အခန်း ၁၇၀
Vol. 17 Ch. 170
🌻 Chapter 170
ကမ်းချန်ချန်က သူမကို အမြန်ဆွဲထူလိုက်ပြီး နောက်ပြောင် သည်။
"နင်က နောက်လဆို သတို့သမီး ဖြစ်တော့မှာကို ဘယ်လိုလုပ် အိမ်ထောင်မပြုတော့ဘူးလို့ လွယ်လွယ်လေး ပြောရတာလဲ၊ သူဌေးကျားနဲ့ လုယူဖို့ ငါ မလုပ်ရဲပါဘူး"
ယွင်ရှုက ပြန်ပြောသည်။
"ဟွန့်၊ သူက ဘယ်သူမို့လို့လဲ၊ စားသောက်ဆိုင် ကုန်သည်တစ်ယောက်ကို စဲဖူက သူဌေးကျားလို့ ခေါ်ဖို့တောင်တန်လို့လား၊ စဲဖူက ကျွန်မအပေါ် အရမ်းကောင်းခဲ့တာ၊ အခုကလည်း အရေးကြီးတဲ့ အချိန်လေ၊ ဒီလိုအချိန်မှာ ကျွန်မ အိမ်ထောင် ပြုဖို့ ထွက်သွားရင် ကျွန်မက အသည်းနှလုံးမရှိတဲ့သူ ဖြစ်မသွားဘူးလား"
ကမ်းချန်ချန် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြောသည်။
"ဒါပေမဲ့ ဒီမှာ နင့်ကို မလိုအပ်ပါဘူး"
ယွင်ကျွမ်း "ဟုတ်တယ်၊ ဟွာယွီနဲ့ ငါက စဲဖူကို နင့်ထက် ပိုကောင်းကောင်း ပြုစုပေးနိုင်တယ်"
ဟွာယွီ "မှန်တာပေါ့၊ ဒီမှာက နင်မရှိလို့ မဖြစ်တာမှ မဟုတ်တာ၊ ဒါပေမဲ့ သူဌေးကျားဆီမှာကတော့ သူ့ဇနီးမရှိလို့ တကယ်ကို မဖြစ်တာလေ"
ယွင်ရှုမှာ စကားများ နင်သွားရသည်။
"နင်... နင်တို့ကတော့ တကယ်ပဲ"
သူမက ခြေစောင့်ကာ လှည့်ထွက်သွားပြီး မျက်နှာတစ်ခုလုံးနီရဲနေလေသည်။ ဟွာစန်းက သူမကိုပြောသည်။
"ငါကတော့..."
ယွင်ရှု မျက်လုံးများ အရောင်လင်းလက်သွားသည်။
"ဟွာစန်း... နင် ငါနဲ့ မခွဲရက်ဘူး မဟုတ်လား"
ဟွာစန်း နောက်ဆုံးစကားလုံးကို ပြောချလာသည်။
"သကြားလုံး"
လူတိုင်း တဝါးဝါး တဟားဟားရယ်မောကြသည်။ ယင်ကျန်းသည် တောက်ပသော အပြုံးဖြင့် ဝင်လာသည်။
"ကိုယ် ကြားတယ်..."
ကမ်းချန်ချန် ပြုံးလျက် ခေါင်းညိတ်ပြသည်။ ယင်ကျန်းက သူမကို ဖက်ထားကာ လူပျိုပေါက်လေးတစ်ယောက်ပမာ ရယ်မောလာသည်။
"အရမ်းကောင်းတာပဲ၊ ကိုယ်တို့မှာ ကလေးလေးရပြီ"
ဟွာယွီက မြေပြင်ပေါ်တွင် ဒူးထောက်ချပြီး ဦးစွာပြောသည်။
"ဂုဏ်ယူပါတယ် စတုတ္ထမင်းသား၊ ဂုဏ်ယူပါတယ် စဲဖူ"
အခြားသူများကလည်း လိုက်ပြောကြသည်။ ယင်ကျန်းက အမိန့်ပေးလေသည်။
"ဒီခြံဝင်းထဲက အစေခံတွေကို တစ်နှစ်စာ လစာဆုကြေး ပေးလိုက်၊ ပြီးတော့ စံအိမ်ထဲက လူတိုင်းကို မုန့်တစ်သေတ္တာနဲ့ သကြားလုံး တစ်သေတ္တာစီ ပေးလိုက်"
စုဖေးရှန်က နာခံစွာဖြင့် "ဟုတ်ကဲ့ပါ"
အခြားသူများအားလုံးက ပြောသည်။
"ကျေးဇူးတင်ပါတယ် စတုတ္ထမင်းသား၊ ကျေးဇူးတင်ပါတယ် စဲဖူ"
ယင်ကျန်း လက်ယမ်းပြကာ ကျန်လူတိုင်းကို အရင်ထွက်သွားစေလိုက်သည်။ ကမ်းချန်ချန် စိတ်ထဲတွင် တွက်ချက်နေမိသည်။ တတိယသားတော်ဟုန်ရှစ်က မွေးဖွားပြီးနေပြီဆိုတော့ ဒါက ဟုန်လီများ ဖြစ်နေမလား။
သမိုင်းမှတ်တမ်းများအရဆိုလျှင် ဟုန်လီသည် နောက်နှစ်ဝန်းကျင်လောက်တွင် မွေးဖွားရမည်ဖြစ်သည်။ ကမ်းချန်ချန် နှုတ်ခမ်းများ ကွေးညွတ်သွားပြီးနောက် သူမ အမြန်ပြန်ထိန်းလိုက်ကာ မျက်မှောင်ကြုတ်လျက် ယင်ကျန်းကို ကြည့်ပြီး တုံ့ဆိုင်းစွာဖြင့် "ရှင်......"
ယင်ကျန်းသည် ဤတစ်ကြိမ်တွင်မူ သူမကို နားမလည်နိုင် ဖြစ်သွားသည်။ ဘာလို့များ သူမရဲ့စိတ်အခြေအနေက ဒီလောက်တောင် အပြောင်းအလဲ မြန်နေရတာလဲ...
"ဘာဖြစ်လို့လဲ"
ကမ်းချန်ချန်က မေးလာသည်။
"ရှင် တခြားလူနဲ့ အတူနေခဲ့ဖူးလား"
ယင်ကျန်း "..."
ကမ်းချန်ချန် သူ့အင်္ကျီလက်စကို အမြန်ဆွဲကာ ဖြည့်စွက်ပြောသည်။
"ကျွန်မက အုပ်ချုပ်ရေးအာဏာကိုလိုချင်လို့ မဟုတ်ပါဘူး၊ ကျွန်မက အရမ်းအရေးကြီးတဲ့ ကိစ္စတချို့ကို တွက်ချက်ကြည့်နေတာပါ၊ ဥပမာ... ရှင်က အပြင်မှာ တစ်ညတာ နေခဲ့ဖူးပြီး မမွေးသေးတဲ့ ကလေးတွေ ဘာတွေရနေတာမျိုး ရှိလားလို့"
ယင်ကျန်း သြရှရှဖြင့် ဒေါသတကြီး အော်လာသည်။
"ကမ်းချန်ချန်"
[ရှိလား မရှိဘူးလား။ ကျွန်မကို အမြန်ပြောလေ]
ယင်ကျန်းက သူမ တင်ပါးပေါ်သို့ လက်တင်ကာ ဆွဲလိမ် သည်။
"ကိုယ့်ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ"
ကမ်းချန်ချန် ညည်းတွာမိသည်။
"ထီဆုကြီးရဲ့နောက်ဆုံးဂဏန်းကို မခြစ်ခင်မှာ ထီထိုးတဲ့လူတစ်ယောက်ရဲ့ လက်က ဘယ်လောက်တောင် တုန်ယင်နေတတ်လဲဆိုတာကို ရှင် နားမလည်ပါဘူး"
ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။
"စံအိမ်ထဲမှာ လောင်းကစားလုပ်တာကို တားမြစ်ထားတယ်"
[ဟီးဟီး... ကိုယ့်နာရေးကိုယ် ကျင်းပရတာ သဘောကျတဲ့ အဲဒီကောင်လေးဟုန်ကျိုးက ကျွန်မ အကြိုက်နဲ့ ပိုကိုက်ညီပေမဲ့ ရှင့်ရဲ့စတုတ္ထသားတော် ဟုန်လီက ဧကရာဇ်ဖြစ်လာမှာလေ၊ သူသာ ကျွန်မရဲ့ ကျောထောက်နောက်ခံဖြစ်လာရင် ကျွန်မက တစ်သက်လုံးငြိမ်ငြိမ်လေးနေပြီး ဘာမှလုပ်စရာမလိုဘဲ အေးဆေးဖြတ်သန်းသွားလို့ရပြီ]
ယင်ကျန်း အသံ မြင့်တက်သွားသည်။
"ကျောထောက်နောက်ခံ ဟုတ်လား၊ ဒါဆို မင်းက အခု ကိုယ့်ကို ကျောထောက်နောက်ခံ တစ်ခုအနေနဲ့ပဲ မြင်တော့တာပေါ့"
ကမ်းချန်ချန်က ပြောသည်။
"မဟုတ်ပါဘူး... သေချာပေါက် မဟုတ်ရပါဘူး၊ ဘယ်မိန်းမကများ ကျောထောက်နောက်ခံ ရဖို့အတွက် ကလေးမွေးမှာလဲ"
ယင်ကျန်း စိတ်သက်သာရာရသွားသည်။
"ကိုယ့်နာရေးကိုယ် ကျင်းပမယ်ဆိုတာက ဘယ်သူလဲ၊ မင်းက ဒီလိုတာဝန်မဲ့တဲ့ အပြုအမူတွေနဲ့ ကိုယ့်ကို ရူးအောင် လုပ်နေတာလား"
ကမ်းချန်ချန် ခေါင်းယမ်းလာသည်။
"အဲဒါ တရားဝင်သတင်းမဟုတ်တဲ့ သမိုင်းမှတ်တမ်းတချို့ကဖြစ်ကောင်းဖြစ်မှာပါ၊ ရှင်က ပိုပြီး သဘောထားကြီးသင့်တယ်နော်၊ အနာဂတ်က ဒေါသတွေကြောင့် အခုချိန်မှာ မထိ ခိုက်ပါစေနဲ့၊ ရှင်သာ ကျန်းမာရေး ထိခိုက်သွားရင် ကျွန်မ စိတ်မကောင်းဖြစ်ရလိမ့်မယ်"
ယင်ကျန်း ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူမကို ကြည့်ကာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။
"မင်းကတော့ စကားပြော တကယ်တတ်တာပဲ"
မည်သို့ဖြစ်စေ ဟုန်ကျိုးဟုခေါ်သော သားလေး မွေးလာသည့်အခါ သူ့ကို သေသေချာချာ ဆုံးမသွန်သင်ပြီး ထိုသို့အဓိပ္ပာယ်မရှိတဲ့ အပြုအမူမျိုးတွေ လုပ်ခွင့်ပေးမည် မဟုတ်ချေ။
ဟုန်လီကတော့... ဟူး၊ ဘာလို့ သူ့ရဲ့ အနာဂတ်သားတော်တွေ အကုန်လုံးက ဒီလောက်တောင် ဒုက္ခပေးရတာလဲ..
နောက်ထပ် မိနစ်အနည်းငယ်လောက် စကားစမြည်ပြောပြီးနောက် ယင်ကျန်း ထွက်ခွာသွားသည်။ သူ ဖြေရှင်းစရာ ရုံးကိစ္စများ ရှိနေသေးသည်။ မထင်မှတ်စွာ သူ ဥယျာဉ်ထဲသို့ ရောက်သောအခါ သူ့ဆီသို့ တစ်ယောက်နောက်တစ်ယောက် ပြေးလာနေသော အမျိုးသမီးနှစ်ဦးကို တွေ့လိုက်ရသည်။
အရှေ့မှ အမျိုးသမီးကပြောကာ လှည့်အကြည့်တွင် သူ့ကို ဝင်တိုက်မိလုနီးပါး ဖြစ်သွားသည်။
"ဟားဟားဟား... ငါ့ကို လာဖမ်းလှည့်လေ"
ထိုအချိန်တွင် စုဖေးရှန်က သကြားလုံးနှင့် မုန့်များ ဝေငှသည့် တာဝန်ဖြင့် အလုပ်ရှုပ်နေပြီး ယင်ကျန်းအနားတွင် အခြားအစေခံများ မရှိသဖြင့် သူမ ရှေ့ဆက်မတိုးလာစေရန် သူမ ပခုံးကို လှမ်းကိုင်၍ တားလိုက်ရသည်။
ထိုအမျိုးသမီး ရပ်တန့်သွားပြီး ယင်ကျန်းကို မြင်သောအခါ သူမ မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို မော့ကြည့်လာသည်။ သူမ အကဲခတ်သလို အကြိမ်အနည်းငယ် ကြည့်ပြီးနောက် မျက်လွှာ ပြန်ချသွားလေသည်။
သူမက အရိုအသေပေးရမယ်ဆိုတာတောင် မသိဘူးလား၊ သူမရဲ့ အပြုအမူက တကယ့်ကို ရိုင်းစိုင်းလွန်းတယ်...
သူက သူမ ဝတ်စားဆင်ယင်မှုကို တစ်ချက်ကြည့်ကာမေး သည်။
"မင်းက... ဖူကျင်းရဲ့ ညီမလား"
သူမအနောက်မှ ချောင်ယင်းလည်း အမောတကော ရောက်ရှိလာပြီး ယင်ကျန်းရှေ့တွင် ဒူးထောက်ကာ ငိုသံပါကြီးဖြင့် လျှောက်တင်သည်။
"စတုတ္ထမင်းသား... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ၊ ဒါက ဖူကျင်းရဲ့ညီမ ချွမ်းကျူးပါ၊ သူမက မနေ့ကမှ စံအိမ်ကို ရောက်လာတာပါ"
ယင်ကျန်းက ခေါင်းညိတ်သည်။
"ငါ သိတယ်"
သူမသည် ဖူကျင်း ညီမဖြစ်သောကြောင့် ပြစ်ဒဏ်ပေးရန် မလွယ်ကူပေ။ သူတို့က လင်မယားတွေဖြစ်သောကြောငိ့ ဖူကျင်း မျက်နှာကို ငဲ့ကွက်ရမည်ဖြစ်သည်။ သူမသာ စံအိမ်က အစေခံမလေးတစ်ယောက်ဆိုလျှင် သူ လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ပေ။
ယင်ကျန်း ထွက်သွားပြီးနောက် ချွမ်းကျူးသည် သူ့ကျောပြင်ကိုငေးကြည့်ကာ သူမ ပဝါကို လိမ်ချေရင်း မျက်နှာနီရဲလျက် ပြောသည်။
"သူ့ဆီက နေရောင်ခြည်နံ့လေး ရနေတယ်"
အေးစက်ပြီး ခန့်ညားတဲ့ အသွင်အပြင်၊ တကယ့်ကို အရှိန် အဝါကြီးတာပဲ...
ထိုစကားကို ကြားသောအခါ ချောင်ယင်းနှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားသည်။
"သခင်မလေးသုံး... ဘာပြောလိုက်တယ်"
ချွမ်းကျူးက သူမကို တစ်ချက်ကြည့်လာသည်။
"ငါ နင့်ကို ပြောပြရင်တောင် နင် နားလည်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက ငါ့ကို ဂရုစိုက်ပုံပဲ၊ ငါက စံအိမ်ရဲ့ ဧည့်သည်ဆိုတာ သူ သိနေတယ်၊ ပြီးတော့ ခုနက ငါ့ပခုံးကိုတောင် ကိုင်လိုက်သေးတယ်"
ချောင်ယင်းမှာ ခေါင်းပင်မူးသွားသလို ခံစားလိုက်ရသည်။
"သခင်မလေး... သူက... ဒါက..."
"သူ ဘာလုပ်နေလဲ သွားကြည့်ရအောင်၊ ပြီးရင် သရဲဟန် ဆောင်ပြီး သူ့ကို ခြောက်ကြမယ်"
ချွမ်းကျူး ယင်ကျန်းနောက်သို့ လိုက်ချင်ဟန်ဖြင့် ခုန်ပေါက်ကာထွက်သွားသည်။ ချောင်ယင်းက သူမကို အမြန်ဖမ်းဆွဲထားရသည်။
"သခင်မလေးသုံး... ဖူကျင်းက သခင်မလေးကို အတွင်း ဆောင်ခြံဝင်းထဲမှာပဲ ဆော့လို့ရမယ်၊ အပြင်ဘက်ခြံဝင်းကို မသွားရဘူးလို့ ပြောထားတယ်လေ"
ချွမ်းကျူး သူမကို တွန်းထုတ်လိုက်သည်။
"ခွေးလို အစေခံမ၊ နင်က ငါ့ကျဲ နာမည်သုံးပြီး ငါ့ကို ဖိအားပေးလို့ရမယ် ထင်နေတာလား"
ချောင်ယင်း လက်များမှာနှင်းပွင့်များဖြင့် ဖုံးလွှမ်းသွားသည်။ အေးခဲနေပြီဖြစ်သော သူမ လက်များမှာ ယခုအခါ အရိုးထဲထိ စိမ့်ဝင်နာကျင်နေသည်။ သူမက မတ်တပ်ရပ်လိုက်သည်။
"သခင်မလေးသုံး... ကျေးဇူးပြုပြီးတော့ ပြန်ကြရအောင်... နေ့လယ်စာစားချိန် နီးနေပြီ၊ ဖူကျင်းက ကျွန်မတို့နဲ့အတူ စားဖို့ စောင့်နေပါတယ်"
ချွမ်းကျူးက သူမကို လျစ်လျူရှုကာ ဆက်လိုက်သွားသည်။ ယင်ကျန်းသည် အရှေ့ဘက်ခြံဝင်းသို့ ပြန်ရောက်လာရာ မင်းသားဆယ့်သုံးက သူ့ကို စောင့်နေနှင့်ပြီ ဖြစ်သည်။
မင်းသားဆယ့်သုံးနှင့်အတူ စာကြည့်ဆောင်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အနောက်ဘက်မှ ချိုသာချွဲနွဲ့သော အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းသားဆယ့်သုံး... အရမ်းကောင်းတာပဲ၊ ရှင်လည်း ဒီမှာရှိနေတာကိုး၊ နောက်တစ်ခါကျရင် မူးတဲ့အထိ အတူတူ ထပ်သောက်ကြရအောင်"
ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။ သူမက ဘာလို့ သူ့နောက်ကို လိုက်လာရတာလဲ၊ တကယ့်ကို ရိုင်းစိုင်းတာပဲ၊ ဒါက ဘယ်လိုစကားပြောမျိုးလဲ...
ယင်ကျန်းထံမှ ထွက်ပေါ်နေသော အေးစက်သည့် အရှိန်အဝါကို လုံးဝဂရုမစိုက်ဘဲ ချွမ်းကျူးသည် မင်းသားဆယ့်သုံးအနားသို့ ချဉ်းကပ်ကာ မျက်စိမှိတ်ပြလာသည်။
မင်းသားဆယ့်သုံးက "အားတဲ့အခါကျမှ ဆက်ပြောကြတာပေါ့"
ချွမ်းကျူးက မင်းသားဆယ့်သုံးကို တံတောင်ဖြင့် တွတ်ကာ ပြောသည်။
"ဒါဆိုလည်း သဘောတူပါတယ်နော်"
ချောင်ယင်းက အနောက်မှ အမောတကောနှင့် ချွေးသံတရွဲရွဲဖြင့် လိုက်လာသည်။
"သခင်မလေးသုံး... ပြန်ကြရအောင်ပါ"
ယင်ကျန်းက "မင်းတို့အချင်းချင်း သိကြလို့လား"
မင်းသားဆယ့်သုံးက ဖြေသည်။
"ကျွန်တော်တို့ နှစ်ခါလောက် ဆုံဖူးပါတယ်"