အခန်း ၁၈၄
Vol. 19 Ch. 184
🌻 Chapter 184
ကိုယ်ရံတော်များအားလုံး နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းကြသည်။ အလွန်အပြစ်ရှိနေသော အစေခံမလေးသည် သူမ နှုတ်ခမ်းကို ကိုက်လျက် ပြောသည်။
"သူမက ကျွန်မကို ဖယ်ရှားပြီးတာနဲ့ ဒီရေကန်ဘေးကို တန်းပြီးလာတာလည်း ဖြစ်နိုင်တာပဲလေ၊ ရေကန်ဘေးက တော်တော်လေး မှောင်နေတော့ ကိုယ်ရံတော်တွေ သူမကို မမြင်တာက သဘာဝပါပဲ"
ယင်ရှန် မော့ကြည့်ကာ "ဒီကိုယ်ရံတော်တွေက အရပ်သုံးမျက်နှာကနေ လာကြတာ၊ ရေကန်ပေါ်မှာ လရောင်ကလည်း လင်းထိန်နေတယ်၊ ကိုယ်ရံတော်တွေက တစ်ဖက်တည်းကနေ သူမကို မမြင်ဘူးဆိုရင်တော့ သဘာဝကျပါတယ်၊ ဒါပေမဲ့ သူတို့က ဘယ်လိုလုပ် သုံးဖက်စလုံးကနေ သူမကို မမြင်ဘဲနေမှာလဲ"
အစေခံမလေးမှာ တိတ်ဆိတ်သွားလေသည်။ ယင်ကျစ်ကလည်း မော့ကြည့်ကာ ကမ်းချန်ချန်ကို မေးခွန်းထုတ်လေသည်။
"မင်းက အဲဒီတဲငယ်လေးဆီ သွားခဲ့တယ်လို့ ပြောနေမှတော့ အဲဒီထဲမှာ ဘာတွေရှိလဲဆိုတာ ပြောပြစမ်း၊ မင်းက အဲဒါတွေကို ဖော်ပြနိုင်မှသာ မင်း အဲဒီကို သွားခဲ့တယ်ဆိုတာကို သက်သေပြနိုင်မှာ"
ကမ်းချန်ချန်က အမှန်အတိုင်း ပြောပြသည်။ ပြီးသွားသော အခါ ယင်ကျစ်သည် သူ့ မျက်လုံးများထဲရှိ ဝင့်ကြွားမှုကို မဖုံးကွယ်နိုင်တော့ဘဲ ပြောသည်။
"ခမည်းတော်... အဲဒါကို စုံစမ်းဖို့ လူလွှတ်လိုက်လို့ ရပါတယ်"
ကန်ရှီးသည် ခေါင်းကို အနည်းငယ် လှည့်လိုက်ရာ လျန်ကျိုကုန်းက ထိုနေရာသို့ ကိုယ်တိုင် သွားရောက်လေသည်။
ကန်ရှီး "ဆက်ပြော... ဒုတိယအချက်က ဘာလဲ"
ကမ်းချန်ချန်သည် သူမ လက်မောင်းကို ကြည့်ကာ ပြော သည်။
"ဒုတိယအချက်အနေနဲ့... ကျွန်မ အဲဒီအခန်းငယ်လေးထဲမှာ လိမ်းဆေး လူးခဲ့ပါတယ်၊ အဲဒါက ပူရှိန်းရှိန်းရနံ့လေး ကျန်နေရပါမယ်၊ အရှင်မင်းကြီးအနေနဲ့ ရေမွှေးနံ့တွေကို ကျွမ်းကျင်တဲ့ အစေခံမလေး တစ်ယောက်ယောက်ကို အဲဒါကို စစ်ဆေးခိုင်းလို့ ရပါတယ်၊ ဒီနန်းတွင်းအစေခံမလေးမှာလည်း အဲဒီအနံ့ ရှိနေရပါမယ်"
အစေခံမလေးမှာ အထိတ်တလန့် ဖြစ်သွားလေသည်။ သူမက လိမ်းဆေးကို လဲလှယ်ပြီးသွားပြီဖြစ်ရာ အဆင်ပြေသွားပြီဟုထင်ခဲ့သော်လည်း သူမကိုယ်ပေါ်တွင် အကြွင်းအကျန်အချို့ရှိနေသေးသည်ကို သူ ဘယ်လိုလုပ် မေ့သွားရတာလဲ။
သူမက လက်ချောင်းကို မြှောက်ကာ သူမ လက်သည်းများကို နမ်းကြည့်ချင်ခဲ့သော်လည်း ချက်ချင်းပြန်ရုပ်မိသည်။
လူတိုင်း စောင့်ကြည့်မှုအောက်တွင် သူမ၏ သေးငယ်သော လှုပ်ရှားမှုလေးသည် ပိုမိုထင်ရှားလာခဲ့ပြီး သဘာဝကျကျပင် လူတိုင်းက သူမကို စတင် သံသယဝင်လာကြသည်။
နန်းတွင်းအစေခံမလေးတစ်ယောက်အနေဖြင့် တော်ဝင်မိသားစုဂုဏ်သိက္ခာကို ထိခိုက်စေမည့်စကားမျိုးကို ဤမျှ ပွင့်ပွင့်လင်းလင်း ပြောဆိုရဲခြင်းကပင် သံသယဖြစ်ဖွယ် ရဲတင်းလွန်းနေပြီ ဖြစ်သည်။ ကမ်းချန်ချန်က ပြောသည်။
"တတိယနဲ့ အရေးအကြီးဆုံး အချက်က... သူမက ကျွန်မကို လိမ်းဆေး လူးပေးပြီးသွားတော့ ရေသွားယူမယ်ဆိုပြီး အပြင်ထွက်သွားတာ အချိန်အကြာကြီး ပြန်မလာခဲ့ပါဘူး၊
ကျွန်မကလည်း ကိုယ်လက်သန့်စင်ဖို့ ဒီရေကန်ကို ရှာတွေ့ခဲ့တာပါ၊ အဲဒီအချိန်မှာပဲ ဟုန်ယွင်က ဒီမှာ လဲကျနေတာကို တွေ့လိုက်ရတာ၊ မင်းသားဆယ့်သုံးက ကျွန်မ အော်သံကို ကြားလို့ ရောက်လာတာပါ၊ ကျွန်မတို့ အချင်းချင်း ဖက်မနေခဲ့ပါဘူး"
ကန်ရှီးက ကိုယ်ရံတော်ကို ကြည့်လိုက်ရာ ကိုယ်ရံတော်က ပြောသည်။
"အမျိုးသမီးတစ်ယောက်ရဲ့အော်သံ နှစ်ခါ ကြားလိုက်ရတာ မှန်ပါတယ်"
သိပ်မကြာမီမှာပင် လျန်ကျိုကုန်းသည် အမြန်ပြန်ပြေးလာပြီး ကန်ရှီး နားနားကပ်၍ လျှောက်တင်သည်။
"သူတို့က ကွဲပြားပါတယ်"
ကန်ရှီး "အခန်းထဲက အပြင်အဆင်တွေက လုံးဝ ကွဲပြားနေတာလား"
လျန်ကျိုကုန်း "ဟုတ်ပါတယ်၊ အားလုံးက ကွဲပြားနေပါတယ်၊ တူညီတဲ့အရာ တစ်ခုမှ မရှိပါဘူး"
ထိုစကားကို ကြားသောအခါ အစေခံမလေးနှင့် ယင်ကျစ်တို့မှာ အလွန်အမင်း ဝင့်ကြွားသွားကြပြီး ကမ်းချန်ချန်မှာမူ ကြိုတင်ပြင်ဆင်ထားသော်လည်း ချွေးများ ပြိုက်ပြိုက်ကျနေဆဲ ဖြစ်သည်။
[ရှင့်ရဲ့ ခမည်းတော်က ဉာဏ်ပညာကြီးမားတယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ သူက တတိယမင်းသားနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်ဆိုတာကို ရိပ်မိပြီးလောက်ပြီ မဟုတ်လား]
[တကယ်လို့ သူမက အဲဒီအခန်းငယ်လေးထဲမှာ ကိုယ်လုပ်တော်ယီရဲ့ အစေခံမလေးပါလို့ မပြောခဲ့ရင် ကျွန်မက သူမကို ဒီလောက်ယုံကြည်ခဲ့မှာ မဟုတ်ဘူး]
ယင်ကျန်း သူမကို စူးစိုက်ကြည့်လိုက်သည်။ သူမက ကိုယ် လုပ်တော်ယီ အစေခံမလေးပါဟု ပြောသောလူများကို အဘယ့်ကြောင့် ယုံကြည်ရသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။
လီစဲဖူမှာ ပိုအသည်းအသန် ငိုကြွေးနေပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုနေလေသည်။ ထိုအချိန်တွင် ဟုန်လီသည် ကန်ရှီးအနားမှ လျှောက်လာပြီး ကမ်းချန်ချန်အား စိုးရိမ်တကြီးဖြင့် မေးသည်။
"မယ်တော်... မယ်တော့် လက်မောင်း ဘယ်လိုလုပ်ပြီး အပူလောင်သွားတာလဲ၊ နာနေသေးလား"
ကမ်းချန်ချန် သူ့ ခေါင်းကို အခြားလက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးသည်။
"ဆေးလူးပြီးသွားရင် မနာတော့ပါဘူး၊ မယ်တော်သာ လက် မလှမ်းလိုက်ရင် အဲဒီဟင်းရည်ပန်းကန်က သားရဲ့ ညီလေးခေါင်းပေါ်ကို ကျသွားမှာ၊ မယ်တော်က သားရဲ့ ညီလေးကို ကာကွယ်ဖို့ ကိုယ်တိုင်အပူလောင်ခံလိုက်တာပါ"
ဟုန်လီ "မယ်တော်က အစ်ကိုတော်ဟုန်ယွင်၊ အစ်ကိုတော်ဟုန်ရှစ်နဲ့ ညီတော်ဟုန်ကျိုးတို့အပေါ် အရမ်းကောင်းတာပဲ၊ ဟုန်လီတောင် မနာလိုဖြစ်လာပြီ"
ကမ်းချန်ချန် သက်ပြင်းချကာ "ဒီကလေးကတော့..."
အထိန်းတော်ကြီးတစ်ဦး ရှေ့သို့ထွက်လာပြီး ကမ်းချန်ချန် လက်မောင်းပေါ်ရှိ အနံ့ကို နမ်းကြည့်ကာ ထို့နောက် အစေခံမလေး၏လက်ချောင်းများပေါ်ရှိ အနံ့ကို နမ်းကြည့်သည်။
"အနံ့တူပါတယ်"
ကန်ရှီး အစေခံမလေးကို မေးသည်။
"မင်းကို ဘယ်သူက ခိုင်းတာလဲ"
အစေခံမလေးက တုန်ယင်လျက် ကိုယ်လုပ်တော်ယီကို တစ်ချက်လှမ်းကြည့်ကာ ဖြေလေသည်။
"ကျွန်မကို ဘယ်သူမှ မခိုင်းပါဘူး"
ကိုယ်လုပ်တော်ယီမှာ ဓားဖြင့်အထိုးခံလိုက်ရသကဲ့သို့ ချက် ချင်းလန့်သွားရသည်။
"နင်က ဘာလို့ ငါ့ကို ကြည့်နေရတာလဲ၊ နင်က ငါ့နန်းဆောင်ထဲက ပစ္စည်းခိုးလို့ နှင်ထုတ်ခံရတာလေ၊ အခုချိန်ကစပြီး ငါ့ကို နာကြည်းနေတာလား"
ကန်ရှီးက "သူမ အစက မင်းရဲ့ နန်းဆောင်မှာ ရှိခဲ့တာလား"
ကိုယ်လုပ်တော်ယီ အလျင်စလိုဖြင့် "အရှင်မင်းကြီး... သူမက အစတည်းက အကျင့်စာရိတ္တ မကောင်းပါဘူး၊ သူမရဲ့ အမေ နေမကောင်းလို့ ဆေးကုဖို့ဆိုပြီး ကျွန်မရဲ့ ရွှေဆံထိုးတစ်ချောင်းကို ခိုးသွားခဲ့တာပါ၊ ကျွန်မက သနားလို့ အပြစ်မယူခဲ့ပေမဲ့ နွေရာသီအပန်းဖြေစံအိမ်ကို ရောက်နေတဲ့အချိန်မှာတောင် ဒီလောက် အကျင့်ယုတ်နေဦးမယ်လို့ ဘယ်သူက သိမှာလဲ"
ကန်ရှီး အေးစက်စွာဖြင့် အမိန့်ပေးလေသည်။
"ကိုယ်ရံတော်တွေ... သူမကို သေတဲ့အထိ ရိုက်သတ်လိုက်စမ်း"
အစေခံမလေးသည် ဆွဲခေါ်ခံရစဉ် အော်ဟစ်နေဆဲဖြစ် သည်။
"ကိုယ်လုပ်တော်ယီ... ကျွန်မကို ကယ်ပါဦး၊ ရှင်ခိုင်းတဲ့အတိုင်း အကုန်လုပ်ခဲ့တာပါ"
သူမ ပါးစပ်ကို မိန်းမစိုးတစ်ယောက်က ပိတ်ထားလိုက်သဖြင့် သူမမှာ မပီမသ အသံများသာ ထွက်ပေါ်နိုင်တော့သည်။
လူတိုင်း လူစုခွဲသွားကြပြီးနောက် မင်းသားစံအိမ်မှ လူများနှင့် မင်းသားဆယ့်သုံးတို့သာ ကျန်ရစ်ခဲ့သည်။ လီစဲဖူ မျက် လုံးများတွင် ကမ်းချန်ချန်ကို ကြည့်ရင်း နာကြည်းချက်များ ပြည့်နှက်နေဆဲ ဖြစ်သည်။ ကမ်းချန်ချန်သည် တစ်ခုခု ရှင်းပြချင်သော်လည်း ဘာပြောရမှန်း မသိပေ။
"အစ်မလီ... ကျွန်မ..."
လီစဲဖူ သူမကို တွန်းထုတ်ကာ အော်ဟစ်သည်။
"ငါ့ရှေ့ကနေ ဖယ်စမ်း"
အမှောင်ထုထဲတွင် သူမ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေလေသည်။
ဟုန်ကျိုးက အသံကျယ်ကျယ်ဖြင့် မေးသည်။
"မယ်တော့်ကို ဘာလို့ ဒေါသထွက်နေတာလဲ"
လီစဲဖူကို တွဲထားသော ယင်းလော့က ကမ်းချန်ချန်ဘက်သို့ လှည့်ကာ ပြောသည်။
"ကမ်းစဲဖူ... ကျွန်မတို့ စဲဖူက ဝမ်းနည်းပူဆွေးမှုတွေများလွန်းလို့ပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ယင်ကျန်းက ကမ်းချန်ချန်ကို တွဲပေးပြီး သူမ လက်မောင်းကို တစ်ချက်ကြည့်ကာ ပြောသည်။
"အရင် ပြန်နှင့်တော့"
ကမ်းချန်ချန်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီးနောက် လီစဲဖူက ယင်ကျန်း ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ငိုကြွေးနေသည်ကို ကြည့်နေမိသည်။ သူမမှာလည်း ဝမ်းနည်းမှုများ ဖုံးလွှမ်းလာခဲ့သည်။ ဟုန်ယွင်အတွက်ရော၊ လီစဲဖူအတွက်ရော၊ သူမကိုယ်တိုင်အတွက်ပါ ဝမ်းနည်းမိသည်။
အကွက်ဆင်မှုတွေသာ မရှိခဲ့ရင် ဟုန်ယွင် သေချာပေါက် သေမှာ မဟုတ်ဘူး...
လီစဲဖူက သူတို့ နှစ်ယောက်စလုံးရဲ့ ခင်ပွန်းသည် ရင်ခွင်ထဲမှာ ငိုကြွေးနေပေမဲ့ သူမမှာလည်း ဝမ်းနည်းစရာတွေ အများကြီးရှိနေပြီး မြိုသိပ်ထားရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး...
သူမသည် မျက်ရည်များ စီးကျလျက် သူမ၏ အစေခံမလေး၊ သားဖြစ်သူတို့နှင့်အတူ တိတ်တဆိတ်ထွက်ခွာလာခဲ့ပြီး သူတို့နှစ်ဦးအတွက် အချိန်နှင့် နေရာဖန်တီးပေးခဲ့သည်။
ဟုန်ကျိုး "မယ်တော်... အစ်ကိုတော်ဟုန်ယွင်ကို ဘယ်သူ သတ်လိုက်တာလဲ၊ သား နားမလည်ဘူး"
ကမ်းချန်ချန် "မယ်တော်ကိုယ်တိုင်လည်း နားမလည်ပါဘူးကွယ်"
ဟုန်ကျိုး ထပ်မေးပြန်သည်။
"အစ်ကိုတော်ဟုန်ယွင်က သားနဲ့အတူ ပြန်လာပြီး ဆော့လို့ရသေးလား"
ကမ်းချန်ချန်က သက်ပြင်းချကာ ဖြေလေသည်။
"မရတော့ဘူး"
ဟုန်ကျိုးက ခေါင်းတစ်ချက်ညိမ့်ပြီး သူမ လက်မောင်းကို ဘယ်ညာ ဟိုဟိုဒီဒီ ပျင်းရိစွာ ကြည့်နေပြီးနောက် ရုတ်တရက် အနမ်းတစ်ပွင့် ထပ်ပေးပြန်သည်။ ကမ်းချန်ချန် အလျင်အ မြန် လက်ကိုရုပ်ကာ ဆူပူလေသည်။
"ဒီကလေး... မယ်တော် အခုလေးတင် ဆေးလူးထားတာကို"
ဟုန်ကျိုး ခေါင်းစောင်းကာ ပြောသည်။
"ဘာဖြစ်လို့လဲ၊ သားက အနံ့လေး မွှေးလို့ပါ"
သူ့ ခေါင်းပေါ်ရှိ ဆံပင်အထုံးလေး နှစ်ဖက်က ချစ်စရာကောင်းစွာ လှုပ်ယမ်းနေပြီး ကမ်းချန်ချန် ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမက သူ့ဗိုက်လေးကို ပွတ်သပ်ကာ ပြောသည်။
"အိပ်တော့နော်"
ထိုညက ယင်ကျန်း ရောက်မလာခဲ့ပေ။ နောက်တစ်နေ့ ကမ်းချန်ချန် နိုးလာသောအခါ နံနက်စာ စားချိန်ပင်လွန်နေပြီဖြစ်သည်။
သူမက သားကို နှိုးလိုက်ပြီး နှစ်ယောက်သား နံနက်စာ စားကြလေသည်။ ဟုန်ကျိုးက မေးသည်။
"ခမည်းတော်က ဘာလို့ မလာတာလဲ"
ကမ်းချန်ချန် ဇွန်းဖြင့် ကြက်ဥပေါင်းကို ဆွနေရင်းဖြေသည်။
"သူက အရင်ကလည်း မနက်စာကို မယ်တော်တို့နဲ့အတူတူ စားခဲပါတယ်"
ဟုန်ကျိုး "ခမည်းတော် မနက်ပိုင်းလာပြီး နံနက်စာ အတူတူစားတာကို သား သဘောကျတယ်၊ ညဘက် လာတာကိုတော့ သဘောမကျဘူး"
ကမ်းချန်ချန်က မေးမိသည်။
"ဘာဖြစ်လို့လဲ"
ဟုန်ကျိုး "ဘာလို့လဲဆိုတော့ ခမည်းတော်က ညဘက် လာစားရင် ဟုန်ကျိုးက မယ်တော်နဲ့ အတူတူ အိပ်လို့ မရတော့ဘူးလေ"
ကမ်းချန်ချန် အနည်းငယ် နေရခက်သွားကာ ကြက်ဥပေါင်း တစ်ဇွန်းကို ပါးစပ်ထဲထည့်လိုက်သည်။ ဟုန်ကျိုးက ဆက်ပြောသည်။
"ခမည်းတော်က မယ်တော်နဲ့ အိပ်ရင် မယ်တော့်ကို အမြဲတမ်း အနိုင်ကျင့်တာလား၊ သား တိတ်တဆိတ် ပြန်ပြေးလာပြီး ချောင်းနားထောင်ဖူးတယ်၊ မယ်တော် ငိုနေတာ ကြားတယ်"
ကမ်းချန်ချန် မျက်လွှာချပြီး ပြောလေသည်။
"သူ မယ်တော့်ကို အနိုင်မကျင့်ပါဘူး"
ဟုန်ကျိုးက အတင်းမေးပြန်သည်။
"ဒါဆို မယ်တော်က ဘာလို့ ငိုနေတာလဲ၊ နောက်တစ်နေ့ကျတော့လည်း မယ်တော့် ကိုယ်ပေါ်မှာ အမဲကွက်တွေ ရှိနေပြီး တင်ပါးကလည်း နာနေတယ်လို့ ပြောတယ်မလား၊ သူ မယ်တော့်ကို သေချာပေါက် ရိုက်တာပဲ ဖြစ်ရမယ်"
ကမ်းချန်ချန် အမဲသားလုံးတစ်လုံးကို ခပ်ယူကာ ဟုန်ကျိုး ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
"သား ကြီးလာရင် နားလည်လာမှာပါ"