← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

🍏 Chapter 185

မီးစိမ်းမလင်းမီမှာပင် သူသည် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ကားသည် ချန်မိသားစု ဗီလာအိမ်၏ မြေအောက်ကားဂိုဒေါင်တွင် ရပ်တန့်သွားပြီးနောက် သူသည် သူမအတွက် ကားတံခါးကို လာရောက် ဖွင့်လှစ်ပေးသည်။

သူမ ကားပေါ်မှ ဆင်းကတည်းက သူ၏ လက်သည် သူမကို လာရောက် တွဲခေါ်သည်။ ယခင်ကကဲ့သို့ ရှေ့ဆင့်နောက်ဆင့် မဟုတ်တော့ဘဲ လက်ရှိ ချန်စစ်ကျယ်သည် ရည်းစားတစ်ယောက်၏ အသိစိတ် အပြည့်ရှိနေကာ ခြေလှမ်းများကို နှေးကွေးစေလျက် သူမနှင့် ပခုံးချင်းယှဉ်ကာ လျှောက်လှမ်းသည်။

သို့သော် သူမကို တွဲထားသော လက်သည် ကိုယ်နေဟန်ထားကို ဖြည်းညှင်းစွာ ပြောင်းလဲနေပြီး အဆုံးသတ်တွင် သူမနှင့် လက်ချောင်းချင်း ယှက်သွယ်လိုက်သည်။ လှုပ်ရှားမှုမှာ ရိုးသားလှသော်လည်း အားအင်များကမူ ဆက်လက်တိုးပွားနေပြီး သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ဓာတ်လှေကားဖြင့် အပေါ်သို့ တက်ခဲ့ကြသည်။ ဓာတ်လှေကားတံခါးမှာ "ဒင်" ဟူသော အသံနှင့်အတူ ပွင့်သွားချိန်တွင် ဆိုဖာပေါ်တွင် မှီလျက် ပန်းခြောက်ရေနွေးကြမ်း သောက်နေသော ချီယာသည် မျက်လုံးပင် စောင်းမကြည့်ပါချေ။

"အို၊ ပြန်လာကြည့်ဖို့ သတိရသေးတယ်ပေါ့"

သားအကြောင်း မိခင်အသိဆုံး ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ချီယာသည်လည်း ပညာရှိ သတိဖြစ်ခဲဟူသော အခြေအနေမျိုး ကြုံတွေ့ရတော့မည် ဖြစ်ပေသည်။

ရဲရဲဝံ့ဝံ့မရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

"အန်တီချီ"

ချီယာသည် လက်ထဲက ရေနွေးကြမ်းခွက်ကို ချက်ချင်း ချထားလိုက်သည်။ သူမသည် ထရပ်ကာ ဓာတ်လှေကားရှိရာ နေရာသို့ လှည့်ကြည့်လိုက်ရာ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ အသံရှင် ဝမ်သိုက် ဖြစ်သဖြင့် မှားစရာမရှိပါချေ။

ဝမ်သိုက်၏ ဘေးတွင် မတ်တတ်ရပ်နေသူမှာ သူမ၏သား ချန်စစ်ကျယ် ဖြစ်သဖြင့် ပြဿနာမရှိနိုင်ဟု ထင်ရသော်လည်း သူမသည် အကြည့်ကို ဖြည်းညှင်းစွာ အောက်သို့ ချလိုက်မိရာ မျက်ခွံများမှာ ပိုမို ပင့်တက်သွားရသည်။

ဤလက်ချောင်းချင်း ယှက်သွယ်ထားသော လက်အစုံက ဘယ်လိုဖြစ်ရတာလဲ။

ချန်စစ်ကျယ်သည် ခြေလှမ်းမရွေ့ချင်သော ဝမ်သိုက်ကို တွဲခေါ်ကာ ရှေ့သို့ တက်လှမ်းခဲ့သည်။ သူသည် ချီယာ၏ မယုံကြည်နိုင်လောက်သော အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်ပြီး ဝမ်သိုက်၏ လက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ ချီယာ ပိုမိုသေချာစွာ မြင်တွေ့နိုင်စေရန် အပေါ်သို့ပင် မြှောက်ပြလိုက်သည်။

တိုးညှင်းအက်ရှသော အသံက ကျောက်တုံးကြီး မြေပေါ်သို့ ကျသွားသည့်အလား စကားလုံးများကို ထုတ်ဖော်လာသည်။

"ကျွန်တော်နဲ့ ဝမ်သိုက်တွဲနေကြပြီ၊ မကြာခင်မှာပဲ လက်ထပ်ကြတော့မှာ၊ အမေ ကျွန်တော့်ကို အတင်းအကျပ် အိမ်ထောင်ဖက် စီစဉ်ပေးဖို့မလိုတော့ဘူး၊ သင့်တော်တဲ့ မိန်းကလေးတွေကိုလည်း ရှာပေးဖို့မလိုတော့ဘူး၊ အမေ မင်္ဂလာရက်ကောင်း ရွေးချင်ရင်လည်း ရွေးပါ၊ ဒါပေမဲ့ ရွေးရင်တောင် ကျွန်တော် နားထောင်ချင်မှ နားထောင်မှာ"

ချန်စစ်ကျယ် ရဲတင်းစွာ ပြောဆိုနေသည့် အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ဝမ်ခန်းသည် အပေါ်ထပ်မှ ဆင်းလာခဲ့သည်။ သူသည် ခေါင်းကို စောင်းကာ ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ချီယာနှင့် ထပ်တူထပ်မျှဖြစ်သော အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်။

ထို့နောက်တွင် ဖြစ်ပျက်ခဲ့သောအရာများသည် ချန်စစ်ကျယ် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ပေသည်။ ဝမ်သိုက်၏ စိုးရိမ်ပူပန်မှုများမှာ အမှန်တကယ်ပင်ပိုလျှံနေခဲ့ချေပြီ။ အကြောင်းမူကား ချီယာက သူမအား မျက်စိဆေးခန်း သွားရောက်ပြသဖူးခြင်း ရှိ၊ မရှိကိုသာ မေးမြန်းခဲ့သောကြောင့် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ မိခင်အကြောင်း သားအသိဆုံးလည်း ဖြစ်ပေသည်။

ချန်ဝမ်ခန်းကမူ စိတ်ကူးယဉ်ဆန်စွာဖြင့် မျက်ဝန်းထောင့်က စိုစွတ်မှုများကို သုတ်လိုက်သည်။ သူသည် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး လည်ပင်းကို အနည်းငယ် ငုံ့ထားကာ ပါးစပ်ထဲတွင် ခေတ္တမျှ ငြိမ်သက်နေပြီးမှသာ သက်ပြင်းချကာ စကားကို စတင်လိုက်သည်။

"အိုး၊ ကောင်းတာပေါ့ ကောင်းတာပေါ့၊ ဒီလိုဖြစ်တာလည်း ကောင်းတာပဲ"

"အစတုန်းက မင်းက ငါတို့ရဲ့ သမီးအရင်း ဖြစ်မလာခဲ့တာဟာလည်း ကံကြမ္မာရဲ့ စီမံမှု ဖြစ်လိမ့်မယ်၊ ကြည့်စမ်း၊ လှည့်ပတ်သွားလာပြီးတဲ့နောက်မှာ ငါတို့က မိသားစုတစ်စုတည်း ဖြစ်လာကြရပြန်ပြီပဲ"

ချန်ဝမ်ခန်း ပြုံးလိုက်သော်လည်း မျက်ခုံးကြားတွင်မူ တိုးညှင်းသော လွမ်းဆွတ်မှုများ ဖြာကျနေသည်။ သူသည် ဝမ်ကျန့်ကို သတိရသွားခြင်း ဖြစ်လိမ့်မည်။

ကံကြမ္မာအကြောင်း ပြောလာသောအခါ ဝမ်သိုက်သည်လည်း မသိစိတ်က စိတ်လွင့်မျောသွားရသည်။ သူမနှင့် ပတ်သက်သော ဤပြဇာတ်ကြီးကိုအပေါ်က ကြည့်ရှုနေကြသော ပရိသတ်များအနေဖြင့် ကျေနပ်မှု ရှိ၊ မရှိကိုမူ မသိပါပေ။

ညစာကို ချန်မိသားစုအိမ်တွင်ပင် သုံးဆောင်ခဲ့ကြသည်။ ချန်စစ်ကျယ်က မိဘများကို ပြောခဲ့သော ထိုစကားလုံးများကို သူမအနေဖြင့် ရင်ထဲတွင် အလေးအနက် မထားခဲ့သော်လည်း ထိုစကားလုံးများကို ထုတ်ဖော်ပြောဆိုခဲ့သော လူကမူ သူမအား ရင်ထဲတွင် မှတ်ထားစေချင်ပုံရပေသည်။

ညဉ့်မှောင်ရိပ်က ကားထဲက လူနှစ်ယောက် အတူရှိနေမည့် ပတ်ဝန်းကျင်ကို ဝေဝါးသော အရိပ်အယောင်များ လွှမ်းခြုံပေးထားသည်။ စိတ်ခံစားချက်များကို ထုတ်ဖော်ရန် အသင့်တော်ဆုံးသော ဝေဝါးမှုမျိုး ဖြစ်ပေသည်။

နှမြောစရာကောင်းသည်မှာ ဤဝေဝါးမှုသည် တိုက်ရိုက်ပြောရသည်ကို သဘောကျသော ချန်စစ်ကျယ်ဆုံတွေ့သွားခြင်း ဖြစ်သည်။

"ငါတို့ ဘယ်တော့ လက်မှတ်ထိုးဖို့သွားပြင်ကြမလဲ"

လူတစ်ယောက်သည် မိမိ၏တံတွေးနှင့် မိမိ သီးပြီး သေဆုံးနိုင်သည်ဆိုလျှင် ဝမ်သိုက်အနေဖြင့် သူမကိုယ်သူမ ပြင်ဆင်ပြီး သေဆုံးလိုက်ရုံသာ ရှိတော့သည်ဟု ခံစားလိုက်ရသည်။

"ချန်ရှေ့နေ၊ ကျွန်မတို့က ဒီနေ့မှတွဲတာ ဒုတိယမြောက်နေ့ပဲ ရှိသေးတာလေ၊ ရှင်က ကျွန်မကို ဘယ်တော့ လက်ထပ်မလဲလို့ ချက်ချင်းမေးနေတာလား"

မြန်မြန်ဆန်ဆန် လက်ထပ်ကြသည်ဆိုလျှင်တောင် ဤမျှလောက် မမြန်ဆန်နိုင်ပါပေ။ သို့သော် ထိုသို့ စိတ်မြန်လက်မြန် လက်ထပ်တတ်သော လူများအတွက်မူ ဆုံတွေ့ပြီး ဒုတိယမြောက်နေ့တွင် လက်ထပ်ခြင်းမှာ ဆန်းကြယ်သော ကိစ္စတစ်ခု မဟုတ်နိုင်ပါချေ။

ရှေ့နေချန်က ကျိုးကြောင်းဆီလျော်စွာ ဆိုသည်။

"ဥပဒေက တားမြစ်မထားရင် လုပ်လို့ရတာပဲ"

လည်ချောင်းထဲတွင် တစ်ဆို့သွားသော ဝမ်သိုက်သည် ကားမောင်းသူထိုင်ခုံပေါ်က လူကို စိုက်ကြည့်နေမိသည်။

အခြားလူကမူ ဘာမှမဖြစ်သကဲ့သို့ မူလမေးခွန်းကိုသာ ဆက်လက်မေးမြန်းနေသည်။

"ဒါကြောင့် ငါတို့ ဘယ်တော့ လက်မှတ်ထိုးဖို့သွားပြင်ကြမလဲ"

"လက်မထပ်ခင်မှာ ချစ်သူဘဝ ဖြတ်သန်းရမယ်၊ ပိုက်ဆံစုရမယ်၊ အတူတူ နေထိုင်ရမယ်ဆိုတဲ့ အဆင့်သုံးဆင့်ကို ဖြတ်သန်းရမှာ မဟုတ်ဘူးလား၊ စေ့စပ်တာကိုတော့ ချန်လှပ်ထားလို့ ရပါတယ်၊ ကျွန်မလည်း ဒီအဆင့်ကို အဲဒီလောက် ဂရုမစိုက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် စေ့စပ်တယ်ဆိုတာ အခမ်းအနားတစ်ခု လုပ်ရုံသက်သက်ပဲလေ"

သူမသည် မိမိ၏ အတွေးအမြင်ကို ရိုးရိုးရှင်းရှင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းသာ ဖြစ်ပြီး ဤစကားလုံး များက မိမိအတွက် မည်သို့သော အကျိုးဆက်များကို ယူဆောင်လာမည်ကိုမူ ဝမ်သိုက် တွေးမိခြင်း မရှိသေးပါချေ။

သို့သော် သူမ မကြာခင်မှာပဲ သိရှိသွားခဲ့သည်။

ချန်စစ်ကျယ်သည် သူမ၏ စကားလုံးများထဲက သူ ထင်မှတ်ထားသော အဓိကအချက်ကို တိကျစွာ ဖမ်းဆုပ်လိုက်သည်။

"ဩော်၊ ဒါဆို မင်းက ငါနဲ့ အတူတူ နေချင်တာပေါ့"

ဆက်ဆံရေးကို အတည်ပြုပြီးပြီဖြစ်သဖြင့် အတူတူနေထိုင်မည့် ကိစ္စကို ပြောဆိုခြင်းမှာ ရှက်စရာကောင်းသော ကိစ္စတစ်ခု မဟုတ်ဟု ဆိုနိုင်သော်လည်း ဝမ်သိုက်၏ မျက်နှာမှာ ပန်းနုရောင်သန်းလျက် ပူနွေးလာခြင်းကိုမူ တားဆီး၍ မရပါချေ။ သူမသည် ချန်စစ်ကျယ်ကို စိုက်ကြည့်ရင်း ပြင်ဆင်ပေးလိုက်သည်။

"ကျွန်မ ဆိုလိုတာက ကျွန်မတို့ လက်ထပ်မယ့် ကိစ္စကို ဒီလောက်အထိ စောစောစီးစီး မစဉ်းစားသင့်သေးဘူးလို့ ပြောတာ၊ တွဲတာ နှစ်ရက်ပဲ ရှိသေးတာကို"

ကားသည် လမ်းဘေးတွင် ရုတ်တရက် ရပ်တန့်သွားသည်။ လက်ရှိအချိန်တွင် မြို့လယ်ခေါင်၌ ယာဉ်ကြောများ ရှုပ်ထွေးနေမည်မှာ သေချာသော်လည်း သူတို့ ဖြတ်သန်းနေသည်မှာ ဆိတ်ငြိမ်သော လမ်းဘေး ဖြစ်ပေသည်။

ကားမောင်းသူထိုင်ခုံပေါ်က အမျိုးသားသည် ကျောပြင်ကို ထိုင်ခုံနောက်မှီတွင် ကပ်ထားလိုက်ပြီး ခေါင်းလှည့်ကာ သူမနှင့် အကြည့်ချင်း ဆုံလိုက်သည်။ လေးနက်သော လေသံက လူ့နှလုံးသားထဲသို့ တိုးဝင်နိုင်သော စကားလုံးများကို ထုတ်ဖော်လာသည်။

"ဒါပေမဲ့ ငါတို့က တစ်နှစ်ကျော်လောက် သိကျွမ်းခဲ့ကြပြီးပြီ၊ ပြီးတော့ ကိစ္စရပ်တွေ အများကြီးကိုလည်း အတူတူ ဖြတ်သန်းခဲ့ကြပြီးပြီ။ ငါ့ကိုယ်ငါ ထင်တာကတော့ ငါ မင်းအပေါ် နားလည်မှု အတိုင်းအတာက လက်ထပ်မယ့်စံနှုန်းကို ရောက်နေပြီလို့ ယူဆတယ်”

“မင်းက အချိုပွဲတွေကို သဘောကျတယ်၊ အချိုပွဲတွေထဲမှာ အထူးသဖြင့် သရက်သီးရေခဲမုန့်ကို သဘောကျတယ်၊ တရုတ်စာစားရင်လည်း အချိုအရသာကို ပိုနှစ်သက်တယ်၊ အသားနဲ့ ပတ်သက်ရင် ဂျီးများတတ်တယ်"

သူသည် မိမိ၏အကြည့်ကို ရွှေ့ပြောင်းခြင်းမရှိရုံတင်မကဘဲ အကြည့်များဖြင့် သူမ မျက်လုံးများကို တင်းတင်းကြပ်ကြပ် သော့ခတ်ထားသည်။ သို့မဟုတ်လျှင်လည်း သူမကိုယ်တိုင်က အကြည့်မလွှဲနိုင်ခြင်း ဖြစ်ပေသည်။

ညင်သာသော ပြောဆိုမှုများက ဆက်လက်ထွက်ပေါ်နေသည်။

"အပြင်ပန်းကြည့်ရင် အားကိုးလို့မရသလို တည်တည်ငြိမ်ငြိမ်မရှိဘူးလို့ ထင်ရပေမဲ့ အမှန်တကယ်တော့ တော်တော်လေး ကျကြောင်းဆီလျော်စွာ တွေးတောတတ်တယ်၊ ဒါပေမဲ့ မင်းလုပ်ချင်တဲ့ ကိစ္စနဲ့ ကြုံလာရတဲ့အခါ မင်းရဲ့ ကျိုးကြောင်းဆင်ခြင်မှုက မင်းရဲ့ စိတ်လိုက်မန်ပါဖြစ်မှုအောက်မှာ အရှုံးပေးလိုက်ရတာပဲ”

“ဒါပေမဲ့ မင်းရဲ့ စိတ်လိုက်မန်ပါဖြစ်မှုက မိုက်ရူးရဲဆန်တာ မဟုတ်ဘူး၊ မင်းမှာ အကျိုးဆက်တွေနဲ့ အစီအမံတွေကို စဉ်းစားပြီးသား ရှိတယ်၊ မင်းက အမှီအခိုကင်းတယ်လို့ ပြောမယ့်အစား မင်းက အတင်းအကျပ် အားတင်းပြီး အမှီအခိုကင်းအောင် နေနေတဲ့ လူစားမျိုးလို့ ငါ ပိုပြောချင်တယ်”

“ဘာလို့လဲဆိုတော့ မင်းရဲ့နောက်ကွယ်မှာ ဘယ်သူမှမရှိလို့ အရာအားလုံးကို မင်းတစ်ယောက်တည်း တောင့်ခံနေရတာ၊ မင်းက အရမ်းရှုပ်ထွေးသလို အစစ်အမှန်လည်း အပြည့်အဝဖြစ်တယ်"

စတီယာရင်ပေါ်က လက်ချောင်းများက ခေါက်နေပြီး ချန်စစ်ကျယ်၏ပုံစံမှာ ပျင်းရိငြီးငွေ့ဖွယ် အနားယူနေသည့်အလား ဖြစ်သော်လည်း မျက်ဝန်းထဲတွင် ဖြစ်စေ၊ လေသံတွင် ဖြစ်စေ ငြင်းပယ်ရန်မရှိသော အလေးအနက်ထားမှုများ ပြည့်နှက်နေသည်။

All Chapters