အခန်း ၁၄၁
Vol. 15 Ch. 141
🌻 Chapter 141
ယွဲ့ယင်း ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသော်လည်း သူမ တုံ့ပြန်ချိန်မရလိုက်မီမှာပင် ချွေ့မားမားက သူမ လက်မောင်းကို ဆွဲကိုင်ကာ စိုစွတ်နေသော လက်ကိုင်ပဝါတစ်ထည်ဖြင့် သူမပါးစပ်နှင့် နှာခေါင်းကို အုပ်တော့သည်။
ဖူကျင်းက လှောင်ပြုံးပြုံးကာ ရှေ့သို့ လျှောက်သွားပြီး ချွေ့မားမားက ယွဲ့ယင်း ခန္ဓာကိုယ်ကို ဆွဲကာ အခြားလမ်းကြောင်း တစ်ခုဆီသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဖူကျင်း ထွက်သွားပြီးနောက် တတိယမင်းသားမှာ ထိုနေရာတွင် အချိန်အတန်ကြာ စောင့်ဆိုင်းနေပြီးမှ ထွက်လာခဲ့သည်။ ဖူကျင်း ထွက်သွားသည်မှာ အတော်လေးမြန်ဆန်သော် လည်း နောက်ကျနေခဲ့ပသည်။ အမူးပြေစေရန် အပြင်ထွက်လာသော အိမ်ရှေ့စံမင်းသားလည်း တိုက်ဆိုင်စွာပင် ချန်ကော်ကော်ကို ထပ်မံမြင်တွေ့သွားသည်။
သူသည် ကျော့ရှင်းလှပသော ချန်ကော်ကော်အကကို တွေးမိသောအခါ မခုခံနိုင်လောက်အောင် ဖြစ်ရသည့်အပြင် ယခုအခါ ဖြူစင်သန့်ရှင်းကာ သိမ်မွေ့ကျော့ရှင်းစွာ ဝတ်ဆင်ထားသော ချန်ကော်ကော်က မျက်ရည်များပါကျနေသည်ကို တွေ့လိုက်ရသောကြောင့် ပိုဆွဲဆောင်မှု ရှိနေသည်။
အိမ်ရှေ့စံမင်းသား ချန်ကော်ကော် လက်ကိုချက်ချင်းဆုပ် ကိုင်လိုက်ကာ မေးလေသည်။
"လှပတဲ့ နတ်သမီးလေး၊ တစ်ခုခု စိတ်ညစ်စရာ ရှိနေလို့လား"
ချန်ကော်ကော် သူမ လက်ကို ပြန်ရုပ်ရန် ကြိုးစားသော်လည်း မရသဖြင့် ထိုအတိုင်းသာ လွတ်ပေးထားရသည်။ သူမက ချည်ပန်းထိုး လက်ကိုင်ပဝါလေးဖြင့် မျက်ရည်များကို သုတ်ကာ မျက်မှောင်ကြုတ်လျက် ပြောသည်။
"ကျွန်မက အဆောင်ခန်းထဲမှာပဲ အပိတ်လှောင်ခံထားရပြီး နေရောင်ခြည်ကိုတောင် ဘယ်တော့မှ မမြင်ရပါဘူး၊ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လောက်ပဲ ရှာချင်တာပါ"
အိမ်ရှေ့စံမင်းသားက ပြုံးလျက် ပြောသည်။
"အို... ဘာမှနားမလည်တဲ့ သစ်တုံးကြီးလိုဖြစ်နေတဲ့ ငါ့ရဲ့ စတုတ္ထညီတော်ကတော့ မင်းရဲ့ သူငယ်ချင်းမဟုတ်တာ သေချာနေပုံပဲ"
ချန်ကော်ကော် ခေါင်းညိတ်သည်။
"ကျွန်မက အသိဉာဏ်တိမ်ကောလှပေမယ့် အိမ်ရှေ့စံမင်း သားရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်သတင်းကို ကြားနေရတာ ကြာပါပြီ၊ ပြီးတော့ အရှင့်သားက ဒီလောကမှာ အလွန်ထူးချွန်ထက်မြက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ပြီး ချိုမြိန်တဲ့ အလှတရားတွေကို နားလည်သလို၊ မိန်းမလှလေးတွေကို ဘယ်လို မြတ်နိုးတန်ဖိုးထားရမလဲဆိုတာကိုလည်း သိတယ်ဆိုတာ သိပါတယ်"
"ဒီနေ့ အရှင့်ကို မြင်တွေ့ရတာ တကယ့်ကို အဲဒီစကားအတိုင်းပါပဲ၊ အိမ်ရှေ့စံမင်းသားရဲ့ အရည်အချင်းတွေကို ကျွန်မ အလွန်ပဲလေးစားအားကျမိပါတယ်၊ ဒါပေမဲ့ နှမြောစရာပဲ၊ နှမြောစရာကောင်းတာက..."
သူမ ထိုသို့ ပြောသည်ကို ကြားသောအခါ အိမ်ရှေ့စံမင်းသားမှာ အနည်းငယ် ကျေနပ်သွားသော်လည်း မြှောက်ပင့်ခံရမှုများနှင့် ယဉ်ပါးနေသူဖြစ်ရာ အလွန်အမင်း အလေးအနက်မထားဘဲ ပြန်သာမေးသည်။
"ဘာက နှမြောစရာ ကောင်းတာလဲ"
ချန်ကော်ကော်က "ကျွန်မက အိမ်ရှေ့စံမင်းသားနဲ့ ပေါင်းဖက်ရဖို့ ရေစက်မပါတာကို နှမြောတာပါ၊ ပြီးတော့ စတုတ္ထမင်း သားကလည်း ကျွန်မရဲ့အကစွမ်းရည်ကို မနှစ်သက်ဘဲ ဒီနေ့အထိ ကျွန်မရဲ့နိမ့်ကျတဲ့ ခန္ဓာကိုယ်ကို ထိတွေ့ဖို့ ငြင်းဆန်နေတာကိုပါပဲ"
ထိုသို့ပြောရင်း သူမ စိတ်လှုပ်ရှားစွာဖြင့် အိမ်ရှေ့စံမင်းသားရင်ခွင်ထဲသို့ပစ်ဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့ သည်။ အိမ်ရှေ့စံမင်းသား နှာခေါင်းထဲတွင် ချိုမြိန်သော ရနံ့များ ပြည့်နှံ့သွားပြီး သူ့သွေးများဆူပွက်လာရသည်။
"အဲဒီလိုသာဆိုရင် ငါ့ရဲ့ စတုတ္ထညီတော်ဆီကနေ မင်းကို ငါ တောင်းပေးမယ်"
ချန်ဝမ်အာ ခေါင်းမော့လာကာ အံ့အာဝမ်းသာစွာဖြင့် ပြုံးလာသည်။
"အိမ်ရှေ့စံမင်းသား ကျွန်မကို လိမ်မှာမဟုတ်ဘူးမလားဟင်"
အိမ်ရှေ့စံမင်းသားက သူ့ လက်ညှိုးဖြင့် သူမနှာခေါင်းလေးကို ဖွဖွလေးပုတ်ကာ အလိုလိုက်သည့် အပြုံးဖြင့်ပြောသည်။
"ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ"
ဤမြင်ကွင်းကို မြင်သောအခါ ဖူကျင်းမှာ ရှေ့သို့ မတိုးရဲတော့ပေ။ သူမက တိတ်တဆိတ် လှည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။ ထင်ထားသည့်အတိုင်းပင် ခဏအကြာတွင် အိမ်ရှေ့စံမင်းသားသည် ချန်ကော်ကော်ကို ခေါ်ဆောင်ကာ ခန်းမထဲသို့ဝင်လာပြီး အသံကျယ်ကြီးဖြင့် ကြေညာလေသည်။
"စတုတ္ထညီတော်... ဒီအလှလေးကို မင်းရဲ့ ဒုတိယအစ်ကိုတော့်ဆီ ပေးလိုက်ရင် ဘယ်လိုလဲ"
ထိုစကားကို ကြားသည်နှင့် ဇာတ်အဖွဲ့က ကပြဖျော်ဖြေမှုကို ရပ်တန့်ကြပြီး ကမ်းချန်ချန် အပါအဝင် အခန်းထဲရှိအမျိုး သမီးများက ချောင်းကြည့်လာသည်။ ယင်ကျန်း အပါအဝင် မင်းသားများအားလုံး မတ်တပ်ရပ်လိုက်သည်။
ဒသမမင်းသားမှာ မနေနိုင်ဘဲ ဦးစွာ ရယ်မောလာသည်။
"ဒုတိယနောင်တော်... နောင်တော်က စတုတ္ထနောင်တော့်ကို ဦးထုပ်စိမ်း ဆောင်းပေးဖို့ တကယ့်ကိုကြိုးစားအားထုတ်နေတာပဲ၊ အထဲဝင်လာတုန်းက တစ်ခါစနောက်ခဲ့တာ မလုံ လောက်လို့ အခု တိုက်ရိုက်ကြီးကို တောင်းနေပြီပေါ့"
နဝမမင်းသား "ဒီပြကွက်က စတုတ္ထအစ်ကိုတော် ငှားထားတဲ့ ဇာတ်အဖွဲ့ထက်တောင် ပိုကောင်းနေသေးတယ်၊ စတုတ္ထအစ်ကိုတော်ရဲ့ကိုယ်လုပ်တော်က ဒီလောက်ဆွဲဆောင်မှုရှိမယ်လို့ မထင်ထားဘူး... ဟားဟားဟား..."
မင်းသားဆယ့်လေးသည်တော့ အေးစက်စွာဖြင့် "တကယ်လို့ ခမည်းတော်ဧကရာဇ်သာ သိသွားရင်တော့၊ ဟွန့်"
ယင်ရှန် စိုးရိမ်ပူပန်နေပုံဖြင့် ခေါင်းညိတ်လာသည်။ အခြား ဝန်ကြီးများမှာမူ ခေါင်းငုံ့ထားကြကာ ဤနေရာတွင် သူတို့ မရှိနေပါစေရန်သာ ဆုတောင်းနေကြသည်။
အဋ္ဌမမင်းသား အရက် နောက်တစ်ခွက်ကို မော့သောက်လေသည်။
"အိမ်ရှေ့စံမင်းသားက စတုတ္ထညီတော်ရဲ့မွေးနေ့မှာ နောက်ပြောင်နေတာ ဖြစ်မှာပါ ဟုတ်တယ်မလား"
နောက်ပြောင်တာ ဟုတ်လား၊ လုံးဝ ရယ်စရာမကောင်းလိုက်တာ...
ထို့အပြင် ဤသည်မှာ နောက်ပြောင်ခြင်း မဟုတ်ကြောင်း လူတိုင်း သိနေကြလေသည်။ ယင်ကျန်း မျက်နှာမှာ မှုန်မှိုင်းကာ အုံ့ဆိုင်းနေပြီး တိတ်ဆိတ်နေလေသည်။ ဟွာယွီကမူ ပါးပြင်များ ရဲတက်နေလျက် ရှေ့သို့ ထွက်လာကာ အဋ္ဌမမင်းသားကို တိုးတိုးလေး ပြောသည်။
"အရက်သောက်တာက ကျန်းမာရေးအတွက် မကောင်းပါဘူး အဋ္ဌမမင်းသား၊ အရှင့်သား နည်းနည်းပဲသောက်သင့်ပါတယ်"
အဋ္ဌမမင်းသားက ဟွာယွီကို လှည့်ကြည့်လာပြီး အနည်းငယ် ရပ်တန့်သွားကာ ပြုံးလျက်ပြောသည်။
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကမ်းချန်ချန် မျက်မှောင်ကြုတ်သွားပြီး ဟွာယွီရှိနေသော နေရာသို့ တစ်ချက်ကြည့်လိုက်ကာ စိတ်ထဲမှ တွေးမိသည်။
[ဪ... အဲဒါကြောင့် ခုနက မင်းသားတွေက ထူးထူးဆန်းဆန်းပြုမူနေခဲ့ကြတာကိုး၊ ဟူး... ယင်ကျန်းရဲ့ မျက်နှာက ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေတာလဲ၊ သူ့ မိန်းမကို နှောင့်ယှက်ခံရလို့လား ဒါမှမဟုတ် အဲဒီလူက ချန်ကော်ကော် ဖြစ်နေလို့လား၊ ဒါမှမဟုတ် အိမ်ရှေ့စံမင်းသားက မလေးစားလို့များလား]
အိမ်ရှေ့စံမင်းသားက မာနတခွဲသား ရယ်မောလာသည်။
"စတုတ္ထညီတော်... မင်းက သူမကို လက်ဖျားနဲ့တောင် မထိရသေးပါဘူး၊ ငါက ဒီအလှလေးရဲ့အလိုကို မလိုက်လျောပေးနိုင်ဘူးလို့ ပြောချင်တာလား"
ထိုအချိန်တွင် လူတိုင်းအာရုံက ယင်ကျန်းထံသို့ ထပ်မံရောက် ရှိသွားပြန်သည်။ ချန်ကော်ကော်က အနည်းငယ်အပြစ်ရှိသလို မျက်လွှာချထားလိုက်ပြီး အိမ်ရှေ့စံမင်းသားကမူ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလျက် သူမ မျက်နှာပေါ်ကျနေသော ဆံပင်တစ်စကို နားနောက်သို့ သပ်တင်ပေးလာသည်။
ယင်ကျန်း မျက်လုံးများကိုပင့်ကာ အေးစက်စွာဖြင့် ပြောလာသည်။
"အိမ်ရှေ့စံမင်းသား အရက်အများကြီး သောက်ထားပုံရတယ်၊ တစ်ယောက်ယောက် အိမ်ရှေ့စံမင်းသားအတွက် အမူးပြေစွပ်ပြုတ် တစ်ပန်းကန်ယူလာခဲ့စမ်း"
အိမ်ရှေ့စံမင်းသားကမူ လှောင်ပြောင်လျက် ပြောသည်။
"မလိုပါဘူး စတုတ္ထညီတော်ရဲ့၊ အုပ်ချုပ်သူနဲ့ လက်အောက် ခံ ဆက်ဆံရေးပဲဖြစ်ဖြစ်၊ အစ်ကိုနဲ့ ညီဆက်ဆံရေးပဲဖြစ်ဖြစ် မင်းမှာ နာခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိပါဘူး၊ မင်းက ငါ့ကို မင်းရဲ့အစ်ကိုကြီးတစ်ယောက်လို အမြဲလေးစားခဲ့လို့သာ ငါ မင်းကို အသိပေးရုံသက်သက်လာပြောတာ"
"ဒီနေ့ မင်း သဘောတူတာဖြစ်ဖြစ် မတူတာဖြစ်ဖြစ် ဒီမိန်းမကို ငါ ခေါ်သွားမယ်၊ အရင်တစ်ခေါက်တုန်းကလို ဖြစ်လာမှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ ကမ်းချန်ချန်လန့်သွားပြီး အနောက်သို့ အမြန် ဆုတ်သွားမိသည်။ ချန်ကော်ကော်မှာ ထိုစကားကို ကြားသောအခါ အိမ်ရှေ့စံမင်းသားကို ဝမ်းသာအားရကြည့်လိုက်ပြီး သူမ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပိုမိုပြည့်နှံ့လာသည်။
အိမ်ရှေ့စံမင်းသားမှာ အမှန်ပင် အာဏာရှိလှပေသည်။ သူမ ချဉ်းကပ်မှုမှာ မှားယွင်းခြင်းမရှိခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ ရွှေရောင်ငါးကြင်းကြီး တစ်ကောင်ကို ဖမ်းမိခဲ့သည်။
အိမ်ရှေ့စံမင်းသားသည် ကြမ်းတမ်းသော စကားများကို ပြောဆိုပြီးနောက် ချန်ကော်ကော်ပခုံးကို ဖက်ကာ စတုတ္ထမင်းသား စံအိမ်မှလျှောက်ထွက်သွားတော့သည်။
ဒသမမင်းသား "ဒါကတော့ လွန်လွန်းသွားပြီ၊ ငါသာဆိုရင် ဒါကို သည်းမခံနိုင်ဘူး၊ စတုတ္ထအစ်ကိုတော်... အဲဒါအစ်ကိုတော့်ရဲ့ကိုယ်လုပ်တော် မဟုတ်ဘူးလား"
ယင်ကျန်း ခေါင်းလှည့်လာကာ နက်မှောင်သော မျက်လုံးများဖြင့် သူ့ကို အေးစက်စွာစိုက်ကြည့်လာသည်။
နဝမမင်းသား "ဒသမညီတော်... ခုနက အိမ်ရှေ့စံမင်းသား ပြောတာ မကြားဘူးလား၊ စတုတ္ထနောင်တော်က ဒီမိန်းမကို လက်ဖျားနဲ့တောင် မထိရသေးဘူးတဲ့၊ ကိုယ်လုပ်တော် တစ်ယောက်ဖြစ်နေရက်နဲ့ ဘာလို့ မထိရတာလဲ၊ ဖုံးကွယ်ထားတဲ့ အကြောင်းပြချက် တစ်ခုခုများ ရှိနေလို့လား"
မင်းသားဆယ့်လေးက ၀င်ပြောသည်။
"သူရဲဘောကြောင်လိုက်တာ"
မင်းသားဆယ့်သုံးက မင်းသားဆယ့်လေးကို စူးရဲစွာ စိုက်ကြည့်လာသည်။
"မင်း ဘာပြောလိုက်တာလဲ"
[ဟုတ်တယ်လေ၊ မင်းသားဆယ့်လေးက ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နေရတာလဲ၊ သူက အကြောင်းပြချက်မရှိဘဲ ငါတို့ရဲ့ စတုတ္ထမင်းသားကို လာဆဲနေတာပဲ၊ ငါတို့ရဲ့ စတုတ္ထမင်းသားက အိမ်ရှေ့စံမင်းသားရဲ့ဖိနှိပ်မှုကို ခံရတာနဲ့တင် သနားစရာ ကောင်းနေပြီကို]
အဋ္ဌမမင်းသား ယင်ကျန်း ပခုံးကို ညင်သာစွာ ပုတ်လာသည်။
"အချိန်လည်း မစောတော့ဘူး၊ ညီတော်တို့ကို ပြန်ခွင့်ပြုပါဦး"
တတိယမင်းသားမှာ တံခါးဝတွင် တောင့်တောင့်ကြီး ရပ်နေကာ အဖြစ်အပျက် တစ်ခုလုံးကို နားထောင်နေခဲ့ပြီး အိမ်ရှေ့စံမင်းသားက သူ့အနားမှဖြတ်လျှောက်သွားသည်ကို ကြည့်နေခဲ့သည်။
နဝမမင်းသားက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလျက်ပြော သည်။
"တတိယအစ်ကိုတော်... အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ အိမ်ရှေ့စံမင်းသားက သူ့လူတွေအတွက်ပဲ ကိစ္စတွေကိုဖျက်ဆီးတတ်တာလေ၊ အစ်ကိုတော်က အိမ်ရှေ့စံမင်းသားရဲ့လူမှမဟုတ်တာ ဘာကို ကြောက်နေရတာလဲ"