← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

🌻 Chapter 176

[ရှင်က ကျွန်မကို စိတ်အနှောင့်အယှက်ပေးဖို့အတွက်ပဲ ပါးစပ်ပါလာတာလား၊ ကျွန်မ ကိုယ်ဝန်ရှိနေတာကိုတောင် ရှင်က ဒီလိုပြောရက်တယ်ပေါ့၊ ကျွန်မ မလှရင် ဘယ်သူက လှလို့လဲ၊ ကျွန်မက ဒီလောကမှာ အလှဆုံး မိန်းမပဲ]

ယင်ကျန်း သူမ နဖူးကို နမ်းလိုက်ပြီး ပြောလာသည်။

"ဒေါသမထွက်ပါနဲ့၊ ကိုယ့်မျက်လုံးထဲမှာတော့ မင်းက အရမ်းလှနေတုန်းပါပဲ"

ကမ်းချန်ချန် လက်က သူ့ ခါးအောက်သို့ ရောက်သွားသည်။

"ရှင် ကျွန်မဆီမှာ ညအိပ်ဖို့ မကြာခဏ လာပေမဲ့ ကျွန်မတို့ ဘာမှလုပ်လို့ မရဘူးဆိုတော့ ရှင် နေရမခက်ဘူးလား"

ယင်ကျန်း သူမမေးခွန်းကို ရှောင်လွှဲလိုက်ပြီး သူ့လက်က သူမ ကြီးမားနေသော ဗိုက်ကို ပွတ်သပ်နေသည်။

"ကလေးရဲ့လှုပ်ရှားသံတွေကို နားထောင်ကြည့်ပါရစေဦး"

သူ ဖြေချင်ပုံမရသည်ကို ကမ်းချန်ချန် သိသဖြင့် သူမက သူ့ကိုအလွတ်မပေးဘဲ သူမ လက်ချောင်းများက ကျွမ်းကျင်စွာ ဆွဲဆိတ်၊ လိမ်ချေကာ စက်ဝိုင်းပုံစံ လှည့်ပတ်ရင်းပြော သည်။

"ရှင် အသက်ရှူကြပ်နေသလို ခံစားရလားလို့ ကျွန်မ မေးနေတယ်လေ"

ယင်ကျန်း သည်းခံနေရင်း အသက်ပြင်းပြင်းရှူကာ သူ့ဖြူဝင်းသော ပါးပြင်များပေါ်တွင် သွေးရောင်များ လွှမ်းလာသည်။

"မင်း သိပြီးသားပဲကို ဘာလို့ မေးနေသေးတာလဲ"

ကမ်းချန်ချန် သူမလက်ကို ဖယ်လိုက်သည်။

"အရမ်းကောင်းတာပဲ၊ ရှင် ကျွန်မနဲ့အတူတူ ဒုက္ခခံရမှာပေါ့"

သူမက သူမဗိုက်ကိုကိုင်ကာ ထွက်သွားရန် ထရပ်လိုက်သော် လည်း သူက အနောက်မှနေ၍ သူမကို ဖိကပ်လိုက်ပြီး သူ့ ခေါင်းကို သူမလည်ပင်းကြားတွင် အပ်ကာ သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း ရယ်မောလျက် ပြောသည်။

"မင်းကတော့ တကယ့်အဆိုးလေးပဲ"

ကမ်းချန်ချန် သူ့ ရင်ခွင်ထဲသို့ မှီချလေသည်။

"ကျွန်မရဲ့ဝက်ခြေထောက်ကြီးကို သတင်းပို့ရရင်၊ ဒီအဆိုးလေးက ရှင့်အတွက် အဆိုးလေး နှစ်ယောက် မွေးပေးတော့မှာနော်"

ယင်ကျန်း "...မင်း တော်တော် ပင်ပန်းနေရပြီ"

ကလေးမွေးဖွားခြင်းမှာ အလွန်ပင်ပန်းခက်ခဲလှသည်။ အထူး သဖြင့် အမြွှာကလေးများဖြစ်ပြီး ရှေးခေတ်ကာလတွင် ပိုခက်ခဲလှသည်။

ထို့အပြင် စတုတ္ထမင်းသားဖူကျင်းသည် ကမ်းချန်ချန်အတွက် ကြီးမားသော လက်ဆောင်တစ်ခုကိုပြင်ဆင်ထားသည်။ ဖူကျင်းသည် ကမ်းချန်ချန်ကို ဒုက္ခပေးရန် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း သစ္စာဖောက်ခြင်းကို သူမ မနှစ်မြို့ပေ။

ယွင်ရှုသည် မူလက သူမ လူဖြစ်ပြီး သူမအမိန့်များကို နာခံခဲ့သော်လည်း ကမ်းချန်ချန်၏ယုံကြည်ရသူတစ်ဦး ဖြစ်လာခဲ့ကာ သူမအတွက် အလုပ်မလုပ်ပေးတော့ပေ။

တကယ်လို့ ဖူကျင်းကသာ ယွင်ရှုကို ဤအတိုင်း လွှတ်ထားလိုက်လျှင် အခြားအစေခံမလေးများက သူမကိုအနိုင်ကျင့်ရလွယ်သည်ဟုထင်ပြီး ဘာကန့်သတ်ချက်မှမရှိဘဲ သူမကို သစ္စာဖောက်ကြမည် မဟုတ်ပါလား။

ယခုအခါ ယွင်ရှုကို ကမ်းချန်ချန်က စံအိမ်မှ ထွက်ခွာခွင့် ပြုလိုက်ပြီးနောက် အိမ်ထောင်ကျသည်မှာ လအနည်းငယ်ရှိပြီဖြစ်ရာ သူမမှာလည်း ကိုယ်ဝန်အသစ်လေးလွယ်ထားရပြီဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးမှာ အလွန်ကြည်နူးဖွယ်ကောင်း သော အချိန်ကာလလေးကို ဖြတ်သန်းနေကြသည်။

ဖူကျင်းသည် လူတစ်ယောက်ကို စေခိုင်းကာ ယွင်ရှုအစား အစာထဲတွင် သွေးများ အဆက်မပြတ် အန်ထွက်စေသော သွေးစွန်းနေဝင်ဆည်းဆာဟုခေါ်သည့် အဆိပ်တစ်မျိုးကို ခတ်ခိုင်းသည်။

အဆိပ်အာနိသင် ပြလာပြီးနောက် ဤအရာမှာ ဖူကျင်း လက်ချက်ဖြစ်ကြောင်း ယွင်ရှုသိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ချွေ့မားမားက တစ်ခါနောက်ပြောင်သည့်အနေဖြင့် ပြောဖူးသောကြောင့် ဖြစ်သည်။

"တကယ်လို့ နင်က ဖူကျင်းကို သစ္စာဖောက်ရင် နင်က ဥဩငှက်လိုမျိုး သွေးအန်ပြီး သေရလိမ့်မယ်"

ကမ်းချန်ချန်နှင့်အတူ နှစ်ပေါင်းများစွာ သက်သောင့်သက် သာ နေထိုင်ခဲ့ရပြီးနောက် သူမ စံအိမ်မှ ထွက်ခွာသွားပြီးမှ ဖူကျင်းက လက်စားချေလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်ထားခဲ့ပေ။ သို့သော် ကမ်းချန်ချန်မှာ ကလေးမွေးဖွားခါနီးဖြစ်နေပြီဖြစ်ရာ သူမကြောင့် ကမ်းချန်ချန် အာရုံလွဲသွားစေရန် ခွင့်မပြုနိုင်သဖြင့် ယွင်ရှုကမှာကြားလေသည်။

"ဒီကိစ္စကို... အဟွတ် အဟွတ်... ရှင် လုံးဝ... အဟွတ် အဟွတ်... ကမ်းစဲဖူကို မပြောပြပါနဲ့"

သူမ ခင်ပွန်းဖြစ်သော အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး လူငယ်လေးက သူမကို ပဝါဖြင့် သွေးများသုတ်ပေးသည်။

"စိတ်မပူပါနဲ့၊ သမားတော်တစ်ယောက် သွားခေါ်ခိုင်းလိုက်ပါ့မယ်၊ အကောင်းဆုံး သမားတော်ကို ခေါ်ပြီး မင်းကို သေချာပေါက် ကုသပေးနိုင်မှာပါ"

သို့သော် သမားတော်များအားလုံးမှာ ကူကယ်ရာမဲ့နေကြသဖြင့် ယွင်ရှုခင်ပွန်းသည် မင်းသားစံအိမ်သို့ လူတစ်ယောက် စေလွှတ်ကာ ကမ်းစဲဖူနှင့် တွေ့ဆုံပြီး နန်းတွင်းသမားတော်တစ်ယောက် ရှာဖွေပေးရန် အကူအညီတောင်းလိုကြောင်း ပြောခိုင်းလိုက်သည်။ ကိုယ်ရံတော်များက ထိုအဘွားအိုကို ဝင်ခွင့်မပေးသဖြင့် သူမက ပြဿနာရှာလေတော့သည်။

ထိုအချိန်တွင် ချွေ့မားမားက အမှတ်မထင်ဖြတ်သွားရာ ထိုအဘွားအိုကို ကမ်းချန်ချန် ခြံဝင်းဆီသို့ ခေါ်ဆောင်သွားလေသည်။ ထိုအချိန်တွင် ကမ်းချန်ချန်မှာ ကလေးမွေးဖွားနေပြီး ခြံဝင်းတစ်ခုလုံး အလုပ်ရှုပ်နေကြသည်။ ဟွာယွီက ထိုအဘွားအိုကို မှတ်မိသွားသည်။

"ဘာလို့ ဒီကိုလာတာလဲ"

ထိုအဘွားအိုက အမှန်အတိုင်း အမြန်ပြောပြလေသည်။ ဟွာယွီ တုံ့ဆိုင်းသွားသည်။

"ဒါပေမဲ့ စဲဖူက ကလေးမွေးနေတာ၊ ငါတို့ သူမကို ဒါတွေပြောပြပြီး အာရုံလွဲသွားအောင် လုပ်လို့မဖြစ်ဘူး၊ အဆိပ်ဖြေဆေးတွေ အထူးကုတဲ့ နန်းတွင်းသမားတော်ကို သွားပင့်ဖို့ နန်းတော်ထဲ ဝင်ချင်ရင်တောင် ဖူကျင်းရဲ့တံဆိပ်ပြား လိုအပ်တယ်"

ယွင်ကျွမ်း "ဒါဆို အထဲဝင်ပြီး ဖူကျင်းကို သွားတောင်းဆိုကြရအောင်"

ဖူကျင်းသည် ကမ်းချန်ချန် ကလေးမွေးဖွားမည့်အချိန်ကို အပြင်ခန်းတွင် စောင့်ဆိုင်းနေသည်။ ဤအကြောင်းကို ကြားသောအခါ သူမက ပြောသည်။

"ချွေ့မားမား... ငါ့ရဲ့ တံဆိပ်ပြားကို ယူသွားလိုက်ပါ၊ ယွင်ရှုရဲ့ အသက်က ပိုအရေးကြီးပါတယ်၊ ဘာပဲဖြစ်ဖြစ် သူမက ငါတို့အိမ်က လာတာပဲလေ"

ချွေ့မားမား "စတုတ္ထမင်းသားဖူကျင်းက တကယ့်ကို ကြင်နာတတ်တာပဲ"

နန်းတွင်းသမားတော်ကို ဆင့်ခေါ်ခဲ့ပြီး တကယ်လည်း သူ့ ဆေးပညာစွမ်းရည်မှာ အလွန်ကောင်းမွန်လှသဖြင့် ယွင်ရှုအသက်ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် အချိန်နှောင်းသွားခြင်းကြောင့် သူမ ကျန်းမာရေးမှာ ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး ကိုယ်ဝန်ပျက်ကျသွားကာ သူမ သက်တမ်းမှာလည်း ဆယ်နှစ်အောက်သာ ကျန်တော့လေသည်။

ဤသတင်းသည် စံအိမ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အခြေ အနေမှန်ကို မသိသောသူများစွာက ကြင်နာတတ်သော ဖူကျင်း နှလုံးသားကိုချီးမွမ်းခဲ့ကြသည်။

ချွေ့မားမား အရိပ်အမြွက်ပြောဆိုခြင်းခံခဲ့ရသော သူလျှိုများ၊ အစေခံမလေးများနှင့် မိန်းမစိုးများသာလျှင် သူတို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားကြရသည်။

ဖူကျင်းသည် စံအိမ်အတွင်းရှိ သူတို့ အသက်နှင့် သေဆုံးခြင်းအာဏာကို ချုပ်ကိုင်ထားရုံသာမက သခင်အသစ်ကို ဖော်လံဖားကာ သူမထံမှ စာချုပ်များကို ပြန်လည်ရရှိပြီး စံအိမ်မှ ထွက်ခွာသွားသူများပင်လျှင် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးကြောင်း သူတို့ နားလည်သွားကြသည်။

တကယ်လို့ ဖူကျင်းက သူတို့ကို ကလေးမွေးခိုင်းချင်ရင် သူတို့ မွေးရမယ်၊ တကယ်လို့ သူတို့ကို သေခိုင်းချင်ရင်လည်း သူတို့က အသံတိတ် သွေးအန်ပြီး သေရမှာပဲ...

ကလေးမွေးဖွားသည့်နေ့တွင် ယွင်ရှုအဖြစ်အပျက်ကြောင့် လန့်သွားသဖြင့် ကမ်းချန်ချန်၏ နို့များ ခန်းခြောက်သွားခဲ့ပြီး ပြန်လည်ကောင်းမွန်ရန် လဝက်ခန့် အချိန်ယူခဲ့ရသည်။

ကံကောင်းစွာဖြင့် စံအိမ်က နို့ထိန်းသည်တစ်ဦးကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။

အမြွှာကလေးများအနက် တစ်ယောက်မှာ ကျန်းမာရေးချို့တဲ့မှုကြောင့် ငယ်ရွယ်စဉ်မှာပင် သေဆုံးသွားတတ်လေ့ရှိသည်။

သို့သော် ကံကောင်းစွာဖြင့် ကလေးနှစ်ယောက်စလုံး ကျန်းမာပုံပေါ်သည်။ ကလေးမွေးဖွားပြီးနောက် အကြောပြတ်ရာများသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး နူးညံ့သောအလင်းရောင်နှင့်အတူ အလင်းဖောက်ထွင်းနိုင်သော အဖြူရောင်သို့ ပြောင်းလဲသွားသည်။

လူ့ခန္ဓာကိုယ်မှာ အံ့သြစရာကောင်းသည်။ စိတ်အခြေအနေ ကောင်းမွန်နေပြီး ဆိုးကျိုးများကို ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်သရွေ့ သူ့အလိုလို ပြန်လည်ကုသနိုင်စွမ်း ရှိသည်။

ကမ်းချန်ချန်သည် မှန်ထဲတွင် ကြည့်လိုက်ရာ သူမ မျက်လုံးများတွင် ရင့်ကျက်သော ကျက်သရေတစ်ခုကို ခံစားလိုက်ရပြီး ယုံကြည်မှုကို ပြန်လည်ရရှိလသည်။

မိခင်တွေက တကယ့်ကို ကြီးမြတ်တယ်၊ အခု ငါလည်း မိခင်တစ်ယောက်ဖြစ်လာပြီဆိုတော့ ငါလည်း ကြီးမြတ်တာပေါ့...

"လောကကြီးမှာ အကောင်းဆုံးဆိုလို့ မိခင်တစ်ယောက်ပဲ ရှိတယ်၊ မိခင်ရှိတဲ့ ကလေးလေးက..."

ကမ်းချန်ချန်သည် သားလေးကို သိပ်ရန် သီချင်းညည်းနေစဉ် ရုတ်တရက် သူမ မျက်လုံးများကို အအုပ်ခံလိုက်ရသည်။

သူမက နောက်ပြောင်သောလေသံဖြင့် ပြောသည်။

"စတုတ္ထမင်းသား... ရှင်က အသက်ကြီးလာလေ ပိုပြီး ကလေးဆန်လာလေပါလား"

ယင်ကျန်း လက်ကအောက်သို့ ရွေ့သွားကာ သူမခါးကို ဖက်လာသည်။

"သားတွေ ရလာတော့ မင်းရဲ့ယောင်္ကျားကို မချစ်တော့ဘူးလား"

ကမ်းချန်ချန် အနားသို့ တိုးသွားကာ သူ့ နှုတ်ခမ်းထောင့်ကို နမ်းလေသည်။

"ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ၊ ရှင်က ကျွန်မရင်ထဲမှာ အမြဲတမ်းအရေးအကြီးဆုံးလူ ဖြစ်နေမှာပါ"

ယင်ကျန်း ပြုံးလျက် "ကိုယ်တို့ သားနှစ်ယောက်ရဲ့ နာမည်တွေကို ရွေးပြီးပြီ၊ ဟုန်လီနဲ့ ဟုန်ကျိုး တဲ့"

ကမ်းချန်ချန်သည် ဘွဲ့လွန်သင်တန်းတစ်ခုသို့ အတန်းဝင်ခွင့်ရသွားသကဲ့သို့ ပျော်ရွှင်မှုမျိုးကိုခံစားလိုက်ရသည်။

"ဟုန်လီကို ရှင် ဂရုစိုက်လိုက်၊ ဟုန်ကျိုးကိုတော့ ကျွန်မ ဂရုစိုက်ပါ့မယ်"

ယင်ကျန်းက "အဲဒီလို မတွေးနဲ့၊ ကိုယ်ကိုယ်တိုင် ကလေးနှစ်ယောက်စလုံးကို သွန်သင်ဆုံးမမယ်၊ မင်း သူတို့ကို အမှားတွေ သင်ပေးမှာကို ခွင့်မပြုနိုင်ဘူး"

[ရှင်ကများ အားနေတဲ့အတိုင်းပဲ]

ကမ်းချန်ချန် သူ့ ရင်ခွင်ထဲတွင် လှုပ်စိလှုပ်စိ လုပ်နေရင်း ပြန်ပြောသည်။

"ကျွန်မလို ဖြောင့်မတ်တဲ့သူက ကလေးကို ဘယ်လိုလုပ် လမ်းမှားရောက်အောင် သင်ပေးနိုင်မှာလဲ"

ယင်ကျန်း သူမကို အတွင်းခန်းထဲသို့ ပွေ့ချီသွားသည်။

"မင်း ဘယ်လောက်တောင် ဖြောင့်မတ်သလဲဆိုတာ ကြည့်ရသေးတာပေါ့"

နောက်တစ်နေ့တွင် ကမ်းချန်ချန် ကလေးသေးခံကို လဲပေးနေစဉ် ဟွာယွီက ဒေါသတကြီး ဝင်လာလေသည်။

"စဲဖူ... ဥယျာဉ်ထဲမှာ အစေခံမလေးတစ်ယောက်က စဲဖူ့အကြောင်း နောက်ကွယ်မှာ အတင်းပြောနေတာကို ခုနကပဲ ကျွန်မ ကြားလိုက်ရတယ်"

All Chapters