အခန်း ၁၂၂
Vol. 13 Ch. 122
📗 Chapter 122
ယဲ့ရှောင်ရှောင်သည် ဆိုင်ရှင်အမျိုးသမီး၏ လက်ထဲသို့ အသားဖြူလိမ်းဆေးခရင်မ်တစ်ဘူး ထိုးထည့်ပေးလိုက်သည်။
“ကျွန်မလုပ်ထားတဲ့ မျက်နှာလိမ်းခရင်မ်လေးကို စမ်းသုံးကြည့်ပါလား အစ်မ”
ဆိုင်ရှင်အမျိုးသမီးမှာ ယဲ့ရှောင်ရှောင်ကို မယုံသင်္ကာဖြင့် ကြည့်လျက် မေးလိုက်သည်။
“ဒါဘာကြီးလဲ၊ အစ်မက တံဆိပ်မရှိ၊ လိုင်စင်မရှိတဲ့ ထုတ်ကုန်တွေ မသုံးဘူးနော်”
ယဲ့ရှောင်ရှောင် စိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်သည်။
“ရမ်သဲ့ထန်ကို သိတယ်မလား၊ ဒီမျက်နှာလိမ်းဆေးခရင်မ်ကိုလည်း ရမ်သဲ့ထန်က ထုတ်လုပ်ထားတာပါ”
ဆိုင်ရှင်အမျိုးသမီး နားမလည်နိုင် ဖြစ်သွားသည်။
“အဲ့တာ ဆေးရောင်းတဲ့ဆိုင် မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင်: “ဟုတ်ပါတယ်၊ ဒီလိမ်းဆေးထဲမှာ တရုတ်တိုင်းရင်းဆေးပင်တွေ အများကြီးထည့်သွင်းထားတယ်၊ အဲ့တာတွေက အသားအရေကို ပြုပြင်ထိန်းသိမ်းပေးနိုင်တယ်လေ၊ အမှန်အတိုင်းပြောရရင် ဒီနေ့ ကျွန်မတို့ရဲ့ ထုတ်ကုန်ကို ဖြန့်ချိပေးနိုင်မယ့်သူ လာရှာတာပါ၊ အစ်မအနေနဲ့ ဒီတစ်ဘူးကို အခမဲ့ အရင်စမ်းသုံးကြည့်လို့ရတယ်၊ တကယ်လို့ ထိရောက်မှုရှိတယ်လို့ ခံစားရလို့ အစ်မဆိုင်မှာ ရောင်းချချင်တယ်ဆိုရင် ကျွန်မကို ဆက်သွယ်လိုက်လို့ရပါတယ်၊ ဒီမှာ ကျွန်မရဲ့ ဖုန်းနံပါတ်ပါ”
ယဲ့ရှောင်ရှောင်သည် ဖုန်းနံပါတ်ရေးသားထားသော စာရွက်ပိုင်းလေးကို ဆိုင်ရှင်အမျိုးသမီးအား ကမ်းပေးလိုက်သည်။
ဆိုင်ရှင်အမျိုးသမီးက အဖြူရောင်ကြွေပုလင်းလေးကို လက်ထဲတွင် ကိုင်ကြည့်ရင်း သုံးသပ်လိုက်ပါသည်။
“ထုပ်ပိုးမှုပုံစံက အဆင့်မြင့်သားပဲ၊ အနံ့ကလည်း မဆိုးဘူး၊ တစ်ရက် နှစ်ရက်လောက် စမ်းသုံးကြည့်လိုက်မယ်လေ၊ အဆင်ပြေတယ်ဆိုရင် ရောင်းကြတာပေါ့၊ အစ်မဆီရောက်လာတာ နင်ကံကောင်းတယ်၊ ကုန်တိုက်မန်နေဂျာဆီ တိုက်ရိုက်သွားမယ်ဆိုရင် နင့်ကို ဘယ်သူမှ အချိန်ပေးမှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင် ချိုမြိန်စွာ ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်မ”
ဆိုင်ရှင်အမျိုးသမီးက ဆိုသည်။
“ကျေးဇူးတင်မစောပါနဲ့ဦး၊ ဒီလိမ်းဆေးက အာနိသင်မရှိဘူးဆိုရင် အစ်မဆက်သွယ်မှာ မဟုတ်ဘူးနော်”
ယဲ့ရှောင်ရှောင်က သူမ၏ ထုတ်ကုန်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိပါသည်။
“စမ်းသုံးကြည့်ပြီးရင် အစ်မ သဘောကျသွားမှာပါ၊ အဲ့ဒီ အသားဖြူလိမ်းဆေးခရင်မ်က အစ်မဆိုင်မှာ ရောင်းအား အကောင်းဆုံး ဖြစ်လာလိမ့်မယ်”
ကုန်တိုက်မှ ထွက်ခွာလာပြီးနောက် ယဲ့ရှောင်ရှောင်သည် ထိုနည်းလမ်းအတိုင်းပင် အခြားသော ဆိုင်များထံသို့လည်း အသားဖြူလိမ်းဆေးခရင်မ်များ အခမဲ့ လိုက်လံဝေငှပေးခဲ့ပါသည်။
၎င်းတို့အနက်မှ တစ်စုံတစ်ဦးကတော့ အာနိသင်ရှိကြောင်း သေချာပေါက်သိရှိပြီး သူမကို ဆက်သွယ်လာပါလိမ့်မည်။
ဤသည်မှာ ယဲ့ရှောင်ရှောင် မားကတ်တင်းဆင်းသည့် ပထမဆုံးခြေလှမ်းဟု ဆိုရမည်။
ယဲ့ရှောင်ရှောင် စက်ဘီးစီးလျက် ကျောင်းသို့ပြန်လာခဲ့သည်။ တစ်နေ့လုံးနီးပါး စက်ဘီးနင်းခဲ့ရသဖြင့် ခြေထောက်များ အလွန်ညောင်းညာကိုက်ခဲနေပါပြီ။
သူမ ပြန်ရောက်လာသောအခါ ကျန်ရှိနေသည့် အသားဖြူလိမ်းဆေးခရင်မ်ဘူးများကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ဤအသုတ်ကို မထုတ်လုပ်မီကတည်းက လူအချို့သည် သူမ၏ အသားဖြူလိမ်းဆေးခရင်မ်များကို စမ်းသပ် သုံးစွဲကြည့်ပြီးကြပါပြီ။
အာနိသင်များက အလွန်ကောင်းမွန်ပြီး အသုံးပြုသူ ၉၈ ရာခိုင်နှုန်း၏ အသားအရေပေါ်တွင် မည်သည့် ဓာတ်မတည့်မှု ဘေးထွက်ဆိုးကျိုးမျှ မဖြစ်ပွားခဲ့ပေ။
ယဲ့ရှောင်ရှောင်သည် သူမ၏ အခန်းဖော်များကိုလည်း စမ်းသုံးကြည့်စေချင်သဖြင့် ဤဘူးများကို အဆောင်သို့ ပြန်ယူလာခဲ့ရခြင်း ဖြစ်ပါသည်။
အားလုံးထဲတွင် ဝမ်ကျောင်းက စိတ်အဝင်စားဆုံး ဖြစ်နေသည်။
“အဲ့တာက တကယ်အသားဖြူအောင် လုပ်ပေးတာလား”
ယဲ့ရှောင်ရှောင်သည် ထိုလိမ်းဆေးကို ကိုယ်တိုင်ဖန်တီးထားသည်ဟု မပြောဘဲ ဆေးဆိုင်တစ်ခုမှ ဝယ်ယူလာသည်ဟုသာ လိမ်ပြောခဲ့ပါသည်။
“ရေရှည်စွဲသုံးရင်တော့ ထိရောက်မှု ရှိမှာပါ”
ဝမ်ကျောင်းက အနည်းငယ်ယူကာ မျက်နှာပေါ်တွင် လိမ်းကြည့်လိုက်သည်။
“အာနိသင်ရှိရင် တစ်ဘူးလောက် သွားဝယ်ဦးမယ်”
အဓိကအားဖြင့် ဝမ်ကျောင်းသည် ယဲ့ရှောင်ရှောင်၏ အသားအရေဝင်းပမှုကို မနာလိုအားကျနေခြင်းပင်။ ယဲ့ရှောင်ရှောင် ဤကဲ့သို့ ဖြူစင်ဝင်းပနေရခြင်းမှာ အသားဖြူလိမ်းဆေးခရင်မ်၏ အကျိုးကျေးဇူးဟု သူမ ထင်နေသည်။
ယဲ့ရှောင်ရှောင်ကလည်း အသားဖြူလိမ်းဆေးခရင်မ်ကို မည်သည့်နေရာတွင် ဝယ်ယူနိုင်ကြောင်း ရက်ရက်ရောရော ပြောပြလိုက်ပါသည်။
တစ်ပတ်ခန့်ကြာပြီးနောက် ရမ်သဲ့ထန်၏ မန်နေဂျာက ယဲ့ရှောင်ရှောင်အား ရုတ်တရက် ဖုန်းဆက်လာသည်။
“ယဲ့ရှောင်ရှောင်! ဒီနေ့ လူတစ်ယောက် ရုံးကို ဖုန်းဆက်ပြီး အသားဖြူလိမ်းဆေးခရင်မ် ဘူး ၂၀၀ အော်ဒါမှာချင်တယ်လို့ အကြောင်းကြားလာတယ်”
ယဲ့ရှောင်ရှောင်၏ ယခင်တစ်ခေါက်က ပရိုမိုးရှင်းဆင်းမှုများ စတင်သီးပွင့်လာပုံရသည်။
“မန်နေဂျာမာ၊ ကျွန်မတို့ အရင်က ဆုံးဖြတ်ထားတဲ့ လက္ကလာဈေးအတိုင်းပဲ သူတို့ကို ရောင်းပေးလိုက်ပါ”
ယဲ့ရှောင်ရှောင် သတ်မှတ်ထားသော လက္ကားဈေးမှာ ၃ ယွမ်ဖြစ်ပြီး လက်လီဈေးမှာတော့ ၅ ယွမ်ဖြစ်သည်။
ဈေးနှုန်းက အတော်လေး မြင့်မားနေသဖြင့် ဤထုတ်ကုန်မှာ အောင်မြင်မှုမရဘဲ ကျရှုံးသွားမည်ကို မာကွမ်းယောင် စိုးရိမ်ခဲ့ရပါသည်။
မာကွမ်းယောင် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ”
သူဖုန်းချလိုက်သည်နှင့် ရုံးဖုန်းမှာ နောက်တစ်ကြိမ် မြည်လာပြန်သည်။
“ဟယ်လို၊ ရမ်သဲ့ထန်ကလားမသိဘူး၊ လူကြီးမင်းတို့ အသားဖြူလိမ်းဆေးခရင်မ်တစ်မျိုးကို မိတ်ဆက်ထားတယ်လို့ ကြားမိလို့ပါ၊ ကျွန်တော်က နန်ချန့်ကုန်တိုက်ကပါ၊ ဘူး ၁၀၀ လောက် အော်ဒါမှာချင်လို့ အဆင်ပြေနိုင်မလား မသိဘူး”
မာကွမ်းယောင်: “ပြေပါတယ်၊ ဘူး ၅၀၀ မှာယူတဲ့သူတွေကို ကျွန်တော်တို့ အခမဲ့ ပို့ဆောင်ရေးဝန်ဆောင်မှု ပေးပါတယ်၊ တကယ်လို့ ဘူး ၁၀၀ ပဲ မှာယူမယ်ဆိုရင်တော့ အခုပေးမယ့် လိပ်စာအတိုင်း ပစ္စည်းတွေကို လာယူပေးပါနော်”
တစ်ဖက်လူကလည်း အလွယ်တကူ သဘောတူလိုက်ပါသည်။
တစ်လခန့်ကြာပြီးနောက် ပေကျင်းမြို့ရှိ အဓိကကုန်တိုက်ကြီးများတွင် ကြွေပုလင်းများဖြင့် သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည့် အသားဖြူလိမ်းဆေးခရင်မ်များမှာ ရောင်းအားအကောင်းဆုံးပစ္စည်းများ ဖြစ်လာခဲ့သည်။
သို့သော် ထုတ်လုပ်မှုလမ်းကြောင်းက မကြီးမားသေးသဖြင့် ကုန်ပစ္စည်းဝင်ရောက်မှုအပိုင်းတွင် အနည်းငယ် နှေးကွေး ကြန့်ကြာနေပါသည်။
အသားဖြူလိမ်းဆေးခရင်မ် အာနိသင်ကောင်းသည်ဟု ကြားသိရသဖြင့် အပြေးအလွှား လာဝယ်ကြသော အမျိုးသမီးများမှာ ပစ္စည်းပြတ်နေသည်ဟူသော စကားကိုသာ ထပ်ခါတလဲလဲ ကြားနေကြရပါသည်။
“ဒါဆို ဘယ်တော့ ပြန်ဝင်မှာလဲ”
ရှုကျင်းရှားသည် ပေကျင်းမြို့ရုပ်သံဌာနမှ အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်ပါသည်။ မိသားစုနောက်ခံကောင်းသကဲ့သို့ ဉာဏ်ရည်လည်း ထက်မြက်မှုရှိသည်။
သူမကိုယ်သူမ သဘောမကျသည့် တစ်ခုတည်းသော အချက်ဟူ၍ အသားအနည်းငယ် ညိုနေခြင်းသာ။
လွန်ခဲ့သည့် တစ်လခန့်က ရမ်သဲ့ထန်မှ ထုတ်လုပ်သည့် အသားဖြူလိမ်းဆေးခရင်မ်တစ်ဘူးကို ကုန်တိုက်တစ်ခုတွင် သူမ တွေ့ရှိခဲ့သည်။
ဤခေတ်အခါတွင် အသားအရေကို အမှန်တကယ်ဖြူလာအောင် စွမ်းဆောင်ပေးနိုင်သည့် အလှကုန်ပစ္စည်းဟူ၍ များများစားစား မရှိသေးသဖြင့် ထိုလိမ်းဆေးကို ဝယ်ယူပြီး စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
တစ်လခန့် အသုံးပြုပြီးနောက် သူမ၏ အသားအရေမှာ ယခင်ကထက် ပိုမိုကြည်လင်လာသလို ခံစားရသည်။ ထို့အပြင် မျက်လုံးထောင့်ရှိ အရေးအကြောင်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပါသည်။
အသားက အလွန်အကျွံဖြူစင်ဝင်းပလာခြင်း မဟုတ်သော်လည်း ယခင်ကကဲ့သို့တော့ ထိုင်းမှိုင်းမနေတော့ပေ။
ထို့ကြောင့် တရုတ်တိုင်းရင်းဆေးဆိုင်ကြီးမှ ထုတ်လုပ်ထားသော ဤအသားဖြူလိမ်းဆေးခရင်မ်သည် အာနိသင် အမှန်တကယ်ရှိကြောင်း ရှုကျင်းရှား ယုံကြည်သွားခဲ့ရသည်။
ထို့ကြောင့် ထပ်မံဝယ်ယူဖို့အတွက် ကုန်တိုက်သို့ လာရောက်ခဲ့သော်လည်း ပစ္စည်းများ ရောင်းကုန်နေသည်ဟု ကြားခဲ့ရပါသည်။
“လောလောဆယ် ရမ်သဲ့ထန်စက်ရုံကလည်း အဲ့ဒီအသားဖြူလိမ်းဆေးခရင်မ်ကို အလျင်အမြန် ထုတ်လုပ်ပေးနေပါတယ်၊ မကြာဘူးဆိုရင် ၃ ရက်အတွင်းတော့ ပစ္စည်းဝင်မှာပါ”
ဆိုင်ရှင်သည်လည်း အလွန်ပင် စိတ်ဖိစီးနေရပါသည်။
ထိုအသားဖြူလိမ်းဆေးခရင်မ်က အလွန်ပင် ရောင်းအားကောင်းလွန်းသည်။ တစ်လအတွင်း တစ်ကြိမ်မက လာဝယ်သူများစွာ ရှိနေသည်။
ပုံမှန်အားဖြင့် အလှကုန်ပစ္စည်းများသည် ဤမျှအထိ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားလေ့မရှိပေ။ သို့သော် လူအချို့က အာနိသင်အလွန်ကောင်းသည်ဟု ခံစားရသဖြင့် ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအထိပါ အဆင့်ဆင့် ညွှန်းဆိုပေးခဲ့ကြခြင်းကြောင့် ပစ္စည်းများ ယခုလို ပြတ်လပ်သွားရခြင်းဖြစ်ပါသည်။
ရောင်းအားအကောင်းဆုံးအချိန်ကို ရောက်ခါမှ ပစ္စည်းပြတ်လပ်နေသဖြင့် ဆိုင်ရှင်မှာ ငွေမရှာနိုင်ဘဲ အလွန်ပင် စိတ်ဓာတ်ကျနေရပါသည်။
ရှုကျင်းရှားလည်း စိတ်ပျက်လက်ပျက်ဖြင့် လှည့်ပြန်လာခဲ့ရတော့သည်။
“အဲ့တာဆို နောက် ၃ ရက်နေမှပဲ ကျွန်မ ပြန်လာခဲ့တော့မယ်”
တစ်ချိန်တည်းမှာပင် ထူးခြားပြီး အဆင့်အတန်းမြင့်မားသည့် ထုပ်ပိုးမှုပုံစံကြောင့် ထိုအသားဖြူလိမ်းဆေးခရင်မ်ကို သူဌေးကတော်အချို့ကလည်း သတိပြုမိလာကြသည်။
ဥပမာအားဖြင့် ပေကျင်းမြို့စစ်တပ်ဝင်းထဲမှ ဟယ်ချောင်းရှန့်လည်း သူဌေးကတော်တစ်ဦးက လက်ဆောင်ပေးသဖြင့် ထိုအသားဖြူလိမ်းဆေးခရင်မ်ကို ရရှိခဲ့ပါသည်။
“သခင်မဟောက်၊ ဒီလိမ်းဆေးက အရမ်းထိရောက်မှုရှိတာ၊ လူတွေတော်တော်များများ အလုအယက် ဝယ်နေကြတာလေ၊ ခုတလော ဝယ်ချင်ရင်တောင် ဝယ်လို့မရတဲ့အခြေအနေ ဖြစ်နေပြီ”
ဟယ်ချောင်းရှန့်မှာ နဂိုတကည်းက အလှအပ မက်မောသူဖြစ်ရာ အသားအရေကိုလည်း အလွန်ထိန်းသိမ်းတတ်ပါသည်။
ဤအသားဖြူလိမ်းဆေးခရင်မ်တွင် အလွန်ကောင်းမွန်သည့် အာနိသင်များ ရှိနေသည်ဟု ကြားသိလိုက်ရသည်နှင့် အလိုလို ပြုံးမိသွားသည်။
“ဒီလောက်ကောင်းမွန်တဲ့ ပစ္စည်းကို ရက်ရက်ရောရော လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလီ”
သခင်မလီက သူမတို့အကြား ဆက်ဆံရေးပိုမိုချောမွေ့လာစေရန် ဖော်ဖော်ရွေရွေ ပြုံးကာ ပြောလိုက်သည်။
“ကျွန်မတို့အကြားမှာ ကျေးဇူးတင်တာတွေ ဘာတွေ မလိုပါဘူး၊ ဒါနဲ့ သခင်ကြီးဟောက်က ရာထူးထပ်တိုးတော့မယ်လို့ ကြားမိတယ်နော်”
ဟယ်ချောင်းရှန့်က ဣန္ဒြေရရ ပြုံးလိုက်သည်။
“ဒီတိုင်း ရာထူးအပြောင်းအရွှေ့တစ်ခုပါပဲ”
အမှန်စင်စစ် ဟောက်ချန်းပင်တစ်ယောက် မူလရာထူးနေရာတွင် ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
သခင်မလီက ချီးကျူးသည်။
“ဘာပဲဖြစ်ဖြစ် ပျော်စရာကိစ္စပဲမဟုတ်လား”
ဟယ်ချောင်းရှန့်လည်း ရင်ထဲတွင် ကြိတ်ပျော်နေပါသည်။ လက်ရှိတွင် သူမစိတ်ထဲ ဘဝင်မကျဖြစ်ရသည့် ကိစ္စတစ်ခုသာ ရှိတော့သည်။
ဟောက်ယန်ယန်၏ မင်္ဂလာကိစ္စပင်။
ထိုကိစ္စကို ပြေလည်အောင် ဖြေရှင်းပြီးသည်နှင့် သူမ သက်တောင့်သက်သာ အနားယူနိုင်ပါတော့မည်။
သခင်မလီကလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအကြောင်းကို မေးမြန်းလာခဲ့သည်။
“ရှင်တို့ သမီးလေးနဲ့ ရှုမိသားစုရဲ့ သားလေးတို့ ဘယ်တော့ လက်ဆက်ထိန်းမြှားကြမှာလဲ”
အသစ်စက်စက် ရောက်ရှိလာသော သမီးဖြစ်သူ(ဟောက်ယန်ယန်)က ထိုလက်ဆက်ထိန်းမြှားမှုကို လက်ခံသလား ဟူ၍တော့ သခင်မလီ မမေးမြန်းရဲခဲ့ပေ။
လွန်ခဲ့သည့် ၆ လအတွင်း ဟောက်မိသားစု၏ လှုပ်ရှားမှုများကို အကဲခတ်ကြည့်ခြင်းအားဖြင့် မူလအစီအစဉ်အတိုင်း ဆက်သွားမည့်ပုံစံပင်။
သို့သော် ရှုမိသားစုဘက်မှ လိုက်လျောပေးဖို့ကလည်း အရေးကြီးပါသေးသည်။ သူမ၏အမြင်တွင် အသစ်စက်စက် ရောက်ရှိလာသော ကောင်မလေးမှာ ဟောက်မိသားစု၏ သမီးအရင်းဖြစ်သော်ငြား ရှောင်ရှောင်လောက် မထူးချွန်နိုင်ပါ။
ရှောင်ရှောင်ထက် ထူးချွန်နေလျှင်ပင် ရှုကျမ့်ဝမ်က ရှောင်ရှောင့်ကို လွယ်လွယ်နှင့် မေ့ရနိုင်လောက်မည် မထင်ပေ။
ဟယ်ချောင်းရှန့်က ဆိုသည်။
“ကျမ့်ဝမ်က အလုပ်သင်ဆင်းဖို့အတွက် တခြားဒေသတစ်ခုကို သွားနေတာလေ၊ သူပြန်လာတဲ့အချိန်ကျမှ ကလေးနှစ်ယောက်ရဲ့ ကိစ္စကို အမြန်အဆန် စီစဉ်ပေးရမှာပေါ့”
သခင်မလီက ပိုပိုကဲကဲအမူအရာဖြင့်ဆိုသည်။
“အဲ့တာဆို ကျွန်မလည်း လက်ဖွဲ့တွေ ကြိုပြင်ဆင်ထားဦးမှပါနော်”
ဟယ်ချောင်းရှန့်: “ရှင်တို့မိသားစုကို ကျွန်မတို့ ကျိန်းသေပေါက် ကြိုဖိတ်ကြားမှာပါ”
သခင်မလီက အပြုံးဖြင့် ခေါင်းညိတ်သည်။
“ကျွန်မ စောင့်နေပါ့မယ်”
သူမတို့နှစ်ဦး ထိုကိစ္စနှင့် ပတ်သတ်၍ ဆွေးနွေးနေကြစဉ် တစ်ဖက်တွင် ရှုမိသားစုကလည်း ရှုကျမ့်ဝမ်၏ အိမ်ထောင်ရေးအကြောင်း တိုင်ပင်နေကြပါသည်။
ဘာကြောင့်မှန်းမသိဘဲ ဟောက်ယန်ယန်သည်လည်း သူအလုပ်သင်ဆင်းနေသော ဌာနသို့ ရောက်ရှိနေသည်ဟု ရှုကျမ့်ဝမ်က မိသားစုကို အကြောင်းကြားခဲ့လေသည်။
ကျောက်ဟုံရှားက ဆိုသည်။
“ဘာအကြောင်းရှိရမှာလဲ၊ မိန်းကလေးတစ်ယောက်တည်း မရင်းနှီးတဲ့ ဒေသကိုရောက်နေတာဆိုတော့ နင်က သေသေချာချာ ဂရုစိုက်ပေးရမှာပေါ့”