အခန်း ၁၅၆
Vol. 16 Ch. 156
🌻 Chapter 156
ကမ်းချန်ချန်က ပြောသည်။
"အဲဒီရွှေကျားရုပ်ပေါ်မှာ ကယ်ပါဆိုတဲ့ စာလုံးကို ထွင်းလိုက်၊ ပြီးရင် မနက်ဖြန်မနက် မိန်းမစိုးတွေ အိမ်သာကျင်းလာမသိမ်းခင် အဲဒီထဲကို ပစ်ချလိုက်၊ ဒါဆိုရင် အစ်ကိုတော်စတုတ္ထက အရှင်မင်းကြီးဆီ သတင်းပို့ဖို့ အကြောင်းပြချက် ရသွားလိမ့်မယ်"
ယင်ရှန် နာခံစွာ ခေါင်းညိတ်သည်။
"ကျေးဇူးတင်ပါတယ်"
ကမ်းချန်ချန်က တားမြစ်နယ်မြေမှ အမြန်ထွက်ခွာလာခဲ့ပြီး ထောင့်ချိုးတစ်ခုကို ကွေ့လိုက်သည်နှင့် ယင်ကျန်းက ထိုနေရာတွင် စောင့်နေသည်ကို သူမ တွေ့လိုက်သည်။ သူက သူမကို မြင်သည်နှင့် ဖက်လာသည်။
ကမ်းချန်ချန် "မနက်ဖြန် ရှင့်ရဲ့ ညီတော်ဆယ့်သုံးကို ကယ်လို့ရပြီ"
နောက်တစ်နေ့တွင် အရာအားလုံး အဆင်ပြေချောမွေ့သွားသည်။ ကန်ရှီးက မင်းသားဆယ့်သုံးကို ကုသပေးရန် လူလွှတ်ပေးခဲ့ပြီးနောက် တတိယမင်းသားကို ဆင့်ခေါ်ကာ ဆူပူကြိမ်းမောင်းသည်။
တတိယမင်းသားသည် သတ္တိကြောင်သူဖြစ်ရာ အဆူခံရပြီးနောက် စံအိမ်သို့ အဖျားဝင်ကာပြန်ရောက်လာသည်။ ကုတင်ပေါ်တွင် ရက်အနည်းငယ်ကြာ လဲနေပြီးနောက် သူနိုးလာသောအခါ စကားကို တစ်လုံးချင်း ထစ်အထစ်အဖြင့်ပြောလာတော့သည်။ ယင်ကျန်း အေးစက်စွာ နှာခေါင်းရှုံ့မိသည်။
"သူနဲ့ တန်တယ်"
"ရှင့်ရဲ့ညီတော်ဆယ့်သုံး အခြေအနေရော ဘယ်လိုနေလဲ"
ကမ်းချန်ချန်က မေးသည်။ ယင်ကျန်းက သက်ပြင်းချလိုက်သော်လည်း စကားမပြောပေ။ ကမ်းချန်ချန် ရင်ထဲ ထိတ်သွားသည်။
"သူ့မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကျန်ခဲ့လို့လား"
ယင်ကျန်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။
"မင်း အချိန်မီသွားလိုက်လို့ တော်သေးတာပေါ့၊ နန်းတွင်းသမားတော်က သူ ပြန်ကောင်းလာရင် သာမန်လူတစ်ယောက်လိုပဲ ပြေးနိုင်၊ မြင်းစီးနိုင်၊ မြားပစ်နိုင်မယ်လို့ ပြောတယ်"
"တကယ်လား၊ အရမ်းကောင်းတာပဲ"
ကမ်းချန်ချန် စိတ်လှုပ်ရှားစွာ ပြောသော်လည်း သူမ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားသည်။
"အို... ရှင် ကျွန်မကို စနောက်နေတာလား"
ယင်ကျန်း ကုတင်ပေါ်တွင် ပုန်းနေသည်။
"မင်း အဲ့ဒီလောက် ကပ်စေးမနှဲစမ်းပါနဲ့"
ကမ်းချန်ချန်က သူ့ မေးစေ့ကို ဆွဲကိုင်ကာ အနိုင်ကျင့်ချင်သည့်ဟန်ဖြင့်
"ဟီးဟီးဟီး... မိန်းမငယ်လေး၊ မင်းက ကိုယ့်ကို လှည့်စားရဲမှတော့ ပြစ်ဒဏ်ကို ခံယူလိုက်စမ်း၊ ကိုယ့်ကို ကလေးတစ်ယောက်လောက် မွေးပေးရင်ရော ဘယ်လိုလဲ"
ယင်ကျန်းလည်း အလိုက်သင့် လိုက်ကစားကာ သူ့ မျက် တောင်များ တုန်ယင်နေလျက်
"ကျွန်မအိမ်မှာ ဝက်အကောင်ငါးဆယ်နဲ့ ကြက်အကောင်ရာချီ ကျန်သေးတယ်၊ အဲဒါတွေအကုန်လုံး ရှင့်ကို ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါရှင်"
ကမ်းချန်ချန် သူ့ခါးပတ်ကြိုးကို ဖြုတ်လိုက်ပြီး နှစ်ထပ်ခေါက်ကာ လေထဲတွင် လွှဲရမ်းပြီးနောက် သူ့နံဘေးကို ရိုက်ချလိုက်ကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးကာ
"ဒီလောက် သေးငယ်တဲ့ တောင်းဆိုချက်လေးကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူးလား၊ ဒါဆိုရင် ငါ ရိုင်းစိုင်းတယ်လို့ မအပြစ်မတင်နဲ့တော့၊ ဘောင်းဘီချွတ်စမ်း၊ ငါ မင်းကို စားပစ်တော့မယ်"
လေးလကြာပြီးနောက် ခြေထောက် အပြည့်အဝပြန်လည်ကောင်းမွန်လာသော ယင်ရှန်သည် စံအိမ်သို့ ဝင်လာပြီး ကမ်းချန်ချန်ကို ကိုယ်တိုင်ကိုယ်ကျ အရိုအသေပေးကာ ကျေးဇူး တင်စကား ဆိုသည်။
ယင်ရှန် ဤမျှ နက်ရှိုင်းစွာ အရိုအသေပေးသည်ကို မြင်သောအခါ ကမ်းချန်ချန်လည်း အမြန်ဒူးထောက်လေသည်။
"ကျွန်မက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ၊ ရှင် ကျွန်မကို တကယ် ရှက်အောင်လုပ်နေတာပဲ"
ယင်ကျန်း မျက်မှောင်ကြုတ်ကာ သူမကို ဆွဲထူသည်။
"မင်း ဘာလုပ်နေတာလဲ၊ ညီတော်ဆယ့်သုံး... မင်းလည်း ထတော့"
ဤသည်မှာ ရှေးခေတ်က လင်နှင့်မယားအချင်းချင်း အရို အသေပေးသည့် ဓလေ့နှင့် ဆင်တူနေကြောင်းကို ကမ်းချန်ချန်က နောက်ကျမှ သတိပြုမိသွားပြီး မျက်နှာနီရဲကာ ယင်ကျန်းကို ကြည့်လျက်ရှင်းပြသည်။
[ကျွန်မ သိပ်အများကြီး မတွေးမိပါဘူး၊ ရှင့်ညီတော်ရဲ့ အရိုအသေပေးမှုကို ကျွန်မ လက်မခံရဲလို့ပါ]
မှန်ပေသည်။ လွန်ခဲ့သော နှစ်နှစ်၊သုံးနှစ်ခန့်ကတည်းက ကမ်းချန်ချန်သည် သူမ အတွေးများကို ယင်ကျန်းထံသို့ အလွယ် တကူ ပြောလာနိုင်သည်။
ဤနေရာမှာ သူမက ကိုယ့်သဘောအတိုင်း လုပ်လို့မရပဲ ကိုယ့်စိတ်ထဲရှိတာကိုပြောဖို့တောင် တမင်တကာ လေ့ကျင့်ယူရသဖြင့် ခက်ခဲလှသည်။ ကံကောင်းစွာဖြင့် အရာအားလုံး ပြီးဆုံးသွားခဲ့သည်။
ကန်ရှီးအုပ်ချုပ်သည့် လေးဆယ့်ကိုးနှစ်မြောက် အောက်တို ဘာလတွင် ကန်ရှီးသည် မင်းသားတစ်စုကို စာကြည့်ဆောင်တော်သို့ ဆင့်ခေါ်ခဲ့ပြီး ကိုယ်လုပ်တော်လျန်ကို ရုပ်ဆိုးပြီး ရိုင်းစိုင်းသော စစ်တပ်အရာရှိတစ်ဦးထံ ပေးသနားရန် အဆိုပြုကာ မင်းသားများသဘောထားကို တောင်းခံလာသည်။
မင်းသားရှစ်မှာ တုန်လှုပ်သွားသလို ဝမ်းလည်းဝမ်းနည်းသွားကာ ကန်ရှီးကို မယုံကြည်နိုင်စွာကြည့်နေမိပြီး သူ့ပိန်လှီသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာချောင်းဆိုးနေသည်။
မင်းသားကိုးနှင့် အခြားနှစ်ယောက်က မင်းသားရှစ်ကို ချက်ချင်းညင်သာစွာ ကူညီပေးကြရာ တစ်ချို့က လက်ဖက် ရည်ငဲ့ပေးပြီး တစ်ချို့က ကျောကိုပွတ်ပေးကာ တစ်ချို့က ရင်ဘတ်ကို ခပ်ဖွဖွပုတ်ပေးကြသည်။ အိမ်ရှေ့စံမင်းသားက ပြုံးကာ ပြောသည်။
"ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်က အကောင်းဆုံးပါပဲ၊ ကိုယ် လုပ်တော်လျန်က အသက်မငယ်တော့ဘူး၊ ပြီးတော့ နန်းတော်က မိန်းမပျိုလေးတွေ လိုအပ်တယ်၊ ကိုယ်လုပ်တော်လျန်ကို နန်းတော်မှာ ဆက်ထားတာက ရာထူးနေရာ ဖြုန်းတီးရာကျသလို မျက်စိနောက်စရာလည်းကောင်းတယ်"
ကန်ရှီးမျက်မှောင်ကြုတ်သွားသော်လည်း အိမ်ရှေ့စံမင်းသားက သတိမထားမိဘဲ ဆက်ပြောသည်။
"စတုတ္ထမင်းသား၊ မင်းသားဆယ့်သုံး... မင်းတို့ရော သဘောမတူဘူးလား"
မင်းသားဆယ့်သုံးက ပြောသည်။
"ကိုယ်လုပ်တော်လျန်က အရှင်မင်းကြီးကိုအလုပ်အကျွေးပြုခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ၊ သူမက ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ မရှိခဲ့ရင်တောင်မှ သေချာပေါက် ပင်ပန်းဆင်းရဲခံခဲ့ရတာပါ၊ သူမကို နန်းတော်ပြင်ပကို ပို့မယ်ဆိုရင်တောင်မှ မင်းသားရှစ်ရဲ့စံအိမ်ကို ပို့ပေးလို့ရတာပဲ၊ ဘာလို့များ သူမကို နောက်အိမ်ထောင်ပြုပေးရမှာလဲ"
မင်းသားတစ်ဆယ်က ကြမ်းတမ်းသော အသံဖြင့် ပြောလာသည်။
"ဟုတ်တယ်၊ ဒါ သူမကို တမင်တကာ စော်ကားတာ မဟုတ်ဘူးလား"
ကန်ရှီး သူ့ကို ဒေါသတကြီး လက်ညှိုးထိုးကာ ပြောသည်။
"ဘာ စော်ကားတာလဲ၊ မင်းက ဘယ်သူ့ကို စော်ကားတယ်လို့ ပြောနေတာလဲ၊ မင်းလို ဝက်ငတုံးအမိုက်ကောင်က ဘာသိလို့လဲ"
မင်းသားဆယ့်လေးက အေးစက်စွာ ပြောသည်။
"ကျွန်တော်တို့ နားမလည်ရင်တောင်မှ အဲဒီလို အရှက်ရစရာကောင်းပြီး ရိုသေမှုကင်းမဲ့တဲ့ လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူး၊ တော်ဝင်မိသားစုမှာ မိန်းမတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့လောက်တောင် မလောက်ငှတော့ဘူးလား"
"မင်းလို တိရစ္ဆာန်လေးကများ၊ မင်းက ပြန်ခံပြောရဲတယ်ပေါ့"
ကန်ရှီးသည် အမျက်ဒေါသထွက်ကာ စာကြည့်ဆောင်တော်တွင် ချိတ်ဆွဲထားသော ဓားကို ဆွဲထုတ်ပြီး မင်းသားဆယ့်လေးကို ချိန်ရွယ်သည်။ ယင်ကျန်း မင်းသားဆယ့်လေးရှေ့သို့ အမြန်ဝင်ကာသည်။
"ခမည်းတော်... ကျေးဇူးပြုပြီး စိတ်လျှော့တော်မူပါ"
အခြားသူများလည်း ဒူးထောက်ချကာ မင်းသားဆယ့်လေးထံသို့ သွားမည့် လမ်းကြောင်းကို ပိတ်ဆို့ထားကြသည်။
"ခမည်းတော်... ကျေးဇူးပြုပြီး စိတ်လျှော့တော်မူပါ"
အိမ်ရှေ့စံမင်းသားသည် လက်ပိုက်လျက် ဘေးတွင်ရပ်ကာ ဤဖြစ်ရပ်ကို စောင့်ကြည့်နေလေသည်။ သူက ယင်ကျန်း ဝင်ပါသည်ကို သဘောမတူဘဲ ခမည်းတော်အနေဖြင့် မင်းသားဆယ့်လေးကို ဆုံးမသင့်သည်ဟု တွေးနေသည်။ သို့သော်လည်း မင်းသားဆယ့်လေးမှာမူ မတ်မတ်ရပ်နေဆဲဖြစ်သည်။
"ကျွန်တော့်ကို သတ်မလို့လား၊ သတ်လိုက်လေ"
ကန်ရှီးမျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။ သူ ရှေ့သို့ နှစ်လှမ်းတိုးလိုက်သော်လည်း လျန်ကျိုကုန်းက ရှေ့သို့ ပြေးထွက်လာပြီး ကန်ရှီးခြေထောက်ကို ဖက်တွယ်ကာ ငိုကြွေးလေသည်။
"အရှင်မင်းကြီး၊ မင်းသားဆယ့်လေးက ငယ်ရွယ်သေးလို့ပါ"
အဌမမင်းသားက မင်းသားဆယ့်လေးအင်္ကျီစကို ဆွဲကာ သြရှရှအသံဖြင့် ပြောသည်။
"ညီတော်ဆယ့်လေး"
ထိုအခါမှ မင်းသားဆယ့်လေးက ဒူးထောက်ချသည်။
"ကျေးဇူးပြုပြီး ခမည်းတော် စိတ်လျှော့တော်မူပါ"
ယင်ကျန်းသည် အခြေအနေကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနေသည်။ ခမည်းတော်သည် ကိုယ်လုပ်တော်လျန်ကို နန်းတော်အပြင်သို့ မပို့ချင်သည်မှာ သေချာလှသည်။
ဒီနေ့ နန်းဆောင်အတွင်းဆောင်မှာ တစ်ခုခု ဖြစ်ခဲ့တာ သေချာတယ်၊ ကိုယ်လုပ်တော်လျန်နဲ့ စကားများ ရန်ဖြစ်ခဲ့တာလည်း ဖြစ်နိုင်တယ်။
သူ့ ခမည်းတော်သည် အဌမမင်းသားအပေါ် ခဏတာမုန်းတီး စိတ်ဖြင့် တော်ဝင်အဝတ်လျှော်ဆောင်က အောက်တန်းစားမိန်းမဟူသော စကားလုံးများကို တစ်ခါက ပြောခဲ့ဖူးသည်။ ဤစကားများ ကိုယ်လုပ်တော်လျန် နားထဲရောက်သွားပါက သူမ အပြင်ဘက်တွင် ဘာမှမပြောလျှင်တောင် ရင်ထဲတွင် သေချာပေါက် နာကြည်းချက်ထားရှိပေလိမ့်မည်။
ကမ်းချန်ချန်သာဆိုလျှင်တော့ သူမ စိတ်ထဲတွင် သူ့ကို သေသည်အထိ ကျိန်ဆဲနေမည်မှာသေချာသည်။
နန်းတော်သည် အကြံအစည်များနှင့် ကျောကိုဓားပြောင်နှင့် ထိုးခြင်းများ ပြည့်နှက်နေသော နေရာဖြစ်သည်။
ကိုယ်လုပ်တော်လျန်သာ ရိုသေမှုကင်းမဲ့စွာ ပြောဆိုလုပ်ကိုင်မိပါက တစ်စုံတစ်ယောက်က ဧကရာဇ်မင်းမြတ်ထံသတင်း ပို့မည်ဖြစ်ရာ သူတို့ဆက်ဆံရေးကို ပိုမို တင်းမာသွားစေလိမ့်မည်။
သို့သော် ကိုယ်လုပ်တော်လျန်သည် အဌမမင်းသား၏ မိခင်အရင်းဖြစ်သည်။ သူမကို မျက်နှာသာပေးခြင်းက ဧကရာဇ်မင်းမြတ်အတွက် မည်သည့်အကျိုးကျေးဇူးမှ မရှိသဖြင့် သူမကို ကူညီရန် အကြောင်းပြချက် မရှိပေ။
ကိုယ်လုပ်တော်လျန်သာ နန်းတော်မှ ထွက်ခွာသွားပါက ဧကရာဇ်မင်းမြတ် စရိုက်အရ သူမ အမှားများကို မေ့ပျောက်သွားပြီး ကောင်းကွက်များကိုသာ မှတ်မိနေမည်ဖြစ်ရာ မင်းသားရှစ်တို့အပေါ် ပိုမျက်နှာသာပေးလာနိုင်ပေသည်။
ထို့ကြောင့် ကိုယ်လုပ်တော်လျန်အား နန်းတော်မှထွက်ခွာရန် ခွင့်မပြုနိုင်ပေ။ ယင်ကျန်းက မင်းသားဆယ့်လေးကို ဆူပူကြိမ်းမောင်းလာသည်။
"ညီတော်ဆယ့်လေးက အရမ်းကို အသိဉာဏ်မဲ့လွန်းတယ်၊ ခမည်းတော်က ဟန်ယဉ်ကျေးမှုကို ကောင်းကောင်းကျွမ်း ကျင်တဲ့သူပဲ၊ ကျင့်ဝတ်စည်းကမ်းတွေကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ၊ ဒါက ခမည်းတော် ငါတို့ကို စမ်းသပ်နေတာ ရှင်းနေတာပဲ"
ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ကန်ရှီးက ယင်ကျန်းကိုကြည့်ကာ မေးသည်။
"မင်း ဘာပြောလိုက်တယ်"