← Chapters

အခန်း ၁၉၁

Vol. 19 Ch. 191

အခန်း ၁၉၁

Vol. 19 Ch. 191

🌻 Chapter 191

သူ လုံးဝ မလုပ်ရက်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဧကရီမိဖုရားသာ သူ့ကို မလက်ထပ်ခဲ့ရလျှင် သူမ ဤအခြေအနေသို့ရောက်မည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိနေသောကြောင့် ဖြစ်သည်။

ဧကရီမိဖုရားသည် ယင်ကျန်းထံမှ အကျဉ်းချခြင်းကို ခံလိုက်ရပြီး နန်းတွင်းရေးရာ ကိစ္စအဝဝကို တော်ဝင်ကိုယ်လုပ်တော်ကြီး ကမ်းချန်ချန်က စီမံခန့်ခွဲရလေသည်။

သို့သော် ပထမအချက်အနေဖြင့် ဧကရီမိဖုရားသည် နန်းတော်အတွင်း နှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်ထားခဲ့ပြီး ကမ်းချန်ချန်ကို တမင်သက်သက် ဖယ်ကြဉ်ထားခဲ့သော ကြောင့်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ကမ်းချန်ချန်သည် မည်သည့်ပြဿနာမှ မဖြစ်စေချင်သလို နန်းတွင်းရေးရာများကို စီမံခန့်ခွဲရန်လည်း စိတ်မဝင်စားသောကြောင့်သာ။ ထို့ကြောင့် လောလောဆယ်တွင် သူမသည် ထိုရာထူးတာဝန်များအတွက် မကျွမ်းကျင်သေးပေ။

ကံကောင်းစွာဖြင့် စုယန်သည် ဧကရီမိဖုရားကို နှစ်ပေါင်းများစွာ ကူညီဆောင်ရွက်ပေးခဲ့ပြီး ဒုတိယ ဧကရီတစ်ပါးနီးပါး ဖြစ်နေခဲ့ရာ ကမ်းချန်ချန်က တော်ဝင်ကိုယ်လုပ်တော်ကြီး စုယန်ကို ကိစ္စရပ်များစီမံခန့်ခွဲရာတွင် ကူညီပေးရန် တောင်းဆိုခဲ့သည်။

ကိုယ်လုပ်တော်မော်ဟုအမည်ရသော စုန့်ကျီလီ (စုန့်ကော်ကော်) မှာနေမကောင်းဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဧကရီမိဖုရား ဒုက္ခရောက်နေကြောင်းကြားသောအခါ သူမက ဧကရီမိဖုရားကို တွေ့ချင်ကြောင်း ယင်ကျန်းထံ အတင်းအဓမ္မ သွားရောက် တောင်းဆိုသည်။

ယင်ကျန်းက ငြင်းပယ်ခဲ့ရာ သူမသည် စာကြည့်ဆောင်တော် တံခါးဝတွင် သတိလစ်မေ့မြောသွားသည်။

ကမ်းချန်ချန်သည် သူမကို သွားရောက် ကြည့်ရှုခဲ့သည်။ ကိုယ်လုပ်တော်မော်မှာ အရေပြားနှင့် အရိုးသာ ကျန်တော့မတတ် ပိန်လှီနေသည်။ သူမက တုန်ယင်စွာဖြင့် မျက်လုံးများကို ဖွင့်လာသည်။

"နင် ရောက်လာပြီပဲ"

ကမ်းချန်ချန် "လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ရှိပြီးသားပါ၊ နင်က ကျန်းမာရေး အားနည်းနေတာကို၊ ဖူကျင်း (ဧကရီမိဖုရား) ရဲ့ ကိစ္စတွေကြောင့် နင့်ကိုယ်နင် ဘာလို့ ထပ်ပြီး ခံစားနေရတာလဲ"

ကိုယ်လုပ်တော်မော် "နင် နားမလည်ပါဘူး၊ သူမက ဒီနန်း တော်ထဲမှာ ငါ ပထမဆုံး စခင်ခဲ့ရတဲ့ သူငယ်ချင်းလေ၊ သူမက အဲဒီလို လူစားမျိုး ဖြစ်လိမ့်မယ်လို့ ငါ မယုံနိုင်သေးဘူး"

ကမ်းချန်ချန် သက်ပြင်းချလေသည်။

"အဲဒါတွေက ကောလဟာလတွေချည်းပါပဲ၊ နင် မယုံဘူးဆိုရင် သူမက အပြစ်ကင်းပါတယ်"

ကိုယ်လုပ်တော်မော် မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး သူမ မျက်လုံးများကို ဖြည်းညင်းစွာမှိတ်လေသည်။

ကိုယ်လုပ်တော်မော် ကွယ်လွန်သွားကြောင်း ကြားသောအခါ ဧကရီမိဖုရားသည် သူမကို နောက်ဆုံးအကြိမ် တွေ့မြင်ချင်ခဲ့သော်လည်း ယင်ကျန်းက ငြင်းဆိုခဲ့သည်။

ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းသွားကာ လအနည်းငယ်အကြာတွင် ဧကရီမိဖုရားလည်း ကွယ်လွန်သွားခဲ့သည်။

ဧကရီမိဖုရား အသုဘအခမ်းအနားအတွက် ပြင်ဆင်နေစဉ် စုယန်က ကမ်းချန်ချန်အားပြောလာသည်။

"ဧကရီမိဖုရားက ကိုယ်လုပ်တော်မော်နဲ့အတူ မြေမြှုပ်သင်္ဂြိုဟ်ခံချင်တယ်လို့ သေတမ်းစာ ချန်ထားခဲ့တယ်"

ကမ်းချန်ချန် မျက်လွှာချလိုက်သည်။

"ဒါက ငါတို့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး"

ကမ်းချန်ချန်သည် ယင်ကျန်းကို သွားရောက် ရှာဖွေခဲ့ရာ သူသည် ကျောက်စိမ်းဖြူ လှေကားထစ်များပေါ်တွင် ထိုင်လျက် အရက်သောက်နေပြီး ဆောင်းဦးလေပြင်းနှင့်ကြွေကျနေသော သစ်ရွက်များကြားတွင် အနည်းငယ် စိတ်ဓာတ်ကျဆင်းနေသော အငွေ့အသက်များကို ထုတ်လွှင့်နေသည်။

ယင်ကျန်းသည် အရက်သောက်ရသည်ကို မနှစ်သက်ပေ။ သူကလက်ဖက်ရည်ကိုသာပိုနှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာ သူ့ကို လန်းဆန်းစေသောကြောင့် ဖြစ်သည်။

သူက ဤသို့လူမျိုးပင်။ သူ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းက ကြောက်ခမန်းလိလိပင်။

ကမ်းချန်ချန် အရက်အိုးကို ဆွဲယူကာ ခေါင်းကို နောက်သို့မော့၍ တစ်ငုံသောက်လိုက်သည်။

"ကျွန်မ ရှင့်ကို အဖော်လုပ်ပေးမယ်"

ယင်ကျန်း သူ့ကိုယ် သူ လှောင်ပြောင်သည့် လေသံဖြင့်ပြောသည်။

"ကိုယ်တို့က ဆယ်စုနှစ်ချီပြီး အမှားအယွင်းတစ်ခုနဲ့ ပေါင်း စပ်ခံခဲ့ရတဲ့၊ ကုတင်တစ်လုံးတည်း အတူအိပ်ပေမဲ့ အိပ်မက်တွေ ကွဲပြားခဲ့တဲ့ ချစ်ခြင်းမေတ္တာမရှိတဲ့ လင်မယားတွေပါ၊ စတုတ္ထမင်းသားစံအိမ်တစ်ခုလုံးကို အတူတကွ စီမံအုပ်ချုပ်ခဲ့ကြပေမဲ့ သူမက ကိုယ့်ကို ဒီလောက်တောင် မုန်းတီးနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

ကမ်းချန်ချန်သည် ထိုနေရာတွင် တိတ်တဆိတ်ရပ်ကာ သူမ ခင်ပွန်းက သူ့ ပထမဇနီးနှင့် အတိတ်အကြောင်းကို ပြန်လည်ပြောပြနေသည်ကို နားထောင်နေရသည်။

ဒီလောကကြီးမှာ ဒီထက်ပိုပြီး အဓိပ္ပာယ်မရှိတဲ့ ကိစ္စဆိုတာ ရှိနိုင်မှာ မဟုတ်တော့ဘူး၊ ဒီအရက်က တကယ့်ကို မကောင်းဘူး၊ အရမ်းကို ခါးသက်လွန်းတယ်...

"ဒါဆို သူမရဲ့ အသုဘအခမ်းအနားကိုကော..."

ယင်ကျန်း မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသော်လည်း တည်ငြိမ်မှုက ပိုလွှမ်းမိုးနေသည်။

"မင်းပဲ ဦးဆောင်ကျင်းပလိုက်ပါ၊ ကိုယ် ပင်ပန်းနေပြီ၊ နည်းနည်းလောက် ပိုအိပ်ချင်သေးတယ်"

ကမ်းချန်ချန် "သူမက အစ်မတော်စုန့်နဲ့အတူ မြေမြှုပ်သင်္ဂြိုဟ်ခံချင်တယ်လို့ သေတမ်းစာ ချန်ထားခဲ့တယ်"

"သူမ အိပ်မက်မက်နေတာပဲ"

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့၊ ကိုယ် ခွင့်မပြုဘူး"

[ကောင်းပါပြီ၊ ရှင် သဘောထားသေးသိမ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ တကယ်တော့ ဖူကျင်းကို အစ်မတော်စုန့်နဲ့ အတူမြှုပ်နှံလိုက်တာက အစ်မတော်စုန့်ရဲ့ ဖြူစင်တဲ့ ဝိညာဉ်ကို ညစ်ညမ်းသွားစေလိမ့်မယ်လို့ ကျွန်မလည်း ထင်တယ်]

ယင်ကျန်း သူမကို ဧကရီမိဖုရား ဖြစ်ချင်လားဟု မေးခဲ့ဖူးပြီး ကမ်းချန်ချန်သည် တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆိုသည်။ ယခုအခါ ဟုန်လီသည် သူမသားဖြစ်နေသောကြောင့် ကွယ်ရာတွင် ဝေဖန်ခံနေရရာ ဂုဏ်ပုဒ်တစ်ခုလေးအတွက်နှင့် ယင်ကျန်းကို ဒုက္ခပိုမပေးချင်တော့ပေ။

ထို့အပြင် ဧကရာဇ်မင်းမြတ်သည် အမြဲတစေ သံသယဝင်တတ်သူဖြစ်သည်။ ယခုအခါ အနောက်ဆောင်တွင် မင်းသား နှစ်ပါးသာ ကျန်ရှိတော့ပြီး နှစ်ပါးစလုံးက သူမ သားများဖြစ်ကြသည်။ သူမကို သူ တကယ်ပဲ အပြည့်အဝ ယုံကြည်နိုင်ပါ့မလား...

နောက်ပိုင်းနှစ်များတွင် ယင်ကျန်းကျန်းမာရေးသည် ဖျားနာမှုများကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ကံကောင်းစွာဖြင့် ဟုန်လီ အရွယ်ရောက်လာပြီး နိုင်ငံတော်ရေးရာများတွင် သူ့ကို ကူညီပေးနိုင်ခဲ့သည်။ ထို့အပြင် သားအဖနှစ်ဦးကြားတွင် ကန်ရှီးနှင့် အိမ်ရှေ့စံမင်းသားတို့ကြား၌ ရှိခဲ့သော သံသယမျိုးမရှိခဲ့ပေ။

အချိန်ကာလကို တွက်ချက်ကြည့်ပြီးနောက် ကမ်းချန်ချန်နှင့် ယင်ကျန်းတို့ နှစ်ဦးစလုံး သူ့ နောက်ဆုံးအချိန် နီးကပ်လာပြီဖြစ်ကြောင်း သိနေခဲ့ကြသည်။ အင်ပါယာတစ်ခုလုံး၏ စည်းစိမ်ကြွယ်ဝမှု ရှိနေလျှင်ပင် သူသည် ကံကြမ္မာကို မလွန် ဆန်နိုင်ခဲ့ပေ။

ယင်ကျန်း စိတ်ရွှင်လန်းစေရန်အတွက် ကမ်းချန်ချန်သည် သူ့ကို ရေကန်ထဲတွင် လှေစီးရန်ခေါ်ဆောင်လာသည်။ သူမသည် ကဏန်းပန်းတစ်ပွင့်ကို ခူးကာ သူ့ဦးထုပ်အစွန်းတွင် ပန်ပေးပြီး ညင်သာစွာပြုံးလျက်ပြောသည်။

"အရှင်မင်းကြီးရဲ့ဆွဲဆောင်မှုတွေက နည်းနည်းတောင်မလျော့သွားသေးဘူးပဲ"

ယင်ကျန်းသည် သူမကို မပွေ့ချီနိုင်တော့သဖြင့် သူမကိုမှီလျက်ပြုံးကာပြန်ပြောသည်။

"မင်းက အရင်လို စကားတတ်တုန်းပဲ"

သူတို့နှစ်ဦး ကမ်းပေါ်သို့ တက်လာပြီးနောက် နန်းတွင်းဥယျာဉ်တော်အတွင်း လက်ချင်းချိတ်ကာ လမ်းလျှောက်ကြသည်။ နေဝင်ဆည်းဆာ အချိန်တွင် သူတို့ အရိပ်များက တိတ်တဆိတ် ရောယှက်နေသည်။

ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာကာ ကဏန်းပန်းလေးကို သယ်ဆောင်သွားပြီး သင်းပျံ့သော ရနံ့လေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ယင်ကျန်း သေဆုံးခါနီးအချိန်တွင် သူက ကမ်းချန်ချန်၏ လက်ကိုဆုပ်ကိုင်လာသည်။

"ကိုယ် သေသွားရင် မင်းရဲ့ကမ္ဘာကြီးကို သွားကြည့်လို့ ရမလား"

ကမ်းချန်ချန်သည် သူမ အိပ်မက်မက်ခဲ့သည်ဟုသာ လိမ်ချင်သော်လည်း မလိမ်ရက်ခဲ့ပေ။

"ဖြစ်နိုင်တယ်၊ ရှင်က ကျွန်မရဲ့ကမ္ဘာကြီးက အရမ်းကောင်းမယ်လို့ ထင်နေလို့လား"

"မင်းက ဒီလောက်ကောင်းတာ၊ မင်းရဲ့ကမ္ဘာကြီးလည်း အရမ်းကောင်းမှာ သေချာတယ်"

"ရှင် အရမ်းမုန်းဖို့ကောင်းတာပဲ၊ သေခါနီးမှ ရုတ်တရက်ကြီး ချိုသာတဲ့စကားတွေ လာပြောနေတယ်၊ ကျွန်မကို တစ်သက်လုံး ရှင့်ကိုလွမ်းအောင် လုပ်ချင်လို့လား"

ယင်ကျန်း နှုတ်ခမ်းများတွင် တောင်းပန်ဟန်အရိပ်အ ယောင်များ စွန်းထင်းလျက် ပြောလာသည်။

"ဒီဘဝမှာ ကိုယ် လူအများကြီးအပေါ် အမှားလုပ်ခဲ့မိတယ်၊ ပြီးတော့ မင်းကိုလည်း ဒုက္ခရောက်စေခဲ့တယ်၊ တကယ်လို့ နောင်ဘဝဆိုတာရှိခဲ့ရင် အစကနေအဆုံးထိ ကိုယ့်ဘေးမှာ မင်း တစ်ယောက်တည်းပဲရှိဖို့ မျှော်လင့်မိတယ်၊ အခုတော့ ကိုယ်တို့ ခွဲခွာကြတာပေါ့၊ ဒီ တစ်ဘ၀လုံးစာအတွက်"

သူ့လက်မပေါ်ရှိ ကျောက်စိမ်းဖြူ လက်စွပ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ နှစ်ပေါင်းများစွာ ကိုင်တွယ်အသုံးပြုခဲ့မှုကြောင့် ထိုလက်စွပ်သည် ယခင်ကလို ချောမွေ့တောက်ပခြင်း မရှိတော့ပေ။ ထိုအစား ထပ်တိုးလာသော အပ်ကွဲကြောင်းကြောင့် ပိုလေးလံပုံရလေသည်။

ကမ်းချန်ချန် တစ်သက်လုံးချော့ခဲ့ရသော အမျိုးသားသည် သူ့ မျက်လုံးများကို ထာဝရမှိတ်သွားခဲ့သည်။

[ကျွန်မရဲ့ရင်ခွင်ထဲမှာ သေဆုံးခွင့်ရတာ တကယ့်ကို ရှင့်ရဲ့ ကံကောင်းမှုကြီးပဲ]

စုဖေးရှန်သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်။

ကမ်းချန်ချန်သည် လေးလံသောနှလုံးသားဖြင့် ယင်ကျန်း အသုဘအခမ်းအနားကို ကြီးကြပ်ပေးခဲ့ပြီး မျက်ရည်များစွာ ကျခဲ့သည်။

နွီဟူလုမှာမူ အထူးတလည် ဝမ်းနည်းပူဆွေးမနေသော်လည်း စိုးရိမ်ပူပန်ဟန် ဆောင်နေသည်။ သူမက စမ်းသပ်မေးမြန်းသည့် လေသံဖြင့် မေးသည်။

"အရှင်မင်းကြီး ကွယ်လွန်သွားပြီဆိုတော့ အနောက်ဆောင်က ကိုယ်လုပ်တော်တွေ ဘယ်လိုဖြစ်သွားမလဲ"

[နောက်ဆောင်ထဲမှာ ကိုယ်လုပ်တော် ဘယ်နှယောက်များ ကျန်တော့လို့လဲ၊ နင်အတွက် နင် မေးနေတာမဟုတ်ဘူးလား]

ကမ်းချန်ချန်က ပြန်ဖြေသည်။

"နင် ဆန္ဒရှိရင် ဒီမှာ ထာဝရနေပြီး ဧကရီမယ်တော်ကြီးလုပ်လို့ရတယ်"

နွီဟူလုမှာ အစပိုင်းတွင် ဝမ်းသာသွားသော်လည်း ကမ်းချန်ချန်က သူမကိုလှည့်စားနေမည်ကို စိုးရိမ်သဖြင့် ဂနာမငြိမ်ဖြစ်သွားသည်။

"ရှင် ဘာတွေပြောနေတာလဲ၊ ရှင်ကမှ တရားဝင် ဧကရီမယ် တော်ကြီးပါ၊ ဟုန်လီရဲ့ မယ်တော်အရင်းလေ"

ကမ်းချန်ချန် ကူကယ်ရာမဲ့စွာဖြင့် ပြောသည်။

"ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ"

စုယန်က ဤနေရာအတွက် မွေးဖွားလာသူဖြစ်ကြောင်း ကမ်းချန်ချန် သိထားသည်။

ဧကရီမယ်တော်ကြီးတစ်ပါးအနေဖြင့် သူမသည် နောက်ဆောင်ရှိလူတိုင်းထံမှ လေးစားမှုကို ရရှိမည်ဖြစ်ပြီး သူမ လုပ်ချင်ရာကိုလည်း လုပ်နိုင်ပေမည်။

အိမ်ထဲတွင်သာ အကျဉ်းကျနေခဲ့ရသော အမျိုးသမီးတစ်ဦးအတွက်တော့ အမှန်ကိုအံ့သြစရာကောင်းလှပေသည်။

တစ်လအကြာတွင် ကမ်းချန်ချန်သည် သီချင်းလေးညည်းကာ အထုပ်အပိုးများပြင်ဆင်ပြီး သူမ သားအငယ်ဆုံး ဟုန်ကျိုးနှင့်အတူ နန်းတော်မှထွက်ခွာဖို့ ပြင်ဆင်လေတော့သည်။

မျက်လုံးအောက်တွင် အမဲ၀ိုင်းများရှိနေသော ဟုန်လီသည် တိတ်တဆိတ်ဝင်လာပြီး မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် မေးလာသည်။

"မယ်တော်... သားတော်နဲ့အတူ နန်းတော်ထဲမှာ မနေတော့ဘူးလား"

ကမ်းချန်ချန် ပေါ့ပေါ့ပါးပါးပင် "စုယန်က နင်နဲ့အတူ ရှိနေတာပဲ မဟုတ်ဘူးလား၊ နင် ပျင်းရင် နန်းတော်အပြင်ထွက်ပြီး အဘွားကို သွားတွေ့လို့ရတာပဲ၊ သူမလည်း အသက်ကြီးနေပြီဆိုတော့ ငါနဲ့အတူ ခေါ်မသွားတော့ဘူး"

ဟုန်လီ နှာခေါင်းရှုံ့ကာ "ဟုတ်တာပေါ့၊ မယ်တော်က အမြဲ တမ်းပျင်းနေတာ၊ ကိုယ့်သားအရင်းကိုတောင် တခြားသူတွေကို စောင့်ရှောက်ခိုင်းထားခဲ့တာ၊ ဒါပေမဲ့ ညီတော့်အတွက်ကျတော့ အမြဲတမ်းစိတ်ပူနေတာပဲ"

သူ့ မျက်နှာကိုကြည့်ရင်း လွန်ခဲ့သောနှစ်များစွာက ညဉ့်နက်ပိုင်းတွင် ကိုယ်လုပ်တော်တဲ့ မျက်နှာလိုက်မှုအတွက် ငိုကြွေးနေခဲ့သော ယင်ကျန်းမျက်နှာအမူအရာကို ကမ်းချန်ချန် ဝေဝေဝါးဝါး ပြန်လည် အမှတ်ရသွားသည်။

[ကျွတ် ကျွတ်... ဘဝဆိုတာ တကယ့်ကို သံသရာလည်နေတာပဲ]

ကမ်းချန်ချန်သည် အထုပ်အပိုးပြင်ဆင်နေခြင်းကို ရပ်တန့်ပြီး သူ့ကို ဆွဲချထိုင်ခိုင်းကာပြောလိုက်သည်။

"မယ်တော်က သားညီလေးကိုမျက်နှာလိုက်တာ မဟုတ်ပါဘူး၊ မယ်တော်က ကျန်းနန်ကို သဘောကျလို့ပါ၊ သားညီလေးက မယ်တော့်ကို အဲဒီကိုခေါ်သွားပေးနိုင်လို့ မယ်တော် ပိုပျော်ရွှင်ရတာပါ၊ တကယ်တော့ မယ်တော်လည်း သားနဲ့ မခွဲရက်ပါဘူး"

ဟုန်လီ မျက်နှာအမူအရာ ပျော့ပျောင်းသွားကာ သကြားလုံးကိုမျှော်လင့်နေသော ကလေးတစ်ယောက်ပမာ မေးသည်။

"မယ်တော်က ဟုန်လီကိုပြန်လာပြီး ကြည့်ဦးမှာလားဟင်"

ကမ်းချန်ချန်ကမူ အကျင့်ပါနေသော ချော့မော့သည့် လေသံဖြင့်ပြောလိုက်သည်။

"သေချာတာပေါ့၊ သားလည်း မယ်တော့်ရဲ့အဖိုးတန်လေးပဲဟာ"

ဟုန်လီ ပြုံးသွားသည်။

"သား မယ်တော့်ကို စောင့်နေမယ်နော်"

[ကံကောင်းလို့... မင်းက မင်းအဖေထက် ချော့ရတာ အများကြီးပိုလွယ်တာ]

----

နှစ်ဝက်ခန့် ကြာပြီးနောက် ယန်ကျိုးရှိ အပျော်စီးလှေတစ်စင်းပေါ်တွင် ဟုန်ကျိုးက ဖရဲစေ့ခွံကို ထွေးထုတ်လိုက်သည်။

"မယ်တော်... ဒီခရီးစဉ်အတွက် သားတို့ ငွေတွေ အများကြီး ကုန်သွားပြီ၊ အရှုံးပေါ်တာတွေ ပြန်ကာမိအောင် အိမ်ပြန်ရောက်ရင် နာရေးအခမ်းအနား နည်းနည်းလောက် ထပ်လုပ်ရမယ်"

ငါးစာကျွေးနေသော ကမ်းချန်ချန်သည် သူ့ဘက်သို့ ငါးစာများကို ချက်ချင်းပစ်ပေါက်ပြီး ခါးထောက်ကာ ဒေါသတကြီးဖြင့် အော်တော့သည်။

"နင် လုပ်ရဲ လုပ်ကြည့်လေ"

အနီးနားတွင် တိမ်တိုက်ကိတ်မုန့်စားနေသော ဟွာစန်းကမူ တခစ်ခစ် ရယ်မောနေတော့သည်။

ကောင်းကင်ယံသည် မြင့်မားကာ ကြည်လင်နေပြီး ငန်းတစ်အုပ်သည် ပါးလွှာသော မြူခိုးတိမ်တိုက်များကြားမှ လွတ် လပ်စွာ ပျံသန်းသွားကြသည်။

ပြီးပါပြီ ༼⁠;⁠´⁠༎ຶ⁠ ⁠۝ ⁠༎ຶ⁠༽

All Chapters