← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

🌻 Chapter 167

ယင်ကျန်းက အချိန်ကို တစ်ချက်ကြည့်ကာ ပြောသည်။

"မင်း အိပ်ချင်နေရင် အိပ်လိုက်လေ"

"ရှင်ကရော"

ယင်ကျန်းက ပြောသည်။

"ကိုယ် နည်းနည်းလောက် ထပ်ကြည့်လိုက်ဦးမယ်"

[ငါတို့က အပြာကား ကြည့်နေတာမှ မဟုတ်တာ၊ သူ့ရဲ့ ဒီစွဲလမ်းစိတ်က ဘယ်ကများ ရောက်လာတာလဲ]

ကမ်းချန်ချန် နှုတ်ခမ်းဆူပြီးနောက် သူ့ ပေါင်ပေါ်သို့ ပြန်လှဲချသည်

"ရှင် မအိပ်ရင် ကျွန်မလည်း မအိပ်ဘူး၊ ဒီမှာ ရှင့်အနားမှာပဲ နေမယ်"

ထို့နောက် သူမက ကလိန်ကကျစ် ပြုံးလပြီး မျက်လုံးများကို မှိတ်ထားသည်။ ယင်ကျန်း သူမ ဆံပင်များကို လှမ်းဖွလာပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောသည်။

"ဒါပေမဲ့ မင်းက ဒီလိုလုပ်နေတော့ ကိုယ် ရုံးကိစ္စတွေကို ဘယ်လိုလုပ် အာရုံစိုက်နိုင်တော့မှာလဲ"

ကမ်းချန်ချန် သူ့ကို ခေါင်းဖြင့် ပွတ်သီးပွတ်သပ်လုပ်နေသည်။

"ကျွန်မ ဂရုမစိုက်ဘူး"

နံ့သာတိုင်တစ်တိုင်စာ အချိန်ကုန်လွန်သွားပြီးနောက် ကမ်းချန်ချန် အသက်ရှူသံမှာ မှန်မှန်ဖြစ်သွားသည်။ သူမက မနက်ပိုင်းတုန်းကလည်း အကြာကြီး အိပ်ခဲ့တာကို ညဘက်လည်း ဒီလောက်တောင် အိပ်ချင်နေသေးတာလား၊ သူမက ဒီလိုအနေအထားနဲ့တောင် အိပ်ပျော်နိုင်တာလာ၊ သူတောင် နည်းနည်းတော့ အားကျသွားပြီ...

ယင်ကျန်းက သူမကို ပွေ့ချီကာ ကုတင်ပေါ်တွင် ချပေးလိုက်ပြီး စောင်ခြုံပေးကာ ထွက်သွားရန်ပြင်လိုက်စဉ် ကမ်းချန်ချန်က သူ့ခါးကို ထပ်မံဖက်တွယ်လာသည်။

"ကျွန်မအနားမှာ နေပေးပါ"

အဆုံးတွင် သူတို့နှစ်ယောက်သည် ခြေထောက်ဆေးကြောပြီး မီးခွက်ကိုမှုတ်ကာ အိပ်ရာဝင်ခဲ့ကြသည်။

ကျယ်ဝန်းသော စာကြည့်ဆောင်ထဲရှိ အုတ်ကုတင်မှာ လူနှစ်ယောက်အတွက် အနည်းငယ်ကျဉ်းကျပ်ဖြစ်နေသော်လည်း ထိုသို့ နီးနီးကပ်ကပ် ရှိနေရခြင်းက အလွန်နွေးထွေးလှသည်။

ယင်ရှန်သည် အမှန်ပင် သစ္စာရှိလှပေသည်။ သူက ကန်ရှီးထံမှ ခွင့်တိုက်ရိုက်တောင်းကာ စီချွမ်သို့ မြင်းအမြန်ဖြင့် နှင်သွားခဲ့သည်။ ရက်အနည်းငယ်အကြာတွင် သူ သတင်းတစ်ခုနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။

"အဲဒါ မင်းသားကိုးရဲ့ လက်အောက်က အရာရှိနှစ်ယောက်က ချိုက်ရှန်းအာကို ဒီလိုလုပ်ဖို့ ခိုင်းစေခဲ့တာပါ၊ ကမ်းချန်အန်းကို အကွက်ဆင်ဖို့အတွက် သူမရဲ့ ရင်ဘတ်ပေါ်က တရားဝင် ပြည့်တန်ဆာ တက်တူးကို တမင်သက်သက်ဖျက်ပစ်ပြီး နောက်တစ်ခု ပြန်ထွင်းပေးခဲ့တာ၊ သက်သေအထောက်အ ထားတွေက ခိုင်လုံနေပြီဆိုတော့ အမှုကို ပြောင်းပြန်လှန်ပစ်လို့ ရပါပြီ"

ကမ်းချန်ချန် သံသယဖြင့်မေးသည်။

"မင်းသားကိုး ဟုတ်လား၊ သူ အဲဒီလောက်တောင် အားနေလို့လား"

ယင်ကျန်း "သူက အမြဲတမ်း ဒီလိုပဲ၊ အသုံးမကျတဲ့ ကိစ္စတွေမှာ သူ့ခွန်အားတွေကို ဖြုန်းတီးပစ်ရတာ သဘောကျတယ်"

ကမ်းချန်ချန်က ပြောသည်။

"နျန်ကုန်းယောင်ကများ ဒီကိစ္စကို ကြိုးကိုင်နေတာလို့ ရှင် မထင်ဘူးလား၊ စီချွမ်ဆိုတာ သူ့ရဲ့ အင်အားအကြီးဆုံးနေရာမဟုတ်ဘူးလား၊ သူ့လူတွေ ဘာတွေလုပ်နေလဲဆိုတာကို သူ ဘယ်လိုလုပ် မသိဘဲနေမှာလဲ"

ယင်ကျန်း သူမကို တစ်ချက်ကြည့်သော်လည်း ဘာမှပြန်မဖြေပေ။ ကမ်းချန်ချန်က သူ့ကို ထပ်မံ တွန်းလိုက်ရာ ယင်ကျန်းက အဆုံးတွင်ပြောလာသည်။

"မင်း နျန်ကုန်းယောင်အပေါ်မှာ အစထဲကသံသယ ရှိနေတယ်လို့ ကိုယ် ထင်မိတယ်"

ကမ်းချန်ချန် မျက်လွှာချလိုက်ကာ ပြောသည်။

"ကျွန်မမှာ မရှိပါဘူး၊ ရှင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ"

ယင်ကျန်း အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောသည်။

"အခု မင်း ကြီးလာတော့ ကိုယ့်ဆီကနေ ဖုံးကွယ်ချင်နေပြီပေါ့၊ မင်း ဘာတွေတွေးနေလဲဆိုတာကို ကိုယ် မကြားနိုင်တော့ဘူး၊ ပြီးတော့ မင်းက ကိုယ့်ကို အမှန်အတိုင်းတောင် မပြောတော့ဘူး"

[ကောင်းပါပြီ၊ ကျွန်မမှာ သံသယနည်းနည်းတော့ ရှိတယ်၊ အဲဒီတုန်းက ငွေတိုးချစားတဲ့ အဖြစ်အပျက် နောက်ကွယ်မှာ သူ ရှိနေတယ်လို့ ကျွန်မ တကယ် သံသယဝင်ခဲ့တာ၊ ဘာလို့လဲဆိုတော့ နောက်ပိုင်း မင်းသားကိုး ကျွန်မဆီ ရောက်လာတုန်းက သူက အဲဒီ အကြွေးစာချုပ်ကို လမ်းကြောင်းတစ်ခုခုကနေ ရခဲ့တာလို့ပြောခဲ့တယ်လေ]

[ဒီတစ်ခါလည်း သူက ကျွန်မရဲ့ မိသားစုကို ပစ်မှတ်ထားပြန်ပြီ၊ ပြီးတော့ သူက ဒီကိစ္စကို အချိန်အကြာကြီးစီစဉ်နေခဲ့တာ၊ ဒီလောက်ပါးနပ်ပြီး တွက်ချက်လွန်းတာ တကယ်ပဲ မင်းသားကိုးရဲ့ ပုံစံမျိုးဟုတ်လို့လား]

ယင်ကျန်း "ကိုယ်ကပဲ ရန်ငြိုးကြီးတယ်လို့ ထင်ထားတာ၊ မင်းက ကိုယ့်ထက်တောင် ပိုပြီးရန်ငြိုးကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ အဲဒီငွေတိုးချစားတဲ့ ကိစ္စက နှစ်ဘယ်လောက်တောင် ကြာသွားပြီလဲ၊ မင်း အခုထိ မမေ့နိုင်သေးဘူးလား၊ ဒီတစ်ကြိမ်မှာ တစ်ယောက်ယောက်က ကူညီပေးခဲ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဒီကိစ္စကြီးသာ ပေါက်ကွဲထွက်သွားရင် ကိုယ်လည်း အရှက်ကွဲရမှာပဲ"

ကမ်းချန်ချန်က ပြောသည်။

"ကျွန်မ နားလည်ပါတယ်၊ ကျွန်မ သူ့ကို ကျေးဇူးတင်ပါတယ်"

[ဟွန့်... နျန်မိသားစုရဲ့ သမက်တောင်မဖြစ်သေးဘူး၊ သူ့လူသူ ကာကွယ်နေပြီ]

ယင်ကျန်း မျက်မှောင်ကြုတ်ကာ မေးသည်။

"မင်း ဘာပြောလိုက်တယ်"

ကမ်းချန်ချန်က အပြစ်ကင်းဟန်ဖြင့် သူမပါးစပ်ကို ပိတ်ထားသော်လည်း ယင်ကျန်းက သူ့ လက်ချောင်းများဖြင့် ဆွဲဖယ်လေသည်။ သူ့ လက်ချောင်းထိပ်များက သူမ ပါးစပ်ထဲသို့ ဝင်ရောက်သွားကာ သူမ လျှာကို ဆွဲညှစ်ထားသည်။

"ကိုယ် မင်းလျှာကို ဆွဲထုတ်ပစ်လိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ထားထားလည်း အသုံးမ၀င်ဘူးလေ"

[အာ... ကျွန်မ မှားသွားပါတယ်]

[ဒါနဲ့ စကားမစပ်... အဲဒီချိုက်ရှန်းအာကို ဘာလုပ်လိုက်လဲ]

အရေခွံဆုတ်ပြီး လမ်းမတွေပေါ်မှာ လှည့်လည်ပြသခံရတယ်...

ယင်ကျန်း သူ့ လက်ချောင်းများကို လွှတ်ပေးလိုက်ပြီး ပိုးပဝါဖြင့် ပေါ့ပေါ့ပါးပါး သုတ်လေသည်။

"ဘာပဲဖြစ်ဖြစ် သူမ အလွယ်တကူ လွတ်သွားမှာ မဟုတ်ပါဘူး၊ ကိုယ် မင်းကို ပြောပြရင် မင်း အိပ်မက်ဆိုးတွေ မက်လိမ့်မယ်"

ကမ်းချန်ချန်သည် လက်ချောင်းများကို စူးစိုက်ကြည့်လိုက်ပြီး ပလုတ်ကျင်းရန် လက်ဖက်ရည်တစ်ခွက်ကို ကောက်ကိုင်လိုက်ကာ ပြန်လာပြီးနောက် ပြောသည်။

"တကယ်တော့ သူမလည်း သနားစရာကောင်းတဲ့သူ တစ်ယောက်ပါ၊ ကျွန်မတို့လို အစေခံတွေကလည်း သနားစရာကောင်းလွန်းလှပါပြီ၊ ဒါပေမဲ့ အောက်ဆုံးအလွှာတွေထဲကမှ ပြည့်တန်ဆာတွေက သနားစရာအကောင်းဆုံးပါပဲ"

ယင်ကျန်း ခဏမျှ စဉ်းစားလိုက်ပြီးပြောသည်။

"မင်းပြောတာက တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေတယ်"

"ဘယ်နေရာက မှန်ပြီး ဘယ်နေရာက မှားနေလို့လဲ"

"ပြည့်တန်ဆာတွေ သနားစရာကောင်းတယ်ဆိုတာ မှန်တယ်၊ ဒါပေမဲ့ လောကကြီးမှာ မင်းလောက် ကံကောင်းတဲ့ အစေခံဆိုတာ တကယ့်ကို ရှားပါတယ်၊ မင်းက ကိုယ့်ခေါင်းပေါ်ကိုတောင် တက်စီးနေပြီလေ"

[ဟာ... ကျွန်မက ဘယ်လိုလုပ် စီးရဲမှာလဲ]

[ဒါနဲ့ စကားမစပ်... ရှင်ကလည်း ပြည့်တန်ဆာတွေ သနားစရာကောင်းတယ်ဆိုတာ သိနေမှတော့ သူတို့ရဲ့အောက် တန်းစားဆိုတဲ့ အဆင့်အတန်းကို ဖျက်သိမ်းပေးဖို့ ရှင့်ခမည်းတော်ကို ဘာလို့အကြံမပြုခဲ့တာလဲ]

ယင်ကျန်းက ပြန်ဖြေသည်။

"အဲဒါက လုပ်ရလွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး"

"အများပြည်သူရှုထောင့်က ကြည့်မယ်ဆိုရင် သူ့ရဲ့ခွန်အားတွေက ကန့်သတ်ချက်ရှိတယ်၊ အခွန်မတိုးဘဲ လူဦးရေတိုးပွားလာစေမယ့် မူဝါဒကို အကောင်အထည်ဖော်တာတောင်မှ အရမ်းကို ပင်ပန်းနေရပြီ၊ တကယ်လို့ ဒီအောက် တန်းစား အဆင့်အတန်းကို ဖျက်သိမ်းလိုက်ရင် ကိုယ်တို့ရဲ့ အုပ်ချုပ်မှုကို မကျေနပ်ကြတဲ့ ပုန်ကန်သူတွေအတွက် ပုန်ကန်မှုစတင်ဖို့ အကြောင်းပြချက်တွေ ပိုရသွားလိမ့်မယ်

ကိုယ်ပိုင်ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း တစ်ချိန်တုန်းက ယောကျ်ားလေး ဂီတသမားတစ်ယောက်က အိမ်ရှေ့စံမင်းသားကို မြှူဆွယ်ခဲ့လို့ သူက တိုင်းပြည်အရေးတွေကို လျစ်လျူရှုပြီး ကာမဂုဏ်အာရုံတွေမှာပဲ နစ်မွန်းသွားစေခဲ့တဲ့အတွက် ခမည်းတော်က ဂီတသမားတွေအပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေတာလေ"

"အဲဒီဂီတသမားက အိမ်ရှေ့စံမင်းသားကို ဘယ်လိုမြှူဆွယ်ခဲ့တာလဲ"

ကမ်းချန်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သော်လည်း ချက်ချင်းပင် ဖြည့်စွက်ကာ ပြောသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မ ဆိုလိုတာက... အိမ်ရှေ့စံမင်းသားက အဲဒီယောကျ်ားအတွက် ဘာအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေများ လုပ်ခဲ့လို့လဲမေးတာပါ"

သူ့ညီရဲ့ကိုယ်လုပ်တော်ကို လူသိရှင်ကြား လုယူတာထက် ပိုပြီး အဓိပ္ပာယ်မရှိတာများ ရှိသေးလို့လား...

ယင်ကျန်းက ‌ဖြေသည်။

"အဲဒီဂီတသမားက အိမ်ရှေ့စံမင်းသားကို ရှန်းမင်းဆက်က ကျိုးဘုရင်လိုမျိုး သူ့အတွက် အရက်ကန်နဲ့ အသားတောအုပ်ကြီး တည်ဆောက်ပေးဖို့ လုပ်ခိုင်းခဲ့တာလေ"

ကမ်းချန်ချန် အသက်ပြင်းပြင်း ရှူသွင်းမိသည်။

"အိမ်ရှေ့စံမင်းသားက တကယ်ကြီး တည်ဆောက်ပေးခဲ့တာလား"

"သူ တည်ဆောက်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ အရက်ကန်ထဲမှာ ရှိနေခဲ့တာက အဲဒီဂီတသမား အလောင်းအပြင် သူ့ရဲ့ အပေါင်းအပါတွေရဲ့ အလောင်းတွေပါ ဖြစ်နေခဲ့တာပဲ၊ သူတို့ကို အပိုင်းပိုင်းခုတ်ထစ်ပြီး ခွေးကျွေးပစ်လိုက်တာလေ"

ကမ်းချန်ချန်က မေးသည်။

"ဧကရာဇ်မင်းမြတ် လက်ချက်လား"

[အဲဒီလို ကောင်းမွန်တဲ့ အရက်တွေအတွက် နှမြောစရာပဲ၊ အဲဒါတွေ အကုန်လုံးက ကောက်နှံတွေကနေ လုပ်ထားတာကို]

"ဒီလိုကိစ္စမျိုးကို မပြောနဲ့၊ အိမ်ရှေ့စံမင်းသားရဲ့ လှုပ်ရှားမှုတိုင်းက ခမည်းတော်ရဲ့စောင့်ကြည့်မှုအောက်မှာပဲ ရှိနေတာလေ"

[ဒါဆိုရင် ရှင် ထီးနန်းတက်ပြီးတာနဲ့ အောက်တန်းစားအဆင့် အတန်းကို ဖျက်သိမ်းပေးဖို့ မှတ်ထားပါ၊ တကယ်တော့ အောက်တန်းစား အလွှာကလူတွေဟာ အရမ်းဉာဏ်ကောင်းကြပါတယ်၊ သူတို့သာ နိုင်ငံတော် စာမေးပွဲတွေနဲ့ လုပ်ငန်းခွင်တွေမှာ ပါဝင်ခွင့်ရမယ်ဆိုရင် တာ့ချင့်မင်းဆက်အတွက် အကျိုးရှိစေမှာပါ]

ယင်ကျန်း ခေါင်းညိတ်သည်။

"ဒါက လုပ်ရမယ့် အရေးကြီးဆုံးကိစ္စပဲ၊ မင်းပြောသလိုပဲ သူတို့လည်း သာမန်လူတွေလိုပဲ တရားဝင်အခွင့်အရေးတွေကို ခံစားခွင့်ရသင့်တယ်၊ သူတို့အတွက် ထာဝရပြစ်ဒဏ်ချမှတ်ခံထားရဖို့မလိုဘူး၊ ဒါပေမဲ့ အဲဒါက နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်၊ မင်း ကိုယ့်ကို သတိပေးဖို့လိုမယ်နော်၊ ကိုယ်က အသက်ကြီးလာတော့ မှတ်ဉာဏ်က သိပ်မကောင်းတော့ဘူး"

ကမ်းချန်ချန် သူ့ မျက်နှာကို ဖက်ထားကာ သူ့ကို အထက် အောက် ကြည့်လိုက်ပြီး ယုံကြည်ချက်ရှိစွာဖြင့် ပြောသည်။

"လုံးဝ မအိုသေးပါဘူး၊ ရှင် အနည်းဆုံး နောက်ထပ်အနှစ်နှစ်ဆယ်လောက် တိုက်ပွဲဝင်နိုင်ပါသေးတယ်"

ယင်ကျန်း သူမ နဖူးကို ခပ်ဖွဖွ ပုတ်လာသည်။

"အဆိုးလေး"

All Chapters