အခန်း ၁၇၃
Vol. 18 Ch. 173
🌻 Chapter 173
ချွမ်းကျူးက ပြောသည်။
"တကယ်လား၊ ကျဲရဲ့ကိုယ်ပိုင် လက်ရေးကိုတောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလား၊ ဖူကျစ်... ဘုရားသခင်ရဲ့ ကျေးဇူးတော်က ကောင်းချီးမင်္ဂလာတွေ စီးဆင်းမှုကို ရပ်တန့်စေတယ်တဲ့၊ ကျဲက တော်တော်လေးကို သိုဝှက်ထားနိုင်တာပဲ၊ ကျဲက ဘုရားကို တကယ် ယုံကြည်တာလား၊ ဒါမှမဟုတ် နေ့တိုင်း ဘုရားကျောင်းဆောင်ထဲမှာ ဘုရားစာကူးပြီး ဝတ်ပြုတဲ့နေရာမှာ ကျဲရဲ့ ကိုယ်ပိုင် ရမ္မက်ဆန္ဒတွေကို ဖြည့်ဆည်းနေတာလား"
ဖူကျင်း အဆုံးတော့ နားလည်သွားပြီဖြစ်သည်။ ချွမ်းကျူးသည် သူမ လက်ရေးကျင့်စာအုပ်ကို ရှာတွေ့သွားခြင်းဖြစ်သည်။ သူမ ပခုံးများ နိမ့်ကျသွားသည်။
ဒီကောင်မလေးက ငယ်ငယ်ကတည်းက သူမ အခန်းထဲကို ခိုးဝင်ပြီး မွှေနှောက်ရတာ သဘောကျခဲ့တာ၊ ယခုအချိန်အထိ သူမက ဒီလောက်တောင် ယုတ်မာနေဆဲဖြစ်မည်ဟု သူမ မထင်ထားခဲ့ပေ။
ချွေ့မားမားသည် လက်ရေးကျင့်စာအုပ်ကို စစ်ဆေးရန် ဘုရားကျောင်းဆောင်သို့ ပြေးသွားနှင့်ပြီဖြစ်သည်။ ခဏအကြာတွင် သူမသည် အမြန်ပြန်ပြေးလာရာ သူမ၏ ငွေရောင်ဆံပင်များပေါ်တွင် ချွေးပေါက်များတွဲခိုနေသည်။ သူမက ဖူကျင်း နားနားကပ်၍ တိုးတိုးလေး ပြောသည်။
"စာမျက်နှာတစ်ခု ပျောက်နေပါတယ်"
ဤမျှ တိုတောင်းသော အကွာအဝေးလေးတွင်ပင် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းသော ချွေ့မားမားမှာ ချွေးအေးများ ထွက်လာခဲ့ရသည်က ဤကိစ္စ၏ကြီးမားလှသော အတိုင်းအတာကိုပြသနေသည်။
ချွမ်းကျူးမှာ အလွန်အမင်း ကျေနပ်နေလေသည်။ သူမအစ်မ အားနည်းချက်ကို လက်ဆုပ်လက်ကိုင် ဖမ်းမိသွားပြီဖြစ်သည်။ ဖူကျင်းက မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ဖွင့်ကာ ပြောသည်။
"ငါတို့ နှစ်ယောက်စလုံးက ဝူလာနာလာမျိုးနွယ်စုကပဲ၊ ဒါကို နင် ပြောပြလိုက်လို့လည်း နင့်အတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး၊ ပြောစမ်း နင် ဘာလိုချင်တာလဲ"
ချွမ်းကျူးက လက်ပိုက်လိုက်ပြီး ပြောသည်။
"ကျွန်မက ကျဲနဲ့ မတူဘူး၊ ဂုဏ်ပုဒ်တွေကို ဂရုမစိုက်ဘူး၊ ကျွန်မက ကျဲရဲ့ယောကျ်ားကို လုဖို့ ဒီကိုလာတယ်လို့ ထင်ရင်တော့ ကျဲ ကျွန်မကို အထင်သေးလွန်းရာ ကျသွားပြီ"
ဖူကျင်းနှင့် ချွေ့မားမားမှာ နားမလည်နိုင်ဖြစ်သွားသည်။
"ဒါဆို ဒီနှစ်ရက်အတွင်း နင် ဘာတွေ ကြံစည်နေတာလဲ"
ချွမ်းကျူးက ခေါင်းစောင်းကာ ပြုံးလာသည်။
"ကျွန်မ ဒီစံအိမ်မှာ အချိန်နည်းနည်းလောက် ပိုနေချင်ရုံလေးပါ၊ အဲဒါက တောင်းဆိုတာ များသွားလို့လား၊ စိတ်မပူပါနဲ့ ကျဲ၊ ကျွန်မ ဆော့လို့ ဝသွားရင် ထွက်သွားမှာပါ၊ ပြီးရင် အစ်မရဲ့ လျှို့ဝှက်ချက်ကိုလည်း ပြန်ပေးခဲ့ပါ့မယ်"
ထို့ကြောင့် ဖူကျင်းမှာ သူမကို ဆက်နေခွင့်ပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ညနေစောင်းလာသောအခါ ယင်ကျန်းသည် ရုံးကိစ္စများ ပြီးစီးသွားသဖြင့် ကမ်းချန်ချန်နှင့်အတူ ညစာစားရန် စီစဉ်လေသည်။ သို့သော် ဥယျာဉ်ထဲသို့ ရောက်သောအခါ အမျိုးသမီးတစ်ဦး ကနေသည်ကို သူ တွေ့လိုက်ရသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကက သိပ်မကောင်းလှပေ။ ယင်ကျန်းသည် သူမကို တစ်ချက်သာ ကြည့်လိုက်ပြီး လိုရာခရီးကို ဆက်သွားသည်။
ချွမ်းကျူးသည် သူမ အလှည့်အပတ် ကကွက်အပြီးတွင် ယင်ကျန်းက ရပ်ကြည့်မနေကြောင်း သတိပြုမိသွားကာ အော်လိုက်ပြီး ဘေးသို့ လဲကျသွားလေသည်
ယင်ကျန်း စုဖေးရှန်ကို ကြည့်လိုက်ရာ သူက သူမအနားသို့ ချဉ်းကပ်သွားသည်။
"သခင်မလေး ချွမ်းကျူ... ဘာဖြစ်လို့လဲ"
ချွမ်းကျူ "ခြေကျင်းဝတ် လည်သွားလို့၊ အရမ်းနာတာပဲ"
သူမက ယင်ကျန်းရှိရာသို့ လှမ်းကြည့်သော်လည်း သူက အဝေးသို့ ထွက်သွားနေပြီဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူမ မျက်နှာအမူအရာ မှောင်မိုက်သွားရသည်။
စုဖေးရှန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ သူမနှင့်အတူ အစေခံမလေးများ ပါမလာသည်ကို တွေ့ရသဖြင့် မေးသည်။
"ဒါဆို ကျွန်တော် တွဲပို့ပေးရမလား"
စတုတ္ထမင်းသားရဲ့ အစေခံတစ်ယောက်က ငါ့ကို တွဲပို့ပေးတယ်ဆိုတာက တော်တော်လေး ဂုဏ်တက်စရာပဲ...
"ကောင်းပြီလေ"
စုဖေးရှန်က ချွမ်းကျူးကို တွဲပို့လာသည်ကို မြင်သောအခါ ချွေ့မားမားက လှောင်ပြုံးပြုံးမိသည်။
ချွမ်းကျူးက အမိန့်ပေးသည့် လေသံဖြင့် "အရင် ပြန်သွားတော့၊ စတုတ္ထမင်းသားကို ငါ အဆင်ပြေပါတယ်လို့ ပြောပြီး သူ့ကို စိတ်အေးအေးထားဖို့ ပြောလိုက်ပါ"
စုဖေးရှန်မှာ နားမလည်နိုင်ဖြစ်သွားသော်လည်း အငြင်းပွားရန် မသင့်တော်ဟု ခံစားရသဖြင့် ထွက်ခွာလာသည်။
ကမ်းချန်ချန် ခြံဝင်းအပြင်ဘက်သို့ ရောက်သောအခါ စုဖေးရှန်သည် ယင်ကျန်းက ကမ်းချန်ချန်နှင့်အတူ အစာစားနေသည်ကို မြင်လိုက်ရပြီး သူတို့ ပျော်ရွှင်မှုကို အနှောင့်အ ယှက် မပေးလိုသဖြင့် ဝင်ရောက် သတင်းပို့ခြင်းမပြုခဲ့ပေ။
ရက်အနည်းငယ်အကြာတွင် ချွမ်းကျူသည် မက်မွန်ပင်အောက်တွင် မက်မွန်ပန်းအချို့ကိုခူးကာ နမ်းရှိုက်နေသည်။ ထိုစဉ် ကမ်းချန်ချန်က ဖြတ်သွားရင်း မက်မွန်ပင်ကို တစ်ချက်ကြည့်ကာ တန့်သွားသော်လည်း ဘာမျှမပြောဘဲ သူ လမ်းကို ဆက်လျှောက်သွားလေသည်။
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ဟွာယွီက "စဲဖူ... အဲဒီမက်မွန်ပင်က စတုတ္ထမင်းသားနဲ့ မင်းသားဆယ့်သုံးတို့ အတူတူ စိုက်ထားခဲ့တာ မဟုတ်ဘူးလား၊ သူမက ဘယ်လိုလုပ် အဲဒါကို ခူးရဲတာလဲ"
ကမ်းချန်ချန် "သူမက မင်းသားဆယ့်သုံးနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ကြားတယ် မဟုတ်လား"
ဟွာယွီ နှုတ်ခမ်းဆူကာ ပြောသည်။
"ဟုတ်တယ်၊ စံအိမ်တစ်ခုလုံး ပျံ့နှံ့နေတာပဲ၊ သူတို့က ညနက်ပိုင်းမှာတောင် အတူတူ သောက်ခဲ့ကြသေးတယ်၊ တစ်ယောက်က တော်ဝင်မိသားစုဝင်၊ နောက်တစ်ယောက်က ဂုဏ်သရေရှိ မျိုးနွယ်စုက အမျိုးသမီးတစ်ယောက်
ယောကျ်ား မိန်းမကြားက သင့်လျော်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတောင် ဘယ်လိုလုပ် မလေးစားဘဲ နေနိုင်ရတာလဲ၊ ပြီးတော့ သူမနဲ့ မင်းသားဆယ့်သုံးအကြောင်း ကောလဟာလတွေတင် မဟုတ်ဘူး..."
ဟွာယွီ စကားတန့်သွားသည်။
ကမ်းချန်ချန် "ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်၊ ဒါကြောင့် ငါတို့ ဝင်မရှုပ်ရဘူး၊ ဘာမှလည်း မပြောရဘူး"
"စဲဖူ... စိတ်မပူပါနဲ့၊ ကျွန်မ အခန်းထဲမှာပဲ ဒီအကြောင်း ပြောမှာပါ၊ မဟုတ်ရင် ကျွန်မ နေရထိုင်ရ ခက်နေလို့"
ထို့နောက် ကမ်းချန်ချန်က မေးသည်။
"ယွင်ရှု အခြေအနေ ဘယ်လိုနေလဲ၊ အခက်အခဲ တစ်ခုခုများ ရှိနေလား"
ဟွာယွီ "မရှိပါဘူး၊ စဲဖူ ပြင်ဆင်ပေးထားတဲ့ မင်္ဂလာဆောင် လက်ဖွဲ့တွေ အကုန်လုံး ပို့ပေးလိုက်ပါပြီ၊ ကျားစုက ယွင်ရှုအပေါ် အရမ်းကောင်းပါတယ်"
ကမ်းချန်ချန်က ပြောသည်။
"အဲဒီလိုဆိုရင်တော့ ငါ စိတ်အေးရပါပြီ၊ သူမမှာ ဆွေမျိုးတွေ မရှိဘူးလေ၊ ဒါကြောင့် ငါတို့က သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေပဲ"
သူမသည် သူမ ကိုယ်ဝန်ကိုသာ အာရုံစိုက်ချင်ပြီး အခြား မည်သည့်အရာကိုမျှ စိတ်မဝင်စားပေ။
ချွမ်းကျူ ရည်ရွယ်ချက်က မည်သို့ဖြစ်နေပါစေ သူမက စတုတ္ထမင်းသားသာမက မင်းသားဆယ့်သုံးကိုပါ မြှူဆွယ်ချင်နေရင်တောင်မှ သူမနဲ့ ဘာမှမဆိုင်ပေ။
လူတစ်ယောက် ခွန်အားက ကန့်သတ်ချက်ရှိသည်။ ကိုယ့်စွမ်းရည်ထက် ကျော်လွန်သောအရာများကို အမြဲတမ်း ဝင်စွက်ဖက်ရန် ကြိုးစားနေခြင်းသည် မိမိကိုယ်ကို သံသယဝင်ခြင်းနှင့် တုံးအခြင် လက္ခဏာဖြစ်သည်။
သဘာဝကျကျပင် သူမသည် ယင်ကျန်းအပေါ် ခံစားချက်ရှိပြီး ချွမ်းကျူ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်များကို မမြင်ဘဲနေသည်တော့ မဟုတ်ပေ။ သို့သော် သူမသည် သူတစ်ပါးကို မချစ်ခင် မိမိကိုယ်ကို အရင်ချစ်ရမည်ကို သိထားသည်။။သူမသဝန်တိုနေမည့်အစား သူမကိုယ် သူမ အရင် ဂရုစိုက်ဖို့ လိုအပ်သည်။
ကမ်းချန်ချန် "သမားတော်ကျန်းဆီ နောက်တစ်ခေါက် သွားပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ အစားအသောက်နဲ့ ဆေးဝါးတွေအကြောင်း စာအုပ်တချို့ သွားယူချေ၊ ငါ ဖတ်ချင်လို့"
သို့သော် ဟွာယွီက စာအုပ်များနှင့်အတူ ပြန်လာသောအခါ ထူးခြားသော သတင်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။
"နျန်ကုန်းယောင်ရဲ့ ညီမက မင်းသားဆယ့်လေးရဲ့ ကိုယ် လုပ်တော်အဖြစ် လက်ထပ်တော့မယ်တဲ့"
ကမ်းချန်ချန် မယုံကြည်နိုင်ဘဲ ပြောလိုက်သည်။
"နင် နားကြားလွဲတာ ဖြစ်ရမယ်၊ စတုတ္ထမင်းသားဖြစ်ရမှာလေ မင်းသားဆယ့်လေး မဟုတ်ဘူး"
ဟွာယွီ မျက်လုံးများ ပြူးကျယ်သွားကာ ပြောသည်။
"သူမက ဘယ်လိုလုပ် ကျွန်မတို့စံအိမ်ကို ဝင်လာမှာလဲ၊ သူမသာ ကျွန်မတို့စံအိမ်ကို လက်ထပ်ဝင်လာမယ်ဆိုရင် ဘာသတင်းမှ မထွက်ဘဲနေပါ့မလား"
ကမ်းချန်ချန်က ဟွာယွီစကား အဓိပ္ပာယ်ရှိသည်ဟု ထင်သော် လည်း ဤကိစ္စကို အဓိပ္ပာယ်မရှိဟု ခံစားနေရဆဲဖြစ်သည်။
"အဲဒါ နျန်ကုန်းယောင်ရဲ့ ညီမဆိုတာ နင် သေချာလား"
ဟွာယွီ "မမှားပါဘူး။ နျန်ကုန်းယောင်က စီချွမ်ကနေ အထူး တလည် ပြန်လာတာ၊ နျန်စံအိမ်ကို ပိုးသားအနီတွေနဲ့ အလှဆင်ထားပြီး တွေ့တဲ့လူတိုင်းကို မင်္ဂလာသကြားလုံးတွေ ဝေနေတာ၊ စိတ်ဝင်စားစရာကောင်းတာက အဲဒီမင်္ဂလာသကြား လုံးတွေကလွန်ခဲ့တဲ့ ရက်အနည်းငယ်က စဲဖူ ကိုယ်ဝန်ရှိတယ်ဆိုတာ ကြားပြီးနောက် စတုတ္ထမင်းသားက အစေခံတွေကို ဝေခဲ့တဲ့ သကြားလုံးတွေနဲ့ တစ်ပုံစံတည်း ဖြစ်နေတာပဲ"
ကမ်းချန်ချန် မျက်မှောင်ကြုတ်မိသည်။
"ကောင်းပြီ၊ ငါ နားလည်ပြီ"
ထိုနေ့ ညနေပိုင်းတွင် ကမ်းချန်ချန်က ယင်ကျန်းကို မေးလိုက်သည်။
"မင်းသားဆယ့်လေးက ကိုယ်လုပ်တော်တစ်ယောက် လက် ထပ်တော့မယ်လို့ ကြားတယ်"
ယင်ကျန်း သူမကို တစ်ချက်ကြည့်ကာ ပြန်ဖြေသည်။
"အင်း"
ကမ်းချန်ချန်က ဆက်ပြောသည်။
"အဲဒါ နျန်ကုန်းယောင်ရဲ့ ညီမနဲ့ တူတယ်နော်"
ယင်ကျန်း "အဲဒါ ချွင်းလင်ပါ၊ အရင်က မင်း တွေ့ဖူးတယ်လေ၊ လှေပေါ်မှာ ကနေတဲ့တစ်ယောက်လေ"
ကမ်းချန်ချန် ရင်ထဲတွင် ဗြောင်းဆန်သွားရသည်။
"သူတို့က ဘယ်လိုလုပ် အတူတူဖြစ်သွားတာလဲ"
ယင်ကျန်း "အခု မင်းသားရှစ်ရဲ့ အုပ်စုက မင်းသားဆယ့်လေးအပေါ် အာရုံစိုက်နေကြတယ်၊ ပြီးတော့ မင်းသားဆယ့်လေးကလည်း လူရွယ်ဘဝရဲ့ အကောင်းဆုံးအချိန်မှာ ရှိနေတာဆိုတော့ နျန်ကုန်းယောင်က သူ့အပေါ် လောင်းကြေးထပ်တာ ပုံမှန်ပါပဲ"
ကမ်းချန်ချန် အစ်အစ်အောက်အောက်ဖြင့် ထပ်မေးသည်။
"ဒါပေမဲ့ နျန်ကုန်းယောင်က ရှင့်လူ မဟုတ်ဘူးလား"
ယင်ကျန်း မျက်လုံးများ အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားသည်။
"သူက ငါ့လူ ဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အခြေအနေတွေက မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာ၊ တကယ်လို့ သူက မင်းသားဆယ့်လေးနဲ့ ပူးပေါင်းသွားရင် ငါ့လူ မဟုတ်တော့ဘူးလေ"
[ဒါဆို သူက ဘာလို့ ရှင့်အပေါ် သစ္စာမရှိတော့တာလဲ]
ယင်ကျန်း "ငါ ပြောခဲ့တယ် မဟုတ်လား၊ သူက မင်းသားဆယ့်လေးအပေါ် လောင်းကြေးထပ်ချင်တာလို့"
[တကယ်လား၊ ဒါပေမဲ့ သမိုင်းမှတ်တမ်းအရဆို အဲဒီလို မဖြစ်သင့်ပါဘူး...]
ယင်ကျန်းသည် စကားကို လှည့်ပတ်ပြောမနေတော့ဘဲ သူမ လည်ပင်းကို ပွတ်သီးပွတ်သပ်လုပ်ကာ ရယ်မောလျက် ပြောသည်။
"ကိုယ်က နျန်ကုန်းယောင်ရဲ့ ညီမကို လက်ထပ်ခဲ့သင့်တာ၊ ဘာလို့ ဒီတစ်ခါကျမှ အခြေအနေတွေ ပြောင်းလဲသွားတာလဲလို့ မင်း ထပ်ပြောတော့မလို့လား"