အခန်း ၁၈၇
Vol. 19 Ch. 187
🍏 Chapter 187
အတူတူနေထိုင်သည့် ပထမဆုံးနေ့တွင် စကားဖြင့် ဖော်ပြ၍မရသော ထူးခြားသည့် ကိစ္စရပ်တစ်ခုခု ဖြစ်ပျက်လိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းပြီးနောက် ရေချိုးပြီးခါစ ဝမ်သိုက်တွင်မူ နွေးထွေးလှသော ကုတင်ကြီးပေါ်သို့ လှဲလျောင်းလိုက်ချင်သည့် ဆန္ဒမှတစ်ပါး အခြားမရှိတော့ပါချေ။
သူမသည် ခုတင်ပေါ်တွင် မှောက်လျက် အိပ်ပျော်နေပြီး မျက်နှာကို စောင်ထဲသို့ အပ်ထားမိရာ ကြိုတင်တွေးပူခဲ့သော အနေခက်မှုနှင့် စိတ်လှုပ်ရှားမှုများမှာ စိုးစဉ်းမျှ ပေါ်ပေါက်မလာခဲ့ပါချေ။
အရှိတရားက သက်သေပြနေသည်မှာ လူတစ်ယောက် အလွန်အမင်း မောပန်းနွမ်းနယ်သွားသည့် အခါတွင် ရှက်ရွံ့နေရန်ပင် ပျင်းရိသွားတတ်ခြင်း ဖြစ်သည်။ သူမအောက်က ကုတင်ကြီးမှာ ယခုမှ စတင်လက်တွဲခဲ့သော ရည်းစားအသစ်စက်စက်၏ ကုတင်ဖြစ်နေလျှင်ပင်ပေါ့။
ချန်စစ်ကျယ်သည် ဆံပင်များကို ခြောက်သွေ့အောင် မှုတ်ပြီးနောက် အခန်းထဲသို့ လျှောက်လှမ်း ဝင်လာချိန်တွင် မြင်တွေ့လိုက်ရသည်မှာ ဤမြင်ကွင်းပင် ဖြစ်သည်။ ကုတင်ပေါ်က လူသည် ဖြောင့်စင်းစွာ မှောက်လျက် အိပ်ပျော်နေပြီး တောင့်တင်းနေသော ရုပ်အလောင်းတစ်ခုကဲ့သို့ ရှိနေကာ ကိုယ်ပေါ်တွင်လည်း စောင်အပါးကို လွှမ်းခြုံထားသဖြင့် ပိုမိုရုပ်အလောင်းနှင့် ဆင်တူနေတော့သည်။
"ဟက်"
သူသည် မသိစိတ်က တိုးညှင်းစွာ ရယ်မောလိုက်မိရာ မျက်ဝန်းထောင့်နှင့် မျက်ခုံးကြားတွင် ပျော်ရွှင်မှုများ ဖြာကျလာသည်။ သူသည် အလောတကြီးမရှိဘဲ ရှေ့သို့ တိုးသွားပြီးနောက် ပိုးအိမ်ကဲ့သို့ ကိုယ်ကို လုံးထွေးထားသော လူ၏ စောင်စွန်းကို အသာအယာ ဆွဲလိုက်သည်။
ဝမ်သိုက်၏ ဦးခေါင်းမှာ စောင်ပေါ်တွင် ဘေးစောင်းလျက် ရှိနေပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်စစ်ကျယ် ရှိရာဘက်သို့ မျက်နှာမူထားမိရာ သူမသည် မျက်ခွံများကို အနည်းငယ် ပင့်တင်လျက် သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး အားအင်ချည်းနဲ့စွာ ဆိုသည်။
"ရှင် ဘာကိစ္စရှိလို့လဲ"
"ဟင်၊ ငါ့ကုတင်ပေါ်မှာ လှဲနေပြီးတော့ ငါ့ကို 'ဘာကိစ္စရှိလို့လဲ' လို့ ပြန်မေးတယ်ပေါ့၊ ဝမ်သိုက်၊ မင်း တကယ် သတ္တိရှိတာပဲ"
ကဲ့ရဲ့ရှုတ်ချလိုသော အဓိပ္ပာယ် ပါဝင်နေသည့် စကားလုံးများ ဖြစ်သော်လည်း ဝမ်သိုက်ကမူ ယခင်ကတည်းကပင် အသားကျနေခဲ့ချေပြီ။
သူမသည် သူ့အပေါ် လှပသောစကားလုံးများဖြင့် ချီးမွမ်းစကား ဆိုလိုက်သည်။
"သတ္တိရှိတာ မဟုတ်ပါဘူး၊ ရှင့်လို လူကြီးလူကောင်းတစ်ယောက်အပေါ် ထားရှိတဲ့ ယုံကြည်မှု ကြောင့်ပါ၊ ဒါကြောင့် ဒုက္ခရှာပြီး မီးလေး ပိတ်ပေးပါဦး၊ ကျွန်မ အိပ်တော့မယ်၊ ကျေးဇူးပဲ"
ပျင်းရိနေသော မျက်ခွံများမှာ နောက်တစ်ကြိမ် ပြန်လည်မှိတ်ကျသွားပြီး သူမသည် သူ့အား မီးပိတ်ရန် နှိုးဆော်ရန်လည်း မေ့လျော့ခြင်းမရှိပါချေ။
"မင်းက မီးပိတ်ပြီးနေရတာကို သဘောကျတာကိုး"
"ချန်စစ်ကျယ်၊ အဲဒီလောက်ကြီး မနောက်စမ်းပါနဲ့၊ ဆိတ်သားနံ့တောင် ရှင့်ကို ရှုံးရတော့မယ်"
မှိတ်ထားသော မျက်ဝန်းထဲတွင် ခံစားနေရသော လင်းထိန်မှုများသည် "ဖျတ်" ဟူသော အသံနှင့်အတူ မှောင်မိုက်ခြင်းသို့ ပြောင်းလဲသွားပြီး ဝမ်သိုက်သည် ကိုယ်ကို လျှော့ချလိုက်ရင်း အိပ်စက်ခြင်း အရှိန်အဟုန်ကို ဆက်လက် ပျိုးထောင်နေမိသည်။
လူတစ်ယောက်သည် မျက်လုံးမှိတ်ထားသည့် အချိန်တွင် ပတ်ဝန်းကျင်အပေါ် ခံစားနိုင်စွမ်းမှာ ပိုမို ထက်မြက်လာတတ်သည့်အလား ဖြစ်ပေသည်။ ဥပမာအားဖြင့် လက်ရှိအချိန်တွင် မိမိ၏ ဘေးနားရှိ ကုတင်မှာ နစ်ဝင်သွားပြီး အသစ်တက်လာသော လူ၏ ကိုယ်ပေါ်တွင် သူမ စကားဖြင့် ဖော်ပြရန် ခဲယဉ်းလှသော သင်းပျံ့သည့် ရနံ့တစ်ခု ရှိနေကာ အလွန်ပင် အိပ်ချင်စိတ်ကို နှိုးဆွပေးလှပေသည်။
အခြားလူ၏ လက်မောင်းသည် အတိုင်းအဆမရှိဘဲ သူမ ခါးကို ရုတ်တရက် ဆုပ်ကိုင်လိုက်ရာ ခဏမျှ ဝေဝါးသွားပြီးနောက် ဝမ်သိုက်သည် သူ့ ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့သည်။
ကြိုးကြိုးစားစား ပျိုးထောင်ထားရသော အိပ်ချင်စိတ်မှာ သူ၏နှောင့်ယှက်မှုကြောင့် တစ်ဝက်ခန့် ပျောက်ကွယ်သွားသဖြင့် ဝမ်သိုက် ဒေါသထွက်ရန် ပြင်လိုက်စဉ်မှာပင် ကျောပြင်ပေါ်တွင် တင်ထားသော လက်ဖဝါးကြီးက သူမအား အသာအယာ ပွတ်သပ်ပေးလာသည်။
အလွန်ညင်သာသော ပုတ်ခတ်မှုမျိုး ဖြစ်ပြီး လက်ဖဝါးပိုင်ရှင်သည် အသံကောင်းသော ပါရမီရှင်တစ်ဦးကဲ့သို့ လေးနက်အက်ရှသော လေသံဖြင့် တိုးညှင်းစွာ ဆိုသည်။
"အိပ်တော့"
အခြားလူ၏ချော့မြှူခြင်းကို ခံရလျက် အိပ်စက်ရသော ခံစားချက်မှာ အလွန် ဆန်းသစ်လှပေသည်။ အမြဲတမ်း အိပ်မက်မက်တတ်သော ဝမ်သိုက်သည် ဤညတွင်မူ အိပ်မက်မရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
ဝေဝါးနေသော အသိစိတ်ထဲတွင် အသံတစ်ခုက ရုတ်တရက် ရုန်းကြွပေါ်ပေါက်လာသည်။ အမှန်တော့ အရှင်းလင်းဆုံးသော ပွေ့ဖက်ခြင်းတစ်ခုကပင် လုံခြုံမှုမရှိသည့် ဗီဇကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပေသည်။
လီချန်ကျန့်နှင့် ပတ်သက်၍ ဝမ်သိုက်သည် ယခုတစ်ကြိမ် အမှုရင်ဆိုင်ရာတွင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားခဲ့ခြင်းကြောင့် ပေးအပ်သင့်သော ကျေးဇူးတုံ့ပြန်မှုကို အလိုက်သင့် ချန်လှပ်ထားခြင်းမပြုခဲ့ပါချေ။
မိဘများ ချန်ရစ်ခဲ့သော အမွေအနှစ်များသည် အစစ်အမှန် "အမွေအနှစ်" ဖြစ်ပြီး ယခုအခါ သူမသည် မိဘများအတွက် အမှုမှန်ကို အောင်မြင်စွာ ဖော်ထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် အမွေအနှစ်များကိုလည်း အသုံးချရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူမသည် လီမိသားစုအိမ်သို့ လက်ဆောင်ပစ္စည်း အများအပြား ပေးပို့ခဲ့သည်။ မှန်ပေသည် လိုင်မိသားစုနှင့် ချန်မိသားစုအတွက်လည်း နည်းပါးခြင်းမရှိပါချေ။
သို့သော် ချန်မိသားစုအိမ်သို့ သွားသည့် အချိန်တွင်မူ မျှော်လင့်မထားသော လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရသည်။
ညင်သာလှပသော အသံလှိုင်းကို ဝမ်သိုက် ဓာတ်လှေကားထဲက ထွက်ကတည်းက ကြားလိုက်ရသည်။ ဤအသံသည် အမှန်တကယ်ပင် ချန်စစ်ကျယ်၏ လေသံနှင့် ထပ်တူထပ်မျှ ပြိုင်ဆိုင်နိုင်စွမ်း ရှိပေသည်။
သူမသည် မသိစိတ်က ခေါင်းကို ပြူးထွက်လျက် အသံမြစ်ဖျားခံရာ နေရာသို့ လှည့်ကြည့်လိုက်ရာ မျက်ဝန်းထဲသို့ ဝင်ရောက်လာသော အမျိုးသမီး၏ ရုပ်ရည်သွင်ပြင်မှာ တည်ငြိမ်ပြီး လှပတင်ပွားသော ရုပ်ရည်မျိုး ဖြစ်ကာ ဝတ်စားဆင်ယင်မှုကလည်း အောင်မြင်သော လူတစ်ဦး၏ အသွင်အပြင်ကို ပေးစွမ်းသည်။ အဓိကအားဖြင့် 'ညင်သာလှပခြင်း' ဆိုသည့် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရပါချေ။
ပြီးတော့ အလွန်လည်း မျက်မှန်းတည့်လှပေသည်။
ဝမ်သိုက် သတိရသွားခဲ့သည်။
ဝမ်သိုက်သည် နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်သည်။
သူမ၏ တံတောင်ဆစ်နှင့် အတိုက်ခံလိုက်ရသော ချန်စစ်ကျယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးကို ချလျက် ဆိုသည်။
"ဘာဖြစ်လို့လဲ"
တောင့်တင်းနေသော ဝမ်သိုက်သည် တောင့်တင်းစွာဖြင့် ကိုယ်ကို ပြန်လှည့်လိုက်သည်။ သူမ ယခင်ကတည်းက သိရှိထားသင့်သည်မှာ လိမ်ညာခြင်းဆိုသည့် အရာကို စိတ်ရှိတိုင်း လွယ်လွယ်ကူကူ ပြုလုပ်၍မရခြင်း ဖြစ်ပေသည်။
သူမက ခေါင်းမော့ကာ မိမိ၏လိမ်ညာမှုကြောင့် ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့ရသော တစ်ဦးတည်းသော သားကောင်ကို စိုက်ကြည့်လိုက်ရာ မက်မွန်ပွင့်မျက်ဝန်း အစုံမှာ ဤအခိုက်အတန့်တွင် အလွန်ပင် စိတ်ရင်းမှန်ပြီး တောက်ပနေတော့သည်။ သို့သော် ဆင်ခြေမှာမူ အားကိုး၍မရပါချေ။
"ကျွန်မ ထင်တာကတော့ ဒီနေ့ကလက်ဆောင်ပေးဖို့ ရက်ကောင်းရက်မြတ် မဟုတ်ဘူးထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဝယ်ထားတာတွေကလည်း exp ကုန်ခါနီးပစ္စည်းတွေ မဟုတ်ဘူးဆိုတော့ မနက်ဖြန်မှ လာပေးကြတာပေါ့"
သို့သော် ဓာတ်လှေကား၏ "ဒင်" ဟူသော အသံကို ဧည့်ခန်းထဲတွင် စောင့်ဆိုင်းနေကြသော လူများက မည်သို့လျှင် မျက်ကွယ်ပြုနိုင်ပါမည်နည်း။ ထိုလူများ၏ နားထောင်နိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ချန်စစ်ကျယ်လား၊ အာ နင့်ဘေးက လူက ငါ့ရဲ့ အနာဂတ်ယောင်းမလေး မဟုတ်လား၊ ခုနတင် အန်တီ ပြောတာ ကြားလိုက်တယ်"
ရင်းနှီးနေသော ညင်သာမှုဖြစ်သော်လည်း လက်ရှိ ဝမ်သိုက်တွင်မူ ခံစားရန် အချိန်မရှိပါချေ၊ သူမသည် မြေကြီးထဲတိုးဝင်၍သာ ပြေးချင်တော့သည်။
ချန်စစ်ကျယ်သည် မျက်ခွံများကို ချလိုက်ပြီး မိမိရှေ့တွင် သစ်သားတုံးကဲ့သို့ တောင့်တင်းနေသော လူကို တစ်ချက်ကြည့်လိုက်ကာ အဝေးက ချန်နျို၏အကြည့်များနှင့် ဆုံလိုက်ရင်း ရှေ့ကလူ ထွက်ပြေးချင်ရသည့် အကြောင်းရင်းကို ရင်ထဲက ချက်ချင်းသဘောပေါက်သွားခဲ့သည်။
သူသည် တိုးညှင်းစွာ ရယ်မောလိုက်ပြီး စိတ်ပျက်အားငယ်နေသော ဝမ်သိုက်ကို လေသံကို နှိမ့်ချလျက် ဆိုသည်။
"မင်း စကားတစ်ခွန်းကို မေ့နေတာလား၊ မိမိပြုသောကံက မိမိထံ ပြန်လာတတ်တယ်ဆိုတာလေ"
ကဲ ရပြီ၊ သူမ၏ရည်းစားသည် သူမနှင့် တစ်ဖက်တည်း မတ်တတ်ရပ်မည့် အစီအစဉ်မရှိရုံတင်မကဘဲ ရန်သူနှင့် ပူးပေါင်းကာ သူမအား ဝိုင်းရံပိတ်ဆို့တော့မည်ဖြစ်သည်။
"အို၊ ဝမ်သိုက်လေး လာပြီပဲ၊ ဘာလို့ ပစ္စည်းတွေ အများကြီး သယ်လာရတာလဲ၊ ဓာတ်လှေကားဝမှာ ဒီအတိုင်း မတ်တတ်မရပ်နေပါနဲ့၊ မြန်မြန်လာ၊ ငါ့ဘေးမှာ လာထိုင်ဦး"
ဤစကားလုံးများက စိတ်အားထက်သန်လှသော ချီယာထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဝမ်သိုက်သည် အကြောင်းရင်းမရှိဘဲ ကိုယ့်ကိုကိုယ် ဟုန်မန်ထမင်းဝိုင်း (အန္တရာယ်ရှိသော ထမင်းဝိုင်း) သို့ ရောက်ရှိနေသည်ဟု ခံစားလိုက်ရသည်။ ထို့ထက်မက အခြားလူက သူမအား ဖိတ်ခေါ်ခြင်းမပြုဘဲ သူမကိုယ်တိုင် တံခါးဝသို့ လာရောက်အပ်နှံခြင်း ဖြစ်ပေသည်။
ကိုယ်ကို ဖြည်းညှင်းစွာ လှည့်လိုက်သော ဝမ်သိုက်သည် အပြုံးကိုထိန်းသိမ်းထားရင်း မိမိ၏ ခန္ဓာကိုယ်ကို ဆွဲယူလျက် ဧည့်ခန်းသို့ လျှောက်လှမ်းခဲ့ကာ ချန်နျိုကမူ မိမိအား မေ့လျော့သွား ပါစေကြောင်း ရင်ထဲကဆုတောင်းနေမိသည်။ အနီးသို့ ရောက်သောအခါ သူမသည် ချန်နျိုကို ရိုသေစွာဖြင့် ခေါင်းငြိတ်ပြလိုက်သည်။
"မင်္ဂလာပါ၊ ကျွန်မက…… ဝမ်သိုက်ပါ"
ရှင် ကျွန်မကို လုံးဝ မမှတ်မိပါစေနဲ့နော်။
သို့သော် ရှေ့ကလူကမူ မျက်မှောင်ကြုတ်လျက် သူမကို အတော်ကြာအောင် စိုက်ကြည့်နေသည်။ ချန်နျိုသည် သူမအား ခဏမျှ သေချာစွာ ကြည့်ရှုပြီးမှသာ အဓိပ္ပာယ်မပြတ်သားသော လေသံဖြင့် ပြန်လည်ထူးသည်။
"အင်း…… အစ်မက ချန်နျိုပါ၊ ချန်စစ်ကျယ်၏ဝမ်းကွဲအမလေ"
ကြည့်ရသည်မှာ သူမအား မမှတ်မိတော့သည့်ပုံစံ ဖြစ်သည်။ ဝမ်သိုက် သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် ချန်နျိုသည် ချီယာ၏ရှေ့တွင်ပင် ရဲရဲဝံ့ဝံ့ဆိုလာသည်။
"အစ်မ မင်းကို မှတ်မိတယ်၊ မင်းကော အစ်မကို မှတ်မိသေးလား"