အခန်း ၁၈၉
Vol. 19 Ch. 189
🍏 Chapter 189
ချက်ချင်းပင် ကျန်ရှိသော လူနှစ်ယောက်၏ အကြည့်များမှာလည်း သူမ၏ မျက်နှာပေါ်သို့ ရောက်ရှိသွားကြသည်။
ယနေ့တွင် ချန်ဝမ်ခန်း ရှိမနေခြင်းကိုသာ ဝမ်းမြောက်မိခြင်းမှတစ်ပါး ဝမ်သိုက် တခြားဘာကို ဝမ်းမြောက်ရမှန်း မသိတော့ပါချေ။ သို့သော် လက်ရှိ ဤထမင်းဝိုင်းမှာ အလွန်အန္တရာယ်များလှသဖြင့် လူတစ်ယောက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကွာခြားချက် ရှိမည်မဟုတ်ပါပေ။
ဘာပြောရမည်နည်း။ အမှန်တော့ အနာဂတ်မှာ အန်တီနဲ့ အဆင်မပြေဖြစ်မယ့် ပေါ့ပျက်ပျက် ချွေးမဆိုတာ အလားအလာ အများဆုံးက ကျွန်မ ဖြစ်နေတာကိုလား။
ဝမ်သိုက်သည် ဦးနှောက်ကို အစွမ်းကုန် အသုံးချသော်လည်း သူမနှင့် ချီယာ မည်သည့်အချက်တွင် အဆင်မပြေ ဖြစ်နိုင်မည်ကို တွေးတော၍ မရပါချေ။ လက်ရှိ သူမအနေဖြင့် မသိရှိနိုင်သေးသော်လည်း ခဏမျှ ကြာပြီးနောက်တွင် အဖြေက ရှင်းလင်းသွားတော့မည် ဖြစ်သည်။
"အင်း…… ဖြစ်နိုင်တာကတော့ ပေါ်လာတော့မှာ မဟုတ်ပါဘူး"
လိမ်ညာမှုလေးတစ်ခု ဤကဲ့သို့ပင် ပြီးဆုံးသွားခဲ့ပြန်သည်။
သို့သော် လိမ်ညာမှုက အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိလှပေသည်။ ချီယာသည် စိတ်အေးသွားကာ ကိုယ်ကို ပြန်မတ်လိုက်ပြီး ဝမ်းမြောက်စွာ ပြုံးလိုက်မိရာ မျက်ဝန်းထဲတွင် အနာဂတ်အပေါ် မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။
"ဒါဆိုရင် ကောင်းတာပေါ့၊ ဝမ်သိုက်လေးက ငါ့ရဲ့ အနာဂတ်ချွေးမ ဖြစ်လာတာဟာ တကယ် ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ"
အနာဂတ်တွင် ယတြာချေလိုပါက ပူပန်စရာမလိုတော့ပါချေ။ အထူးသဖြင့် သူမနှင့် ဝမ်သိုက်မှာ အဆင်ပြေကြသဖြင့် ယောက္ခမနှင့် ချွေးမကြားက ပြဿနာများမှာ သူမထံသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပါချေ။
ချီယာသည် ရင်ထဲတွင် မိမိ၏ သူငယ်ချင်းများနှင့်အတူ မိမိနှင့် အနာဂတ်ချွေးမကြား ဆက်ဆံရေး မည်မျှပင် ပြေလည်ကြောင်း ကြွားဝါရန် စီမံနေသည့် အချိန်တွင် အခြားတစ်ဖက်က ဝမ်သိုက်မူကား ရင်ထဲတွင် ရူးသွပ်မတတ် ဖြစ်ရလျက် အစောင့်အရှောက်များထံမှ အဖြေကို တောင်းခံနေမိသည်။ သူမသည် ချီယာနှင့် မည်သို့သော အချက်တွင် အဆင်မပြေ ဖြစ်နိုင်မည်နည်း။
မိမိကိုယ်သူမ အသိစိတ်ရှိသည်ဟု ယူဆထားသော ဝမ်သိုက်သည် မိမိအား အများကြီး ကူညီပေးခဲ့သော ချီယာနှင့် ပဋိပက္ခ ဖြစ်ပွားလိမ့်မည်ဟု မထင်မှတ်ပါချေ။
နှမြောစရာကောင်းသည်မှာ အစောင့်အရှောက်များက သူမအား ပြန်လည်ဖြေကြားသည်မှာ ယခင်အတိုင်းပင် ဖြစ်ပေသည်။
"နတ်ဘုရားတို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လို့မရပါ"
ဤဖော်ထုတ်လို့မရသော နတ်ဘုရားတို့၏ လျှို့ဝှက်ချက်က ဘာလဲဆိုတာကို ဝမ်သိုက် ထပ်မံ၍ ဂရုမစိုက်ချင်တော့ပါချေ။ အနာဂတ်က ကိစ္စရပ်များကို အနာဂတ်က သူမကိုယ်တိုင် စီမံပါစေတော့။ စိတ်အေးချမ်းစွာဖြင့် ရှုပ်ထွေးမှုများကို ပစ်ပယ်လိုက်ပြီး သူမသည် အခြားလူများနှင့်အတူ ပျော်ရွှင်စွာဖြင့် ဤညစာကို သုံးဆောင်ခဲ့တော့သည်။
အိမ်သို့ ပြန်လာခဲ့ကြသည်။ ချန်ဒရိုင်ဘာသည် အကြောင်းရင်းမရှိဘဲ သူမအား တစ်ချက် စောင်းငဲ့ကြည့် လိုက်ပြီး ရုတ်တရက် မေးသည်။
"မင်းက ငါ့အမေနဲ့ ဘယ်လိုမျိုး အဆင်မပြေဖြစ်မှာလဲ"
သူကလည်း ဤကိစ္စကို ဘာလို့ မှတ်မိနေရတာလဲ။
ကြောင်အသွားသော ဝမ်သိုက်သည် သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး ခါးကို မတ်ကာ ကျိုးကြောင်းဆီလျော်စွာ ဆိုသည်။
"ရှင် ကျွန်မကို မေးတော့ ကျွန်မက ဘယ်လိုလုပ် သိမှာလဲ၊ ကျွန်မ အခု အန်တီနဲ့ အဆင်မပြေဖြစ်နေတာမှ မဟုတ်တာ၊ ပြောရရင် ကျွန်မ တွက်ချက်တာ မှားသွားတာလည်း ဖြစ်နိုင်တာပဲ၊ ပညာရှိ သတိဖြစ်ခဲဆိုတာ ရှိတာပဲလေ"
အကြောင်းအရာကို ပေါ့ပါးစွာဖြင့် ဖြတ်ကျော်လိုက်ပြီး ကြာမြင့်စွာကတည်းက အလုပ်နားနေခဲ့သော ဝမ်သိုက်သည် အိမ်သို့ ပြန်ရောက်ကာ ရေချိုးပြီးနောက် အလုပ်ခန်းထဲသို့ ပြေးဝင်ခဲ့သည်။ ချန်စစ်ကျယ်က သူမအတွက် အလုပ်ခန်း၏နေရာတစ်ဝက်ကို လိုက်ဖ်လွှင့်ရန် ဖယ်ရှားပေးထားခြင်း ဖြစ်သည်။
ထို့ကြောင့် အခန်းထဲက မြင်ကွင်းမှာ ဤကဲ့သို့ဖြစ်နေသည်။ ဘယ်ဘက်တွင် ပရိသတ်များနှင့် စကားစမြည်ပြောဆိုလျက် ရံဖန်ရံခါ ယတြာချေပေးနေသော ဝမ်သိုက်ရှိပြီး ညာဘက်တွင်မူ အလုပ်ကို အာရုံစိုက်နေသော ချန်စစ်ကျယ် ရှိကာ လူနှစ်ယောက်ကြားတွင် မြင်မရသော စည်းတစ်ခု ရှိနေသည့်အလား ဖြစ်ပေသည်။
အကယ်၍ သူတို့သည် ကျောင်းသားဘဝတုန်းက အတူထိုင်ခဲ့ကြလျှင် ကိုယ့်အလုပ်သာ ကိုယ်လုပ်နေကြမည် ဖြစ်သဖြင့် မည်သူမျှ စည်းကျော်လိမ့်မည် မဟုတ်ပါချေ။
အလုပ်ကို အရင်ဆုံး ပြီးဆုံးသွားသော ချန်စစ်ကျယ်သည် ဖြည်းညှင်းစွာဖြင့် အကြည့်များကို ဝမ်သိုက်ထံသို့ ဦးတည်လိုက်သည်။
ဤပြင်းထန်လှသော အကြည့်ကို ဂရုမစိုက်မိသော ဝမ်သိုက်ကမူ မေးစေ့ကို ထောက်ထားရင်း တဟီးဟီးရယ်မောနေဆဲ ဖြစ်ပြီး သူမသည် မျက်နှာပြင်ပေါ်က လိုက်ဖ်လွှင့်ခန်းကို ကြည့်ကာ ပရိသတ်များနှင့် စိတ်အားထက်သန်စွာ စကားပြောဆိုနေလျက် ရံဖန်ရံခါ လက်ဆောင်ပေးသော ကြည့်ရှုသူများအတွက် သံသယများကို ရှင်းလင်းပေးနေသည်။
ခန့်မှန်းခြေ နှစ်နာရီခန့်ကုန်ဆုံးသွားသောအခါ ချန်စစ်ကျယ်သည် ထိုင်ခုံနောက်မှီတွင် မှီထားလိုက်ပြီး လက်ထဲတွင် ဖုန်းကိုကိုင်ထားသော်လည်း အကြည့်များကမူ ရံဖန်ရံခါ ဝမ်သိုက်၏ကိုယ်ပေါ်သို့ ရောက်ရှိနေသည်။
အတူတူနေထိုင်သည့် သတ်မှတ်ရက်တစ်လပြည့်မြောက်သောအခါ မိန်းမရချင်ဇော ပြင်းပြနေသော ချန်စစ်ကျယ်သည် အိပ်စက်ပြီးသည်မှာ မကြာသေးသော ဝမ်သိုက်ကို နှိုးရန်တွန့်ဆုတ်ခြင်းမရှိပါချေ။
သူသည် သတိကောင်းကောင်းမဝင်သေးသော ဝမ်သိုက်ကို တံခါးပင်မဖွင့်သေးသော မင်္ဂလာမှတ်ပုံတင်ရုံးရှေ့သို့ အတင်းအကျပ် တွဲခေါ်ခဲ့တော့သည်။
မေး။ ။ ဘာလို့ အိပ်ရတာ မကြာသေးတာလဲ။
ဖြေ။ ။ စကားနဲ့ ပြောပြလို့မရတဲ့ ကိစ္စကြောင့်ပေါ့။
ခန္ဓာကိုယ်တစ်ခုလုံးက အရိုးအဆစ်များမှာ ပြန်လည်နာလန်ထူခြင်းမရှိသေးသဖြင့် ဝမ်သိုက်သည် ခြေထောက်နှစ်ဖက် တုန်ရီလျက် မတ်တတ်ရပ်နေရရှာသည်။
သူမ လက်မောင်းကို ချန်စစ်ကျယ်ကတွဲထားပေးပြီး ငိုက်မြည်းနေသော မျက်လုံးများကို မဖွင့်ချင်သော်လည်း လက်ရှိပတ်ဝန်းကျင်က သူမအား အသိစိတ်ဝင်ရန် အတင်းအကျပ် နှိုးဆော်နေသည်။
"ချန်စစ်ကျယ်၊ ရှင် တကယ်မကောင်းတာပဲ၊ ကျွန်မကို နည်းနည်းလောက်ပိုအိပ်ခွင့်ပေးရင် သေသွားမှာလား၊ ဘာလို့ ကျွန်မတို့ သေချာအိပ်စက်ပြီး စိတ်ကြည်လင်တဲ့ အချိန်ကျမှ ရုံးကိုမလာနိုင်ရတာလဲ၊ ရုံးကခြေထောက်တွေ ပါလို့ ထွက်ပြေးသွားမှာမို့လို့လား"
မျက်ခုံးအစုံက စိတ်မရှည်မှုကြောင့် တွန့်ချိုးသွားသော်လည်း မျက်ခွံများမှာမူ တစ်ဝက်ခန့်သာ ပွင့်နိုင်ပါသေးသည်။ ရံဖန်ရံခါ လေပြေတစ်ခု တိုက်ခတ်လာသောအခါ သူမ၏ ဆံနွယ်နက်များကို မျက်နှာပေါ်သို့ လွင့်ပျံသွားစေသည်။
ဆံပင်များကို ဖယ်ရှားလိုက်သည့် အချိန်တွင်ပင် စိတ်တိုနေသော အရိပ်အယောင်များ ပေါ်ထွက်နေသည်။ ဆံနွယ်နက်များကို ဖယ်ရှားလိုက်သည့်အခါ ဖြူစင်သောလည်ပင်းပေါ်က ရှုပ်ထွေးနေသော နီမြန်းသည့် အမှတ်အသားများမှာ အလွန်ပင်မျက်စိကျစရာကောင်းလှပေသည်။
ငိုက်မြည်းနေသော စိတ်ကူးများမှာ ဝမ်သိုက်၏ကိုယ်ပေါ်မှ လုံးဝထွက်ခွာသွားခြင်းမရှိသေးသဖြင့် သူမသည် လေထုထဲတွင် ပေါ်လွင်နေသော မိမိလည်ပင်းအခြေအနေကို လုံးဝ သတိမထားမိပါချေ။
နံနက်စောစောအချိန်တွင် လမ်းသွားလမ်းလာများပင် အလွန်နည်းပါးလှသော်လည်း ဖြတ်သန်း သွားသော လူများထဲက အများစုမှာ ထူးဆန်းသော အကြည့်များကို ပို့သလာကြပြီးနောက် ပြုံးစစဖြင့် အကြည့်များကို ပြန်လည်ရုပ်သိမ်းသွားကြသည်။
သူမအား တွဲထားသော အမျိုးသားသည် လက်ကို သူမ၏မျက်နှာပေါ်သို့ ထပ်မံရွှေ့ပြောင်း လိုက်ပြန်သည်။ ကြီးမားသော လက်ဖဝါးမှာ အနည်းငယ် အေးစက်နေသော်လည်း လက်ဖဝါးပြင်မှာမူ နွေးထွေးလှကာ သူမ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးသည်။
"မင်း ထွက်ပြေးသွားမှာကို ကြောက်လို့ပါ၊ ရုံးက ခြေထောက်မပါပေမဲ့ မင်းကတော့ ခြေထောက်ပါတာပဲလေ"
လေးနက်အက်ရှသော လေသံက နားစည်ထဲသို့ တိုးဝင်လာသဖြင့် ဝမ်သိုက် ခဏမျှ ကြောင်အမ်းသွားပြီးနောက် မေးစေ့ကို ပင့်ကာ ချန်စစ်ကျယ်နှင့် အကြည့်ချင်း ဆုံလိုက်ရာ သူ့ မျက်ဝန်းထဲက စိတ်ခံစားချက်များကို တိကျစွာ ဖမ်းဆုပ်မိလိုက်သည်။
မျက်ဝန်းနက်လေးမှာ အမှန်တကယ်ပင် မှောင်မိုက်နေသော်လည်း အကြောင်းရင်းမရှိဘဲ အထီးကျန်ဆန်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
သူမသည် သူ့လက်ကို ဆွဲယူကာ အောက်သို့ ချပစ်လိုက်သော်လည်း သူ၏လက်ချောင်းများကိုမူ လွှတ်မပေးပါချေ။ လက်ဖဝါးချင်း ပွတ်သပ်နေမိသော်လည်း လေသံကိုမူ ကဲ့ရဲ့ရှုတ်ချလိုသော လေသံမျိုး ရွေးချယ်လိုက်သည်။
"ရှင် တကယ် စိုးရိမ်မှုများနေတာပဲ ချန်စစ်ကျယ်"
ကဲ့ရဲ့ရှုတ်ချခြင်းကို ခံလိုက်ရသော လူကမူ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဝန်ခံသည့် သဘော ပြုလုပ်လိုက်သည်။
သို့သော် ဝမ်သိုက်အနေဖြင့်လည်း သူ ဘာကြောင့် စိုးရိမ်လွန်နေရသလဲဆိုသည်ကို ရင်ထဲက သိရှိနေသည်။ အတူတူနေထိုင်ခဲ့သည့် ဤတစ်လအတွင်း သူမအနေဖြင့် တစ်ကြိမ်မျှ ဆန္ဒအရ တက်ကြွခဲ့ခြင်းမရှိပါချေ။
အတက်ကြွဆုံးသော အချိန်မှာ နေ့တိုင်း အလုပ်ခန်းသို့ ပြေးဝင်ကာ ထိုအခန်းတွင်ပင် အခြေချနေထိုင်တော့မည့်အလား ရှိနေခြင်း ဖြစ်သည်။ အိမ်ထဲတွင် ရည်းစားတစ်ယောက် ရှိနေသော်လည်း သူမ၏ စိတ်ဝိညာဉ်အားလုံးကို အလုပ်ထဲသို့သာ မြှုပ်နှံထားခဲ့သည်။
သူမသည် ထိုသူအား ရှက်ရွံ့နေသောကြောင့် ဖြစ်သည်ဟူသော အချက်ကို လုံးဝ ပြောပြလိမ့်မည် မဟုတ်ပါချေ။
ဝမ်သိုက်သည် သူ့ကို နောက်ထပ် နှစ်ချက်ခန့် စောင်းငဲ့ကြည့်လိုက်ရာ အမြင်အာရုံထဲက အမျိုးသားသည် မျက်ခွံများကို ချထားလျက် လည်ပင်းကိုလည်း အနည်းငယ် ငုံ့ထားသည်။
နံနက်ခင်း၏ နေရောင်ခြည်က သူ၏ အခြားမျက်နှာတစ်ဝက်ပေါ်သို့ ဖြာကျနေကာ ကြည်လင်ပြတ်သားစွာ ဖြူစင်နေသည်။
သူသည် အမှန်တကယ်ပင် နတ်ဘုရားတို့၏ မျက်နှာသာပေးခြင်းကို ခံရသော ဖန်တီးမှုတစ်ခု ဖြစ်ပြီး လက်ရှိအချိန်တွင် ကြည့်ရသည်မှာ သနားစရာကောင်းသော အရိပ်အယောင် အချို့ပင် ရှိနေတော့သည်။
ခဏမျှ တုန်လှုပ်သွားပြီးနောက် ဝမ်သိုက်သည် သတ္တိမွေးကာ မိမိ၏ စိတ်ရင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"ကျွန်မ ရှင့်ကို အများကြီး သဘောကျတာပါ၊ ကျွန်မဘက်က အရင်မစတာက ကျွန်မ သိက္ခာကို အလေးထားလို့ပါ၊ ကျွန်မတို့ မနက်စာအရင်သွားစားကြမလား"
နောက်က စကားလုံးမှာမူ ကျဆင်းသွားသော မိမိ၏သိက္ခာကို မနည်းပြန်လည်ဆွဲတင်လိုက်ခြင်းဖြစ်ပေသည်။
နှမြောစရာကောင်းသည်မှာ သူမ၏စိတ်ထဲတွင် "သနားစရာကောင်းသော အရိပ်အယောင် အချို့ရှိသည်" ဟု ထင်မှတ်ထားခဲ့သော လူသည် အမှန်တကယ်တော့ ခုနကတင် ငိုက်မြည်းနေခြင်းသာ ဖြစ်သည်။