အခန်း ၁၆၃
Vol. 17 Ch. 163
🌻 Chapter 163
ဖူကျင်း ဆက်ပြောသည်။
"စတုတ္ထမင်းသားက ဒီလိုပါပဲ၊ သူ သိပ်မရင်းနှီးတဲ့သူတွေဆိုရင် သိပ်သဘောမကောင်းတတ်ဘူး၊ ကမ်းချန်ချန် စရောက် လာတုန်းကလည်း သူက အေးစက်စက်နဲ့ ကြမ်းတမ်းခဲ့တာကို ငါ မှတ်မိသေးတယ်
ဒါပေမဲ့ အခုရော ဘယ်လိုဖြစ်နေပြီလဲ၊ သူမက မင်းသားစံအိမ်ရဲ့ နောက်ဆောင်ထဲကို ရောက်နေပြီလေ၊ သူမ မတိုက် ခိုက်ချင်ဘူးဆိုရင်တောင်မှ အသက်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်ဖို့အတွက် အမွေဆက်ခံမယ့် သွေးသားတစ်ယောက်တော့ ချန်ထားခဲ့သင့်တယ် မဟုတ်ဘူးလား"
ရှင့်အတွက် အမွေဆက်ခံမယ့်သူ ချန်ထားစေချင်တာ မဟုတ်လား
ကျူရွေ့ စိတ်ထဲတွင် တွေးလိုက်ပြီးနောက် ခေါင်းငုံ့ကာ ပြောသည်။
"ဖူကျင်း ပြောတာ မှန်ပါတယ်"
ဖူကျင်း နားထင်များကို ပွတ်သပ်ရင်း မေးသည်။
"မင်း ထပ်ပြောချင်တာ တစ်ခုခု ရှိသေးလို့လား"
ကျူရွေ့ တုံ့ဆိုင်းသွားပြီးနောက် သိချင်စိတ်ဖြင့် မေးသည်။
"ဒီရက်ပိုင်း ကမ်းချန်ချန်က အရှင်မင်းသားဆီ စာတစ်စောင်လေးတောင် ပြန်မရေးဘူးလား"
စတုတ္ထမင်းသားက သိပ်ဂရုမစိုက်ပုံရသော်လည်း ကမ်းချန်ချန်က သူ့ကို ထိုမျှလောက်အေးစက်စက် ဆက်ဆံရဲသည့် ရဲတင်းမှုမှာ တကယ့်ကို အံ့မခန်းပင်။ ဖူကျင်းကမူ လှောင် ပြောင်လေသည်။
"သူမက ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်ဖို့ အလုပ်ရှုပ်နေတာ"
"သူမရဲ့ မိသားစုဝင်တွေ အကုန်လုံးက ဝန်ထုပ်ဝန်ပိုးတွေချည်းပဲ၊ လူတစ်ယောက် ဘယ်လောက်အထိ ခရီးရောက်နိုင်သလဲဆိုတာက သူ့ကိုယ်ပိုင် အရည်အချင်းတွေအပေါ်မှာပဲ မူတည်တာမဟုတ်ဘဲ သူ့နောက်ကွယ်မှာ ခိုင်မာတဲ့ မိသားစုရှိ၊ မရှိ အပေါ်မှာလည်း မူတည်တယ်"
ကျူရွေ့ နားမလည်စွာ ပြောသည်။
"ကမ်းစဲဖူရဲ့ ရောဂါက တကယ်ကို ပြင်းထန်ပုံရပါတယ်"
ဖူကျင်း ခေါင်းကို မာနတခွဲသားဖြင့် မော့ကာ ပြောသည်။
"မင်းရဲ့သခင်မလေးရဲ့ မိသားစုနောက်ခံက သာမန်ပဲဆိုပေမဲ့ ကမ်းချန်ချန်နဲ့ ယှဉ်လိုက်ရင်တော့ ကောင်းမွန်နေသေးတယ်၊ သူမကိုယ်တိုင်က တိုးတက်ဖို့ မကြိုးစားတာ
ဒါပေမဲ့ တချို့လူတွေက မယှဉ်ပြိုင်ဖို့ ယုံကြည်မှုရှိကြတယ်၊ မင်းရဲ့သခင်မလေးလို ကိုယ်လုပ်တော်တစ်ယောက်က မယှဉ်ပြိုင်ဘဲနေဖို့ ဘယ်ကများ အရင်းအနှီးတွေရနေလို့လဲ"
ကမ်းချန်အန်းသည် အနည်းဆုံး သုံးနှစ်ကြာဖောက်ပြန်နေခဲ့ပြီး သူတို့အိမ်နှင့် လမ်းသွယ်နှစ်ခုသာ ကွာဝေးသော နေရာတွင် တိတ်တိတ်ပုန်းမယားငယ်တစ်ယောက်ကို ထားရှိခဲ့ခြင်း ဖြစ်သည်။
ကမ်းချန်အန်းသည် တို့ဟူးသွားဝယ်စဉ် တစ်ကိုယ်တည်း အမျိုးသမီးနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ သူမက စီချွမ်မှဖြစ်ပြီး ဆွေမျိုးများကိုရှာဖွေရန် သူမ အစ်ကိုဖြစ်သူနှင့်အတူ မြို့တော်သို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
သူမ အစ်ကိုဖြစ်သူမှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ သူမမှာ တို့ဟူးရောင်းရန် ဤနေရာတွင် အိမ်ငှားနေရုံမှတစ်ပါး တခြားရွေး ချယ်စရာမရှိတော့ပေ။ သူမ အလှအပနှင့် နူးညံ့အားနွဲ့သော အသွင်အပြင်တို့ကြောင့် သူမသည် မကြာခဏ အနိုင်ကျင့်ခံခဲ့ရသည်။
ထိုအချိန်က ကမ်းချန်အန်းတွင် ငွေအနည်းငယ်ရှိသဖြင့် ထိုအမျိုးသမီးအား အကြွေးများဆပ်ရန်ကူညီပေးခဲ့သည်။သူမအား အများပြည်သူရှေ့တွင် မျက်နှာပြခွင့်မပြုဘဲ ခြံဝင်းအတွင်း၌သာ သူ့ကို စောင့်မျှော်ခွင့် ပြုထားသည်။
ထိုအမျိုးသမီးက သူပြောသမျှကို သဘောတူပြီး သူ့ကို ကယ် တင်ရှင်တစ်ဦးကဲ့သို့ ကျေးဇူးတင်စွာဖြင့် ဆက်ဆံခဲ့ရာ ကမ်းချန်အန်းကို ပိုကျေနပ်သွားစေသည်။
ကျောက်သခင်မသည် ကျန်းမာရေးအားနည်းပြီး အပြင်ထွက်ခဲသော်လည်း သူမ သားဖြစ်သူကို အနီးကပ် စောင့်ကြည့်လေ့ရှိသော အဘွားအိုကမ်းသည် ဤမယားငယ်ကို စောစောစီးစီးကပင် ရိပ်မိနေခဲ့ပြီးဖြစ်သည်။
အဘွားကမ်းသည် တစ်ခါတစ်ရံ မယားငယ်ထံ သွားရောက်လည်ပတ်လေ့ရှိသော်လည်း သူမကို မိသားစုထဲသို့ ခေါ်သွင်းရန် မည်သည့်အခါကမျှ သဘောမတူခဲ့ပေ။
တစ်ချိန်တည်းမှာပင် သားဖြစ်သူက ကျောက်သခင်မနှင့် ကမ်းချန်ချန်တို့ထံမှ ဤကိစ္စကို လျှို့ဝှက်ထားနိုင်ရန်လည်း ကူညီပေးသည်။
မယားငယ်သည် အသက်သုံးနှစ်အရွယ် သမီးတစ်ယောက်ကို မွေးဖွားခဲ့ပြီး ယခုနှစ် မတ်လတွင် သားတစ်ယောက် ထပ်မံမွေးဖွားခဲ့ရာ အဘွားအိုကမ်းမှာ သူမကို မိသားစုထဲသို့ခေါ်သွင်းရန် စဉ်းစားလာခဲ့သည်။
သို့သော်လည်း ကမ်းချန်အန်းက ကျောက်သခင်မသည် နူးညံ့ပြီး စကားပြောရလွယ်ကူသော်လည်း ကမ်းချန်ချန်ကိုကျော်ဖြတ်ရန်မှာမူ ခက်ခဲလိမ့်မည်ဟု နားလည်ထားသည်။
တစ်ခုခု မှားယွင်းသွားပါက သူ အလုပ်ပြုတ်သွားမည်ဖြစ်ပြီး မယားငယ်နှင့် ကလေးများကို ကျွေးမွေးစောင့်ရှောက်ရန် ငွေကို ဘယ်ကရမည်နည်း။ ထို့ကြောင့် ဤကိစ္စမှာ အကြိမ်ကြိမ် အချိန်ဆွဲထားခဲ့ရသည်။
အောက်တိုဘာလတွင် ယင်ကျန်းနှင့် ကမ်းချန်ချန်တို့ နှစ်ဦးစလုံး နေမကောင်းဖြစ်သွားချိန်အထိ အဘွားအိုကမ်းသည် ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ကမ်းချန်အန်းအား နောက်တစ်ကြိမ် နာပူနာဆာလုပ်တော့သည်။
"နင် ဒါကို သေသေချာချာ စဉ်းစားတာ ပိုကောင်းမယ်၊ ဒါက တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးပဲ၊ သားအမိ သုံးယောက်ကို အိမ်အရင်ခေါ်လာပြီး သဘောကောင်းတဲ့ ကျောက်သခင်မကို ချော့မော့လိုက်
ပြီးရင် ကလေးကို မိသားစုစာရင်းသွင်းလိုက်၊ ကမ်းချန်ချန် ပြန်ကောင်းလာတဲ့အချိန်ကျရင် ကိစ္စက ပြီးပြတ်နေပြီဆိုတော့ သူမမှာလည်း လက်ခံရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး"
မယားငယ်ဖြစ်သူ ချိုက်ရှန်းအာကလည်း မျက်ရည်ဝဲလျက် ပြောသည်။
"သခင်ကြီးကမ်း... ကျွန်မတို့ရဲ့ကလေးကို အရှက်ရစရာ ဘဝမျိုးနဲ့ လက်ညှိုးထိုး အတင်းပြောခံရတဲ့ဘဝမှာ တကယ်ပဲ နေခိုင်းရက်လို့လား"
ထို့ကြောင့် ကမ်းချန်အန်းသည် သားအမိ သုံးယောက်ကို အိမ်သို့ ခေါ်လာသည်။ ကျောက်သခင်မသည် သူမ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေကြောင်းကို ဝေဝေဝါးဝါး သံသယရှိသော် လည်း သူမသည် အမြဲတစေ စိတ်သဘောထား ပျော့ညံ့သူဖြစ်ပြီး ကမ်းချန်အန်းနှင့် ကမ်းအဘွားအိုတို့က သူမကို နှစ်ပေါင်းများစွာ ကောင်းစွာစောင့်ရှောက်ပေးခဲ့သည်ဟု ခံစားခဲ့ရသည်။
ထို့အပြင် သူမမှာ ခိုင်လုံသော သက်သေအထောက်အထား မရှိသဖြင့် ကမ်းချန်ချန်ကိုလည်း မပြောပြခဲ့ပေ။ ကမ်းချန်အန်းက ကလေးနှစ်ယောက်နှင့်အတူ သူမကို ခေါ်လာသည်ကိုမြင်သောအခါ သူမမှာ အံ့သြတုန်လှုပ်သွားသလို ရင်ထဲတွင်လည်း အေးစက်သွားခဲ့သည်။
ကမ်းချန်အန်းက သားဖြစ်သူကို ပွေ့ချီထားရင်းပြုံးကာ ပြောလာသည်။
"ဒီကလေးနှစ်ယောက်မှာ အဖေ လိုအပ်နေတယ်၊ ချိုက်ရှန်းအာကလည်း ဆွေမျိုးမိတ်ဆွေ မရှိတဲ့ ကံဆိုးတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ ရုန်လန်... မင်းက အမြဲတမ်း သဘောထား ကြီးပါတယ်၊ သူတို့ကို နေစရာအိမ်လေးတစ်လုံး ပေးနိုင်မလား"
အဘွားကမ်းက ချိုက်ရှန်းအာ၏ မျက်နှာ၊ လက်များနှင့် ဒူးတုပ်ထားသော ခြေထောက်များကို ဟန်ဆောင်ကြည့်ရှုပြီးနောက် ကျေနပ်စွာခေါင်းညိတ်သည်။
"ဒီကိုယ်လုပ်တော်က အတော်လေးကြည့်ကောင်းတယ်လို့ ငါထင်တယ်၊ အသားဖြူပြီး ခန္ဓာကိုယ် အချိုးအစားလည်း ပြေပြစ်တယ်"
ချိုက်ရှန်းအာ ဒူးထောက်ချပြီး အဘွားကမ်းကို လက်ဖက် ရည်တစ်ခွက် ဆက်သလာသည်။
"အမွှမ်းတင်စကားတွေအတွက် ကျေးဇူးတင်ပါတယ် အမေ"
အဘွားအိုကမ်း လက်ဖက်ရည်ကို လက်ခံယူကာ နှစ်ငုံသုံးငုံမျှ သောက်လိုက်ပြီးနောက် ချိုက်ရှန်းအာက ကျောက်သခင်မကို လက်ဖက်ရည်တစ်ခွက် ဆက်သသည်။
ကျောက်သခင်မ လက်မခံသဖြင့် ချိုက်ရှန်းအာသည် အဘွားကမ်းကို ကူကယ်ရာမဲ့စွာ ကြည့်လာသည်။ အဘွားကမ်းက ကျောက်သခင်မအား ပြောသည်။
"ချန်အန်း နင့်ကို အမှားလုပ်မိတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ နင်တို့ လင်မယားဖြစ်လာတာ နှစ်တွေလည်း အများကြီးရှိပြီပဲ၊ ကမ်းမိသားစုရဲ့ မျိုးဆက်တွေကို အပြင်မှာ လေလွင့်နေတာကို မကြည့်ရက်နိုင်ဘူး မဟုတ်လား"
ချိုက်ရှန်းအာ နှိမ့်ချစွာဖြင့် "ဒီနေ့ကစပြီး သခင်မကို သေချာ ဂရုစိုက်ပြုစုပြီး မယားငယ်တစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်၊ ကျေးဇူးပြုပြီး ဒီလက် ဖက်ရည်ကို သောက်ပေးပါ"
ကျောက်သခင်မမှာ လက်ဖက်ရည်ကို သောက်လိုက်ရုံမှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့သော်လည်း ကမ်းချန်အန်းအပေါ် အေးစက်သော မျက်နှာထားဖြင့်သာ ဆက်နေပြီး စကားများများစားစား မပြောခဲ့ပေ။
ကမ်းချန်အန်းသည် အနည်းငယ်အပြစ်ရှိသလို ခံစားရသော် လည်း သူ တကယ် ပျော်ရွှင်နေသဖြင့် ချိုက်ရှန်းအာအတွက် အခန်းတစ်ခန်း စီစဉ်ပေးရန်သာ အာရုံစိုက်နေခဲ့သည်။
အဘွားကမ်း ပေါ့ပေါ့ပါးပါးပင်။
"ချန်ချန်ရဲ့ အခန်းက ကြီးတယ်၊ သူတို့ကို အဲဒီမှာ နေခိုင်း လိုက်၊ ချန်ချန်က မကြာခဏ ပြန်မလာဘူး၊ ဒီလောက်ကြီးတဲ့ အခန်းကို အလွတ်ထားတာက နှမြောစရာပဲ"
ကျောက်သခင်မ မကျေမနပ်ဖြစ်သွားသည်။
"ဒီအိမ်က ချန်ချန် ဝယ်ပေးထားတာလေ၊ အဲဒါကိုတောင် ရှင်တို့က သူမရဲ့အခန်းကို ပြောင်းချင်သေးတာလား၊ ရှင်တို့က ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မရှိရတာလဲ"
အဘွားကမ်း နှုတ်ခမ်းကို စုပ်သပ်မိသည်။
"ဘာ အရှက်မရှိစရာ ရှိလို့လဲ၊ ငါတို့အကုန်လုံးက မိသားစုတွေပဲ၊ ဘာလို့ သူစိမ်းတွေလို စကားပြောနေရမှာလဲ၊ ချန်အန်း အပြင်မှာငွေရှာလို့သာ သူမကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်ပြီး မင်းသားစံအိမ်ကို အိမ်ထောင်ချပေးနိုင်ခဲ့တာ မဟုတ်ဘူးလား"
ချိုက်ရှန်းအာသည် ကမ်းချန်ချန် အခန်းကို တပ်မက်စွာလှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ မျက်ရည်ကျလျက်ပြော သည်။
"ကျွန်မက အောက်တန်းစားတစ်ယောက်ပါ၊ ဒီနေရာမှာ နေဖို့ ကံမပါပါဘူး"
ကမ်းချန်အန်း သူမကို အမြန်ဖက်ကာ ညင်သာစွာ ချော့မော့လေသည်။
"မင်း လောလောဆယ် ဒီမှာနေလို့ ရပါတယ်၊ ဧည့်ခန်းကို သေချာပြင်ဆင်ပြီးတာနဲ့ မင်း ပြောင်းနေလို့ ရပြီပေါ့"