← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

🌻 Chapter 183

ထိုတင်မကဘဲ သူမ တစ်ကိုယ်လုံး အဖျားတက်နေသလို ခံစားလာရသည်။

သူမ ဤအခန်းထဲတွင် ဆက်နေ၍ မဖြစ်နိုင်တော့ပေ။ မဟုတ်လျှင် ယောကျ်ားတစ်ယောက် ဝင်လာပါက သူမ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ကမ်းချန်ချန်သည် အခန်းထဲမှ ချက်ချင်းပြေးထွက်လာခဲ့သည်။ သူမ နဖူးတွင် ချွေးအေးများ စီးကျနေပြီး ကျောပြင်တွင်လည်း ချွေးပူများ ထွက်လာလေသည်။ သူမ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး အဝတ်အစားများမှာလည်း ရှုပ်ပွနေသည်။

ဤအခြေအနေဖြင့် သူမ ညစာစားပွဲ ကျင်းပရာ ခန်းမသို့ ပြန်သွား၍ မရနိုင်တော့ပေ။ မဟုတ်လျှင် ဧကရာဇ်မင်းမြတ်အား မလေးမစား လုပ်သည်ဟု မြင်သွားနိုင်ပြီး ယင်းက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပေသည်။

ထို့ကြောင့် သူမသည် သူမ ခြံဝင်းရှိရာသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ညဉ့်နက်နေပြီဖြစ်ပြီး သူမကလည်း ဤနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ လမ်းမသိခဲ့ပေ။

ကံကောင်းစွာဖြင့် အရှေ့တွင် ရေကန်တစ်ခု ရှိနေသည်။

သူမက ထိုလိမ်းဆေးများကို ဖယ်ရှားရန်အတွက် သူမ၏ လက်မောင်းများကို ရေကန်ထဲမှ ရေဖြင့် ဆေးကြောရုံသာ လိုအပ်ပြီး၊ သူမ၏ မျက်နှာကို ရေပက်လိုက်လျှင် သူမ၏ သတိတရားများ ပြန်လည်ရရှိလာမည်ဖြစ်သည်။

သို့သော် သူမက ရေကန်ဘေးသို့ ရောက်၍ ဆောင့်ကြောင့် ထိုင်လိုက်စဉ် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော အလောင်းတစ်လောင်းကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အော်ဟစ်မိသည်။

"အား"

သူမ အော်ဟစ်ပြီးနောက် ရေကန်တွင် ထွန်းလင်းထားသော မီးရောင်ဖြင့် ထိုအလောင်းမှာ ဟုန်ယွင်အလောင်းဖြစ် ကြောင်း သူမ သိလိုက်သည်။

သူက ဘယ်လိုလုပ် သေနေရတာလဲ ?

သူက အဲဒီ မင်းသားငယ်လေးတွေနဲ့အတူ အရက်သောက်နေတာ မဟုတ်ဘူးလား၊ နေ့ဘက်တုန်းကတောင် တက်ကြွလန်းဆန်းနေတဲ့ လူငယ်လေးက ဒီလိုမျိုးပဲ...

ကမ်းချန်ချန် စိတ်အာရုံမှာ လုံးဝဗလာကျင်းသွားသည်။ အစတုန်းက သူတို့က သူမကို ဖောက်ပြန်နေတယ်လို့ စွပ်စွဲပြီး အကွက်ဆင်ဖို့ ကြိုးစားနေတယ်လို့ သူမ ထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ လူသတ်မှုကြီးဖြစ်နေတာပဲ...

သူမအနောက်တွင် ခြေသံများ ထွက်ပေါ်လာသည်။ ကမ်းချန်ချန် လှည့်ကြည့်လိုက်ရာ ယင်ရှန်ကို တွေ့လိုက်ရသည်။

ယင်ရှန်က မေးသည်။

"စတုတ္ထမရီးတော်... ဘာဖြစ်လို့လဲ"

သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ အလောင်းကိုတွေ့လိုက်ရသဖြင့် သူလည်း တုန်လှုပ်သွားသည်။

"ဟုန်ယွင်"

ယင်ရှန်သည် ဟုန်ယွင် အသက်ရှူသံ၊ သွေးခုန်နှုန်းနှင့် နှလုံး ခုန်သံတို့ကို စစ်ဆေးရန် ဒူးထောက်ချသော်လည်း အားလုံးကရပ်တန့်နေပြီဖြစ်သည်။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အခြားအမျိုးသမီးတစ်ဦးထံမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ရေဇလုံတစ်လုံး ပြုတ်ကျသွားသည့် အသံကို ကြားလိုက်ရသည်။ ထိုအမျိုးသမီးက မလှမ်းမကမ်းမှနေ၍ အလျင်အမြန် ပြေးထွက်သွားရာ သူမကျောပြင်ကို ကြည့်ရသည်မှာ ထိုနန်းတွင်းအစေခံမလေးနှင့် တူလေသည်။

အနီးအနားတွင် ကိုယ်ရံတော်အဖွဲ့အချို့က ထိုဆူညံသံကို ကြားလိုက်ရပြီး အရပ်သုံးမျက်နှာမှ သူတို့ဆီသို့ ပြေးလာကြသည်။ မှန်ပေသည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသော ရန်သူက သူတို့ကို တုံ့ပြန်ရန် မည်သည့်အချိန်မျှ မပေးခဲ့ပေ။

ပုန်းအောင်းရန် သစ်ပင်များမရှိသလို ရေကန်ထဲတွင် ပုန်းအောင်းရန်ဆိုသည်မှာလည်း စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ သူမနှင့် ယင်ရှန်သာ ပုန်းနေပြီး အတွေ့ခံရရင် သူတို့ကိုယ်သူတို့ ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်တော့ပေ။ ကိုယ်ရံတော်များကိုကြည့်ရင်း ယင်ရှန်က တစ်ခုခုကို သတိပြုမိသွားသည်။

"ဒီနေရာကို ကင်းစောင့်ဖို့တာဝန်ကျတာ ဘယ်သူလဲ၊ တစ် ယောက်ယောက် ရေထဲကျသွားတာကို ဘာလို့ သတိမထားမိတာလဲ"

ယင်ကျစ် ရှေ့သို့ထွက်လာသည်။

"ညီတော်ဆယ့်သုံး... မင်းနဲ့ စတုတ္ထမရီးတော်က ဒီမှာ ဘာလာလုပ်နေကြတာလဲ"

ယင်ရှန် အသက်ရှူမှားသွားသည်။

"ဒါက အစ်ကိုတော်ပဲ၊ တတိယအစ်ကိုတော်၊ အစ်ကိုတော်က ကျွန်တော့်ကို အကွက်ဆင်နေတာပဲ"

ယင်ကျစ် အပြစ်ကင်းဟန်ဖြင့် ပြောလာသည်။

"ညီတော်ဆယ့်သုံး... မင်း ဘာတွေပြောနေတာလဲ၊ ငါ နားမလည်ဘူး"

ယင်ရှန် "အစ်ကိုတော်က ၀န်မခံသေးဘူးပေါ့"

ထို့နောက် သူက ရှေ့သို့ ပြေးထွက်သွားကာ ယင်ကျစ်နှင့် စတင် တိုက်လေတော့သည်။ ကိုယ်ရံတော်များမှာ သူတို့ကို မတားရဲဘဲ ဘေးမှနေ၍ တားမြစ်နေသည်။

"တတိယမင်းသား၊ မင်းသားဆယ့်သုံး... ကျေးဇူးပြုပြီး ရပ်ကြပါတော့၊ ထိခိုက်ဒဏ်ရာတွေ ရသွားပါလိမ့်မယ်"

ကမ်းချန်ချန်သည် ဟုန်ယွင် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုရင်း ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ ခန္ဓာကိုယ်တွင် မည်သည့်အမာရွတ်မျှ မရှိပေ။ ဆိုလိုသည်မှာ ကလေးကို ရေထဲတွန်းချခဲ့သည့် လူသတ်သမားမှာ မည်သူမဆို ဖြစ်နိုင်ပေသည်။

အိုး... စံအိမ်ထဲမှာ ဒီလောက်ကြီးမားတဲ့ အာဏာလုပွဲမျိုးနဲ့ တစ်ခါမှ မကြုံဖူးပါဘူး၊ နန်းတွင်း အကွက်ဆင်မှုတွေက မစရသေးခင်မှာပဲ အခုလို စတင်နေပြီပေါ့၊ ဒီအချိန်မှာတော့ တည်တည်ငြိမ်ငြိမ်နေဖို့လိုတယ်

ဘာပဲဖြစ်ဖြစ် ဒါက ငါလုံးဝ မလုပ်ခဲ့တဲ့ ကိစ္စပဲတစ်ယောက် ယောက်က ငါ့ကို အကွက်ဆင်နေတယ်ဆိုရင်တောင် သေချာ ပေါက် ယုတ္တိမတန်တဲ့ အားနည်းချက်တွေ ရှိနေမှာပဲ၊ ပြီးတော့ အဲဒီနန်းတွင်းအစေခံမလေးက အဓိက သက်သေပဲ...

ခဏအကြာတွင် ဧကရာဇ်မင်းမြတ်နှင့် လူအုပ်ကြီး ရောက်ရှိလာလေသည်။ ကန်ရှီးသည် သတ်ပုတ်နေသော မင်းသားနှစ်ပါးကို ကြည့်ကာ သူ့ရင်ဘတ်ကို ဖိလျက် ဒေါသတကြီးဖြင့် အော်ဟစ်သည်။

"ရပ်လိုက်စမ်း၊ မင်းတို့လို လူမိုက်ကောင်တွေ"

လီစဲဖူက မယုံကြည်နိုင်စွာဖြင့် သူမ ပါးစပ်ကို အုပ်ထားလိုက်ပြီး အကျယ်ကြီး မငိုရဲပေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်မင်းမြတ်နှင့် ကိုယ်လုပ်တော်ယီတို့ နှစ်ဦးစလုံး ထိုနေရာတွင် ရှိနေသဖြင့် သူမ သားကိုကြည့်ရန် အရှေ့သို့ သွားရောက်ဖို့ပင် မဝံ့ရဲသောကြောင့် ဖြစ်သည်။

ဘာလို့ ဟုန်ယွင်က မလှုပ်မယှက် ဖြစ်နေရတာလဲ၊ သူက အသက်ဆယ့်ခုနစ်နှစ် ရှိနေပြီလေ၊ သူ့ကို ဘယ်လိုလုပ် သတ်လို့ ရနိုင်မှာလဲ...

နေ့ဘက်တုန်းကတောင် သူက သူ့ညီလေးကို ကာကွယ်ပေးမယ်လို့ ပြောခဲ့သေးတယ်၊ ဒီလောက် ကောင်းတဲ့ ကလေးလေးကို ဘယ်သူကများ ဒီလောက် ရက်ရက်စက်စက် သတ်ရက်ရတာလဲ...

သူမက ကမ်းချန်ချန်ကို သတ်ပစ်ချင်သည့်အလား စူးစိုက်ကြည့်နေသည်။

ကမ်းချန်ချန် ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

[သူမက ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေရတာလဲ၊ ဧကရာဇ်မင်းမြတ်ဆီ သတင်းပို့တုန်းက တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်လို့များလား]

ယင်ကျန်းသည် ဟုန်ယွင် ခန္ဓာကိုယ်ကို စစ်ဆေးနေသော နန်းတွင်းသမားတော်နောက်သို့ လိုက်ရန် အနားသို့ ရောက်လာခဲ့သည်။ ဤစကားကို ကြားသောအခါ သူက ခေါင်းကို အနည်းငယ် မော့ကာ သူမကို တစ်ချက် ကြည့်လိုက်သည်။

မင်းသားဆယ့်သုံးနှင့် သူမတို့က မရှင်းမလင်းနဲ့ ဖက်တွယ်နေကြတယ်ဟူသော စွပ်စွဲချက်ကို သူ လုံးဝ မယုံကြည်ခဲ့ပေ။

[ယင်ကျန်း... အဲဒီနန်းတွင်းအစေခံမလေးက ကျွန်မကို အကွက်ဆင်ပြီး လှည့်စားခဲ့တာ၊ ရှင့်ရဲ့ မင်းသားဆယ့်သုံးက တတိယမင်းသားရဲ့အကွက်ဆင်ခံလိုက်ရတယ်ဆိုတော့ ဒီအစေခံမလေးကလည်း တတိယမင်းသားရဲ့လူဖြစ်ဖို့ အလားအလာ အရမ်းများတယ်]

ကမ်းချန်ချန်သည် သူမ အခြေအနေကို ယင်ကျန်းအား သူမ စိတ်ထဲမှတစ်ဆင့် အမြန်ပြန်လည်ပြောပြသည်။ ထိုအချိန်တွင် တတိယမင်းသားနှင့် မင်းသားဆယ့်သုံးတို့သည်လည်း သတ်ပုတ်ခြင်းကို ရပ်တန့်ကာ ထိုနေရာတွင် ဒူးထောက်လိုက်ကြသည်။

မီးအိမ်များက ထိုနေရာတစ်ဝိုက်ကို နေ့လယ်ခင်းလို လင်းထိန်နေစေသော်လည်း ကံမကောင်းစွာဖြင့် လူတိုင်းနှလုံး သားထဲရှိ မှောင်မိုက်သော အတွေးများကိုတော့ မျက်နှာပေါ်တွင် ရေးမှတ်ထားခြင်းမရှိပေ။

ကန်ရှီးက ကျောကိုကိုင်းကာ မေးသည်။

"မင်းတို့နှစ်ယောက် ဘာကိစ္စနဲ့ တိုက်နေကြတာလဲ"

ယင်ရှန် "တတိယအစ်ကိုတော်က ရုံးကိစ္စ ဆွေးနွေးစရာ ရှိတယ်ဆိုပြီး ကျွန်တော့်ကို ဒီကို ဖိတ်ခေါ်ခဲ့တာပါ၊ ဒါပေမဲ့ သူက နောက်ကျမှ ရောက်လာပြီး ကိုယ်ရံတော် အဖွဲ့တစ်ဖွဲ့ကိုပါ ခေါ်လာခဲ့တယ်"

"မင်း လိမ်နေတာပဲ၊ ငါ မင်းကို လုံးဝမဖိတ်ခေါ်ခဲ့ဘူး၊ ဒီနန်းတွင်းအစေခံမလေးက ဒီဘက်ကနေ အထိတ်တလန့်နဲ့ ပြေးလာတာကို မြင်တော့ တစ်ခုခု ဖြစ်နေပြီလို့ထင်ပြီး ကိုယ်ရံ တော်တွေနောက်ကို လိုက်လာခဲ့တာ"

ကိုယ်ရံတော်ခေါင်းဆောင် "ကျွန်တော်တို့က ပုံမှန်ကင်းလှည့်နေတာပါ၊ အဲဒီနန်းတွင်းအစေခံမလေးကို မြင်ပြီးမှ ဒီဘက်ကို ရောက်လာခဲ့တာပါ"

ကန်ရှီး ဒေါသမပါဘဲ အာဏာပါပါဖြင့် ပြောသည်။

"ငါကိုယ်တော်က မင်းကို မေးလို့လား၊ ပြ၊ တော့ မင်းက ငါကိုယ်တော်ကို အဲဒီလို ပြန်ဖြေရဲတယ်ပေါ့"

ကိုယ်ရံတော်ခေါင်းဆောင်မှာ ပါးစပ်ပိတ်သွားပြီး တတိယမင်းသားကို တိတ်တဆိတ်လှမ်းကြည့်သည်။ ကန်ရှီးက အစေခံမလေးကို လက်ညှိုးထိုးကာ အမိန့်ပေးသည်။

"ထပ်ပြောစမ်း၊ သူတို့ကို ပြောပြလိုက်"

အစေခံမလေးက မြေပြင်ပေါ်တွင် ဒူးထောက်လျက် ပြောလေသည်။

"ကျွန်မက ကမ်းစဲဖူရဲ့ လက်မောင်းကို ဟင်းရည်ပူလောင်မိအောင် လုပ်လိုက်မိလို့ သူမကို ဆေးလူးပေးဖို့ ကျွန်မရဲ့ အခန်းကို ခေါ်လာခဲ့တာပါ၊ ဒါပေမဲ့ အရှေ့က မဏ္ဍပ်ကို ရောက်တဲ့အခါ သူမက ရုတ်တရက် ပင်ပန်းတယ်လို့ ပြောပြီး ဒီမှာပဲ စောင့်နေမယ်ဆိုပြီး ကျွန်မကို ဆေးနဲ့ ရေနွေးဇလုံ သွားယူခိုင်းပါတယ်

ကျွန်မလည်း သဘာဝကျကျပဲ နာခံခဲ့ပါတယ်၊ ဒါပေမဲ့ ဆေးနဲ့ ရေယူပြီး ပြန်လာတော့ ကမ်းစဲဖူကို မဏ္ဍပ်မှာ ရှာမတွေ့ခဲ့ပါဘူး၊ ဒါကြောင့် ကျွန်မက ဒီအထိ လိုက်ရှာခဲ့ပြီး... မင်းသားဆယ့်သုံးနဲ့ ကမ်းစဲဖူတို့ ဖက်နေကြတာကို တွေ့လိုက်ရတယ်၊ ပြီးတော့ မြေကြီးပေါ်မှာလည်း အလောင်းတစ်လောင်း ရှိနေတာကို တွေ့လိုက်ရပါတယ်"

ကမ်းချန်ချန်သည် သူမ မတရားခံရကြောင်း အော်ဟစ်ချငိသော်လည်း ကန်ရှီးက မမေးသဖြင့် သူမ ဘာမျှ မပြောနိုင်ပေ။ ယင်ကျန်းကို စိတ်ထဲမှတစ်ဆင့်သာ ပြောနိုင်တော့ သည်။

[အဓိပ္ပာယ်မရှိတာ]

ထိုအချိန်တွင် အလောင်းကို စစ်ဆေးပြီးသွားသော နန်းတွင်းသမားတော်က ကန်ရှီးကိုလျှောက်တင်လေသည်။

"သေဆုံးသွားတာ နာရီဝက်တောင် မရှိသေးပါဘူး၊ သေဆုံးရတဲ့ အကြောင်းရင်းက ရေနစ်သေဆုံးတာပါ"

ကန်ရှီး ကမ်းချန်ချန်ကို ကြည့်ကာ မေးသည်။

"သူမ ပြောတာ မှန်ရဲ့လား"

ကမ်းချန်ချန်သည် အသည်းအသန် ခုခံကာကွယ်ရန် စတင်လေတော့သည်။

"အားလုံး မမှန်ပါဘူး၊ ပထမအချက်... ကျွန်မတို့ အဲဒီမဏ္ဍပ်ကို မဝင်ခဲ့ပါဘူး၊ သူမရဲ့တဲငယ်လေးကို သွားခဲ့တာပါ၊ တကယ်လို့များ ကျွန်မက အဲဒီမဏ္ဍပ်မှာ တကယ်စောင့်နေခဲ့တယ်ဆိုရင် ကင်းလှည့်နေတဲ့ ကိုယ်ရံတော် တစ်ဖွဲ့လောက်ကတော့ အနည်းဆုံး ကျွန်မကိုမြင်ခဲ့ရမှာပေါ့"

ကန်ရှီး အချက်ပြလိုက်ရာ လျန်ကျိုကုန်းက ကိုယ်ရံတော်များကို မေးလိုက်သည်။

"သူမကို မဏ္ဍပ်ထဲမှာ တွေ့ခဲ့လား"

All Chapters