အခန်း ၁၈၈
Vol. 19 Ch. 188
🍏 Chapter 188
ဤစကားကို ကြားသောအခါ ဝမ်သိုက်၏ဦးနှောက်မှာ ချက်ချင်းပင် ဗလာဖြစ်သွားရသည်။ ချီယာကမူ အလွန် ထူးဆန်းစွာဖြင့် ဝင်ရောက်မေးမြန်းသည်။
"အို၊ မင်းတို့က သိကြတာလား၊ ဘယ်လိုမျိုး သိသွားကြတာလဲ"
ချန်နျိုသည် ပြုံးစနိုးဖြင့် လက်ဆောင်ပစ္စည်းများကို ချထားလျက် တည်ငြိမ်နေသော ချန်စစ်ကျယ်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးနောက် အေးဆေးစွာ ဆိုသည်။
"အမျိုးသမီးတွေကြားထဲမှာ သိကျွမ်းရတဲ့ပုံစံက အဲဒီလောက်ပဲ ရှိတာလေ၊ အန်တီ မသိတာ မဟုတ်ပါဘူး၊ တစ်ကြိမ်ပဲ ဆုံတွေ့ဖူးတာဆိုပေမဲ့ ဒီညီမလေးအပေါ် ကျွန်မကတော့ အရမ်းအမှတ်တရရှိတာပဲ"
ရင်ထဲတွင် တိတ်ဆိတ်သွားသော ဝမ်သိုက်သည် ရုပ်သေးရုပ်တစ်ခုကဲ့သို့ ရှိနေပြီး ချန်စစ်ကျယ် တွဲခေါ်ရာသို့ လိုက်ပါကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရရှာသည်။
အရေးကြီးသော ကိစ္စရပ်များကိုမူ ဝမ်သိုက် မေ့လျော့ခြင်းမရှိပါချေ။ သူမသည် မိမိကိုယ်သူမ အတင်းအကျပ် အသိစိတ်ပြန်သွင်းလိုက်ပြီး ပြုံးရွှင်စွာဖြင့် ချီယာကို ကြည့်ကာ ဆိုသည်။
"အန်တီ၊ အမှုမှန် ပြန်လည်ဖော်ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အန်တီတို့ ကျွန်မကို အများကြီး ကူညီပေးခဲ့လို့ ကျွန်မအတွက် ဒီလောက်အထိ အားစိုက်ထုတ်ပေးခဲ့ကြတာကို အရမ်း ကျေးဇူးတင်ပါတယ်၊ ဒီလက်ဆောင်ပစ္စည်းတွေက ကျွန်မရဲ့ စိတ်ရင်းကို ပြသတာပါ၊ တကယ်တော့ နောက်ထပ် ပစ္စည်းတစ်ခုကိုလည်း အန်တီတို့ကို ပေးချင်သေးလို့ပါ……"
သူမသည် မိမိ၏အိတ်ကပ်ထဲမှ သန်းဂဏန်းခန့်ရှိသော ကတ်ပြားကို ထုတ်ယူကာ ချီယာထံသို့ ကမ်းပေးလိုက်သည်။
"ဟဲရှောက်ယန်ကို သက်သေအဖြစ် လာခိုင်းဖို့ ငွေအများကြီးကုန်ကျခဲ့တယ် မဟုတ်လား၊ ဒီအမှုက အစကတည်းက ကျွန်မ ဖော်ထုတ်ရမယ့် အမှု ဖြစ်လို့ အန်တီတို့ကို အလကား ငွေကုန်စေတာကို ကျွန်မ အားနာမိပါတယ်၊ ဒါတွေက လုံလောက်မှု ရှိ၊ မရှိတော့ မသိဘူး၊ အထဲမှာ တစ်သန်းနီးပါး ရှိပါတယ်…… တကယ်တော့ ကျွန်မ အန်တီတို့ကို လွှဲပေးချင်တာ ဖြစ်ပေမဲ့ ဘဏ်အကောင့်နံပါတ်ကို တောင်းရမှာ အားနာလို့ပါ"
အံ့ဩတုန်လှုပ်သွားသူမှာ ချီယာတစ်ဦးတည်း မဟုတ်ဘဲ ချန်စစ်ကျယ်သည်လည်း ထပ်တူပင်။ ဝမ်သိုက်သည် ဘဏ်ကတ်ပြားတစ်ခု အပိုပြင်ဆင်ထားသည့် ကိစ္စကို သူ့အား ပြောပြခဲ့ခြင်းမရှိပါချေ။
ဝမ်သိုက်နှင့် ပတ်သက်သော ကိစ္စရပ်များကို ချန်နော်သည်လည်း ကြားသိဖူးသဖြင့် သူမသည် စဉ်းစားဆင်ခြင်ခြင်းဖြင့် အကြည့်များကို ဝမ်သိုက်ထံမှ ပြန်လည်ရုပ်သိမ်းလိုက်သည်။
ချီယာကမူ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ကတ်ပြားကို ဝမ်သိုက်ထံသို့ ပြန်လည်တွန်းပို့ပေးလိုက်ပြီး မကျေမနပ်ဖြင့် ဆိုသည်။
"သမီး ဘာတွေ ပြောနေတာလဲ ကြည့်စမ်း၊ အဲဒီအမှုမှန် ဖော်ထုတ်တဲ့ကိစ္စက သမီးတစ်ယောက် တည်း ဖော်ထုတ်ချင်တာမှ မဟုတ်တာ၊ သမီးရဲ့ ဦးလေးလည်း တူတူပဲလေ၊ သမီး အဖေနဲ့ သမီးရဲ့ ဦးလေးက ဘာဆက်ဆံရေးလဲဆိုတာ စဉ်းစားကြည့်ဦး၊ အဲဒီငွေပမာဏက ငါတို့မိသားစုအတွက် ဘာမှမဟုတ်ပါဘူး၊ သံယောဇဉ်က ငွေထက်အများကြီး ပိုအရေးကြီးပါတယ်"
"သမီးရဲ့ ဦးလေးကလည်း စိတ်ရင်းအတိုင်း မင်းအဖေကို နစ်နာစေခဲ့တဲ့ တရားခံကို လွတ်မြောက်မသွားစေချင်တာ၊ ဒီအမှုက သမီးတစ်ယောက်တည်းရဲ့ အမှု မဟုတ်ဘူး၊ အန်တီတို့အားလုံးရဲ့ အမှု ပါပဲ"
ဆူပူကြိမ်းမောင်းခြင်း ဖြစ်သော်လည်း ဝမ်သိုက်၏ရင်ထဲတွင် အကြောင်းရင်းမရှိဘဲ ပူနွေးသော ခံစားချက်တစ်ခု ရုန်းကြွပေါ်ပေါက်လာသည်။ ကြာမြင့်စွာကတည်းက အေးစက်နေခဲ့သော နှလုံးသားမှာ ယခုအခါ နွေးထွေးမှုသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ညီမလေး၊ အဲဒီလောက်ကြီး အားမနာပါနဲ့ သိလား၊ အနာဂတ်မှာ ငါတို့အားလုံးက မိသားစုတစ်စုတည်း ဖြစ်လာကြမှာပဲကို"
ချန်နျိုသည် မျက်ခုံးများကို ဖြန့်လိုက်ပြီး မျက်လုံးလေးများ ကွေးလျက် ပြုံးကာ သူမကို စိုက်ကြည့်နေမိရာ မျက်ဝန်းထဲတွင် အခြားသော အဓိပ္ပာယ်များ ရှိမနေပါချေ။
ထို့နောက်တွင် ချန်နျိုနှင့် ချီယာတို့သည် ဓားသွားကဲ့သို့သော စကားလုံးများကို ချန်စစ်ကျယ်ထံသို့ တစ်ပြိုင်နက်တည်း ဦးတည်လိုက်ကြပြီး နှစ်ဦးသားက ချန်စစ်ကျယ်အပေါ် အပြစ်တင်စကားများကို တစ်လှည့်စီ ပြောဆိုကြတော့သည်။ အဓိကအားဖြင့် ဝမ်သိုက်ကို ငွေများ အတင်းယူလာခိုင်း ရရုံမျှမကဘဲ ပေးအပ်ရန်အထိ ဖြစ်စေရသလားဟူသော ကိစ္စရပ်များ ဖြစ်ပေသည်။
ရင်ထဲတွင် အားနာမိသော ဝမ်သိုက်သည် သူ့အတွက် ပြန်လည်ချေပပေးချင်သော်လည်း ချန်စစ်ကျယ်ကမူ အပြစ်အားလုံးကို တစ်ချက်တည်း ဝန်ခံလိုက်သည်။
ချီယာသည် အိမ်က ထမင်းချက်ဆရာနှင့်အတူ ညစာ ပြင်ဆင်ရန် ထသွားသည့် အချိန်တွင် ချန်နျိုသည် ချန်စစ်ကျယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်သိုက်ကို ကြည့်ကာ ပြုံးလျက် ညင်သာစွာ ဆိုသည်။
"အစ်မနဲ့အတူ စကားအနည်းငယ် သွားပြောကြမလား"
ခုနက ကိစ္စရပ်များကြောင့် ချန်နျိုအပေါ် ထွက်ပြေးချင်သော စိတ်ဆန္ဒများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သဖြင့် ဝမ်သိုက်သည် များများစားစား မတွေးတော့ဘဲ ချက်ချင်းထရပ်ကာ ချန်နျိုနှင့်အတူ ဝရန်တာသို့ လိုက်ပါသွားခဲ့သည်။
ချန်နျို၏ မျက်ခုံးကြားက စိုးရိမ်ပူပန်မှုများမှာ အပြည့်အဝ ပေါ်ထွက်လာပြီး သူမသည် တိုးညှင်းစွာ မေးသည်။
"ချန်စစ်ကျယ်က ညီမလေးအပေါ် တစ်ခုခုအတင်းအကျပ်ခြိမ်းခြောက်တာမျိုး လုပ်လို့လား၊ ညီမလေးက သူ့ကို တာဝန်ယူအောင် ဘယ်လိုမျိုးလုပ်လိုက်တာလဲ၊ ဒါမှမဟုတ် သူက ညီမလေးအပေါ်ကို လုံးဝ လှည့်စားတာမျိုးလုပ်နေတာလား"
ကြည့်ရသည်မှာ ချန်နျို၏ သူမနှင့် ချန်စစ်ကျယ် ဆက်ဆံရေးအပေါ် အထင်အမြင်မှာ မူလဆုံတွေ့စဉ်က အခြေအနေတွင်ပင် ရပ်တန့်နေဆဲဖြစ်သည်။ အတိတ်တုန်းက ငွေကြေးနှင့် အလှအပကို လှည့်စားသူအဖြစ် အပြစ်တင်ခြင်း ခံခဲ့ရသော ချန်စစ်ကျယ်သည် ယခုအခါ ချန်နျို၏ရင်ထဲတွင် ငွေကြေး၊ အလှအပ၊ ခန္ဓာကိုယ်နှင့် နှလုံးသားကိုပါ လှည့်စားသော လူယုတ်မာကြီးတစ်ဦး ဖြစ်သွားခဲ့ချေပြီ။
ဝမ်သိုက်သည် နှုတ်ခမ်းကို အနည်းငယ်ဟလျက် ရှင်းပြချင်သော်လည်း ဘယ်ကနေစပြီး ပြောရမည်ကိုမူ မသိပါပေ။ ဤတစ်နှစ်ကျော် အချိန်ကာလအတွင်း ဖြစ်ပျက်ခဲ့သောအရာများက အလွန်များ ပြားလှသဖြင့် စကားလုံး အနည်းငယ်ဖြင့် ဆက်ဆံရေးကို ရှင်းလင်းပြသရန် အမှန်တကယ်ပင် မတတ်နိုင်ပါချေ။
သို့သော် ဝမ်သိုက်၏ ဤကဲ့သို့ ခက်ခဲနေသော ပုံစံမှာ ချန်နျို၏မျက်ဝန်းထဲသို့ ရောက်ရှိသွားသည့်အခါ သူမနှင့် ချန်စစ်ကျယ်ကြားတွင် ကိစ္စရပ်အချို့ ရှိနေမည်မှာ သေချာသည်ဟု ယူဆသွားစေကာ ချန်နျိုသည် ချက်ချင်းတည်ကြည်စွာ ဆိုသည်။
"ညီမလေး၊ မင်း မကြောက်ပါနဲ့၊ အစ်မ ယုံကြည်တာကတော့ အကယ်၍ ချန်စစ်ကျယ်က တကယ်ပဲ အမှားကြီး မှားခဲ့ရင် အစ်မရဲ့ အန်တီနဲ့ ဦးလေးကလည်း ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး၊ အကယ်၍ အကူအညီ လိုအပ်ရင် အခုပဲ အစ်မကိုပြောပြပါ၊ အစ်မ တရားသဖြင့် ဆောင်ရွက်ပေးပါ့မယ်"
ဝမ်သိုက်၏ရင်ထဲတွင် အားနာစိတ်များ ပိုမိုတိုးပွားလာရသည်။ ချန်စစ်ကျယ်သည် တကယ်ပဲ သနားစရာ ကောင်းလှပေသည်။ သူ့ ပုံရိပ်မှာ အတိတ်တုန်းက သူမအနေဖြင့် ကဲ့ရဲ့ရှုတ်ချလိုသော စိတ်ဖြင့် လိမ်ညာခဲ့ဖူးသည့် လိမ်ညာမှုတစ်ခုကြောင့် ယခုကဲ့သို့ ဆိုးဝါးသော ပုံစံမျိုး ဖြစ်ပျက်သွားရခြင်း ဖြစ်ပေသည်။
"အစ်မ နားလည်မှုလွဲနေပါပြီ၊ ချန်စစ်ကျယ်က ကျွန်မအပေါ် လှည့်စားတာမျိုး မလုပ်ပါဘူး၊ ကျွန်မတို့ ဤတစ်နှစ်ကျော် အချိန်ကာလအတွင်းမှာ ကိစ္စရပ်တွေ အများကြီး ဖြတ်သန်းခဲ့ကြပြီးပြီ၊ ကျွန်မ သူ့ကို စိတ်ရင်းအတိုင်း သဘောကျတာပါ၊ သူကလည်း ကျွန်မကို စိတ်ရင်းအတိုင်း သဘောကျတယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်"
ဝမ်သိုက်သည် မိမိ၏ မျက်နှာပေးကို စိတ်ရင်းမှန်အတိုင်း ဖြစ်အောင် အားထုတ်လိုက်သည်။
ချန်နျိုကမူ မျက်မှောင်ကြုတ်လျက် ဝမ်သိုက်ကို တစ်ဝက်ခန့် ယုံကြည်ပြီး တစ်ဝက်ခန့် သံသယရှိသော အကြည့်များဖြင့် အတော်ကြာအောင် စိုက်ကြည့်နေပြီးမှသာ လေသံကို လျှော့ချလိုက်သည်။
“ကောင်းပါပြီ၊ ညီမကိုယ်တိုင် ရင်ထဲက သိရင် ရပါပြီ၊ အခက်အခဲ ကြုံတွေ့ရလို့ အကူအညီ လိုအပ်ရင် အချိန်မရွေး အစ်မကို ရှာဖွေနိုင်ပါတယ်"
ချက်ချင်းပင် သူမသည် ဖုန်းကို ထုတ်ယူကာ We Chat ကို ဖွင့်လျက် ဝမ်သိုက်နှင့် အဆက်အသွယ် ပြုလုပ်လိုက်သည်။
သို့သော် ချန်နျို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဤမုန်တိုင်းငယ်လေးမှာ အေးချမ်းစွာဖြင့် ဖြတ်ကျော်သွားခဲ့ချေပြီ။
သို့သော် မုန်တိုင်းဟူသည်မှာ များသောအားဖြင့် တစ်ခုတည်း ပေါ်ပေါက်လာတတ်ခြင်း မဟုတ်ပါချေ။
ထမင်းဝိုင်းတွင်မူ အတိတ်က အကြောင်းအရာများကို ပြန်လည်တူးဆွသူမှာ ချီယာ ဖြစ်သွားခဲ့သည်။ သူမသည် တူကို ကိုင်ဆောင်ထားရင်း ဝမ်သိုက်ကို ဟင်းလျာများ ထည့်ပေးစဉ်တွင် မသိစိတ်က ဝင်ရောက်မေးမြန်းသည်။
"ဝမ်သိုက်လေး၊ ဒါဆိုရင် ကြည့်ရတာ အနာဂတ်မှာ ငါနဲ့ အဆင်မပြေဖြစ်မယ့် ပေါ့ပျက်ပျက် ချွေးမဆိုတာ ပေါ်လာတော့မှာ မဟုတ်ဘူးပေါ့၊ ဟုတ်လား"