အခန်း ၁၈၁
Vol. 19 Ch. 181
🌻 Chapter 181
ယွင်ကျွမ်းက ဟုန်ကျိုး လက်ကိုဆွဲကာ ချက်ချင်း ထွက်သွားရန် ပြင်လိုက်ပြီး ဟုန်ကျိုးက နှင်းလုံးလေးကိုပါ ကောက်ချီသည်။ ကမ်းချန်ချန်က ဟုန်ကျိုးကို တားကာ နှင်းလုံးလေးကို ပွတ်သပ်ရင်း ညင်သာစွာ မှာကြားသည်။
"နှင်းလုံးလေးက အသက်ကြီးနေပြီပေမယ့် ဒီရက်ပိုင်း မကြာခဏ သေးထွက်ကျတတ်တယ်၊ တကယ်လို့ သားအပေါ် သေးပေါက်ချလိုက်ရင် သူ့ကို လွှင့်မပစ်ရဘူးနော်"
ဟုန်ကျိုးက ထူးထူးခြားခြား လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောသည်။
"သား သတိထားပါ့မယ်..."
အခန်းထဲတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ကမ်းချန်ချန် ယင်ကျန်း ရင်ခွင်ထဲသို့ မှီချလာသည်။
"ကျွန်မတို့ မနက်ဖြန် ထွက်ခွာရတော့မှာကို ရှင်က ဘယ်လိုလုပ် ဒီကိုလာဖို့ အချိန်ရနေသေးတာလဲ"
ယင်ကျန်း သူမရင်ဘတ်ကို ထိလျက် ပြောသည်။
"ဘာလို့လဲတော့ မသိဘူး၊ ကိုယ် နည်းနည်း စိတ်လေးနေလို့ မင်းကို ဖက်ထားချင်လို့ပါ"
ကမ်းချန်ချန် "ကိုယ်ရံတော်တွေ ထပ်စီစဉ်လိုက်ရမလား၊ ပိုင်လျန်ဂိုဏ်းက ပြန်လာပြီး ဒုက္ခပေးမှာကိုတော့ စိုးရိမ်တယ်"
ယင်ကျန်း ပြုံးလျက်ပင်။
"ခမည်းတော်နဲ့အတူ ခရီးသွားရမှာကို အဲဒီအတွက် ဘာလို့ ပူပန်နေရမှာလဲ"
ကမ်းချန်ချန် သူ့ခါးကို ဖက်တွယ်လာသည်။
"ရှင် တော်တော်ပင်ပန်းနေပြီ၊ ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကျွန်မ မျှဝေမခံစားပေးနိုင်တာ နှမြောစရာပဲ"
ယင်ကျန်း "မင်းက ကိုယ့်အတွက် သားနှစ်ယောက် မွေးပေးခဲ့ပြီး သူတို့ကို အရမ်းကောင်းကောင်း ပြုစုပျိုးထောင်ပေးခဲ့တာပဲ၊ အဲဒါကတင် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ"
ကမ်းချန်ချန်က ပြောသည်။
"အဲဒါ ကျွန်မ တစ်ယောက်တည်းရဲ့ အောင်မြင်မှု မဟုတ်ပါဘူး၊ ဒီအစေခံမလေးတွေ၊ နို့ထိန်းသည်တွေအပြင် စုယန်နဲ့ အစ်မစုန့်တို့ရဲ့ ကျေးဇူးတွေလည်း ပါပါတယ်"
ယင်ကျန်း သူမ ပါးပြင်ကို ပွတ်သပ်ကာ နူးညံ့စွာဖြင့်ပြော လာသည်။
"မင်းရဲ့ ကျေးဇူးက အကြီးမားဆုံးပါ"
နောက်တစ်နေ့ နံနက်တွင် ကမ်းချန်ချန်သည် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို ကြားလိုက်ရသည်။ နှင်းလုံးလေး သေဆုံးသွားပြီ ဖြစ်သည်။
သူမ ရင်ထဲတွင် အေးစက်သွားခဲ့သည်။
"ဘယ်လိုလုပ် သေသွားတာလဲ"
ဟုန်ကျိုး ငိုကြွေးလျက် "ဒီမနက် သား သူ့ကို သွားကိုင်ကြည့်တော့ သူ့နှာခေါင်းကနေ အသက်မရှူတော့တာကို တွေ့လိုက်ရတယ်"
ကမ်းချန်ချန် ဟုန်ကျိုးကို ပွေ့ချီကာ နှစ်သိမ့်ပေးသည်။
"မငိုနဲ့တော့နော်၊ ကြည့်ပါဦး .. မယ်တော် သားကို အပြစ်မတင်ပါဘူး၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနဲ့ သေဆုံးခြင်းဆိုတာတွေက သဘာဝတရားတွေပဲလေ"
"ဘယ်သူမှ ဘယ်သူ့ကိုမှ ထာဝရအဖော်ပြုမပေးနိုင်ပါဘူး၊ ကြောင်တစ်ကောင်အနေနဲ့ ဒီလောက်အထိ အသက်ရှင်နိုင်ခဲ့တာက တော်တော်လေးကို အသက်ရှည်နေပါပြီ"
ထွက်ခွာရန် အချိန်နီးကပ်နေပြီဖြစ်ရာ နှင်းလုံးလေးအတွက် အသုဘအခမ်းအနားကို သေချာစွာပြင်ဆင်ပေးရန် အချိန်မရှိတော့သဖြင့် ကမ်းချန်ချန်သည် မြှုပ်နှံရန်ကိစ္စကို ခြံဝင်းထဲရှိ မိန်းမစိုး လီဝမ်ထံသို့လွှဲအပ်ခဲ့သည်။
ကံကောင်းစွာဖြင့် သူမသည် နှင်းလုံးလေးအတွက် မြေမြှုပ်ရန် ကောင်းမွန်သောနေရာတစ်ခုကို ကြိုတင်ရွေးချယ်ထားခဲ့ပြီးဖြစ်ကာ နွေရာသီနန်းတော်မှ ပြန်ရောက်ပြီးနောက် ထိုနေရာသို့ ထပ်မံသွားရောက်ကြည့်ရှုမည်ဖြစ်သည်။
ရထားလုံးပေါ်တွင် ထိုင်နေရင်း ကမ်းချန်ချန်သည် သူမ သားနှစ်ယောက်ကို စကြည့်မိသည်။ ဟုန်လီသည် အတော်လေး လိမ္မာပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းများကို တိတ်တဆိတ်လိုက် လံကြည့်ရှုနေသည်။
ဟုန်ကျိုးမှာမူ အတော်လေး ဂနာမငြိမ်ဖြင့်ပင်။ တစ်ခဏတွင် လမ်းဘေးရှိ သစ်ပင်များ၊ ပန်းများနှင့် ငှက်များကို လက်ညှိုး ထိုးကာ ဒါက ဘာလဲ၊ ဟိုဟာက ဘာလဲဟု မေးနေတတ်ပြီး နောက်တစ်ခဏတွင်တော့ အိပ်မောကျသွားတတ်ကာ အစား အသောက်များကို အလွန်အကျွံစားသောက်ပြီး ဆီးသွားချင်၊ ဝမ်းသွားချင် ဖြစ်လာပြန်သည်။
ဧကရာဇ်မင်းမြတ်နှင့်အတူ ခရီးသွားနေချိန်တွင် သူက သူ့သဘောနှင့်သူ ရပ်ခိုင်းလို့ ရမည်လား။ ရထားလုံးထဲတွင် ယာယီဖြေရှင်းရန် မြေအိုးများကို အသုံးပြုရသည်မှာလည်း အနံ့အသက် ဆိုးရွားလှပေသည်။
အတိုချုပ်ပြောရလျှင် ကမ်းချန်ချန်မှာ ခေါင်းကိုက်နေရသည်။
သို့သော် သူတို့က သူမ သားများဖြစ်နေသောကြောင့် ကမ်းချန်ချန်သည် မကျေနပ်သည့် စကားတစ်ခွန်းမျှ မပြောရက်ခဲ့ပေ။ ထို့နောက် သူမက ဟုန်လီကို မေးသည်။
"သားက ဘာလို့ ဘာမှ မစားတာလဲ၊ ဗိုက်မဆာဘူးလား"
ဟုန်လီ "မုန့်တွေ အများကြီး မစားရဘူး၊ ဒါမှ အဓိကအစား အစာတွေကို သေသေချာချာ စားနိုင်မှာ၊ အဲဒါကကျန်းမာ ရေးအတွက်လည်း ကောင်းတယ်လို့ မယ်တော်စုယန်က ပြောတယ်"
ကမ်းချန်ချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဟုန်ကျိုးအား ပြောသည်။
"သား သူ့ဆီကနေ သင်ယူသင့်တယ်..."
ဟုန်ကျိုး ဖောင်းအစ်နေသော လက်လေးဖြင့် သူမ ပါးစပ်ကို ချက်ချင်းလာအုပ်ကာ ပြောသည်။
"ဟင့်အင်း၊ သားမှာ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိတယ်"
ကမ်းချန်ချန် သူ့ လက်ကို ဖယ်လိုက်ပြီး စူးစိုက်ကြည့်ကာ ပြောသည်။
"နောက်တစ်ခါ မယ်တော့်ပါးစပ်ကို လာကိုင်ရင် သားလက်ကို အရင်သုတ်ရမယ်နော်"
ဟုန်ကျိုး ခေါင်းစောင်းကာ မေးသည်။
"ဒါဆို ခမည်းတော်ကကျတော့ ဘာလို့ အဲဒီလို မလုပ်တာလဲ"
ကမ်းချန်ချန် ချက်ချင်းပင် ပြန်ဖြေသည်။
"ဘာလို့လဲဆိုတော့ သားက မယ်တော့်ရဲ့သားလေ၊ သူက မဟုတ်လို့ပေါ့"
ဟုန်ကျိုး လျှာထုတ်ကာ နှာမှုတ်လိုက်သည်။ ကမ်းချန်ချန် စိတ်တိုသွားပြီး သူ့ တင်ပါးကို နှစ်ချက်ခန့် ရိုက်လိုက်ရာ ဟုန်လီက ဘေးမှနေ၍ ရယ်နေသည်။
အဆုံးတွင် ကန်ရှီးက ရပ်နားရန်အမိန့်ပေးလိုက်သည်။ ဟွာယွီနှင့် ယွင်ကျွမ်းတို့က အပြင်ဘက်တွင် စောင့်နေကြသည်။ ကမ်းချန်ချန်သည် ကလေးများကို အောက်သို့ခေါ်သွားပြီး သူတို့ထံ အပ်လိုက်ကာ သူမသား မစင်များကို သွားရောက် ရှင်းလင်းရရာ တစ်ကိုယ်လုံး အနံ့အသက်ဆိုးများ စွဲကပ်သွားသလို ခံစားရသည်။
သူမက ပန်းပွင့်ဖတ် အချို့ကို ခူးကာ အနံ့ပျောက်စေရန် သူမ လက်များတွင် ပွတ်ချေပြီး မြစ်ကမ်းဘေးရှိ ရေဖြင့် လက်ကို ဆေးကြောသည်။ သူမ လက်ကို သုတ်နေစဉ်မှာပင် ယင်ကျန်းနှင့် အခြားမင်းသားအချို့သည် အဝေးတွင် ကန်ရှီးကို ဝန်းရံလျက် နေ့လယ်စာစားရန် ပြင်ဆင်နေကြသည်ကို မြင်လိုက်ရသည်။
ပြီးခဲ့သည့်တစ်ကြိမ် ရွှေနန်းတော်ထဲတွင် သူမ ကန်ရှီးကို မကြည့်ရဲခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကန်ရှီးသည် ယခုအခါ အသက်ခြောက်ဆယ်ကျော် အဘိုးအိုတစ်ဦးဖြစ်နေသည်။ သို့သော် သူသည် တက်ကြွလန်းဆန်းနေဆဲဖြစ်ပြီး ကျောပြင်က မတ်မတ်ရပ်နေဆဲပင်။
သူမ သက်ပြင်းချလိုက်သည်။ ဘဝဆိုတာ ဒီလိုပဲ ကုန်လွန် သွားခဲ့တာပဲ...
သူမ မြို့တော်မှ ဘယ်သောအခါမျှ မထွက်ခွာဖူးခဲ့ဘဲ ဟဲပေပြည်နယ်ရှိ နွေရာသီ အပန်းဖြေစံအိမ်သို့ သွားရခြင်းက အတော်လေး ရှည်လျားသော ခရီးတစ်ခုဖြစ်သည်။ ခေတ် သစ်ကာလမှာဆိုပါက သူမက ဟန်ကျိုးကို အားလပ်ရက် အပန်းဖြေဖို့ လေယာဉ်စီးသွားလို့ရပြီး ရက်အနည်းငယ်အတွင်း ပေကျင်းကိုပြန်လာနိုင်မည်။
သူမ နောင်တရနေတာလားဆို သေချာပေါက် ရတာပေါ့၊ ဒါပေမဲ့ ဒီခေတ်က လူတွေနဲ့ ယှဉ်လိုက်ရင်တော့ သူမက အလွန်အမင်း ကံကောင်းနေပါပြီ...
လူတစ်ယောက်က ရောင့်ရဲတင်းတိမ်တတ်ရမယ်၊ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်လည် နှစ်သိမ့်ရမလဲဆိုတာ သင်ယူရမယ်...
သူမသည် သူတို့တည်းခိုရာ နေရာရှိ စားသောက်မည့် နေရာသို့ လျှောက်သွားခဲ့သည်။ လီစဲဖူသည် အစားအသောက်များ ပြင်ဆင်ရန် လူတိုင်းကို ညွှန်ကြားနေနှင့်သည်။ ကမ်းချန်ချန် ရောက်လာသည်ကို မြင်သောအခါ သူမက ပြုံးလျက်ပြော သည်။
"ရောက်လာပြီလား၊ ကလေးတွေက ငယ်ငယ်တုန်းက ဒီလိုပါပဲ၊ အမြဲတမ်းပြဿနာရှာတတ်ကြတယ်လေ"
ကမ်းချန်ချန် ခေါင်းညိတ်ပြုံးပြသည်။
"ဘာအသား ချက်နေတာလဲ"
လီစဲဖူ ပြုံးလျက် "သမင်သားလေ၊ အခုလေးတင်ဖမ်းလာတာ၊ အရမ်းလတ်ဆတ်တယ်၊ ပြီးတော့ နို့လက်ဖက်ရည်နဲ့ လတ်ဆတ်တဲ့ သစ်သီးတွေလည်း ရှိသေးတယ်၊ အပြင်ဘက် ရောက်နေပေမဲ့ အစားအသောက်တွေက မဆိုးပါဘူး"
ကမ်းချန်ချန်သည် သူမ နို့လက်ဖက်ရည်ကို နှစ်ငုံသုံးငုံခန့် သောက်လိုက်သော်လည်း အချိုနှင့် အငန် ရောနေသော အရသာကို သိပ်ပြီး အသားမကျသေးပေ။ သူမက အချိုအရသာကို ပိုနှစ်သက်သည်။ စားသောက်ပြီးနောက် ယင်ကျန်းသည် သူတို့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။
"အကုန်လုံး အဆင်ပြေကြရဲ့လား"
ကမ်းချန်ချန်နှင့် လီစဲဖူတို့ နှစ်ဦးစလုံးက ပြုံးလျက် အဆင် ပြေကြောင်း ပြောကြသည်။ ယခုအခါ အသက်ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးဖြစ်နေပြီဖြစ်သော ဟုန်ယွင်က သူ့ရင် ဘတ်ကို ပုတ်ကာ ပြောလာသည်။
"ခမည်းတော်... မစိုးရိမ်ပါနဲ့၊ သားတော် ဒီမှာ ရှိပါတယ်"
ယင်ကျန်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
"ကောင်းပြီလေ၊ မင်းရဲ့ညီလေးတွေကို သေချာ ဂရုစိုက်ရမယ်နော်"
[ဒီမနက် ရှင့်သားက ကျွန်မကို ဘယ်လောက်တောင် ဒုက္ခပေးခဲ့လဲဆိုတာ ရှင် သိမှာ မဟုတ်ပါဘူး]
[ရှင် ငယ်ငယ်တုန်းကရော ဒီလောက် ဆိုးခဲ့တာလား၊ ဒီကလေးက ဘယ်သူနဲ့ တူတာလဲ မသိဘူး]
ယင်ကျန်းသည် ထိုနေရာတွင်ရပ်ကာ သူမကို ကြည့်လျက် ပြုံးရုံသာ ပြုံးနေပြီး နေရောင်အောက်တွင် အတော်လေး ထင်းနေသည်။ ကမ်းချန်ချန်က သူ့ကို ဒေါသတကြီးဖြင့် ရိုက်ရန်ပြင်လိုက်စဉ်မှာပင် သူက လျှောက်လာပြီး ဟုန်ကျိုးကို ပွေ့ချီကာ တည်ကြောသော မျက်နှာထားဖြင့် ပြောသည်။
"လိမ်လိမ်မာမာနေစမ်းပါ၊ မဟုတ်ရင် မင်းကို မြင်းပေါ် ခေါ်သွားလိုက်မယ်"
ဟုန်ကျိုး ချက်ချင်း လိမ္မာသွားကာ ယင်ကျန်း လက်မောင်းထဲမှ ခုန်ဆင်းရန် ရုန်းကန်ပြီး ကမ်းချန်ချန် အနောက်သို့ဝင်ပုန်းလိုက်ကာ မျက်မှောင်ကြုတ်လျက် ပြောသည်။
"သား မြင်းမစီးချင်ဘူး၊ သား ကြောက်တယ်"
ကမ်းချန်ချန်သည် သူ့ကို သနားသွားပြီး ယင်ကျန်းကို စူးစိုက်ကြည့်လာသည်။
[ဘာလို့ သူ့ကို သွားခြောက်နေရတာလဲ၊ ဟုန်ကျိုးက အမြင့်ကြောက်တတ်တာလေ]
ယင်ကျန်း ပြောစရာစကားမဲ့သွားသည်။
"မင်းက တစ်ဖက်မှာ သူ့ကို အလိုလိုက်ထားပြီး တစ်ဖက်မှာကျတော့ ညည်းတွားနေပြန်ပြီ"
[ဟွန်း... ကလေးထိန်းရတဲ့အချိန်မှာ ဘယ်မိန်းမကများ မညည်းတွားဘဲ နေမှာလဲ]
[ယောကျ်ားတွေက ကလေးမှ မထိန်းရတာ၊ အဲဒါကြောင့် သူတို့က မညည်းတွားတာပေါ့]
[ကလေးမထိန်းတာက တစ်ပိုင်း၊ ညည်းတွားသံ နည်းနည်းလေးကိုတောင် ဘာလို့ နားမထောင်ပေးနိုင်ရတာလဲ]