အခန်း ၁၄၅
Vol. 15 Ch. 145
🌻 Chapter 145
ယင်ကျန်းသည် စာကြည့်ဆောင်တွင် အချိန်အတန်ကြာ အလုပ်လုပ်ပြီးနောက် ကမ်းချန်ချန်ခြံဝင်းသို့ သွားသည်။
သူ ကုလားကာကို မတင်လိုက်ရာ စားပွဲပေါ်တွင် အစားအ သောက်များ ပြင်ဆင်ထားပြီးဖြစ်သည်ကိုမြင်လိုက်ရသည်။
"ကျွန်မ ဟိုအသားကို အရမ်းကြိုက်တာပဲ၊ နည်းနည်းလောက် ခပ်ပေးလို့ ရမလားဟင်"
ယင်ကျန်း လက်လှမ်းကာ သူမ ပန်းကန်ထဲသို့ ဟင်းအနည်း ငယ် ခပ်ထည့်ပေးသည်။ ဖောင်းအိနေသော သူမ ပါးပြင်လေးများကိုကြည့်ရင်း သူ မနေနိုင်ဘဲ ရယ်မိသည်။
"ဖြည်းဖြည်း စားပါ၊ ကိုယ် မင်းဆီကနေ လုမစားပါဘူး"
ကမ်းချန်ချန် အစားအသောက်များကို မြိုချလိုက်ပြီး သူ့ကို ပြုံးပြသည်။
"စတုတ္ထမင်းသားက အခု အသက်သုံးဆယ်ရှိပြီဆိုတော့ ရှင့်ရဲ့အမူအရာက ပိုပြီးတည်ငြိမ်လာတယ်၊ ပိုပြီး ဆွဲဆောင်မှုရှိလာတယ်၊ အရမ်းချောတာပဲ၊ အဲဒီမျက်နှာကို ကြည့်နေရတော့ ကျွန်မ မနေနိုင်ဘဲ နည်းနည်း ပိုမြန်မြန်စားမိသွားတာပါ"
ယင်ကျန်း "ဒီနှစ်တွေထဲမှာ မင်းရဲ့ ပါးစပ်က ပိုပိုပြီး ချိုလာတာပဲ"
ကမ်းချန်ချန် ထရပ်ကာ သူ့ ပန်းကန်ထဲသို့ စွပ်ပြုတ် ခပ်ထည့်ပေးလိုက်ပြီး ပြုံးလျက် ပြောသည်။
"စတုတ္ထမင်းသား... ဒီရက်ပိုင်း ကျွန်မရဲ့ မိခင်က နေသိပ်မကောင်းလို့ ကျွန်မ ပြန်ပြီး နှစ်ရက်လောက် ပြုစုပေးချင်လို့ပါ၊ နှစ်ရက်နေရင် ကျွန်မ ပြန်လာခဲ့ပါ့မယ်၊ ရမလားဟင်"
ယင်ကျန်း အသံတွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
"ပြီးခဲ့တဲ့ လကလည်း မင်း အဲဒီလို ပြောခဲ့တာပဲ"
ကမ်းချန်ချန် အမြန် ဒူးထောက်လေသည်။
"ကျွန်မ မိသားစုကိုလွမ်းတာ မှန်ပေမယ့် အရှင့်ကို ပိုလွမ်းတာပါ၊ တကယ်လို့ အရှင်က ကျွန်မကို အပြင်မထွက်စေချင်ဘူးဆိုရင် ကျွန်မ မသွားတော့ပါဘူး"
ယင်ကျန်း သူမကို ထရန် အမူအရာပြလိုက်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်လာသည်။
"တကယ်လား၊ မင်း တကယ်ပဲ ငါ့ကို ဂရုအစိုက်ဆုံးလား"
ကမ်းချန်ချန် "သေချာတာပေါ့"
"ကျွန်မ ရှင့်ကို အမြဲတမ်း အချစ်ဆုံးပါ၊ လာပါ... ကျွန်မရဲ့ အချစ်ဆုံး ယင်ကျန်းလေး၊ ကျွန်မတို့ လက်လေးတွေနဲ့ အသည်းပုံလေး လုပ်ကြရအောင်"
ယင်ကျန်း မနေနိုင်ဘဲ ထပ်ရယ်မိပြန်သည်။
"ဒါဆိုလည်း မင်း ပြန်သွားသင့်တယ်"
ညစာစားပြီးနောက် ယင်ကျန်း လှုပ်ကုလားထိုင်တွင် ထိုင်လေသည်။
"မင်း အကြံပေးခဲ့တဲ့ နည်းလမ်းကို သုံးပြီးတော့ နှစ်အနည်း ငယ် ကြာတဲ့အခါ စမ်းသပ်လယ်ကွင်းတွေမှာ မျိုးစေ့ကောင်းတွေကို ရွေးချယ်နိုင်ခဲ့ပြီး အရည်အသွေးမြင့် ဆန်တွေ အများကြီး ထွက်ရှိလာခဲ့တယ်၊ ခမည်းတော် ဧကရာဇ်က အရမ်းကျေနပ်နေတာ"
ကမ်းချန်ချန် ပျော်ရွှင်စွာဖြင့် ပြောသည်။
"အရမ်းကောင်းတာပေါ့၊ သူ့ရဲ့ ဦးဆောင်မှုနဲ့ဆိုရင် လုပ်ငန်း စဉ်အရှိန်က သေချာပေါက် မြန်ဆန်လာမှာပဲ၊ ပြီးတော့ လူတိုင်း ဝဝလင်လင် စားနိုင်ကြတော့မယ်"
ယင်ကျန်း ပြုံးလျက် "ဒီတစ်ခေါက် မင်း အကြီးမားဆုံး အလှူလုပ်ပေးခဲ့တာပဲ၊ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဘူးလို့ ကိုယ် မင်းကိုကတိပေးထားခဲ့တယ်လေ၊ ကဲ... မင်း ဘာလိုချင်လဲ၊ မင်းရဲ့ နောက်ထပ် တောင်းဆိုချက်တစ်ခုကို ကိုယ် ဖြည့်ဆည်းပေးမယ်"
ကမ်းချန်ချန် လက်သုံးချောင်း ထောင်ပြကာ ခေါင်းလေးကို စောင်းပြီး ပြုံးလာသည်။
"ဒါဆို ကျွန်မကို အချက်သုံးချက် ဖြည့်ဆည်းပေးဖို့ တောင်းဆိုလို့ ရမလားဟင်"
ယင်ကျန်း "ဆယ်ချက်လောက် ဖြည့်ဆည်းပေးရင် ပိုမကောင်းဘူးလား"
ကမ်းချန်ချန် ထပ်ပြုံးမိပြန်သည်။
"အဲဒါဆိုရင်တော့ အရမ်းကောင်းမှာပဲ"
ယင်ကျန်းလည်း ပြုံးလိုက်ရာ သူ့ အပြုံးမှာ ခွန်းလွန်တောင် ထိပ်မှ နှင်းကြာပန်းထက်ပင် ပိုလှပနေသည်။
"အရှင်မင်းသား... ရှင် ထီးနန်းတက်ပြီးတဲ့အခါ စာပေအရေး ယူကွပ်မျက်မှုတွေကို လျှော့ချဖို့ ကြိုးစားပေးပါ့မယ်လို့ ကျွန်မကို ကတိပေးနိုင်မလားဟင်"
သူ စိတ်ဝင်စားမှု ကောင်းနေချိန်ကို အခွင့်ကောင်းယူကာ ကမ်းချန်ချန်က ထိုစကားများကို အမြန်ပြောလေသည်။ သူမ ထင်ထားသည့်အတိုင်းပင် ယင်ကျန်း မျက်နှာမှာ အေးစက် သွားကာ အံ့ကြိတ်မိသွားသည်။
"မင်း ဘာပြောလိုက်တယ်"
[အဲဒီ ပညာရှင်တွေနဲ့ စာပေပညာရှင်တွေက သူတို့ရဲ့ စကားတွေမှာ တကယ့်ကိုပြင်းထန်ကြတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ သူတို့အားလုံးက အင်အားမှမရှိကြတာ၊ ကျွန်မတို့က သူတို့ကို ဒီလိုမျိုး ညှဉ်းပန်းနှိပ်စက်လို့ မရဘူးလေ]
ယင်ကျန်း "ဒါက ညှဉ်းပန်းနှိပ်စက်တာ မဟုတ်ဘူး၊ ဒါက ကြင်နာမှုနဲ့ ပြင်းထန်မှု နှစ်မျိုးလုံးကို ပေါင်းစပ်ထားတာလို့ ခေါ်တယ်၊ ချင်းမင်းဆက်ကို အမှန်တကယ် လက်အောက်ခံတဲ့ သူတွေကို သဘာဝကျကျ ကောင်းကောင်းဆက်ဆံရမှာဖြစ်ပေမယ့် နောက်ကွယ်က ရည်ရွယ်ချက် ရှိနေတဲ့သူတွေကိုတော့ တခြားသူတွေအတွက် သတိပေးချက်တစ်ခု ဖြစ်စေဖို့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
[သူတို့က ပုန်ကန်ဖို့ ရည်ရွယ်တာ မဟုတ်လောက်ပါဘူး၊ တချို့ဆို အကွက်ဆင် ခံထားရတာလေ၊ သူတို့ရဲ့ မိသားစု တစ်ခုလုံးကို ကွပ်မျက်တာက အရမ်းပြင်းထန်လွန်းတဲ့ အပြစ်ဒဏ်ဖြစ်ပြီး သာမန် ပြည်သူတွေကြားထဲမှာ ဆန့်ကျင် ဘက် အုံကြွမှုတွေကို အလွယ်တကူဖြစ်စေနိုင်တယ်]
"သက်သေအထောက်အထား ခိုင်လုံနေတာကို ဘယ်လိုလုပ် အကွက်ဆင်ခံရတယ်လို့ သတ်မှတ်လို့ရမှာလဲ၊ မင်းက ခရိုင်ရုံးမှာ ထိုင်နေတဲ့ အရာရှိတွေထက် အမှုတွေကို ပိုကောင်း ကောင်း စီရင်နိုင်မယ်လို့ မင်းဘာသာ ထင်နေတာလား၊ မင်းမှာ အဲဒီလောက်အရည်အချင်းရှိတယ်ဆိုတာ ငါ မသိခဲ့ဘူးပဲ"
ကမ်းချန်ချန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်လေသည်။ ယင်ကျန်းက ဆက်ပြောသည်။
"ဒါဆို... မင်းပြောပုံအရ ကောင်းကင်နဲ့မြေကြီး အဖွဲ့အစည်း၊ ပိုင်လျန်ဂိုဏ်းနဲ့ တခြားချင်းမင်းဆက်ကိုဆန့်ကျင်ပြီး မင်ကိုလိုချင်နေတဲ့ သူပုန်တွေကရော အကွက်ဆင် ခံရတာပဲလား၊ သူတို့ သေဖို့ မထိုက်တန်ဘူးလား"
[တကယ်တော့ လူတိုင်းသာ အသက်မွေးဝမ်းကျောင်းပြုနိုင်ပြီး လူတိုင်း ဝဝလင်လင် စားနိုင်ရင် အကြောင်းပြချက်မရှိဘဲ ဘယ်သူမှ အပြစ်ပေးမခံရဘူး၊ လူတန်းစား ခွဲခြားမှုတွေသာ မရှိဘူးဆိုရင် တစ်ယောက်ယောက်က ချင်းမင်းဆက်ကို ဖြုတ်ချပြီး မင်မင်းဆက်ကို ပြန်လည်ထူထောင်မယ်လို့ အဆို ပြုလာရင်တောင် ဘယ်သူမှထောက်ခံကြမှာ မဟုတ်ဘူး]
ယင်ကျန်းက ပုတီးစေ့များကို မြေကြီးပေါ်သို့ ပစ်ပေါက်ကာ ခေါင်းလှည့်ပြီး အေးစက်စွာ နှာမှုတ်သည်။
"မင်းက ဘာသိလို့လဲ"
ကမ်းချန်ချန် ပါးစပ်ကို ပိတ်လိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်နေသည်။ သူ့ကို ဦးနှောက်ဆေးရန်မှာ ဖြည်းဖြည်းချင် လုပ်ရမည်ဖြစ်ပြီး အလျင်စလို လုပ်၍မရကြောင်း ထင်ရှားလှသည်။
အချိန်အနည်းငယ် အကြာတွင် ယင်ကျန်းက စာဖတ်နေဆဲဖြစ်ပြီး သူမကို ထခိုင်းမည့် အရိပ်အယောင် မပြပေ။ ကမ်းချန်ချန်မှာ စိတ်ထဲမှ မတွေးဘဲ မနေနိုင်ခဲ့ပေ။
[ကျွန်မ မှားသွားပါတယ်၊ ကျွန်မရဲ့ ဒူးတွေ အရမ်းနာနေပြီ၊ အရှင်မင်းသား... ကျွန်မ ထလို့ ရပြီလား]
ယင်ကျန်း စိတ်မရှည်စွာဖြင့် ပြောသည်။
"မင်းကို ဒူးထောက်ခိုင်းတာ ငါမှ မဟုတ်တာ၊ မင်းက ဘာလို့ ငါ့ကို လာမေးနေတာလဲ"
ကမ်းချန်ချန် ထရန်ပြင်လိုက်ချိန်တွင် သူက ထပ်ဖြည့်ပြော လာသည်။
"ဒါပေမဲ့ ဒူးထောက်နေတာ ကောင်းပါတယ်၊ အဲဒါက မင်းကို သင်ခန်းစာ တစ်ခု ပေးလိမ့်မယ်၊ မင်းက နည်းနည်းမျက်နှာ သာပေးခံရရုံနဲ့ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ မထင်နဲ့"
[ကျွန်မက ဘယ်လိုလုပ် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ရဲမှာလဲ၊ ကျွန်မက မျောက်ကလေးတစ်ကောင်ပါ၊ ရှင့်ရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့တောင် ခက်ခဲလွန်ပါတယ်]
ကမ်းချန်ချန် ဒူးထောက်လျက် ရှေ့သို့ တွားသွားကာ သူမမျက်နှာကို သူ့ ဒူးများပေါ် အပ်ထားပြီး ပွတ်သပ်ရင်း မျက်နှာချိုသွေးကာ ပြောလေသည်။
"အဲဒီ ပညာရှင်တွေရဲ့ အသက်ကို ကျွန်မ ဂရုမစိုက်ပါဘူး၊ ကျွန်မ ဂရုစိုက်တာက အရှင့်ရဲ့ဂုဏ်သတင်းကိုပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မက အရှင့်ကို ဒေါသမထွက်စေချင်ပါဘူး၊ ဒါပေမဲ့ စကားတွေကို မျိုသိပ်ထားတာက ကျွန်မတို့ကို စိမ်းကားသွားစေတယ်လို့ မထင်ဘူးလား"
"မင်းက ကိုယ့်ကို ဒေါသမထွက်စေဘူးဆိုရင် ကိုယ်တို့ စိမ်းကားသွားမှာ မဟုတ်ဘူး"
ကမ်းချန်ချန် စကားများကို ရပ်တန့်ပြီး မြေကြီးပေါ်တွင် ထိုင်ကာ တိတ်တဆိတ် ငိုကြွေးတော့သည်။
"ဟေ့... မင်း ဘာလို့ ငိုနေတာလဲ"
"ဝူး..."
"တိတ်တော့၊ ကြည့်ရတာ အရမ်းအရုပ်ဆိုးတာပဲ"
ယင်ကျန်းက သူမကို ပွေ့ချီကာ ကုတင်ပေါ်တွင် ချပေးပြီး ချည်ပန်းထိုး လက်ကိုင်ပဝါဖြင့် သူမမျက်ရည်များကို သုတ်ပေးလေသည်။
ကမ်းချန်ချန် မျက်လုံးများကို မှိတ်ထားပြီး သူ့ကို ကျောခိုင်းသော်လည်း သူက သူမကို ပက်လက်လှန်စေရန် ပြန်ဖိချလေသည်။
"မင်း အသက်ဘယ်လောက်ရှိပြီလဲ၊ ဒီလို ဒေါသထွက်ပြီး စိတ်ကောက်နေတုန်းပဲလား၊ ကိုယ်က မင်းကို စကားနည်းနည်းပဲ ပြောရသေးတာကို"
[ကျွန်မကသာ ရှင့်ကို အဲဒီလို ပြောသင့်တာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ရှင့်ထက် ၁၁ နှစ် ငယ်တယ်လေ]
ယင်ကျန်းက ပြောသည်။
"တကယ်လား"
ကမ်းချန်ချန် နှုတ်ခမ်းဆူကာ သူ့အနားမှ အနည်းငယ်ခွာလေသည်။ သူမက သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ယင်ကျန်း နှာခေါင်းကို တစ်ချက်ပွတ်ပြီး အုတ်ကုတင်ပေါ်သို့ သွားအိပ်တော့သည်။
နောက်တစ်နေ့ ကမ်းချန်ချန် ထွက်ခွာမည့်အချိန်တွင် သူက တံခါးအပြင်ဘက်၌ စောင့်နေနှင့်ပြီးဖြစ်သည်ကို သူမ တွေ့လေသည်။ သူက ဘာမှမပြောဘဲ ထိုနေရာတွင် ရပ်ကာ သူမကိုကြည့်နေရုံသာ ကြည့်နေသည်။ သူမက သက်ပြင်းချလိုက်ပြီး ဦးဆောင်၍ မေးသည်။
"ရှင် ညီလာခံ မတက်ဘူးလား"
"ငါ ပြီးသွားပြီ"
"အင်း..."
ကမ်းချန်ချန် အနည်းငယ် ရှက်သွားရသည်။ မနေ့ညက သူမ စိတ်ခံစားချက်ပြင်းပြင်းဖြင့် ငိုခဲ့သောကြောင့် ယနေ့ နောက် ကျမှ အိပ်ရာထတာဖြစ်နိုင်သည်။
ဟူး... တကယ်လို့များ ခေတ်သစ်မှာဆိုရင် ဒါက ပျင်းတယ်လို့ သတ်မှတ်ခံရမှာ မဟုတ်ဘူး၊ ရှစ်နာရီ၊ ကိုးနာရီဆိုတာ ဘာမှမဟုတ်ဘူးလေ ဟုတ်တယ်မလား၊ ဒါပေမဲ့ ဒါက ရှေးခေတ်လေ၊ ပြီးတော့ သူမက ပုံမှန်ဆို ငါးနာရီမထိုးခင် အိပ်ရာထလေ့ရှိတာပဲ...
[ဒါဆို ရှင်က ဘာလုပ်နေတာလဲ]
ယင်ကျန်းက သူမနှင့်အတူ မြင်းလှည်းပေါ်တွင် ထိုင်ကာ ပြောသည်။
"ကိုယ် မင်းကို လိုက်ပို့ပေးမယ်"
[သူ ယဉ်ကျေးနေလိုက်တာ]