အခန်း ၁၂၁
Vol. 13 Ch. 121
📗 Chapter 121
ကျန့်လင်: “အဲ့လိုလုပ်လို့ ဖြစ်မလား!”
ထိုသို့ ပြုလုပ်လိုက်လျှင် သူသည် စကားမတည်ဘဲ ကတိဖျက်တတ်သည့် သစ္စာဖောက်တစ်ယောက် ဖြစ်သွားသကဲ့သို့ ခံစားရပေလိမ့်မည်။
ကျန့်လင်တွင်လည်း ကိုယ်ပိုင် ခံယူချက်များ ရှိပါသည်။ သူသည် အလွန်ဖြောင့်မတ်မှန်ကန်သူဖြစ်ရာ ထိုကဲ့သို့ လုပ်ရပ်မျိုးကို ကျူးလွန်နိုင်မည် မဟုတ်ပေ။
ဤကိစ္စသည် ယဲ့ရှောင်ရှောင်နှင့် ကျန့်လင်တို့နှစ်ဦးကြားမှ သဘောထား ကွဲလွဲမှုပင်ဖြစ်သည်။
သူတို့နှစ်ဦး၏ အငြင်းပွားမှုမှ အဖြေထွက်မလာသောအခါ တစ်နေရာရာတွင် သေသေချာချာ ထိုင်ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြပါသည်။ ရှေ့နေဟယ်နှင့် ဟန်ရှင်းတို့ကို နေ့လယ်စာ ဝယ်ကျွေးဖို့ အခွင့်အရေးလည်း ဖြစ်သည်။
နေရာအသစ်သို့ ရောက်ရှိလာသော်လည်း ကျန့်လင်က ခံယူချက် မပြောင်းသေးပေ။
ဟန်ရှင်းက ယဲ့ရှောင်ရှောင်ကို တိတ်တဆိတ် မေးမြန်းလိုက်ပါသည်။
“အဲ့ဒီကောင်လေးက နင့်ကို ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ်တွေ အသည်းအသန်ပေးချင်နေတာ၊ သူ့အသက်ကို ကယ်ထားလို့လား ဘာလား”
ယဲ့ရှောင်ရှောင်: “…”
‘အဲ့လိုသဘောမျိုးပါပဲ…’
ဟန်ရှင်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး လူရှင်းသောအခါ အတင်းတုပ်ခဲ့ပါသည်။
“ဒါမှမဟုတ် နင့်အပေါ် သူခံစားချက်တွေ ရှိနေလို့လားမသိဘူးနော်”
ယဲ့ရှောင်ရှောင် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
“ရှင်ပြဿနာမတက်ချင်ရင် ပေါက်ကရတွေ လျှောက်မပြောတာ ကောင်းမယ်”
ဟန်ရှင်း နားမလည်နိုင် ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ… နင်နဲ့ ရှုကျမ့်ဝမ်တို့ လမ်းခွဲလိုက်ပြီ မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင်: “နောက်ကျရင် ရှင်သိလာပါလိမ့်မယ်”
ဟန်ရှင်းမှာ မေးပွတ်လျက် အတွေးများ နက်နဲသွားလေတော့သည်။
ထိုစဉ် ယဲ့ရှောင်ရှောင်က ကျန့််လင်ကို ပြောလိုက်သည်။
“ဒီနည်းပညာကို နင့်အစွမ်းအစနဲ့ ကိုယ်တိုင် ကြိုးစားဖန်တီးထားတာ၊ နင့်မှာ ဒီ့ထက် ပိုမြင့်မားတဲ့ ရည်မှန်းချက်တွေရှိမှာ သေချာတယ်၊ ဒီပိုက်ဆံတွေကို နင့်ဖာသာနင် သေသေချာချာ သိမ်းဆည်းထားပြီး လိုအပ်တဲ့နေရာမှာပဲ အသုံးချလိုက်ပါ”
ကျန့်လင်၏ မျက်လုံးများ ချက်ချင်းဆိုသလို အရောင်တောက်ပသွားသည်။
“ငါကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်ဖို့ ဆုံးဖြတ်ထားတာ၊ နင်က ငွေကို လက်မခံဘူးဆိုတော့ ငါကုမ္ပဏီ ထောင်ပြီးတာနဲ့ ရှယ်ယာတစ်ချို့တစ်ဝက် ယူလိုက်ပေါ့”
ယဲ့ရှောင်ရှောင် ဆွံ့အသွားသည်။
‘ဒီကောင်ဘာလို့ အဲ့လောက် ရိုးအရတာလဲ’
“အေးပါ၊ နင့်ကုမ္ပဏီကို တကယ်တည်ထောင်ပြီးတဲ့အခါကျမှ အဲ့ဒီအကြောင်း ဆက်ပြောကြတာပေါ့”
သူမဘက်မှ ငွေစိုက်ထုတ်ပေးစရာ မလိုသရွေ့ အဆင်ပြေနိုင်ပါသည်။
ဟန်ရှင်းကမူ ဘေးမှနေ၍ အတင်းအဖျင်းသတင်းများကို အပြည့်အဝ အရသာခံ နားထောင်နေခဲ့သည်။ အစားအသောက်များ လာရောက်တည်ခင်းပေးသည့်တိုင်အောင် စပ်စုချင်စိတ်ကို ထိန်းမရသေးပေ။
“ယဲ့ရှောင်ရှောင်၊ နင်ဘာလို့ ပေကျင်းကို ပြန်ရောက်လာတာလဲ”
‘အဲ့ဒီမြို့သေးသေးလေးမှာ တကယ်မနေနိုင်တော့လို့လား’
“တက္ကသိုလ်ဝင်ခွင့်အောင်လို့ ကျောင်းလာတက်နေတာလေ”
“ဪ ဟုတ်လား၊ ဘယ်တက္ကသိုလ်လဲ”
“ကျင့်ဟွာတက္ကသိုလ်ပါ”
“အဟွတ် အဟွတ် အဟွတ်!”
ဟန်ရှင်းမှာ ပါးစပ်ထဲမှ အစားအစာများ သီးထွက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။
‘ကျင့်ဟွာတက္ကသိုလ်တဲ့!’
ယဲ့ရှောင်ရှောင်သည် အလွန်လှပသည့်အပြင် သူမ၏ ပညာရေးကလည်း ဤမျှ ကောင်းမွန်နေလိမ့်မည်ဟု ဟန်ရှင်း ထင်မထားမိခဲ့ပေ။
ဤအတိုင်းသာဆိုလျှင် ယဲ့ရှောင်ရှောင်အား မည်သည့်မိန်းကလေးမှ ယှဉ်နိုင်ဖွယ် မရှိတော့ပါ။
ဟန်ရှင်းကိုယ်တိုင်လည်း ထိပ်တန်းတက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့သူဖြစ်သော်ငြား ပညာရေးကို အလွန်အမင်း အားစိုက်သူ မဟုတ်သဖြင့် ကျင့်ဟွာတက္ကသိုလ်တက်ရောက်နိုင်သည့်လူတိုင်းကို အလွန်ပင် လေးစားအားကျမိပါသည်။
ဤကဲ့သို့ မိန်းကလေးမျိုးကို ရှုကျမ့်ဝမ်က အဘယ်ကြောင့် ဘဝင်မကျ ဖြစ်ခဲ့ရသနည်း။
ဟန်ရှင်းတွင် သံသယများ ရှိနေပါသေးသည်။
“ဒါဆို ငါ့အစ်ကိုလုနဲ့ ဘယ်လိုအဆက်အသွယ်ရခဲ့တာလဲ၊ ငါတကယ်သိချင်လို့ပါ၊ သူ့ကို အကူအညီတောင်းဖို့ဆိုတာ မလွယ်ဘူး၊ တစ်ခါတလေကျရင် ငါတောင် သူ့ကို ဘယ်နေရာမှာ သွားရှာရမှန်း သိတာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်: “အဲ့တာက… အရင်တစ်ခေါက်က သူပေးခဲ့တဲ့ ဖုန်းနံပါတ်ကြောင့်လေ၊ ကျွန်မ သူ့ကို ခဏခဏ ဆက်သွယ်နေတာလည်း မဟုတ်ပါဘူး”
လုဟန်ချွမ်ကသာ သူမဆီကို မကြာခဏ ရောက်လာနေခြင်းပင်။
အခြားအကြောင်းအရင်း စဉ်းစား၍ မရတော့သဖြင့် ဟန်ရှင်းယုံကြည်လိုက်ရတော့သည်။ ဧကန္တ လူတိုင်းမရနိုင်သည့် လှလှပပ ကောင်မလေးတစ်ယောက်၏ အကျိုးခံစားခွင့်မျိုး ဖြစ်နိုင်သည်။
သူတို့နှစ်ဦး စကားပြောနေကြစဉ် ကျန့်လင်က ကုမ္ပဏီတစ်ခု တည်ထောင်ဖို့အတွက် ရှေ့နေဟယ်နှင့် စတင် တိုင်ပင်နေပါပြီ။
သို့သော် ကျန့်လင်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦးသာဖြစ်၍ သူ့အကြံဉာဏ်များက ရင့်ကျက်မှု မရှိသေးပါ။ နောက်ထပ် ၅ နှစ် ၆ နှစ်ခန့်အကြာမှ ကုမ္ပဏီတစ်ခုကို အောင်အောင်မြင်မြင် စီမံနိုင်စွမ်း ရှိလာလိမ့်မည်။
ထို့ကြောင့်လည်း ယဲ့ရှောင်ရှောင်က သူမကို ပိုက်ဆံများ အတင်းအကျပ် ပေးချင်နေသည့် ကျန့်လင်၏ စိတ်ကူးအား ဖျောက်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။ အနာဂတ်တွင် မည်သို့မည်ဖုံဆက်ဖြစ်လာမည်ကို မည်သူမှ အတတ်မပြောနိုင်ပေ။
စားသောက်ပြီးနောက် ဟန်ရှင်းက ယဲ့ရှောင်ရှောင်တို့ နှစ်ဦးကို ကျောင်းသို့ ပြန်လိုက်ပို့ပေးခဲ့ပါသည်။
သူတို့ကို ပြန်ပို့ပေးပြီး ဟန်ရှင်း ရုံးသို့ ပြန်ရောက်လာသည်နှင့် လုဟန်ချွမ်ထံမှ ဖုန်းဝင်လာခဲ့သည်။
“ကိစ္စတွေအားလုံး အဆင်ပြေသွားပြီလား”
ဟန်ရှင်း: “ပြေသွားပါပြီ ပြေသွားပါပြီ၊ ငါကိုယ်တိုင် အားလုံး လိုက်လုပ်ပေးလိုက်ပါတယ်၊ အခုမှ ပြန်ရောက်လို့ ရေတောင် မသောက်ရသေးဘူး၊ ဒါနဲ့ မင်းဘာလို့ ဒီကိစ္စကို အဲ့လောက် စိတ်ဝင်စားနေရတာလဲ၊ အရောင်းအဝယ်တစ်ခုလုံးက စုစုပေါင်း ယွမ် သောင်းဂဏန်းလောက်ပဲ တန်တာ၊ မင်းအဲ့တာလည်း စိတ်ဝင်စားတာပဲလား”
လုဟန်ချွမ်သည် သူငယ်ချင်းဖြစ်သူ၏ ညည်းတွားသံများကို လုံးဝ လျစ်လျူရှုထားပါသည်။
ဟန်ရှင်းကိုယ်တိုင်က ခြေမငြိမ်နိုင်သဖြင့် သူ့သဘောနှင့်သူ လိုက်သွားခြင်းမဟုတ်ပါလား။ အမောဖောက်ပြီး သေသွားလျှင်ပင် သူ့ထိုက်နှင့်သူ့ကံဟု ဆိုရမည်။
ထို့အပြင် ရှောင်ရှောင်တို့အဖွဲ့က သူ့ကို တစ်ခုခု လိုက်ကျွေးခဲ့မှာ သေချာပါသည်။
လုဟန်ချွမ်ထံမှ နှစ်သိမ့်စကား မကြားရသောအခါ ဟန်ရှင်း တစ်ယောက်တည်း စကားဆက်ပြောလေသည်။
“ဟောက်မိသားစုဆီကထွက်သွားပြီး ယဲ့ရှောင်ရှောင် ဒီလိုအဆင်ပြေပြေနေနိုင်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး၊ သူ့ကြည့်ရတာ ငွေကြေးအခက်အခဲရှိတဲ့ပုံလည်း မပေါ်ဘူး၊ သူ့ဘေးက ကောင်လေးကလည်း တော်တော် အလားအလာ ရှိမယ့်ပုံပဲ၊ သူတို့ဘယ်လိုပတ်သတ်လဲဆိုတာတော့ ငါသေချာမသိဘူး၊ ဒါပေမယ့် ယဲ့ရှောင်ရှောင်နဲ့ ရှုကျမ့်ဝမ်တို့က ဘာမှမသက်ဆိုင်တော့ဘူးဆိုတော့ အဲ့ဒီကောင်လေးဆိုလည်း မဆိုးပါဘူး…”
ဟန်ရှင်း၏ သုံးသပ်ချက်များကို လုဟန်ချွမ် အေးစက်စွာ ဖြတ်ပြောလိုက်သည်။
“အရေးမပါတာတွေ လျှောက်မတွေးနဲ့ ဟန်ရှင်း”
ထိုသို့ ပြတ်ပြတ်သားသား ဆူငေါက်ပြီးနောက် လုဟန်ချွမ် ချက်ချင်း ဖုန်းချသွားခဲ့သည်။
ဆက်ပြောနေလျှင်လည်း အချိန်ဖြုန်းရာသာ ကျပါလိမ့်မည်။ ဟန်ရှင်း၏ နှုတ်မှ အနှစ်သာရရှိသည့် စကားဟူသည် ထွက်မလာနိုင်ပေ။။
ဟန်ရှင်းမှာ ဘာအပြစ်မှမရှိဘဲ ရုတ်တရက်ကြီး အဆူခံလိုက်ရသဖြင့် ကြက်သေသေသွားခဲ့ရသည်။
“လခွမ်း ဘယ်လိုကောင်လဲဟ! ငါ့မှာတော့ အပင်ပန်းခံပြီး ကူညီပေးလိုက်ရတာ၊ ကျေးဇူးမတင်တဲ့အပြင် ငေါက်ပါ ငေါက်သွားသေးတယ်”
သူ့စကားတွင် မည်သည့်အမှားအယွင်း ပါဝင်သွားသည်ကို ဟန်ရှင်းလုံးဝ နားမလည်ပါ။ ငြင်းခုံဖို့အတွက် ဖုန်းပြန်ဆက်ဖို့ ကြိုးစားသော်လည်း တစ်ဖက်မှ ဖုန်းမကိုင်တော့ပေ။
ဟန်ရှင်းမှာ ဘာမှမတတ်နိုင်တော့ဘဲ တစ်ယောက်တည်း ဒေါသတထောင်းထောင်း ထနေခဲ့ရတော့သည်။
လုဟန်ချွမ်ဟူသည့်ကောင်၏ ကိစ္စရပ်များကို မည်သည့်အခါတွင်မှ ထပ်မံကူညီဖြေရှင်းပေးတော့မည် မဟုတ်ဟု ဟန်ရှင်း ဆုံးဖြတ်ချက် ချလိုက်တော့သည်။
--- --- ---
ယဲ့ရှောင်ရှောင် ဖန်တီးထားသည့် အသားဖြူလိမ်းဆေးခရင်မ် ပထမအသုတ်ကို ထုတ်လုပ်ပြီးစီးခဲ့ပါပြီ။
သို့သော် ဤကဲ့သို့ ပစ္စည်းမျိုးအား ဆေးဆိုင်တွင် ချက်ချင်း တင်ရောင်းလျှင် နာမည်ကြီးနိုင်မည် မဟုတ်ပေ။ ဆရာဝန်တစ်ဦးကလည်း လူနာတစ်ယောက်ကို အသားဖြူလိမ်းဆေးခရင်မ်သုံးဖို့ ညွှန်းဆိုပေးနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် မြို့တွင်းရှိ ကုန်တိုက်ကြီးများသို့ သွားရောက်၍ သူမ၏ အသားဖြူလိမ်းဆေးခရင်မ်ကို ရောင်းချပေးရန် စိတ်ဝင်စားမှုရှိ၊ မရှိ စုံစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။
ကျန်းခိုင်နင်သည် အသားဖြူလိမ်းဆေးခရင်မ်ထုတ်လုပ်မှုတွင် မပါဝင်သော်လည်း ထိုကိစ္စကို သိထားပါသည်။
“ကျန်းမိသားစု ဆေးပလာစတာတွေကို ကုန်တိုက်တွေရဲ့ တချို့ကောင်တာတွေမှာ ရောင်းချနေပြီပဲ၊ ပစ္စည်းနှစ်မျိုးပေါင်းပြီး ရောင်းကြည့်လိုက်ပါလား”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“ကျန်းမိသားစု ဆေးပလာစတာတွေက ရောင်းအား ကောင်းနေတယ်ဆိုပေမယ့် အသားဖြူလိမ်းဆေးခရင်မ်နဲ့ ဘာမှ မသက်ဆိုင်ဘူးလေ၊ ငါ့ဖာသာ ငါ အရင်စုံစမ်းကြည့်တာပိုကောင်းပါတယ်”
အသားဖြူလိမ်းဆေးခရင်မ်ကို အရွယ်အစား အနည်းငယ်ကြီးသည့် အဖြူရောင် ကြွေပုလင်းများဖြင့် ထုပ်ပိုးထားခြင်းဖြစ်ရာ သာမန် အမှတ်တံဆိပ်များဖြစ်ကြသော ‘ဝမ်ကျစ်ချမ့်ဟုံ’တို့ကဲ့သို့ ရောင်စုံပန်းပြောက်များ ပါဝင်သည့် ထုပ်ပိုးမှုပုံစံများနှင့် နှိုင်းယှဉ်လိုက်လျှင် ပိုမိုသပ်ရပ်ကာ အဆင့်အတန်း ပိုရှိပါသည်။
ယဲ့ရှောင်ရှောင်သည် ထုတ်လုပ်ပြီးသား ပုလင်းအနည်းငယ်ကို ယူဆောင်ကာ စက်ဘီးစီးလျက် အနီးနားရှိ ကုန်တိုက်သို့ သွားရောက်ခဲ့သည်။
အလွန်အမင်း ခေတ်မီဆန်းပြားလှသော ကုန်တိုက်ကြီးမျိုးမဟုတ်ဘဲ အဆောက်အအုံဟောင်းတစ်ခုသာဖြစ်သည်။
အထဲသို့ ဝင်ရောက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ပစ္စည်းဝယ်ယူမည်ဟု မပြောဘဲ အနီးနားရှိ ဆိုင်ခန်းများကို လိုက်လံ ကြည့်ရှုခဲ့ပါသည်။
လက်ရှိ ကုန်တိုက်ကြီးများတွင် နိုင်ငံပိုင်ဆိုင်ခန်းများသာ ရှိနေခြင်းမျိုး မဟုတ်ပေ။ အထည်များ၊ ပိတ်သားများ ရောင်းချသည့် အချို့ဆိုင်ခန်းများမှာမူ ကိုယ်ပိုင် ငှားရမ်းထားခြင်းဖြစ်ကြသည်။
ထိုသူတို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းများမှတဆင့် ကုန်ပစ္စည်းများကို တင်သွင်းကြပြီး၊ ဆိုင်ခန်းငှားရမ်းခ ပေးဆောင်ပြီးနောက် ကျန်ရှိသော အမြတ်ငွေအားလုံးကို ပိုင်ဆိုင်နိုင်ကြပါသည်။
ယဲ့ရှောင်ရှောင်သည် ဝယ်သူအများဆုံး အလှကုန်ဆိုင်ခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
“ညီမလေး၊ စိတ်ကြိုက်ကြည့်လို့ရတယ်နော်၊ ဘာများအလိုရှိလို့လဲ”
ဆိုင်ရှင်အမျိုးသမီးက ပေကျင်းလေယူလေသိမ်းဖြင့် ပြောလိုက်ပါသည်။
ယဲ့ရှောင်ရှောင်က အပြုံးဖြင့် မေးသည်။
“အစ်မဆီမှာ ပစ္စည်းလာဝယ်တဲ့သူတွေ အများကြီးပဲနော်၊ ဒါအစ်မရဲ့ ကိုယ်ပိုင်ဆိုင်ခန်းလား၊ ဒါမှမဟုတ် နိုင်ငံပိုင် ဆိုင်ခန်းလားဟင်”
အမျိုးသမီးက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။
“ညီမလေးက အမြင်စူးရှသားပဲ၊ ဒီမှာ ဝယ်သူတွေ ဘာလို့အရမ်းများနေတာလဲသိလား၊ အစ်မတို့ရဲ့ ပစ္စည်းတွေက အရည်အသွေး ကောင်းလို့ပေါ့၊ ဒီနှုတ်ခမ်းနီနဲ့ မျက်နှာလိမ်းဆေးခရင်မ်ကိုပဲ ကြည့်လိုက်၊ အားလုံးကို ရှန်ဟိုင်းကနေ တိုက်ရိုက်တင်သွင်းထားတာ၊ ပြီးတော့ နိုင်ငံခြားက တင်သွင်းထားတဲ့ ဆံပင်အားဖြည့်ဆီတွေနဲ့ ရေမွှေးတွေလည်း ရှိသေးတယ်၊ အစ်မတို့ဆိုင်က ပစ္စည်းတွေက နိုင်ငံပိုင်ဆိုင်တွေရဲ့ ပစ္စည်းတွေနဲ့မတူဘူး၊ အဲ့တာကြောင့် ဝယ်သူတွေ ပိုများတာပေါ့”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ဒီမှာ မျက်နှာလိမ်းဆေးခရင်မ်တွေက ဈေးနှုန်းဘယ်လောက်ရှိလဲဟင်”
“ဈေးသက်သာတာဆိုရင် ၁၀ ပြား၊ ပြား ၂၀ လောက်ပဲ ရှိတယ်၊ ဈေးကြီးတာထဲကဆိုရင် ၂ ယွမ် ၃ ယွမ် လောက်ရှိတယ်၊ အဲ့ထက် ပိုဈေးမြင့်တာလိုချင်ရင်တော့ ၇ ယွမ် ၈ ယွမ်လောက် ရှိတာပေါ့”
အမျိုးသမီးက မျက်နှာလိမ်းခရင်မ်အမျိုးအစားအမျိုးမျိုးကို ယဲ့ရှောင်ရှောင်အား မိတ်ဆက်ပြသပေးလိုက်သည်။
“ဒါဆိုရင် အသားအရေကို နူးညံ့ပြီး ဖြူဝင်းလာစေမယ့် မျက်နှာလိမ်းခရင်မ်မျိုးကော ရှိလားဟင်”
အမျိုးသမီးက ရုတ်တရက် ရယ်မောလိုက်ပါသည်။
“အစ်မတို့ရဲ့ မျက်နှာလိမ်းခရင်မ်တွေက အဓိကအားဖြင့် မျက်နှာကို ကာကွယ်ပေးဖို့၊ နူးညံ့နေတဲ့အရေပြားတွေကို ပတ်ကြားအက်တာနဲ့ ကွာကျတာတွေ မဖြစ်စေဖို့၊ ပြီးတော့ လေဒဏ်ကနေ ကာကွယ်ပေးဖို့ပဲလေ၊ တကယ်လို့ မျက်နှာက နဂိုကတည်းက သစ်ခေါက်အိုကြီးလို ဖြစ်နေတာဆိုရင်တော့ ဘာပဲလိမ်းလိမ်း အသုံးဝင်မှာ မဟုတ်ဘူး၊ မျက်နှာကို ယာယီ ဖြူအောင်လုပ်ချင်တာဆိုရင်တော့ ဒီပေါင်ဒါမှုန့်ကို လိမ်းပေးလို့ရတယ်၊ ဒီပေါင်ဒါမှုန့်ကို သုံးကြည့်လိုက်၊ တစ်ချက် လိမ်းလိုက်တာနဲ့ လုံးဝ ဖြူဖွေးသွားစေရမယ်”
ထိုအမျိုးသမီး မိတ်ဆက်ပေးသည့် ပေါင်ဒါမှုန့်ဘူးကို ယဲ့ရှောင်ရှောင် စစ်ဆေးကြည့်လိုက်သည်။
ဤအရာမှာ ခေတ်သစ်မိတ်ကပ်ပေါင်ဒါများနှင့် မတူလှပေ။ ၎င်း၏ ပါဝင်ပစ္စည်းများကို မသိရသည့်အပြင် မျက်နှာပေါ်တွင် လိမ်းလိုက်ပါက အရေပြားထိခိုက်ပြီး အဖတ်များပင် ကွာကျနိုင်သဖြင့် ကြောက်စရာကောင်းလှပါသည်။