဝမ်သိုက် သိလိုက်ရသည်မှာ ကိစ္စပြီးဆုံးသွားသည့်အခါ သူမ၏ နှုတ်ခမ်းများ ထုံကျင်နေခြင်း ဖြစ်သည်။

ပိုဆိုးသည်မှာ တရားခံဖြစ်သူက သူမအား ကြည့်သော အကြည့်မှာ ဝံပုလွေက သိုးငယ်ကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေသဖြင့် သူမသည် အလွန်ပင် သတ္တိနည်းစွာဖြင့် ထွက်ပြေးခဲ့တော့သည်။

အားလုံးက လူကြီးတွေ ဖြစ်ကြပြီဆိုသော်လည်း ဆက်ဆံရေး အတည်ပြုပြီးသည်နှင့် ချက်ချင်းပင် အောင်ပွဲခံရမည်ဟူသော အချက်ကို သူမအနေဖြင့် လက်ခံနိုင်သည်ဟု မဆိုလိုပါပေ။

ညဘက်တွင် ရေချိုးပြီးနောက် မအိပ်စက်မီ ဝမ်သိုက်သည် ကုတင်ကြီးပေါ်တွင် လှဲလျောင်းနေရင်း လက်ချောင်းများဖြင့် မိမိ၏ နှုတ်ခမ်းသားများကို မသိစိတ်က ပွတ်သပ်နေမိသည်။ သူမ မသိလိုက်ခင်မှာပင် ပင့်တက်သွားသော နှုတ်ခမ်းထောင့်များသည် မည်သို့မျှ မူလနေရာသို့ ပြန်မရောက်နိုင်တော့ပါချေ။

တဖြည်းဖြည်းနှင့် မှောင်မိုက်နေသော အိပ်ခန်းထဲတွင် ဟီးဟီးဟီး ဟူသော အူကြောင်ကြောင် ရယ်မောသံများနှင့် စောင်၏လှုပ်ရှားသံများ ထွက်ပေါ်လာသည်။ အရာအားလုံး၏ မြစ်ဖျားခံရာကမူ ကုတင်ပေါ်တွင် ချစ်စိတ်များ နိုးကြွလျက် လောက်ကောင်ထက်ပင် ပိုမို လျင်မြန်စွာ လှုပ်ရှားနေသော ဝမ်သိုက် ဖြစ်ပေသည်။

မိမိကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ အိပ်မက်ထဲသို့ဝင်ရောက်သွားခဲ့သည်။ ဒါက အတိတ်က အိပ်မက်၏ နောက်ဆက်တွဲ ဖြစ်နိုင်သလို နောက်ဆက်တွဲ မဟုတ်သည်လည်း ဖြစ်နိုင်သည်။ ရှုပ်ထွေးနေသော အချိန်ကာလ လမ်းကြောင်းထဲက မြင်ကွင်းတစ်ခုပြီးတစ်ခုမှာ သူမ၏ အိပ်မက်ထဲတွင် ကြားညပ်ပေါ်ပေါက်လာသည်။

သို့သော် ဤညတွင်မူ သူမသည် အိပ်မက်ထဲက လူ၏မျက်နှာကို နောက်ဆုံးတွင် သေချာစွာ မြင်တွေ့လိုက်ရသည်။

ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော မြှားမိုးများသည် သူမနှင့် သူ့ကို ထိုးဖောက်သွားခဲ့သည်။

အန္တရာယ်ရှိမှန်း သိနေသော်လည်း သူ ရှိရာဆီသို့ ဆက်လက်ပြီး ပြေးဝင်သွားခဲ့သည်။

လက်ထဲတွင် ကိုင်ထားသော ဓားမှာ အလွန်လေးလံလှပြီး ခြေထောက်နှစ်ဖက်မှာ သတိလစ်လုနီးပါးအထိ အပြင်းအထန် ပြေးလွှားနေရသည်။ သူ ဘာမှမဖြစ်စေရဘူးဟူသော အသိတစ်ခုသာ ရှိတော့သည်။ သူမသည် သူ့ထံသို့ အော်ဟစ်လိုက်သည်။

"ချန်စစ်ကျယ်"

သူတို့ ပွေ့ဖက်လိုက်ကြပြီး ပျံသန်းလာသော မြှားများသည် သူတို့ကို တန်းစီလျက် ထိုးဖောက်သွားသည်။ လက်ဖဝါးက သူ၏ သွေးချင်းနီနေသော မျက်နှာပေါ်သို့ ထိကပ်သွားရာ ဦးနှောက်ထဲတွင် အသံတစ်ခုသာ ကျန်ရှိတော့သည်။

“မငိုပါနဲ့”

မျက်ရည်တွေက သူ့မျက်နှာကို ဝေဝါးသွားစေလိမ့်မည်။ ဤနောက်ဆုံးအကြိမ် တွေ့ဆုံခြင်းကို သေချာမှတ်မိရမည်။

သူမက သူ့ကို ပြောလိုက်သည်။

"သေအတူ ရှင်အတူ၊ ရှင့်အနားမှာ အမြဲတမ်းရှိနေပေးပါ့မယ်"

စတင်ဆုံတွေ့စဉ်က အူကြောင်ကြောင်ရန်ဖြစ်ခဲ့ကြသည်မှသည် အချစ်စိတ်များ စတင်နိုးကြွား လာပြီးနောက် အဆုံးသတ်တွင် အချစ်အမြစ်တွယ်သွားခဲ့သည်။ အသက်ရှင်စဉ်တွင် အခန်းတစ်ခု တည်း၌ အတူမနေရသော်လည်း သေဆုံးသည့်အခါတွင်မူ ဂူတစ်ခုတည်း၌ အတူရှိပါရစေ။

ကောင်းကင်ကြီး အလင်းမပြသေးမီမှာပင် ကုတင်ပေါ်တွင် လှဲလျောင်းနေသော လူသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။

ဤကဲ့သို့သော လှုပ်ရှားမှုကို ပြုလုပ်လိုက်သူမှာ လူနှစ်ယောက် ရှိနေသည်။ ဝမ်သိုက်နှင့် ချန်စစ်ကျယ် ဖြစ်ပေသည်။

သူတို့၏ နောက်ထပ် လှုပ်ရှားမှုမှာလည်း လုံးဝ ကွာခြားခြင်းမရှိပါချေ။ ကုတင်ဘေး စားပွဲပေါ်တွင် တင်ထားသော ဖုန်းကိုကောက်ယူလိုက်ပြီး အခြားလူ၏ We Chat ကို ရှာဖွေကာ လျင်မြန်စွာဖြင့် စာသားတစ်ကြောင်း ရိုက်နှိပ်ပြီးပေးပို့လိုက်သည်။

【ငါ မင်းကို အိပ်မက်မက်တယ်】

【ကျွန်မ ရှင့်ကို အိပ်မက်မက်တယ်】

တစ်ပြိုင်နက်တည်းတွင် စကားပြောစာမျက်နှာထဲ၌ ပေါ်ထွက်လာသော သတင်းစကားနှစ်စောင်ကြောင့် မူလကတည်းက လှိုင်းလုံးများ ထတုန်နေသော နှလုံးသား ပင်လယ်ပြင်မှာ ပိုမိုလှိုင်းတံပိုးများ ပြင်းထန်လာရသည်။ ဝမ်သိုက်သည် တံတွေးကို မျိုချလိုက်ပြီး သူ့ထံသို့ ဖုန်းခေါ်ဆိုရန် ပြင်လိုက်စဉ်မှာပင် မျက်နှာပြင်ပေါ်တွင် ဖုန်းခေါ်ဆိုမှု ပေါ်လာခဲ့သည်။

တုန်ရီနေသော လက်ချောင်းများဖြင့် ဖုန်းလက်ခံသည့် ခလုတ်ကို နှိပ်လိုက်ပြီး ဝမ်သိုက်သည် ဖုန်းကိုနားတွင် ကပ်လိုက်သော်လည်း နှစ်ဖက်စလုံးက တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားကြသည်။

ခဏမျှ ကြာမှ ဝမ်သိုက်က အရင်ဆုံး ပါးစပ်ဟလိုက်ပြီး သူမ၏ မျက်ရည်များကလည်း ဤအခိုက်အတန့်တွင် ကျဆင်းလာရကာ လေသံထဲတွင် ငိုရှိုက်သံများ ပါဝင်နေသည်။

"ချန်စစ်ကျယ်၊ ကျွန်မ အားလုံးကို သိသွားပြီ၊ ကျွန်မ အများကြီး အများကြီး သိသွားပြီ"

ဖုန်းနားကြပ်ထဲမှ ထွက်ပေါ်လာသော အသံမှာ အက်ရှနေပြီး သူမနှင့် မထူးမခြားနားပါချေ။

"ငါလည်း တူတူပဲ"

လျှံကျလာသော မျက်ရည်များကို ထိန်းချုပ်၍မရတော့ဘဲ ဝမ်သိုက်သည် လက်ကို မြှောက်ကာ မျက်နှာကိုအုပ်လျက် အသံမထွက်ဘဲ ငိုကြွေးနေမိသည်။ ကြီးမားသော ဝမ်းနည်းကြေကွဲမှုများသည် အတိတ်ဘဝမှ ပစ္စုပ္ပန်ဘဝသို့ကူးစက်လာပြီး နှလုံးသားမှာ ဆူးဖြင့် အထိုးခံနေရသကဲ့သို့ နာကျင်လှပေသည်။

"ငါ့ရဲ့ ဆရာက ဒီနေ့မွန်းလွဲပိုင်းမှာ လီကျိုးမှာ ရှိလိမ့်မယ်၊ မင်း အချိန်ရလား"

ပုခုံးများတုန်ရီလျက် မျက်နှာကို အုပ်ကာ မျက်ရည်ကျနေသော ဝမ်သိုက်သည် အတော်ကြာအောင် စိတ်ကို လျှော့ချလိုက်ရပြီး ရှိုက်ကြီးတငင် ငိုသံများကို ဖုန်းအခြားတစ်ဖက်က လူက ပြတ်တောက်ပြတ်တောက် ကြားနေရသည်။ သူမကမူ ဘာမှမသိဘဲ နှာခေါင်းကို ရှုံ့ကာ ဆိုသည်။

"ဒါပေါ့၊ ရတာပေါ့"

မရရင်တောင်မှ မဖြစ်မနေ အချိန်ယူရမည် ဖြစ်သည်။

ဒါက အစောင့်အရှောက်များ ပြောပြဖူးသော ဖော်ထုတ်လို့မရတဲ့ နတ်ဘုရားတို့ရဲ့ လျှို့ဝှက်ချက် ဆိုသည်လော။ မူလက သူမအနေဖြင့် အလေးမထားခဲ့သော အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝ ဇာတ်လမ်းများသည် သူမ၏ဘဝထဲတွင် အစစ်အမှန်အတိုင်း ပေါ်ပေါက်လာခဲ့ချေပြီ။

အောက်သက်ကြေခြင်းမရှိသော နှစ်သိမ့်စကားများကို ချန်စစ်ကျယ်က ထုတ်ဖော်ပြောဆိုလာသည်။

"မင်း အရင်ဆုံး စိတ်ခံစားချက်ကို ပြုပြင်လိုက်ဦး၊ အကြာကြီး မငိုနဲ့ဦး၊ မျက်လုံးအတွက် မကောင်းဘူး၊ အခုက စောသေးတယ်၊ စိတ်အေးအေးထားပြီး ဆက်အိပ်လို့ ရသေးတယ်၊ ဒါမှမဟုတ် အခုပဲ ကုတင်ပေါ်ကထပြီး လေ့ကျင့်ခန်း ခဏသွားလုပ်"

သို့သော် သူကိုယ်တိုင်၏အသံမှာလည်း သိသာစွာဖြင့် တုန်ရီနေမိသည်။

ဖုန်းကို ချမပစ်ခဲ့ဘဲ ဝမ်သိုက်သည် မိမိ၏ စိတ်ခံစားချက်ကို ပြုပြင်ပြီးနောက်တွင် နောက်တစ်ကြိမ် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ အတိတ်ဘဝက ကိစ္စရပ်များက သူမအား ထပ်မံ မနှောင့်ယှက်တော့ဘဲ အိပ်မက်မရှိဘဲ မိုးလင်းသွားခဲ့သည်။

"အင်း"

မှန်တင်ခုံရှေ့တွင် မတ်တတ်ရပ်ကာ မျက်နှာသစ် သွားတိုက်ပြီးနောက် ဝမ်သိုက်သည် မိမိ၏ မို့အစ်နေသော မျက်လုံးများကို စမ်းသပ်ကြည့်လိုက်ရာ မျက်လုံးနှစ်လုံးလုံး မက်မွန်သီးကဲ့သို့ ဖူးယောင်သွားသည့် ကံကြမ္မာမှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပါချေ။

အတိတ်တုန်းကဆိုလျှင် သူမအနေဖြင့် မျက်လုံး မို့အစ်နေခြင်း ရှိမရှိကို အလွန်အမင်း ဂရုမစိုက်မည်မဟုတ်ပေ။ ယခုမူကား ကွာခြားချက် ရှိနေပြီဖြစ်သည်။

ချန်စစ်ကျယ်ဟူသော ရည်းစားတစ်ယောက် တိုးလာခဲ့ပြီ ဖြစ်သဖြင့် တစ်ခါမှ ဂရုမစိုက်ဖူးသော ရုပ်ရည်သွင်ပြင်ကို ပြန်လည် ဂရုစိုက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် ဤရည်းစားနှင့် သူမကြားတွင် အတိတ်ဘဝက ရေစက်အချို့ ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် ထိုလူက အတိတ်ဘဝတုန်းကလည်း အလွန်အကျင့်ပုတ်ခဲ့သည်။

ကော်ဖီအမည်း အနည်းငယ်ကို ဖျော်စပ်ကာ သောက်လိုက်ပြီး ခါးသီးလွန်းသဖြင့် ဆိုဖာပေါ်တွင် လှဲလျောင်းလျက် မျက်နှာကြက်ကို ကြည့်ကာ မိမိကိုယ်ကိုယ် အားလပ်ခွင့်ပေးနေသော ဝမ်သိုက်၏ ရင်ထဲတွင်မူ ရှုပ်ထွေးနေဆဲဖြစ်သည်။

လေးလံနေသော မျက်ခွံများကို နောက်တစ်ကြိမ် မှိတ်လိုက်ချင်သော်လည်း ကျယ်လောင်သော တံခါးခေါက်သံက သူမအား ဤအခွင့်အရေးကို ပေးရန် ငြင်းဆန်လိုက်သည်။

မိမိကိုယ်ကိုယ် အားတင်းကာ ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး ဝမ်သိုက်သည် အိပ်စက်ပြီးနောက် ပိုမို ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲယူလျက် တံခါးကို သွားရောက် ဖွင့်လှစ်လိုက်ရာ တံခါးအပြင်ဘက်တွင် မတ်တတ်ရပ်နေသော လူကို မြင်တွေ့လိုက်ရသဖြင့် သူမ ချက်ချင်း အသိစိတ်ဝင်သွားကာ "ဝုန်း" ဟူသော အသံနှင့်အတူ တံခါးကို ချက်ချင်း ပြန်လည် ပိတ်ပစ်လိုက်သည်။

တံခါးပိတ်ခံလိုက်ရသော ချန်စစ်ကျယ်သည် မနက်စာကို ကိုင်ဆောင်ထားရင်း တံခါးဝတွင် ဆွံ့အစွာဖြင့် ရပ်ကျန်ရစ်ခဲ့သည်။

ခဏမျှ ကြာပြီးနောက် သူသည် လက်ကို နောက်တစ်ကြိမ် မြှောက်ကာ တံခါးကို ခေါက်သည်။

"ဝမ်သိုက်၊ တံခါးဖွင့်ဦး၊ ငါ မင်းအတွက် မနက်စာ ယူလာပေးတာ"

"..."

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တံခါးကို ညင်သာစွာ ဖွင့်လိုက်သည်။

ဝမ်သိုက်သည် လက်တစ်ဖက်ဖြင့် မိမိ၏ မျက်လုံးများကို အုပ်ထားပြီး အခြားလက်တစ်ဖက်ဖြင့် တံခါးလက်ကိုင်ကို ကိုင်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။ မျက်နှာကို အနည်းငယ် စောင်းထားပြီး သူ့ကို တည့်တည့်မကြည့်ဝံ့ဘဲ ဝေဝါးစွာ ဆိုသည်။

"ရှင်က ဘာလို့ ရုတ်တရက် ကျွန်မကို မနက်စာလာပို့ဖို့ တွေးမိတာလဲ... ဝင်ခဲ့လေ"

ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်က အဲကွန်းသည် အေးစက်သော လေပြေများကို ထုတ်လွှတ်နေပြီး ဝမ်သိုက်သည် လက်ဖြင့် မျက်လုံးများကို တစ်ဝက်ခန့် ကာကွယ်ထားသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားရင်း စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

All Chapters