အခန်း ၁၄၆
Vol. 15 Ch. 146
🌻 Chapter 146
ကမ်းချန်ချန်က ရှုခင်းများကို ကြည့်ရန် ကုလားကာကို မလိုက်ရာ သူက မျက်လုံးများ မှိတ်ကာ အနားယူနေသည်ကို မျက်လုံးထောင့်မှ တွေ့သည်။ သူမလည်း စိတ်ဝင်စားစရာကောင်းသည်ဟု ထင်ကာ မေးစေ့ကို လက်ဖြင့်ထောက်လျက် သူ့ကို ကြည့်နေမိသည်။
သူမ ကြည့်နေစဉ်မှာပင် ယင်ကျန်းက ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး သူမကို စိုက်ကြည့်လာသည်။ ကမ်းချန်ချန် လန့်သွားပြီး ချက်ချင်းမျက်နှာလွှဲကာ ပြတင်းပေါက် အပြင်ဘက်သို့ အကြည့်လွှဲတော့သည်။
ယင်ကျန်း စားပွဲကို သိမ်းလိုက်ပြီး သူမ ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်ရန် အနားသို့ ရောက်လာသည်။ မြင်းလှည်းထဲတွင် နေရာကျဉ်းကျပ်လှသဖြင့် သူ့ ရှည်လျားသော ခြေတံများကို ခေါက်ထားရသည်။
[ဟူး... ဘာလို့ ဒီလောက်တောင် ဒုက္ခခံနေရတာလဲ၊ သူ အိပ်ချင်နေတာကို မြင်းလှည်းစီးပြီး လိုက်လာသေးတယ်ပေါ့]
သူမက ထိုသို့ တွေးနေသော်လည်း စိတ်ထဲတွင် အတော်လေး ပျော်ရွှင်နေမိသည်။ သူမ လက်ချောင်းထိပ်လေးများက သူ့နှုတ်ခမ်းနားသို့ တိုးကပ်သွားပြီးမှ ပြန်လည် ရုပ်သိမ်းမိသည်။
ဤလမ်းခရီးလေး ပိုမို ရှည်လျားသွားကာ လမ်းဆုံးသို့ မရောက်တော့ပဲ အဆင့်အတန်း ကွာဟမှုများ မရှိကာ ကွဲလွဲနေသော တန်ဖိုးထားမှုများ မရှိရန်အပြင် ငြင်းခုံမှုများ မရှိဖို့လည်း သူမ ရုတ်တရက် ဆန္ဒပြုမိသွားသည်။
သူတို့နှစ်ဦးကြားတွင် ရှိနိုင်သမျှသော အရာမှာ လောကတွင် အဖြူစင်ဆုံး အကွာအဝေးဖြစ်သည့် သူတို့ နှလုံးသားများကြားရှိ အကွာအဝေးလေးသာ ဖြစ်ချင်မိသည်။
"ရောက်ပါပြီ"
သူတို့ အုတ်ကြွပ်မိုး အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်ကြသည်။ မကြာမီနှစ်များအတွင်းက ကမ်းချန်ချန်သည် သွားလာရလွယ်ကူစေရန် စတုတ္ထမင်းသား စံအိမ်နှင့်မဝေးသော နေရာတွင် အိမ်တစ်လုံးကို ဝယ်ယူထားခဲ့ပြီး မြင်းလှည်းဖြင့်သွားလျှင် နံ့သာတိုင် နှစ်တိုင်စာအချိန်မျှသာ ကြာသည်။
"စတုတ္ထမင်းသား... ရှင် ကျွန်မနဲ့အတူ အထဲဝင်မလို့လား"
"ကိုယ် ဝင်လို့ မရဘူးလား"
"သေချာပေါက် ရတာပေါ့"
ကမ်းချန်ချန် သူ့ဘေးတွင် ရပ်ကာ ပြုံးလေသည်။
"ဒါပေမဲ့ ဒီတဲအိမ်လေးက စတုတ္ထမင်းသားအတွက်တော့ အရမ်းကို စုတ်ပြတ်နေလောက်မှာပါ"
"မင်းက ကိုယ့်ကို နားမလည်သေးဘူးပဲ"
တံခါးဝတွင် စောင့်နေကြသော မိသားစုဝင်များက ယင်ကျန်းကို မြင်သည်နှင့် အမြန် ဒူးထောက်လာသည်။
ယင်ကျန်း "အခမ်းအနားတွေလို လုပ်နေစရာ မလိုပါဘူး"
ယခုတစ်ကြိမ် ပြင်ဆင်ထားသော လက်ဖက်ရည်နှင့် သစ်သီးများမှာ ပြီးခဲ့သည့်အကြိမ်က အစေခံများ လာရောက်စဉ်ကထက် အများကြီး ပိုမို ကောင်းမွန်နေသည်။ သို့သော် ကမ်းချန်ချန်က ယင်ကျန်းအတွက် လက်ဖက်ရည်ကို ထပ်မံဖျော် စပ်ပေးခဲ့ပြီး အခန်းထဲတွင် ဆီးနှင်းပန်းရနံ့ရှိသော နံ့သာ ပေါင်းဖိုကို ကျွမ်းကျင်စွာ မီးညှိပေးသည်။
သူမက သူ့အပေါ် မည်မျှတန်ဖိုးထားကြောင်းကို သူမြင်တွေ့စေရန် အပြင်ပန်း အသွင်အပြင်များ အားလုံးပြီးပြည့်စုံနေစေရန် သေချာစွာပြုလုပ်ရလေသည်။
လက်ဖက်ခြောက်ဖတ်များက ရေမျက်နှာပြင်ပေါ်တွင် ဖြည်းညင်းစွာ မပွင့်လာမီ ခေါင်းမာစွာဖြင့် အကြိမ်အနည်း ငယ် လည်ပတ်နေကြသည်။ ယင်ကျန်းက လက်ဖက်ရည် ပန်းကန်လုံးကို ယူလိုက်ရာ သူ့ လက်မပေါ်ရှိ ကျောက်စိမ်းဖြူ လက်စွပ်လေးမှာလည်း ရေနွေးငွေ့များဖြင့် စိုစွတ်သွားသည်။
ကမ်းချန်အန်းသည် စံအိမ်တော်၌ ယင်ကျန်းကိုမြင်တွေ့ရသောအခါ အမြဲတစေ ခါးညွှတ် အရိုအသေပေးလေ့ရှိရာ ယခုကဲ့သို့ သူနှင့်အတူ ရုတ်တရက် ထိုင်နေရသောကြောင့် ပိုပြာယာခတ်သွားရသည်။
အဘွားကမ်းမှာမူ ဆံပင်များ အတော်လေးဖြူနေပြီဖြစ်သော်လည်း စိတ်အားထက်သန်နေပြီး မှုန်ဝါးဝါး မျက်လုံးများမှာ တောက်ပနေသည်။
သူမက တစ်ခုခု ပြောချင်နေသော်လည်း ယင်ကျန်းဆီမှ ကြီးမားလှသော အရှိန်အဝါကို မြင်သောအခါ စကားထစ်သွားကာ မျက်နှာများ ရဲတက်လာပြီး အပြစ်ကင်းသော အပြုံးတစ်ခုကို မျက်နှာပေါ်တွင် ဆင်မြန်းလျက် သစ်သီးများကို သူ့ရှေ့သို့သာ ထပ်ခါတလဲလဲ တိုးပေးနေသည်။
ကမ်းချန်ချန်မှာ သူမ ဘေးတွင် ရပ်နေရသည်မှာ အနေရခက်နေသည်။ အဘွားကမ်းက ယင်ကျန်းကို စော်ကားမိသလိုဖြစ်မည့် ထိတ်လန့်ဖွယ် စကားတစ်စုံတစ်ရာကို ပြောလိုက်မည်ကို သူ ကြောက်ရွံ့နေပြီး သူမမိခင်မှာ ကျန်းမာရေးမကောင်း သည့်တိုင်အောင် ယင်ကျန်းကို ဧည့်ခံရန်အတွက် ယခုလို တက်ကြွနေအောင် အတင်းအကျပ် ဟန်ဆောင်နေရသည်ကို ပိုစိတ်မကောင်း ဖြစ်မိသည်။
ထို့ကြောင့် သူမက ယင်ကျန်း အင်္ကျီလက်စကို လက်သန်းလေးဖြင့် ချိတ်ဆွဲကာ မျက်တောင်လေးခတ်လျက်မေး သည်။
"အရှင်မင်းသား... ကျွန်မရဲ့ အခန်းထဲကို ခဏလောက် သွားမလားဟင်"
အိမ်ကို ဝယ်ယူစဉ်ကတည်းက ကမ်းချန်ချန်သည် သူမအတွက် တိတ်ဆိတ်သော အခန်းငယ်လေး တစ်ခန်းကို ဖယ်ချန်ထားခဲ့ပြီး အနုပညာခံစားမှုကို ပြသရန်အတွက် စာအုပ်များဖြင့် အလှဆင်ထားသော စာအုပ်စင်တစ်ခုကိုပင် ထားရှိထားသည်။
ဤနည်းဖြင့် သူမ အခန်းထဲသို့ ပြန်ရောက်လာတိုင်း လူသူကင်းမဲ့သော ကိုယ်ပိုင် နေရာလေးတစ်ခု၊ သူမ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ ကမ္ဘာလေးတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရမည်။
ယင်ကျန်းက သူမ ကုတင်ပေါ်တွင် ထိုင်လျက် ပြောသည်။
"အဲဒါကြောင့် မင်းက မကြာခဏ ပြန်လာချင်နေတာကိုး၊ ဒီနေရာက စံအိမ်မှာထက် ပိုပြီးသက်သောင့်သက်သာရှိတာ သေချာတယ်"
ကမ်းချန်ချန် မျက်လုံးများက ဟိုဟိုဒီဒီရွေ့လျားသွားပြီး ယောက်ျားဝတ် အဝတ်အစားနှစ်စုံကို ထုတ်ယူလာသည်။
"စတုတ္ထမင်းသား... ကျွန်မ ရှင့်ကို နေရာတစ်ခု ခေါ်သွားချင်တယ်"
ယင်ကျန်း သူမလက်ထဲရှိ ယောက်ျားဝတ် အဝတ်အစားများကို လှန်လှောကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးသည်။
"ဒါတွေက ဘယ်က ရလာတာလဲ"
ကမ်းချန်ချန် ပြုံးလျက် ဖြေသည်။
"သေချာပေါက် ကျွန်မ ကိုယ်တိုင် ချုပ်ထားတာလေ၊ ကြည့်ရတာ နည်းနည်း ရိုးရှင်းပေမယ့် အရမ်းသက်သောင့် သက် သာ ရှိတယ်၊ စမ်းဝတ်ကြည့်ပါလား"
သူတို့နှစ်ဦး အဝတ်အစား လဲလှယ်ပြီးနောက် အပြင်သို့ ထွက်လာကြသည်။ အဘွားကမ်းက သူတို့ကို မြင်သောအခါ လှမ်းအော်သည်။
"ထမင်းစားပြီးမှ အပြင်သွားကြလေ"
ကမ်းချန်အန်းက ကမ်းအဘွားအိုကို အနောက်မှနေ၍ အမြန်တားသည်။
"အမေ... သူတို့ ကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူးလေ"
သူတို့နှစ်ဦး ဈေးသည်တစ်ဦးထံမှ သကြားလုံးနှင့် ဖရဲစေ့အချို့ကို ဝယ်ယူခဲ့ပြီး လမ်းကြားအနည်းငယ်ကို ဖြတ်လျှောက်ကာ ခြံဝင်းရှိသော အိမ်တစ်အိမ်သို့ ရောက်ရှိလာကြသည်။
ခြံဝင်း အလယ်ဗဟိုတွင် အစိမ်းရောင် အပင်များနှင့် ပန်းပင်များ အတန်းလိုက် ရှိနေပြီး ကလေးအချို့ကရယ်မောဆော့ကစားနေကြကာ စာကျယ်ကျယ်ဖတ်နေသံကိုလည်း ကြားရသည်။
ကလေးများက ကမ်းချန်ချန်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် သူမကို ဝိုင်းအုံလာသည်။
"အစ်မဝေ ရောက်လာပြီ"
"အစ်မဝေ... သားတို့ အစ်မကို အရမ်းလွမ်းနေတာ"
ကမ်းချန်ချန်က ဒူးထောက်ထိုင်ချလိုက်ကာ သကြားလုံးများနှင့် ဖရဲစေ့များကိုထုတ်၍ သူတို့ကို ဝေပေးလေသည်။ ထို့နောက် သူမက ယင်ကျန်းကို အိမ်ငယ်လေး တစ်လုံးထဲသို့ ခေါ်ဆောင်သွားပြီး ထိုင်စေသည်။
ယင်ကျန်းက ပြောသည်။
"မင်း နာမည်ပြောင်းထားတယ်ဆိုတာ ကိုယ်မသိခဲ့ဘူးပဲ"
ကမ်းချန်ချန် အနည်းငယ် အနေရခက်စွာ ပြုံးမိသည်။
"ကျွန်မရဲ့အဆင့်အတန်းနဲ့ဆိုရင် ဒီလို တိုက်ရိုက် သွားလာဖို့က သင့်တော်မှာ မဟုတ်ဘူးလေ၊ တကယ်လို့ ကျွန်မ ပြဿနာ တစ်ခုခုများ ရှာမိရင် စတုတ္ထမင်းသားကိုပါ ထိခိုက်စေနိုင်တယ်"
"မင်း အဲဒါကို သိတာ ကောင်းတယ်၊ မင်းက ဒီကလေးတွေကို လာကြည့်ရုံသက်သက် ကိုယ့်ကို ဒီခေါ်လာတာလား"
ကမ်းချန်ချန် ပြန်ဖြေသည်။
"သူတို့က သာမန်ကလေးတွေ မဟုတ်ဘူး၊ အရင်ယန်ကျိုး မြို့တော်ဝန် ရှုချီကုန်းရဲ့သားမြေးတွေပါ"
"ရှုချီကုန်း ဟုတ်လား..."
ယင်ကျန်းက လှောင်ပြုံးပြုံးသည်။
"အဲဒါကြောင့် မနေ့က မင်းက စာပေအရေးယူကွပ်မျက်မှု အကြောင်းကို အတင်းအကျပ်ဆွဲသွင်းပြောနေခဲ့တာကိုး၊ သူက ပုန်ကန်တဲ့ ကဗျာတစ်ပုဒ်ကို ဗြောင်ကျကျရေးခဲ့တာ၊ နန်းတွင်းကို အထင်အမြင်သေးပြီး ချင်းမင်းဆက်ကို ဆန့် ကျင်ပြီး မင်မင်းဆက်ကို လိုလားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာ ရှင်းလင်းနေတာပဲ"
ကမ်းချန်ချန်က "အဲဒီ ပုန်ကန်တဲ့ ကဗျာကို သူရေးခဲ့တာ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က သူ့ရဲ့ လက်ရေးကို အတုခိုးရေးခဲ့တာပါ၊ သူ့ရဲ့ မူလကဗျာမှာ ဘာပုန်ကန်ချင်တဲ့ ရည်ရွယ်ချက်မှ မပါဝင်ပါဘူး၊ သူက အကျဉ်းထောင်ထဲမှာ အဆိပ်ခတ်ခံရခဲ့ပြီး စကားမပြောနိုင်တော့လို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာပါ"
ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။
"သူ့ကို ဘယ်သူ အကွက်ဆင်တာလဲ၊ ဘာလို့ အကွက်ဆင်ရတာလဲ"
"ဘာလို့လဲဆိုတော့ ယန်ကျိုးမြို့တော်ဝန် ဖြစ်လာပြီးတဲ့နောက် သူက သူ့ရဲ့ သခင်ကို သစ္စာဖောက်ခဲ့လို့ပါ၊ သူ့ကို ရာထူးတက်လာအောင် ထောက်ခံပေးခဲ့တဲ့ သခင်ဆီကို လာဘ်ငွေ တစ်ပြားတစ်ချပ်မှ ပေးဖို့ သူက ငြင်းဆန်ခဲ့တယ်၊ သူက ယန်ကျိုးမှာ သူ့သခင် လာဘ်စားခဲ့တဲ့ သက်သေအထောက်အထားတွေကိုတောင် တိတ်တဆိတ် စုဆောင်းခဲ့တယ်၊ အဲဒါကြောင့် သူ့ကို သခင်ရဲ့လက်ပါးစေက အကွက် ဆင်ခဲ့တာ"
"သူ့သခင်က အင်အားကြီးမားပြီး ဩဇာလွှမ်းမိုးမှုရှိတဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်နေလို့ ဒီလို အခြေအ နေမျိုးကို ရောက်သွားခဲ့ရတာပါ"
ရုတ်တရက် ယင်ကျန်း မျက်လုံးများကို မှေးကျဥ်းကာ ကမ်းချန်ချန်ကို အန္တရာယ်ရှိသောအကြည့်ဖြင့် စိုက်ကြည့်ပြီး စကားလုံး တစ်လုံးချင်းစီကို ဖြည်းညင်းစွာ ပီပီသသ ပြောလေသည်။
"မင်းက သူတို့ကို ဒီမှာ ခေါ်ထားတာလား"
ကမ်းချန်ချန်က ခေါင်းကို အမြန်ရမ်းပြသည်။
"သေချာပေါက် မဟုတ်ပါဘူး၊ တစ်နေ့ကျတော့ ကျွန်မ လူထမ်းဝေါယာဉ်နဲ့ အိမ်ပြန်လာတဲ့လမ်းမှာ အနိုင်ကျင့်တဲ့ လူမိုက်နှစ်ယောက်က ကလေးတွေကို အနိုင်ကျင့်နေတာ မြင်လိုက်ရတယ်၊ ကျွန်မက သူရဲကောင်းဆန်ပြီး ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာတွေလည်း ရှိနေတော့ သူတို့သေသွားမှာကို လက်ပိုက်ကြည့်မနေနိုင်ခဲ့ဘူးလေ"
"ဒီကလေးတွေက ရိုးအကြတော့ ကျွန်မကို ဒီအထိခေါ်လာခဲ့တယ်၊ အဲဒီလိုနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ကျွန်မ သိသွားခဲ့ရတာပါ"
"မင်းက လူမိုက်တွေကို လမ်းမပေါ်မှာ သွားချခဲ့တယ်ပေါ့"
ကမ်းချန်ချန် အောင်ပွဲခံသည့်ဟန်ဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြောလေသည်။
"ကျွန်မ နိုင်ခဲ့တယ်လေ၊ တော်တော် မိုက်တယ်မလား၊ ဟီးဟီး..."
ကမ်းချန်ချန်က မှုန်မှိုင်းနေသော သူ့ မျက်နှာကိုမြင်သော အခါ နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးလေး ပြောသည်။
"ကျွန်မ မျက်နှာကို ဖုံးထားခဲ့တယ်၊ ပြီးတော့ ဘယ်သူ့ကိုမှ ကျွန်မရဲ့ခန္ဓာကိုယ်ကို အထိမခံခဲ့ပါဘူး"
ယင်ကျန်းက ပြောလာသည်။
"မင်းနဲ့အတူ ပါလာတဲ့ အစောင့်နှစ်ယောက်က ဟန်ပြသက်သက်ပဲလား"