အခန်း ၁၆၆
Vol. 17 Ch. 166
🌻 Chapter 166
[မင်းသားဆယ့်သုံးရဲ့စာကို သူ့ကို စောစောကတည်းက ပေးဖတ်လိုက်သင့်တာ၊ ဒါပေမဲ့ ငါက အချိန်ကောင်းကို စောင့်နေချင်ယုံသက်သက်ပါ၊ ဒီနေ့ သူ့မှာ လုပ်စရာတွေ အရမ်းများနေတာဆိုတော့ သူ စိတ်အခြေအနေ မကောင်းဖြစ်နေမှာ သေချာတယ်]
ယင်ကျန်း စုဖေးရှန်အား ပြောသည်။
"စာကြည့်ဆောင်ကို သွားပြီး ယင်ရှန်ရဲ့စာကို သွားယူချေ"
စုဖေးရှန် ထွက်သွားပြီးနောက် ယင်ကျန်းသည် စုယန်ကို တစ်ဖန် ကြည့်ကာမေးသည်။
"မင်းမှာ နည်းလမ်းရှိလို့လား"
စုယန် မျက်မှောင်ကြုတ်ကာ "အခု မှုခင်းရေးရာဝန်ကြီး ဌာနကို ရောက်နေပြီဆိုတော့ တရားရုံးတော်မှာ အလုပ်လုပ်တဲ့ ဦးလေးတစ်ယောက်တော့ ကျွန်မမှာ ရှိပါတယ်"
ဖူကျင်းက ပြောသည်။
"ဒါက တကယ့်ကို ကံဆိုးတာပဲ၊ ဟူး... ညီမလေးကမ်းက ဘာပဲဖြစ်ဖြစ် ငါတို့ မင်းသားစံအိမ်ရဲ့ ကိုယ်လုပ်တော်တစ်ယောက်လေ၊ ဒါသာ သတင်းပေါက်ကြားသွားရင် တခြားလူတွေက ဘယ်လိုတွေးကြမလဲ မသိဘူး"
ကမ်းချန်ချန် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။
"ကျွန်မ အားလုံးကို ဆွဲသွင်းမိသလို ဖြစ်သွားပြီ"
မကြာမီတွင် စုဖေးရှန်သည် အလျင်စလို ပြန်ဝင်လာပြီး သူ့နဖူးတွင် ချွေးစေးများ ပေါက်နေခြင်းက သူ ဟိုဒီ အပြေး အလွှား သွားခဲ့ရကြောင်း ပြသနေသည်။
ခြေလှမ်းအနည်းငယ်မျှ ပြေးရုံနှင့်ပင် သူ စိုးရိမ်ပူပန်မှုကို ပြသနေသဖြင့် ကမ်းချန်ချန်က သူ့ကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည်။
စာကို ဖတ်ပြီးနောက် ယင်ကျန်းက ပြောသည်။
"အဲဒီပြည့်တန်ဆာက စီချွမ်ကနေ ထွက်ပြေးလာတာ၊ နျန်ကုန်းယောင်က သူမကို ဖမ်းမိခဲ့ပြီး တစ်ခုခု ထူးခြားနေတာကို တွေ့လို့ သူမကို စစ်ဆေးမေးမြန်းနေတယ်"
နျန်ကုန်းယောင် ဟုတ်လား...
ကမ်းချန်ချန် သက်ပြင်းချကာ စိတ်မအေးနိုင်ခဲ့ပေ။ ဖူကျင်းကလည်း ဂနာမငြိမ်ဖြစ်စွာပြုံးလျက်ပြောသည်။
"အဲဒီလိုဆိုရင်တော့ သတင်းကောင်းကြားရဖို့ မျှော်လင့်ရတာပေါ့"
နျန်ကုန်းယောင်သည် မကြာသေးမီနှစ်များအတွင်း ကန်ရှီးဆီမှ မျက်နှာသာပေးမှုကို တိုး၍တိုး၍ရရှိလာခဲ့သည်။ သူသည် စာပေရော သိုင်းပညာပါ ထူးချွန်သူတစ်ဦးဖြစ်ပြီး မိသားစု နောက်ခံကလည်း ကောင်းမွန်လေသည်။
သူ့ ညီမဖြစ်သူမှာလည်း နှစ်ပေါင်းများစွာ အိမ်ထောင်မပြုဘဲ နေခဲ့သည်။
သမိုင်းဖြစ်ရပ်များကို မသိသူများပင်လျှင် ထူးခြားမှုတစ်ခုခုကိုခံစားမိကြရာ ကမ်းချန်ချန်ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။
ဖူကျင်းသည် ထိန်းချုပ်ရန်လွယ်ကူသော သာမန်နောက်ခံရှိသည့် အမျိုးသမီး အနည်းငယ်ခန့် စံအိမ်တွင် ရှိနေခြင်းကို ဂရုမစိုက်သော်လည်း နျန်ကုန်းယောင် ညီမသာ ရောက်လာပါက သူမအနေဖြင့် ထပ်မံခြိမ်းခြောက်ခံရသည်ဟု ခံစားရမည်ဖြစ်သည်။
အထူးသဖြင့် ချွင်းလင်ကို ဝယ်ယူခဲ့သူမှာ သူမ ဖခင်ဖြစ်သောကြောင့်ပင်။ နျန်မိသားစုက ဂရုမစိုက်ကြောင်း ပြောဆိုကာ ကျေးဇူးဆပ်သည့်အနေဖြင့် လက်ဆောင်များပေးပို့ခဲ့သော်လည်း မည် သူမဆို ယဉ်ကျေးသည့် စကားမျိုးကို ပြောနိုင်ရာ မည်သို့ အတည်ယူလို့ ရနိုင်မည်နည်း။
ကမ်းချန်ချန်သည် ယင်ကျန်းနှင့်အတူ စာကြည့်ဆောင်သို့ ပြန်လိုက်လာပြီး ဤတစ်ကြိမ်တွင်မူ သူ့အတွက် မင်သွေးပေးရန် ခွန်အားရှိနေသည်။
သူ့မှာ တစ်ချိန်တည်းတွင် လုပ်စရာအလုပ်များ အလွန်များ ပြားနေရာ သူမမှာ ကြည့်နေရုံနှင့်ပင် ပင်ပန်းနွမ်းနယ်နေသလို ခံစားရသည်။
ညစာစားပြီးနောက် ယင်ကျန်းက ပြောလာသည်။
"အပြင်မှာ အေးတယ်၊ မင်း အရင် ပြန်နှင့်သင့်တယ်"
ကမ်းချန်ချန်က သူ့လက်ကို ထပ်မံ ဆုပ်ကိုင်လာပြီး ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ တိုးညှင်းသော အသံဖြင့်ပြော လာသည်။
"ကျွန်မ အရှင့်အနားမှာ အချိန်ပိုကြာကြာ နေချင်သေးတယ်"
ယင်ကျန်းက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။
"စာကြည့်ဆောင်ထဲမှာ ကိုယ်နဲ့အတူ ညအိပ်မလို့လား"
ကမ်းချန်ချန်က မျက်လုံးများ အရောင်လင်းလက်လျက် အားတက်သရော ခေါင်းညိတ်ပြသည်။
ယင်ကျန်းက "ကောင်းပြီ၊ ဒီလိုဆိုမှတော့ မင်း ကိုယ့်စာတွေကို ဘာလို့ မပြန်ခဲ့တာလဲဆိုတာ ပြောကြရအောင်"
ကမ်းချန်ချန်က ပြောသည်။
"ရှင် ကြိုသိနေပြီးသားပဲ မဟုတ်ဘူးလား၊ အိမ်မှာ မကြာသေးခင်ကမှ ကိစ္စတွေ ဖြစ်ထားတာ၊ ကျွန်မမှာ ဘယ်လိုလုပ် အချိန်ရမှာလဲ"
"ပြီးတော့ ရှင်က ကျွန်မကို စာသုံးစောင်တိတိ ရေးခဲ့တာလေ၊ ပထမနှစ်စောင်က အရမ်းကို အချစ်တွေပိုလွန်းပြီး ရှည်လွန်းတယ်၊ ကျွန်မ ရှက်လွန်းလို့ စာမပြန်ရဲတာပါ
စာလုံးရေ နည်းနည်းလေးပဲပြန်ရင် ရှင် ဒေါသထွက်မှာစိုးလို့၊ အရမ်းများများပြန်ရင်လည်း ရှင် ပင်ပန်းသွားမှာ စိုးရိမ်လို့ပါ"
"နောက်ဆုံးစာမှာကျတော့ ရှင်က ကျွန်မကို ဝေဖန်ဖို့တောင် စလာပြီး စာပြန်စရာမလိုဘူး၊ ပြန်ရင်တောင် ကိုယ် ဖတ်မှာမဟုတ်ဘူးလို့ ရေးထားသေးတယ်၊ ကျွန်မက ရှင့်စကားကို နားထောင်ရမှာပေါ့"
ယင်ကျန်း သူမနှာခေါင်းကို ဆွဲညှစ်လာသည်။
"မင်းက ပြန်ခံပြောရဲသေးတယ်ပေါ့လေ"
ကမ်းချန်ချန် သူ့ရင်ခွင်ထဲသို့ ပစ်ဝင်သွားသည်။
"ကျွန်မ ရှင့်အတွက် ဘာပြဿနာမှ မဖြစ်စေချင်လို့ပါ"
[ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ကျွန်မက မျှဝေခံစားပေးချင်တာ]
"မင်း တကယ် အဲဒီလို တွေးတာလား"
"ဟုတ်ပါတယ်"
ယင်ကျန်းက သူမလက်ကို ဆွဲကိုင်ကာ ပြောသည်။
"ကောင်းပြီ၊ ဒါဆို စာရွက်စာတမ်းတွေကို စုစည်းပြီး အမျိုးအစားခွဲဖို့ ကိုယ့်ကို ကူညီပေး"
ကမ်းချန်ချန်က အံ့ဩသွားသည်။ ယင်ကျန်းက တာဝန်များကို ဆက်လက် ခွဲဝေပေးလေသည်။
"ပြီးတော့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီစာရင်းတွေ စစ်ဆေးပြီး အမှားကို ခြစ်ထုတ်ပေးပါဦး"
[ရှင်က တကယ့်ကို အားမနာတတ်တာပဲ]
သူတို့နှစ်ယောက် စားသောက်ပြီးစီးသွားကာ အလုပ်ရှုပ်နေကြတော့သည်။
တစ်နာရီအကြာတွင် ကမ်းချန်ချန်မှာ ခေါင်းမူးနေပြီဖြစ်ပြီး နို့စားနွား သုံးရာဟူသော စာလုံးကို မြင်မိချိန် သူမ အကြည့်များက ယင်ကျန်း ရင်ဘတ်ပေါ်သို့ကျရောက်သွားပြီး ရုတ်တရက် တုန်ယင်သွားရသည်။
[ဟေး... ငါက ဘယ်လိုလုပ်ပြီး သွေးသားဆန္ဒတွေ ထကြွနေတဲ့ မိန်းမတစ်ယောက် ဖြစ်သွားရတာလဲ]
ယင်ကျန်း ခေါင်းလှည့်ကာ သူမကို နားမလည်နိုင်စွာ ကြည့်လာသည်။ သူက သူမလက်ထဲရှိ စာရင်းအင်းစာအုပ်ဆီသို့ ခေါင်းကို အကြည့်ရွှေ့ရန်ပြင်လိုက်စဉ် ကမ်းချန်ချန် ရှက်ရွံ့စွာဖြင့် သူမ မျက်နှာကို သူ့ကျောပြင်ပေါ်ရှိ အင်္ကျီပေါ်သို့ အပ်လိုက်ပြီး မျက်နှာနီရဲလျက် ပြောသည်။
"ဘာမှမဟုတ်ပါဘူး၊ ကျွန်မ အမြင်မှားသွားလို့ပါ"