← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

🌻 Chapter 185

ဟုန်ကျိုးက အနည်းငယ် စိတ်ပျက်သွားသည်။

"အစ်ကိုတော်ရော ဘယ်လိုနေလဲ၊ ဘာလို့ ပြန်မလာသေးတာလဲ"

ကမ်းချန်ချန် "သူက ဧကရာဇ်နဲ့ အတူတူ ရှိနေတုန်းပဲ"

ဟုန်ကျိုးက ပါးစောင်များ ဖောင်းလာသည်အထိ လေမှုတ်ထုတ်နေသည်။

"သား အစ်ကိုတော့်ကို လွမ်းတယ်"

ကမ်းချန်ချန် သူ့ဖက်ထုပ်လို မျက်နှာလေးကို ပွတ်သပ်နေသည်။

"ရပါတယ်၊ မယ်တော် ရှိတယ်လေ"

ထိုအချိန်တွင် ယင်ကျန်း ဝင်လာပြီး စားပွဲကို တစ်ချက်ကြည့်ကာ မေးသည်။

"အခုမှ စစားတာလား"

ကမ်းချန်ချန်က ပြန်ဖြေသည်။

"ဟုတ်တယ်"

[ဒီကိုမလာခင် ရှင် စားပြီးပြီလား၊ လီစဲဖူကိုရော သေသေချာ ချာ နှစ်သိမ့်ပေးခဲ့ရဲ့လား]

သူမ စိတ်ထဲမှ သ၀န်တိုသည့် အတွေများကို မထိန်းနိုင်ခဲ့ပေ။ ယင်ကျန်းက သူမ ဘေးတွင် ထိုင်လိုက်ပြီး သူမလက်မောင်းကိုယူကာ စစ်ဆေးကြည့်ရာ အဖုအပိမ့်များ မကျသေးကြောင်း တွေ့လိုက်ရသည်။

သူ့မျက်နှာအမူအရာမှာ ဝမ်းနည်းမှုကို မြိုသိပ်ထားဟန်ပေါ်နေပြီး မျက်လုံးများမှာ နီရဲနေကာ ဆံပင်ဖြူအချိုပင် ပိုများလာသည်ကိုတွေ့ရသည်။ တကယ်လို့ သူက ငယ်သေးတယ်ဆိုရင်တော့ သူ့ရဲ့ ဒေါသတွေကို သေချာပေါက် ပေါက်ကွဲထုတ်ပစ်လိုက်မှာပဲ၊ ဒီလိုမျိုး အောင့်အည်းနေစရာ မလိုဘူး...

ကမ်းချန်ချန်သည် သူ့ကို စိတ်မကောက်ချင်တော့ဘဲ နှလုံး သားထဲမှ နာကျင်မှုတစ်ခုကိုသာ ရုတ်တရက်ခံစားလိုက်ရသည်။ လူလတ်ပိုင်းအရွယ်တွင် သားကို ဆုံးရှုံးလိုက်ရသော သူ့အတွက် ရင်ကွဲနာကျနေမိသည်။ သို့သော် တော်ဝင်မိသားစု ဂုဏ်သိက္ခာအတွက် ကန်ရှီးက ဤစုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ခွင့်မပြုနိုင်ခဲ့ပေ။

[ဒီလိုမျိုး မကြည့်ပါနဲ့၊ ကျွန်မ မနာတော့ပါဘူး၊ တကယ်တော့ ကျွန်မက ရှင့်ကို နှစ်သိမ့်ပေးရမှာပါ၊ ရှင်လည်း အရမ်းနာ ကျင်နေရတယ်ဆိုတာ ကျွန်မ သိပါတယ်]

ယင်ကျန်း သူမခါးကို ဖက်ကာ သူ့မျက်နှာကို သူမ ရင်ခွင်ထဲသို့ နက်နက်ရှိုင်းရှိုင်းအပ်ထားသည်။ ခဏအကြာတွင် ကမ်းချန်ချန်သည် သူမ ရင်ဘတ်ပေါ်တွင် စိုစွတ်မှုတစ်ခုကို ခံစားလိုက်ရသည်။

"စဲဖူ... ကမ်းစဲဖူနဲ့ မင်းသားဆယ့်သုံးတို့က တကယ်ပဲ ဖောက် ပြန်နေပြီး အဲဒါကို သခင်လေးယွင်က သိသွားလို့ သူတို့က သခင်လေးယွင်ကို သတ်ပစ်လိုက်တာများလား"

ယင်းလော့က စမ်းသပ်မေးမြန်းလာသည်။ သူမက လီစဲဖူကို အချိန်ဆွဲကာ သခင်လေးယွင်ကို ရေကန်ဘေးသွားခိုင်းခဲ့သည်အား ဘယ်သူမှမသိစေရန် ဆုတောင်းနေမိသည်။

လီစဲဖူ "မဟုတ်ဘူး၊ သူမ အပြစ်ကင်းတယ်ဆိုတာ ငါ သိတယ်"

ယင်းလော့မှာ ပိုနားမလည်နိုင်ဖြစ်သွားရသည်။

"ဒါဆို ဘာဖြစ်လို့လဲ"

"ဒါက ရယ်စရာမကောင်းဘူးလား၊ သူမက ဘာလို့များ ဒီလောက်တောင် ကံကောင်းနေရတာလဲ၊ တစ်ယောက်ယောက်က စတုတ္ထမင်းသားရဲ့ သားကို သတ်ဖို့ အကြံအစည်နဲ့ မင်းသားဆယ့်သုံးကို အကွက်ဆင်ဖို့ ကြိုးစားခဲ့တာ

ဒါပေမဲ့ သူတို့က ငါ့သားကို သတ်ပစ်လိုက်တယ်၊ ဒီအကွက် ဆင်မှုအတွက် ဘာလို့ သူမရဲ့ သားကို မသတ်ခဲ့တာလဲ"

ယင်းလော့ မျက်မှောင်ကြုတ်သွားပြီး ထေ့ငေါ့စွာဖြင့် "ဟုတ်... ဟုတ်ပါတယ်"

"သေသွားတာက ငါ့သားလေ၊ ဒါပေမဲ့ အမှန်တရား မပေါ် ပေါက်ခင်မှာ စတုတ္ထမင်းသားက သူမကို ခြွင်းချက်မရှိ ယုံကြည်ပြီး ကာကွယ်ပေးခဲ့တယ်၊ မေးခွန်းမထုတ်တဲ့အပြင် သူမဘက်ကနေ ရပ်တည်ပေးခဲ့တယ်၊ အဲဒါ ဘာလို့လဲ"

"စတုတ္ထမင်းသားက မျက်နှာလိုက်လွန်းပါတယ်"

လီစဲဖူ မျက်လုံးများကို မှိတ်လိုက်ရာ နောက်ထပ် ပူနွေးသော မျက်ရည်များ ဝဲတက်လာပြီး သူမ အင်္ကျီကော်လံကို စိုစွတ်သွားစေသည်။

ဤသည်ကို မြင်သောအခါ ယင်းလော့သည် အပြစ်ရှိသလို ခံစားရပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူမကို နှစ်သိမ့်ပေးလာသည်။

"စတုတ္ထမင်းသားက သူမနဲ့ မင်းသားဆယ့်သုံးတို့ ဖက်နေတယ်လို့ကြားတုန်းက အံ့သြသွားတဲ့ပုံပဲပြပြီး သဝန်တိုတဲ့ပုံ မပြခဲ့တာက သူ သူမကို ဂရုမစိုက်ဘူးဆိုတာကို ပြနေတာပဲလေ၊ စဲဖူရယ်... ရှင်နဲ့ စတုတ္ထမင်းသားက ငယ်သူငယ်ချင်းတွေပါ

စဲဖူတို့ရဲ့ သံယောဇဉ်ကို ကမ်းချန်ချန်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ သူမအပေါ်ထားတဲ့ စတုတ္ထမင်းသားရဲ့ ခံစားချက်က အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် မွေးထားသလိုမျိုး ခဏတာ စွဲလမ်းမှုလေး သက်သက်ပါပဲ"

ထိုစကားကို ကြားသောအခါ လီစဲဖူမှာ အနည်းငယ် နေသာထိုင်သာရှိသွားသော်လည်း သားဖြစ်သူအကြောင်း တွေးမိသောအခါ သူမ နှလုံးသားမှာ တစ်ဖန် ပြန်လည် နာကျင်လာရပြန်သည်။ သူမက ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေသော ဟုန်ရှစ်အား ပြောသည်။

"သား ကြိုးစားပြီး မယ်တော့်ကို ဂုဏ်ယူအောင် လုပ်ပေးရမယ်နော်၊ သားက သားရဲ့ညီလေးနှစ်ယောက်ထက် ပိုညံ့နေလို့ မဖြစ်ဘူး၊ မယ်တော့်ရဲ့ဘဝက သားအပေါ်မှာပဲ မူတည်နေတော့တာ"

ဟုန်ရှစ် အပြစ်ကင်းစင်စွာဖြင့် ပြန်ဖြေသည်။

"မယ်တော်... သား နားလည်ပါတယ်"

လီစဲဖူက သူမအနေဖြင့် ဟုန်ရှစ်ကို သေချာပေါက်ကာကွယ်ပေးရမည်ဖြစ်ပြီး သူ့အပေါ် နောက်ထပ် ကံဆိုးမှုများ ကျရောက်လာစေရန် ခွင့်မပြုနိုင်ဟု စိတ်ထဲမှ တွေးလိုက်သည်။

ရက်အနည်းငယ်အကြာတွင် လီစဲဖူသည် ကမ်းချန်ချန်နှင့် စကားပြောခဲ့သော်လည်း သူမ မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ကိန်းဝပ်နေသည်။

ကမ်းချန်ချန်က သူတို့ကြားတွင် အက်ကြောင်းတစ်ခုဖြစ်ပေါ်သွားပြီဖြစ်ပြီး ယခင်ကလို အခြေအနေသို့ ပြန်မသွားနိုင်တော့ကြောင်း သိလိုက်သည်။

သို့သော် သူမ သိပ်ပြီးဝမ်းနည်းမနေခဲ့ပေ။ သူမသည် လီစဲဖူနှင့် အထူးတလည် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့ကြားရှိ ခင်မင်ရင်းနှီးမှုမှာ အကောင်းဆုံး ဖြစ်နိုင်ခြေတစ်ခုဖြစ်ခဲ့သည်။ လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလောက် ပင်ပန်းတဲ့ ဘဝမျိုးကို နေထိုင်စရာ အကြောင်းမရှိဘူးလေ။

ပြီးတော့ ဒီကိစ္စမှာ သူမက အပြစ်ကင်းတယ်လေ။ တကယ် လို့ သူမသာ အချိန်မီ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပဲ တုံးအတဲ့ ဧကရာဇ်တစ်ပါးနဲ့ ကြုံခဲ့ရရင် အဲဒါက သေဒဏ်ပေးခံရမယ့် အပြစ်တစ်ခု ဖြစ်သွားနိုင်တယ်။

ဧကရာဇ်မင်းမြတ်က ဤကိစ္စအတွက် တတိယမင်းသားအား အပြစ်မပေးခဲ့သော်လည်း သူ့ကို မြို့တော်သို့ အရင်ပြန်ရန် အမိန့်ပေးခဲ့ပြီး ကိုယ်ရံတော်အချို့ကို အပြစ်ပေးခဲ့သည်။ တစ်လအကြာတွင် အခြားအသေးအမွှား ကိစ္စတစ်ခုအတွက် ဒေါသထွက်ကာ တတိယမင်းသားကို အကျဉ်းချလိုက်သည်။

ဟုန်ယွင် သေဆုံးပြီးနောက် ရုန်ကျဲသည် သူမ မောင်လေး သေဆုံးသွားသည့် ဝမ်းနည်းဖွယ် သတင်းကို ကြားသိလိုက်ရကာ ဝမ်းနည်းပူဆွေးမှုကြောင့် ဖျားနာပြီး ထိုနှစ်ကုန်တွင်ပင် ကွယ်လွန်သွားလေသည်။

နောက်တစ်နှစ်တွင် ယွင်ရှုလည်း ကွယ်လွန်သွားခဲ့သည်။ သူမ သေဆုံးပြီးနောက် ဟွာယွီသည် အသုဘအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ယွင်ရှုခင်ပွန်းက ဖူကျင်းသည် ယွင်ရှုကို အဆိပ်ခတ်ပြီး သေဆုံးစေခဲ့ကြောင်း သူမအား ပြောပြလာသည်။

ဤအကြောင်းကို သိရှိလိုက်ရသောအခါ ကမ်းချန်ချန်မှာ အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ ထိုညက သူမက ယင်ကျန်းအား ပြောသည်။

"ဖူကျင်းဆီမှာ လူတစ်ယောက်ကို သွေးအန်ပြီး သေစေနိုင်တဲ့ အဆိပ်တစ်မျိုး ရှိတယ်လို့ ကျွန်မ ကြားတယ်"

ယင်ကျန်း တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။

"ဒီအကြောင်း ကိုယ်သိတယ်"

ကမ်းချန်ချန် နှုတ်ခမ်းကို ကိုက်လျက် မေးသည်။

"ဒါဆို ယွင်ရှုက အဲဒီအဆိပ်ကြောင့် သေဆုံးသွားတာဆိုတာကိုရော ရှင် သိလား..."

ယင်ကျန်း မျက်ခုံးတစ်ဖက်ကို ပင့်မိသွားသည်။

"ယွင်ရှုက ဘယ်သူလဲ"

ကမ်းချန်ချန် "ကျွန်မရဲ့ အစေခံမလေးလေ၊ လွန်ခဲ့တဲ့ ခုနစ်နှစ်က သူမ စံအိမ်ကနေထွက်သွားပြီး စားသောက်ဆိုင်ပိုင် ရှင် ကုန်သည်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာပါ"

ယင်ကျန်း အမှတ်ရသွားသည်။ ကမ်းချန်ချန်က ထိုအ ကြောင်း သူ့ကို ပြောပြခဲ့ဖူးသလိုပင် သူက အေးစက်စွာဖြင့် ပြောသည်။

"သူမက စံအိမ်ကနေ ထွက်သွားကတည်းက အပြင်လူဖြစ်သွားပြီလေ"

"ဒါပေမဲ့ သူမက အပြင်လူဖြစ်ရင်တောင်မှ ရှင့်အနေနဲ့ သူ့ကို ဒီလိုမျိုး ဒုက္ခပေးခွင့် မရှိဘူးလေ"

"မင်းမှာ သက်သေရှိလို့လား"

ကမ်းချန်ချန် နှုတ်ခမ်းများစေ့သွားသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်ပြီး သူမက ယခုမှ ထိုအကြောင်းကို သိရခြင်းပင်။ ဘယ်သူ့ဆီမှာ သက်သေကျန်နေဦးမှာလဲ။

"ဖူကျင်းကို လက်စားချေဖို့ မင်းကို ခွင့်မပြုနိုင်ဘူး"

ကမ်းချန်ချန်သည် လည်ချောင်းထဲတွင် တစ်ဆို့သွားသလို ခံစားလိုက်ရသည်။

"ရှင် အဲဒါ ဘာသဘောနဲ့ ပြောတာလဲ"

ယင်ကျန်း "ဖူကျင်း လုပ်တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိုယ် ဂရုမစိုက်ဘူး၊ အခုက အရေးကြီးတဲ့ အချိန်ပဲ၊ စံအိမ်တစ်ခုလုံးက စည်းလုံးနေဖို့လိုအပ်တယ်၊ မင်းက အခြေအနေတစ်ခုလုံးကို ထည့်စဉ်းစားရမယ်၊ အစေခံမလေး တစ်ယောက်အတွက်နဲ့ ပြဿနာ မရှာသင့်ဘူး"

ကမ်းချန်ချန် ဘာမျှ မပြောတော့ဘဲ ယင်ကျန်းလက်က သူမခါးကို တင်းကျပ်စွာ ဆုပ်ကိုင်လာသည်။ ကမ်းချန်ချန် သက် ပြင်းချလေသည်။

"ကျွန်မ ရှင့်ကို ကတိပေးပါတယ်"

ကန်ရှီးသည် တဖြည်းဖြည်းနှင့် ယင်ကျန်းကို ပိုမိုအားကိုးလာခဲ့ပြီး ယဇ်ပူဇော်ပွဲများကိုပင် သူ့ကိုယ်စား ယင်ကျန်းကို ဦးဆောင်ကျင်းပစေခဲ့သည်။ သူမသေဆုံးမီတွင် ကန်ရှီးသည် ယင်ကျန်းကို ဘေးသို့ ခေါ်ထုတ်ကာ သူ့ လက်ကို ကိုင်လျက် ပြောလေသည်။

"မင်းက ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်း ရှိတယ်၊ ဒါပေမဲ့ သဘောထားသေးသိမ်လွန်းတယ်၊ အနာဂတ်မှာ မင်းရဲ့ ညီအစ်ကိုတွေအပေါ် အရမ်းမရက်စက်ဖို့နဲ့ သူတို့ကို ချောက်ကမ်းပါးဆီတွန်းမပို့ဖို့ ငါကိုယ်တော် မျှော်လင့်ပါတယ်။ သေချာတာပေါ့... ဧကရာဇ်တစ်ပါးအနေနဲ့ မင်းက ပြတ်ပြတ်သားသားတော့ လုပ်ကိုင်သင့်ပါတယ်၊ ဟူး... ငါကိုယ်တော်ရဲ့တိုင်းပြည်နဲ့ ပြည်သူတွေကို မင်းဆီမှာ အပ်နှင်းခဲ့ပါတယ်"

ကွယ်လွန်သူ ဧကရာဇ်မင်းမြတ် အသုဘအခမ်းအနားတွင် ဟုန်လီသည် အသည်းအသန်ဆုံး ငိုကြွေးနေသောမြေးတော် ဖြစ်ပြီး ဟုန်ကျိုးမှာမူ အမဲသားခြောက်ကို ခိုးစားနေသည်။

ကမ်းချန်ချန် ဟုန်ကျိုးကို စူးစိုက်ကြည့်လိုက်ပြီး အကြောင်း ပြချက်မရှိဘဲ သူမသည် မင်းသားစံအိမ်တွင် လာပါ့ဆန်ပြုတ် ချက်နေစဉ် အမဲသားခြောက်အချို့ကို ခိုးယူကာ သူမကိုမျှ ဝေပေးခဲ့သော ဝူကော်ကော်ကို ရုတ်တရက် သတိရသွားသည်။

နှစ်များက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။ တကယ်လို့ သူမမှာသာ ဝိညာဉ်ရှိခဲ့ရင် သူမက လူဝင်စားပြီးလောက်ပြီဖြစ်မည်။

All Chapters