← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

🌻 Chapter 147

ကမ်းချန်ချန် တိုးညှင်းသော အသံဖြင့်

"ကျွန်မ... ကျွန်မရဲ့ သိုင်းပညာကို စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ၊ တကယ်လို့ ကျွန်မကလူမိုက်အနည်းငယ်ကိုတောင် မနိုင်ဘူးဆိုရင် ကျွန်မ နှစ်တွေအကြာကြီး လေ့ကျင့်လာခဲ့တာတွေက အချည်းနှီး ဖြစ်သွားမှာပေါ့"

သူမ စကားပြော၍ ဆုံးသည်နှင့် တစ်ပြိုင်နက် သူ့ထံမှ စူးရဲစွာ အကြည့်ခံလိုက်ရပြန်သည်။ ကမ်းချန်ချန်က ဘီရိုထဲမှ အထုပ်တစ်ထုပ်ကို ထုတ်ယူကာ ဖွင့်လိုက်ရာ သက်သေအထောက်အထား အချို့ကို မြင်နိုင်သည်။

ထိုအရာများကို ဖတ်ပြီးနောက် ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။

"နဝမညီတော်က ဒီတစ်ကြိမ်တော့ အရမ်းလွန်သွားပြီ"

ကမ်းချန်ချန် "ဒီနှစ်တွေအတွင်း ကျွန်မ လေ့လာထားတာတွေအရဆိုရင် ရှင်နဲ့ ရှင့်ရဲ့ညီအစ်ကိုတွေကြားက ဆက်ဆံရေးက သမိုင်းမှတ်တမ်းတွေမှာ ပြောထားသလောက် မဆိုး ရွားပါဘူး၊ ဒါပေမဲ့ ရှင့်ရဲ့ နဝမညီတော်ကတော့ သမိုင်းမှတ် တမ်းတွေမှာ ပြောထားတဲ့အတိုင်းပဲ၊ သူ့ရဲ့ မင်းသားဆိုတဲ့ အဆင့်အတန်းကို အသုံးချပြီး ပြည်သူတွေနဲ့ အကျိုးအမြတ် လုယူတယ်၊ အလွဲသုံးစားလုပ်ပြီး လာဘ်ငွေတွေ လက်ခံတယ်၊ ပြီးတော့ စည်းစိမ်ယစ်မူးတဲ့ ဘဝကိုဖြတ်သန်းနေတာပဲ"

ထို့နောက် သူမက ပွင့်ပွင့်လင်းလင်းမေးလာသည်။

"သူက ရှင့်ရဲ့ ညီဖြစ်နေလို့ သူ့ကို အကာအကွယ်ပေးမှာတော့ မဟုတ်ပါဘူးနော်"

ယင်ကျန်း ပြန်လည်တုံ့ပြန်သည်။

"တကယ်လို့ ကိုယ်က သူ့ကို ကာကွယ်ပေးမယ်လို့ မင်း ထင်နေရင် ဘာလို့ ဒီအကြောင်းတွေ အားလုံးကိုပြောပြနေသေး တာလဲ"

သူ့အသံထဲမှ မကျေနပ်မှုကို ခံစားမိသွားသောအခါ ကမ်းချန်ချန်က သူ့ ခါးကို အနောက်မှနေ၍ ဖက်လေသည်။

"ဒေါသမထွက်ပါနဲ့၊ ကျွန်မက ရှင့်ရဲ့ မိန်းမပဲလေ၊ ဒါကြောင့် အရာအားလုံးကို ရှင်နဲ့ တိုင်ပင်ရမှာ သေချာတာပေါ့၊ ရှင့်ကွယ်ရာမှာ ဘာကိစ္စမှ ကျွန်မ မလုပ်ရဲပါဘူး"

ယင်ကျန်း နားရွက်ဖျားလေးများ အနည်းငယ် ရဲတက်သွားသည်။

"အပြင်မှာ လူရှိနေတယ်"

သူတို့နှစ်ဦး ပစ္စည်းများကို မူလနေရာတွင် ပြန်ထားပြီး အိမ်ငယ်လေးထဲမှ အထွက်တွင် ကလေးများက အထိတ်တလန့်ဖြင့် ပြေးထွက်လာကြကာ ဒူးထောက်လျက် တောင်းပန်ကြသည်။

"ကျေးဇူးပြုပြီး... သားတို့ကို ကူညီပေးပါ၊ သားတို့ရဲ့ အဖေက မတရားသတ်ဖြတ်ခံခဲ့ရတာပါ၊ ကျေးဇူးပြုပြီး သားတို့ကို ကူညီပေးပါ"

အကြီးဆုံးကလေးမှာ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်ထက် မပိုသေးဘဲ အငယ်ဆုံးမှာ ခုနစ်နှစ်၊ ရှစ်နှစ် အရွယ်သာ ရှိသေးသည်။ သူတို့ဆီမှ ရိုးသားစစ်မှန်သောမျက်လုံးများက အလွန် အမင်း တောင်းပန်တိုးလျှိုးစွာ ကြည့်နေကြရာ အသည်းမာဆုံး လူတစ်ယောက်ပင်လျှင် စိတ်လှုပ်ရှားသွားရပေမည်။

ယင်ကျန်း ရပ်တန့်သွားသည်။

"ဒီကိစ္စကို အိမ်ရှေ့စံမင်းသားဆီကို ငါ သတင်းပို့ပေးပါ့မယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ မင်းတို့ဘာသာ မင်းတို့ ကယ်တင်ရမှာပဲ"

ထိုသို့ပြောပြီးနောက် သူက ကမ်းချန်ချန်ကို ဆွဲခေါ်ကာ ထွက်သွားသည်။ ကမ်းချန်ချန် အိမ်သို့ ပြန်ရောက်သောအခါ သူတို့ ထပ်မံစားသောက်ကြပြီးနောက် သူမ အခန်းငယ်လေးထဲသို့ ပြန်ဝင်လာကြသည်။

ကမ်းချန်ချန်မှာ အတော်လေး စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။

"အိမ်ရှေ့စံမင်းသားက သူတို့ကို ကူညီပေးမလား မသိဘူးနော်"

"ခမည်းတော် ဧကရာဇ်က မကြာခင် နယ်စပ်ဒေသတွေကို စစ်ဆေးဖို့ ထွက်ခွာတော့မှာ၊ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်တယ်၊ အိမ်ရှေ့စံမင်းသားက မကြာသေးခင်ကမှ အဋ္ဌမမင်းသားကို မုန်းတီးကြောင်း တကယ်ပဲ ထုတ်ဖော်ပြောထားခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးမှာ အမှုကပြောင်းပြန်လှန်နိုင်ခဲ့ရင်တောင် နဝမမင်းသားကတော့ အပြစ်ပေးခံရမှာ မဟုတ်ဘူး"

ကမ်းချန်ချန်က ပြောသည်။

"ကျွန်မ သိပါတယ်၊ အဲဒါက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတာကိုး၊ ဧကရာဇ်က သူ့ရဲ့ ကိုယ်ပိုင်သားကို မကာကွယ်ဘဲ အပြင်လူတွေကို ကာကွယ်ပါ့မလား"

"မင်းက ကိုယ့်ကို လှောင်နေတာလား"

ယင်ကျန်းက မေးလေသည်။

ကမ်းချန်ချန် အမြန်ပြန်ဖြေလိုက်ရသည်။

"ကျွန်မမှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး အရှင်မင်းသားရယ်၊ အချိန်လည်း မစောတော့ဘူး၊ ရှင့်ကို အိပ်ရာဝင်ဖို့ ကျွန်မ ပြင်ပေးရမလားဟင်"

ယင်ကျန်းက ပြောသည်။

"မနက်ဖြန် မနက်စောစော ကိုယ်တို့ ပြန်ကြမယ်"

ကမ်းချန်ချန် ပြုံးလျက် ခေါင်းညိမ့်သည်။

"ဟုတ်ကဲ့ပါ၊ ရှင့်သဘောပါပဲ"

ယင်ကျန်းက ဤကိစ္စကို အိမ်ရှေ့စံမင်းသားထံ သတင်းပို့လိုက်ရာ အိမ်ရှေ့စံမင်းသားမှာ စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ် တီးပြီး ဧကရာဇ်ထံသတင်းပို့ရန် အပြင်သို့ ထွက်မည့်ဆဲဆဲတွင် မိန်းမစိုးတစ်ဦးက ချောင်းဟန့်လာသည်။

အိမ်ရှေ့စံမင်းသား ရပ်တန့်သွားပြီး သူ့နောက်သို့ လိုက်ကာ အပြင်သို့ ထွက်သွားသည်။ ယင်ကျန်းမှာ အခန်းထဲတွင် မျက်မှောင်ကြုတ်လျက် ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် အိမ်ရှေ့စံမင်းသား ပြန်လည်ဝင်ရောက်လာခဲ့ပြီး သူ့အမူ အရာမှာ ရှုပ်ထွေးနေသည်။

"စတုတ္ထညီတော်... မင်းကို လာရှာတဲ့ အဲဒီကလေးတွေ ဘယ်မှာလဲ၊ သူတို့ကို ငါ့ဆီ လွှဲပေးလိုက်ပါ၊ ငါ မေးစရာ မေးခွန်းတချို့ ရှိလို့"

ယင်ကျန်းက "ဒီကိစ္စမှာ တခြား ပါဝင်ပတ်သက်နေတာတွေ ရှိလို့လား"

အိမ်ရှေ့စံမင်းသား ပြန်ဖြေလေသည်။

"မင်းက ငါ့လူတွေထဲက တစ်ယောက်ဆိုတော့ ငါ မင်းကို ဘာမှ ဖုံးကွယ်မထားတော့ပါဘူး"

"ဒီအမှုမှာ ငါ့ရဲ့အစေခံတွေလည်း ငွေတချို့ ယူထားမိတယ်၊ အများကြီးတော့ မဟုတ်ပါဘူး၊ ငွေခုနစ်တေးလောက်ပါပဲ၊ ဒါပေမဲ့ ငါတို့ ဒီကိစ္စကို နဝမမင်းသားနဲ့ တိုင်ပင်ပြီးသွားပြီ၊ ငါ့စကားကို ငါပြန်ရုတ်သိမ်းလိုက်ရင် ကတိဖျက်ရာကျသွားလိမ့်မယ်"

သာမန် ယောက်ျားတိုင်းသည် ထိုသို့ပွင်းလင့်စွာပြောလာမည် မဟုတ်သော်လည်း ယင်ကျန်းသည်တော့ စစ်မှန်သော နာခံမှုကိုအကြိမ်ကြိမ် သက်သေပြခဲ့သည်။

ထို့အပြင် ယင်ကျန်းမှာ အတော်လေး အရည်အချင်းရှိသူဖြစ်ရာ ထိုအချက်ကပင် အိမ်ရှေ့စံမင်းသားက သူ့ကို နှစ်များတစ်လျှောက် ပိုမိုယုံကြည်လာစေသည့် အကြောင်းရင်းပင်။

အိမ်ရှေ့စံမင်းသားသည် သစ္စာစောင့်သိမှုနှင့် ယုံကြည်ရမှုတို့ကို ဂရုမစိုက်ကြောင်း ယင်ကျန်း သိထားသဖြင့် သူ ထပ်ပြောသည်။

"အိမ်ရှေ့စံမင်းသားရဲ့ လူတွေတောင် ပါဝင်ပတ်သက်နေတယ်ဆိုမှတော့ ကိုင်တွယ်ရ တကယ်ခက်ခဲပါတယ်၊ ကျွန်တော်ယင်ကျန်းအနေနဲ့တော့ နှမြောဖို့ကောင်းတယ်လို့ ခံစားရရုံပါ၊ မကြာသေးခင်က အဋ္ဌမမင်းသားရဲ့ ဘက်ကလူတွေက အရမ်း မာနထောင်လွှားနေကြတာလေ၊ ဒါက သူတို့ကို အပြစ်ပေးဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်တာပဲ"

"တကယ်လို့များ ဒါသာ အောင်မြင်သွားခဲ့ရင် ကျွန်တော်တို့က သူတို့လူ တစ်သိုက်ကို ဖြုတ်ချပြီး အစ်ကိုတော့်ရဲ့ လူတွေနဲ့ အစားထိုးလို့ ရနိုင်တာပေါ့"

All Chapters