အခန်း ၁၄၂
Vol. 15 Ch. 142
🌻 Chapter 142
ထိုစကားကို ကြားသောအခါ ယင်ကျန်းက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ တတိယမင်းသားက ယင်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပခုံးကို ကျုံ့ကာ ကနာမငြိမ်သောအကြည့်ဖြင့် ပြောသည်။
"ငါက အရက်မူးပြေအောင် အပြင်ဘက်မှာ လမ်းလျှောက်ပြီး အအေးခံနေတာပါ၊ အဲဒါကြောင့် အထဲမဝင်လာခဲ့တာ"
ကံကောင်းထောက်မစွာဖြင့် လူတိုင်းအာရုံက အိမ်ရှေ့စံမင်းသား ကိစ္စများအပေါ်၌သာ အာရုံစိုက်နေကြဆဲဖြစ်ရာ သူ့ ထူးဆန်းသော အမူအရာကို သတိပြုမိသူ နည်းပါးလှပေသည်။
[အာ... ချန်ကော်ကော်ကို အိမ်ရှေ့စံမင်းသားက တကယ်ကြီး ခေါ်သွားပြီပေါ့လေ၊ ဒါက အရမ်းပြဇာတ်ဆန်လွန်းတယ်]
[အိမ်ရှေ့စံမင်းသားက အရမ်း မာနကြီးတာပဲ၊ ယင်ကျန်းရဲ့ ခံစားချက်တွေကို လုံးဝ ဂရုမစိုက်ဘူး၊ ယင်ကျန်းသေချာ ပေါက် မပျော်မရွှင်ဖြစ်နေမှာ၊ ဟူး... ဒီည သူ ငါ့ခြံဝင်းဆီကို မလာပါစေနဲ့လို့ မျှော်လင့်ရတာပဲ၊ သူ့ကို စိတ်ကျေနပ်အောင် ချော့ရတာ ခက်တယ်လေ]
ဖူကျင်းကလည်း နေမကောင်းဟု အကြောင်းပြကာ ပွဲတော်မှ စောစောထွက်ခွာသွားသည်။
ကမ်းချန်ချန်သည် ညနေစောင်းအထိ တစ်ယောက်တည်း အလုပ်လုပ်ခဲ့ရပြီး အဆုံးမှပြီးစီးသွားခဲ့သည်။
အခြေအနေကတော့ မဆိုးလှပေ။ အိမ်ရှေ့စံမင်းသားက လက်ဖက်ရည်ပန်းကန်များနှင့် ဝိုင်ခွက်အချို့ကို ဖျက်ဆီးသွားသည်မှလွဲ၍ ကျန်လူများအားလုံး အတော်လေးလိမ္မာ ရေးခြားရှိကြကာ ထိခိုက်ဒဏ်ရာရသူများလည်း မရှိခဲ့ပေ။
ခြွင်းချက်အနေဖြင့် ကမ်းချန်ချန် အစားစားပြီးနောက် ကြောင်လေးနှင့် ခဏမျှ ဆော့ကစားကာ အိပ်ရာဝင်တော့မည့်ဆဲဆဲတွင် အေးစက်သော အရှိန်အဝါများ ဖြာထွက်နေသည့် ယင်ကျန်း သူမ အခန်းထဲတွင် ပေါ်လာသည်ကို မြင်ရခြင်းပင်။
ကမ်းချန်ချန် သက်ပြင်းထပ်ချလာမိသည်။
"အရှင်မင်းသား... ရောက်လာပြီလား"
ယင်ကျန်းက မည်သည့် အမူအရာမဇမရှိဘဲ ပြန်ပြောသည်။
"မင်းကြည့်ရတာ ကြိုဆိုတဲ့ပုံ မပေါ်ဘူးပဲ"
သူမက သူ့လက်ကို အမြန်ဆုပ်ကိုင်လေသည်။
"ကြိုဆိုပါတယ်ရှင်... ကြိုဆိုပါတယ်... လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်လို့ ဆိုင်းဘုတ်ကြီးကိုင်ပြီး အော်လိုက်ချင်တာ"
[ချောမောလှတဲ့ စတုတ္ထမင်းသားရေ... ကျွန်မ ခြံဝင်းရဲ့တံခါးတွေက ရှင့်အတွက် အမြဲတမ်းဖွင့်ထားပါတယ်နော်]
ယင်ကျန်း မျက်လုံးများကို အနည်းငယ် လှန်မိသည်။
"မင်းက တကယ့်ကို စကားတတ်လွန်းတယ်"
ကမ်းချန်ချန် သူ့ဘေးတွင် ထိုင်လိုက်ပြီး သူ့ဖြူဖွေးသော မျက်နှာဘေးဘက်ကို ကြည့်ကာ စိတ်ပါလက်ပါဖြင့် နမ်းရှိုက်သည်။
ယင်ကျန်း မျက်လွှာချကာ ညင်သာစွာပြုံးလျက် မေးသည်။
"ဒီနေ့ ဘာလို့ ဒီလောက်တောင် တက်ကြွနေရတာလဲ"
ကမ်းချန်ချန် သူ့အင်္ကျီများကို ချွတ်ပေးလာသည်။
"ကျွန်မ ရှင့်ကို ရနံ့အိတ်လေးပေးထားပေမယ့်လည်း အဲဒီလက်ဆောင်က နည်းနည်း နည်းနေသေးတယ်လို့ ခံစားရတယ်၊ ကျွန်မရဲ့ စတုတ္ထမင်းသားကို ကျွန်မက ပျော်ရွှင်စေချင်တယ်လေ"
ယင်ကျန်း အဆုံးတွင် ပြုံးလာသည်။
"မင်း တကယ်ပဲ အဲဒီလို တွေးတာလား"
ကမ်းချန်ချန် ပါးလေးကို ဖောင်းကာ ပြောသည်။
"ရှင် မယုံရင်လည်း နေပေါ့၊ ကျွန်မကို ချစ်လွန်းတော့ သံသယဝင်နေတာလား"
ယင်ကျန်း သူမကို ကုတင်ပေါ်သို့ တွန်းချသည်။
"ဘယ်သူက မင်းကို ချစ်နေလို့လဲ၊ အရှက်မရှိလိုက်တာ"
နောက်တစ်နေ့တွင် ကမ်းချန်ချန်နိုးလာပြီးပျင်းရိစွာ အကြော ဆန့်ကာ ပြောသည်။
"ငါလေး အရမ်းပင်ပန်းနေပြီ၊ ဒါပေမဲ့ ပေါ့ပါးသွားသလိုလည်း ခံစားရတယ်"
ယွင်ကျွမ်း ရောက်လာပြီး မျက်မှောင်ကြုတ်လျက်ပြော သည်။
"စဲဖူ... ပြဿနာတစ်ခု ဖြစ်နေပြီ"
ကမ်းချန်ချန် ခေါင်းအုံးပေါ်တွင် မျက်နှာအပ်လျက် ဟိုဘက်လှည့်ကာ မေးသည်။
"အခု ဘာဖြစ်ပြန်ပြီလဲ"
ယွင်ကျွမ်းက "ဟိုယွဲ့ယင်းလေ... ချန်ကော်ကော် အခေါ်ခံသွားရလို့ သူမက ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေသွားတယ်တဲ့"
ကမ်းချန်ချန် လန့်သွားရသည်။
"ဘာ... မဟုတ်သေးပါဘူး၊ ဒါက ချန်ဝမ်အာရဲ့ကိုယ်ပိုင် ရွေးချယ်မှု မဟုတ်ဘူးလား ပြီးတော့ အတင်းအကျပ်ခေါ်ခံရတယ်ဆိုရင်တောင် သူမလို အစေခံတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ"
ယွင်ကျွမ်း "ဘယ်သူက သိမှာလဲ၊ ဟူး... သူမက ချန်ကော်ကော်ကို အရမ်း အလုပ်အကျွေးပြုချင်လွန်းလို့ အခုလို တွေးမရဖြစ်ပြီး သေသွားတာနေမှာပါ"
ကမ်းချန်ချန်က ပြောသည်။
"တကယ် အဲဒီလိုပဲလား၊ နောက်ကွယ်မှာ တခြားလျှို့ဝှက်ချက် တစ်ခုခုများ ရှိနေနိုင်မလား"
[ဥပမာ... ဒါက အိမ်ရှေ့စံမင်းသား ဒါမှမဟုတ် သူ့ပတ်ဝန်း ကျင်က လူတွေနဲ့များ ပတ်သက်နေမလား]
သူမ ပထမဆုံး သံသယရှိသူမှာ အိမ်ရှေ့စံမင်းသားနှင့် သူ့လူများဖြစ်သော်လည်း နောက်တော့ သူမ ပြန်တွေးမိသည်။ အိမ်ရှေ့စံမင်းသားက ချန်ဝမ်အာကို ပေါ်တင်ကြီး ခေါ်သွားရဲမှတော့ သာမန် အစေခံတစ်ယောက်ကို ဒုက္ခပေးတဲ့အထိ ဘာလို့ အလုပ်ရှုပ်ခံမှာလဲ။
ဟွာယွီ ထမင်းချိုင့်ကို စားပွဲပေါ်တင်လာသည်။
"ဘာလို့ ခေါင်းစားခံနေတာလဲ စဲဖူရဲ့၊ ဖူကျင်းက ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီလေ"
ကမ်းချန်ချန်က ခေါင်းညိတ်သည်။
"အင်း... ဖူကျင်းက အရည်အချင်းရှိတဲ့သူပဲ၊ နေပါဦး... သူမ နေပြန်ကောင်းသွားပြီလား၊ စတုတ္ထမင်းသားရဲ့ မွေးနေ့ပြီးတာနဲ့ ချက်ချင်း သူ့ရဲ့ရောဂါက ပျောက်သွားတယ်ဆိုတာ ဘယ်လိုလုပ် ဒီလောက်တောင် တိုက်ဆိုင်ရတာလဲ"
[ဟွန့်... သူမက ငါ့ကို အသေအလဲ အလုပ်ခိုင်းချင်ရုံသက် သက်ပဲ မဟုတ်ဘူးလား]
နန်းတော်တွင်မူ ကန်ရှီးဧကရာဇ်မှာ မျက်နှာထား တင်းမာနေသည်။ အထူးသဖြင့် ညီလာခံအတွက် တစ်နာရီတိတိ စောင့်နေခဲ့သော်လည်း အိမ်ရှေ့စံမင်းသား ရောက်မလာခဲ့သောအခါ ပိုဆိုးရွားလာသည်။ ထို့နောက် သူ ရုတ်တရက် ထရပ်ကာ ခန်းမထဲမှ ထွက်သွားသည်။
မင်းသားများအားလုံးကို ကန်ရှီးဧကရာဇ်နှင့် ရင်ဖွင့်စကား ပြောရန် စာကြည့်ဆောင်တော်သို့ ဆင့်ခေါ်ခြင်းခံလိုက်ရသည်။ ကန်ရှီးက ယင်ကျန်းကို အေးစက်စွာဖြင့် ဦးစွာ ကြည့်လာသည်။
"မင်းရဲ့ စံအိမ်က ကချေသည်တွေက တကယ့်ကို ပန်းတွေနဲ့ လမင်းကြီးထက်တောင် ပိုပြီးလှပတယ်လို့ ငါ ကြားတယ် ၊ အိမ်ရှေ့စံမင်းသားက သူတို့ကို မြင်မြင်ချင်းစွဲလမ်းသွားတယ်ဆိုပဲ၊ အဲဒီတော့ သူတို့တွေက နန်းတော်ထဲ လာပြီး ငါ့အတွက်ရော ဘယ်တော့လောက် လာကပြမှာလဲ"
ယင်ကျန်း မြေကြီးပေါ်တွင် ဒူးထောက်လေသည်။
"ကျွန်တော်မျိုးက စည်းကမ်းထိန်းသိမ်းဖို့ တာဝန်ပျက်ကွက်ခဲ့ပါတယ်၊ ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ ခမည်းတော်"
ကန်ရှီး "မင်းက အပြစ်ပေးခံရဖို့ တန်တယ်၊ တကယ်ကိုပဲ အပြစ်ပေးခံရဖို့ တန်တယ်၊ မင်းက အမြဲတမ်း ချွေတာတဲ့သူကို ဘာလို့ ဒီလောက်ခမ်းနားတဲ့ မွေးနေ့ပွဲကို ရုတ်တရက်ကြီး ကျင်းပရတာလဲ၊ အိမ်ရှေ့စံမင်းသားက အစကဆိုလိမ္မာပြီး မိဘစကားနားထောင်တဲ့ ကလေးတစ်ယောက်ပါ၊ ဒါပေမဲ့ ဒီအောက်တန်းကျတဲ့ လူတွေကြောင့် လမ်းမှားကို ရောက်သွားခဲ့ရပြီ"
မင်းသားဆယ့်သုံးက လျှောက်တင်သည်။
"ခမည်းတော်... ကျေးဇူးပြုပြီး နားလည်ပေးပါ၊ စတုတ္ထအစ် ကိုတော်က ဒီလို မွေးနေ့ပွဲမျိုးကို နှစ်အတော်ကြာမှ တစ်ခါပဲ ကျင်းပခဲ့တာပါ၊ ပြီးတော့ ပွဲအစီအစဉ်ကလည်း မင်းသားတွေကြားထဲမှာ သာမန်လောက်ပဲ ရှိတာပါ၊ သူက အရမ်းခပ်ညံ့ညံ့လုပ်မိရင် တော်ဝင်မိသားစုကို အရှက်ခွဲသလို ဖြစ်မှာစိုးလို့ပါ"
နဝမမင်းသားမှလည်း "အဲဒါက လွန်ခဲ့တဲ့ လဝက်လောက်က အိမ်ရှေ့စံမင်းသားက စတုတ္ထအစ်ကိုတော်ကိုကပ်စေးနှဲတယ်လို့ အမှတ်တမဲ့ပြောပြီး သူ့ကို ဒကာခံဖို့ အတင်းအကျပ်တောင်းဆိုခဲ့လို့ပါ၊ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ညီအစ် ကိုတွေ အားလုံးရှိနေခဲ့ကြတာပါ၊ စတုတ္ထအစ်ကိုတော်က အိမ်ရှေ့စံမင်းသားရဲ့အမိန့်ကို ဘယ်လိုလုပ် မနာခံဘဲနေရဲမှာလဲ"
ကန်ရှီး မျက်ခုံးများကို အနည်းငယ် ပင့်လိုက်ရာ သူ့ မျက်လုံးများထဲတွင် မုန်တိုင်းတစ်ခုမွှေနှောက်နေပုံရသည်။