← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

📗 Chapter 123

ရှုကျမ့်ဝမ်က ဘဝင်မကျစွာ ပြောလိုက်သည်။

“သူ့ကို ပေကျင်းပြန်ခေါ်လိုက်လို့ မရဘူးလား”

ကျောက်ဟုံရှားက သားဖြစ်သူကို ချက်ချင်းပင် ဆုံးမဩဝါဒပေးလေတော့သည်။

“အဲ့ဒီအလုပ်ကို သူ့ဖာသာသူ ရှာထားတာလေ၊ သူအလုပ် ထုတ်မခံရသရွေ့ နင့်ဘက်က မဟုတ်တာကြံစည်ဖို့ စိတ်မကူးနဲ့နော်”

“ငါနင့်ကို ပြောပြမယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းက နင့်ဦးလေးဟောက် ရာထူးတက်သွားတယ်၊ အဲ့တာ ငါတို့မိသားစုအတွက် တကယ်ကောင်းမွန်တဲ့ ကိစ္စပဲ၊ နင့်ဖာသာနင် အဲ့ဒီမှာပဲ စိတ်အေးလက်အေး နေစမ်းပါ၊ ပိုက်ဆံလိုတယ်ဆိုရင် စာတိုက်ကနေတဆင့် ငါပို့ပေးမယ်၊ ယန်ယန်ကိုလည်း ဂရုစိုက်ဦး…”

‘တီ တီ တီ’

ကျောက်ဟုံရှား စကားမဆုံးမီမှာပင် ဖုန်းက ရုတ်တရက် ကျသွားပါသည်။

ကျောက်ဟုံရှား ဘဝင်မကျစွာ မျက်မှောင်ကြုတ်သွားလေသည်။

“ဒီကောင်လေးကတော့…”

မည်သို့ပင်ဆိုစေကာမူ မိသားစုနှစ်စုကြားမှ လက်ဆက်ထိန်းမြှားမှုကိစ္စကိုတော့ အောင်မြင်အောင် ဆောင်ရွက်ရပါမည်။

--- --- ---

အချိန်မှာ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့သည်။

အသားဖြူလိမ်းဆေးခရင်မ်မှာ ရောင်းအားအလွန်ကောင်းလွန်းသဖြင့် စုန်ကွမ်းကျင့်သည် ၎င်းကို သီးသန့်ထုတ်လုပ်ဖို့အတွက် စက်ရုံအသစ်တစ်ရုံ တည်ထောင်ဖို့ ငွေစိုက်ထုတ်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုကိစ္စအတွက် ယဲ့ရှောင်ရှောင်နှင့် စုန့်ရှောင်းကွမ်တို့အား တာဝန်ပေးခဲ့ပါသည်။

တည်နေရာရွေးချယ်ခြင်းမှစ၍ ဆောက်လုပ်ရေးအဖွဲ့နှင့် ချိတ်ဆက်ခြင်း၊ အလုပ်သမား ငှားရမ်းခြင်းအထိ လူငယ်နှစ်ဦးမှာ ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခဲ့ရသည်။

ယဲ့ရှောင်ရှောင်သည် ပင်မစက်ရုံဘေးရှိ မြေကွက်တစ်ကွက်ကိုသာ ရွေးချယ်ခဲ့ပါသည်။ သို့သော်လည်း ပါဝင်ပတ်သတ်နေသော လုပ်ငန်းစဉ်များမှာ စိတ်မကူးနိုင်အောင် ရှုပ်ထွေးလှသည်။

အဓိကအားဖြင့် ဤမြေကွက်ပေါ်တွင် စက်ရုံတည်ဆောက်ရန်အတွက် အစိုးရထံမှ ခွင့်ပြုချက်နှင့် မြေကွက်ချထားပေးမှု ရရှိရန်မှာ အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။

ရာထူးကြီးသူတစ်ဦး၏ မိတ်ဆက်ပေးမှုမရှိဘဲနှင့် ဤကဲ့သို့သော ကိစ္စရပ်မျိုးအတွက် ယဲ့ရှောင်ရှောင်တို့တွင် လုံးဝ အခွင့်အရေးမရှိချေ။

နိုင်ငံတော်မှ စက်ရုံများတည်ထောင်ခြင်းကို အားပေးအားမြှောက်ပြုသည် ဆိုသော်ငြားလည်း အကြောင်းအရင်းမှာ စက်ရုံများ တည်ထောင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အ လမ်းများ ပိုမို တိုးများလာနိုင်ခြင်းကြောင့်သာ။

ယခုချိန်တွင် မြို့ပြသို့ ပညာတတ်လူငယ်အများအပြား ရောက်ရှိလာကြခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုလိုအပ်ကာ ရှားပါးသထက် ရှားပါးလာခဲ့ပါသည်။

စက်ရုံတစ်ရုံတည်ထောင်နိုင်ခဲ့လျှင် အနည်းဆုံး လူရာဂဏန်းမှ ထောင်ဂဏန်းအထိ အလုပ်အကိုင်များ ပေးစွမ်းနိုင်ပေလိမ့်မည်။

စုန့်ကွမ်းကျင့်သည် သက်ဆိုင်ရာဌာနများမှ ခေါင်းဆောင်ပိုင်းအချို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသဖြင့် ယဲ့ရှောင်ရှောင်တို့နှင့် မိတ်ဆက်ပေးခဲ့ပါသည်။

တစ်ဖက်အဖွဲ့ကလည်း စက်ရုံတည်ထောင်ခြင်းကို အလွန်ပင် ထောက်ခံသည်။ သို့သော် အချက်အလက်များ တင်ပြပြီးနောက် တစ်ပတ်ကြာသည်အထိ အကြောင်းပြန်မှု မရရှိခဲ့ပါ။

ဤကဲ့သို့ အခြေအနေမျိုးအတွက် လနှင့်ချီစောင့်ရတတ်သည်မှာ ပုံမှန်ဖြစ်သော်လည်း ခေါင်းဆောင်ပိုင်းတစ်ဦးကို ဆက်သွယ်ထားသည့်တိုင်အောင် ဤမျှကြာမြင့်နေသည်မှာ အနည်းငယ် ထူးဆန်းနေပါသည်။

စုန့်ရှောင်းကွမ်က ယဲ့ရှောင်ရှောင်ကို ပြောလိုက်သည်။

“ငါတို့ မျှော်လင့်မထားတဲ့ အနှောင့်အယှက်နဲ့ ကြုံနေရတာဖြစ်နိုင်တယ်၊ မြေယာဌာနဆီက ကြားတာတော့ ဒီမြေကွက်ကို လုနေတဲ့ တခြားကုမ္ပဏီတစ်ခု ရှိသေးတယ်တဲ့”

ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်သွားသည်။

“ဘယ်ကုမ္ပဏီလဲ သိလား”

စုန့်ရှောင်းကွမ်: “ရွှီရှန်းအိမ်ခြံမြေကုမ္ပဏီပဲ ဖြစ်မှာပေါ့၊ ရွှီရှန်းအိမ်ခြံမြေကုမ္ပဏီရဲ့ စီအီးအိုမျိုးရိုးနာမည်က လျန်လေ၊ လျန်မိသားစုက ပေကျင်းမှာ အရှိန်အဝါကြီးတယ်၊ အဲ့ဒီ စီအီးအိုလျန်ကလည်း အရမ်းကိုမောက်မာပြီး ဥပဒေမဲ့တယ်လို့ ကြားမိတယ်”

ယဲ့ရှောင်ရှောင် ချက်ချင်းပင် လက်လျှော့လိုက်သည်။

“ဒါဆိုလည်း ကျွန်မတို့ တခြားနေရာပဲ လိုက်ရှာကြတာပေါ့”

တစ်ဖက်လူက ဤမျှ ကြောက်စရာကောင်းနေသည်ကို ဆက်လက်ယှဉ်ပြိုင်နေပါက သူမ ဦးနှောက်မရှိရာ ကျပါလိမ့်မည်။

ထို့အပြင် ပြိုင်ဘက်တွင် ငွေနှင့် အရှိန်အဝါ ရှိနေပြီးသားဖြစ်၍ သူမတို့ ကိုယ့်ဒုက္ခကိုယ် မရှာသင့်ပါ။ လက်ရှိတွင် ပေကျင်းမြို့၌ မြေနေရာလွတ်များစွာ ရှိနေပါသေးသည်။ သူမတို့ လိုအပ်သည့် မြေနေရာကလည်း သိပ်မကျယ်ဝန်းလှပေ။

ယဲ့ရှောင်ရှောင်၏ဆုံးဖြတ်ချက်က အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်ဖြစ်သဖြင့် စုန့်ရှောင်းကွမ်လည်း မကန့်ကွက်ခဲ့တော့ပေ။

“ဒါဆိုရင် တခြားသင့်တော်တဲ့နေရာ ရှိ၊ မရှိ ငါစုံစမ်းကြည့်လိုက်ပါဦးမယ်”

ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ်၊ ပင်ပန်းသွားပြီ”

စုန့်ရှောင်းကွမ်: “ဒါတွေက ငါ့တာဝန်ပါပဲ”

ယဲ့ရှောင်ရှောင်သည် ကျောင်းတက်ရန်အတွက် ကျောင်းသို့ ပြန်ရဦးမည်ဖြစ်ရာ မြေနေရာပြောင်းလဲဖို့ ကိစ္စကို စုန့်ရှောင်းကွမ်လက်ထဲသာ အပ်ထားခဲ့ပါသည်။

မြောက်ပိုင်းမြို့စွန်ရှိ ထိုမြေကွက်ကို ယဲ့ရှောင်ရှောင်တို့အဖွဲ့က လက်လျှော့လိုက်သဖြင့် တစ်ပတ်အကြာတွင် ရွှီရှန်းအိမ်ခြံမြေကုမ္ပဏီမှ အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပါသည်။

ယခင်က ကူညီပေးမည်ဟု သဘောတူခဲ့သော ခေါင်းဆောင်မှာလည်း စုန့်ကွမ်းကျင့်ကို အလွန်အားနာသွားခဲ့သည်။

ထို့ကြောင့် အစားပေးလိုသောဆန္ဒဖြင့် မြေကွက်အသစ်တစ်ခုကို ကူညီရွေးချယ်ပေးခဲ့လေသည်။ အကျယ်အဝန်းမှာ မကြီးမားသော်လည်း စက်ရုံအဆောက်အအုံတန်းအချို့ ဆောက်လုပ်ရန်အတွက်မူ လုံလောက်သည်ထက် ပိုပါသည်။

မြေငှားရမ်းခ ဈေးနှုန်းမှာလည်း ယခင်မြေကွက်ထက်ပင် ဈေးပိုသက်သာသေးသည်။ ခရိုင်ဗဟိုနှင့် အနည်းငယ် ဝေးကွာနေခြင်းသာ ရှိပါသည်။

ယဲ့ရှောင်ရှောင်နှင့် စုန့်ရှောင်းကွမ်တို့ နှစ်ဦးစလုံး ထိုမြေကွက်ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး အတော်လေးကောင်းမွန်သည်ဟု ကောက်ချက်ချလိုက်ကြသည်။

ခရိုင်ဗဟိုနှင့် ဝေးကွာသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင််ရေးနှင့် ဝန်ထမ်းများ သွားလာရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

ယဲ့ရှောင်ရှောင်: “ကျွန်မတို့ ဒီဘေးနားမှာ အဆောက်အအုံတစ်ခု တွဲဆောက်လို့ရတာပဲ၊ အဲ့တာဆို အလုပ်သမားတွေလည်း နေရာထိုင်ခင်းရပြီး သေသေချာချာ အနားယူလို့ ရသွားလိမ့်မယ်”

ယနေ့ခေတ်တွင် လုပ်ငန်းဌာနအားလုံးက ဝန်ထမ်းများကို အိမ်ရာချထားပေးနိုင်ခြင်း မရှိပေ။

စက်ရုံအများစုမှာ ယခုအချိန်ထိ ဝန်ထမ်းများ၏ အိမ်ရာပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးရာ နေထိုင်ရန် အဆောင်ရှိနေခြင်းမှာပင် အလွန်ကောင်းမွန်သည့် အကျိုး ခံစားခွင့်တစ်ခု ဖြစ်နေပါပြီ။

စုန့်ရှောင်းကွမ်သည် အလုပ်သမားခေါ်ယူဖို့ ကိစ္စနှင့်ပတ်သတ်၍ လုံးဝမစိုးရိမ်မိပါ။ ယခုချိန်တွင် အလုပ်လိုအပ်နေသူ မြောက်များစွာ ရှိနေခြင်းကြောင့်ပင်။

ထိုမြေကွက်ကို အသုံးပြုနိုင်သည်ဟု ယဲ့ရှောင်ရှောင်နှင့် စုန့်ရှောင်းကွမ်တို့ အတည်ပြုပြီးသည်နှင့် ခွင့်ပြုချက်လျှောက် ထားရန်အတွက် အချက်အလက်များကို ပြန်လည်တင်ပြခဲ့ကြသည်။

ဤတစ်တကြိမ်တွင်မူ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်ရန် တစ်လပင် မကြာခဲ့ချေ။

စုန့်ရှောင်းကွမ်သည် ဆောက်လုပ်ရေး အဖွဲ့ကို စတင်ရှာဖွေခဲ့ပြီး လိုအပ်သည့် စက်ပစ္စည်းများ မှာယူရန်အတွက် အခြားသော စက်ရုံများနှင့်လည်း စတင် ချိတ်ဆက်ခဲ့ပါသည်။

စက်ရုံအသစ်တည်ဆောက်မည့် ကိစ္စအတွက် စုန့်ကွမ်းကျင့်သည် ခေါင်းဆောင်များနှင့် မိတ်ဆက်ပေးရုံမှအပ အခြားသော ကိစ္စရပ်အားလုံးကို ကလေးနှစ်ယောက်ကိုသာ စီမံစေခဲ့ပါသည်။

သူသည် ကလေးနှစ်ဦးကို ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပေးနေခြင်းဖြစ်ကာ ဤတစ်ကြိမ်မှာ စမ်းသပ်မှုသက်သက်သာ ဖြစ်သည်။

တာဝန်ကို ဂုဏ်ထူးဖြင့် အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သဖြင့် ကလေးနှစ်ဦးကို စုန့်ကွမ်းကျင့် ဆုချရပါတော့မည်။

ပေကျင်းမြို့၏ ရာသီဥတုမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို အေးမြလာခဲ့သည်။

ယဲ့ရှောင်ရှောင်မှာ ဂွမ်းအနွေးထည်အထူကြီးကို ဝတ်ဆင်နေရပြီဖြစ်ပြီး မနက်စောစော သို့မဟုတ် ညဦးပိုင်းတွင် အပြင်ထွက်သည့်အခါ ဦးထုပ်နှင့် လက်အိတ်များကိုပါ ဝတ်ဆင်နေရပါပြီ။

စုန့်ကွမ်းကျင့်သည် မနက်စောစောအချိန်တွင် ယဲ့ရှောင်ရှောင်ကို သွားရောက်ခေါ်ယူဖို့ စုန့်ရှောင်းကွမ်အား တာဝန်ပေးခဲ့သည်။

အိမ်ဝင်းကြီးသို့ ရောက်ရှိလာသောအခါ ကလေးနှစ်ဦးကို စုန့်ကွမ်းကျင့် စာကြည့်ခန်းထဲသို့ ခေါ်ယူလိုက်ပါသည်။

ယဲ့ရှောင်ရှောင် စာကြည့်ခန်းထဲသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် စုန့်ကွမ်းကျင့်သည် စာချုပ်တစ်ခုကို ထုတ်ပြလိုက်သည်။

“မင်းတို့နှစ်ယောက် ဒီတာဝန်ကို ထူးထူးချွန်ချွန် ထမ်းဆောင်နိုင်ခဲ့ကြပါတယ်၊ အဲ့တာကြောင့် စက်ရုံအသစ်ရဲ့ လိပ်စာကို အသုံးပြုပြီး ကုမ္ပဏီတစ်ခု မှတ်ပုံတင်ပေးထားတယ်၊ မင်းတို့နှစ်ယောက်က တစ်ယောက်ကို ရှယ်ယာ ၄၅ ရာခိုင်နှုန်းစီယူပြီး ငါကတော့ ၁၀ ရာခိုင်နှုန်းယူမယ်”

စုန့်ရှောင်းကွမ် စကားများ ထစ်ငေါ့သွားသည်။

“ဆရာကြီး…”

စုန့်ကွမ်းကျင့်က ချက်ချင်းပင် ဖြတ်ပြောလိုက်ပါသည်။

“ငါအားလုံး စီစဉ်ပြီးသွားပြီ”

ယဲ့ရှောင်ရှောင်ကလည်း ဝင်ပြောသည်။

“ဆရာကြီးက အရင်းအနှီးစိုက်ထုတ်ပေးထားရတဲ့လူလေ၊ ဒီတိုင်းဆို ဘယ်မျှတပါ့မလဲ”

စုန့်ကွမ်းကျင့်က ရှင်းပြလိုက်သည်။

“မင်းတို့နှစ်ယောက်က အကြွေးဆပ်တဲ့အနေနဲ့ ပထမဆုံး သုံးနှစ်တာရဲ့ အမြတ်စွန်းတွေထဲကနေ ငါ့ကို ထပ်ဆောင်း ၂၀ ရာခိုင်နှုန်း ပြန်ခွဲပေးရမယ်၊ အဲ့တာဆိုရင်ကော မင်းတို့ လက်ခံနိုင်မလား”

ဤသို့ဆိုလျှင်ပင် စုန့်ကွမ်းကျင့်ဘက်မှ နစ်နာနေဆဲဖြစ် သည်။

အဘယ့်ကြောင့်ဆိုသော် ရင်းနှီးမြှုပ်နှံထားသော အရင်းအနှီးများ ပြန်လည်ရရှိရန် သုံးနှစ်ခန့် ကြာမြင့်နိုင်သောလည်း စုန့်ကွမ်းကျင့်အား နှစ်စဉ် ၃၀ ရာခိုင်နှုန်းသာ ပြန်လည်ပေးအပ်ရမည်ဆိုပါက သူစိုက်ထုတ်ပေးထားသော အရင်းအနှီးများကို သေချာပေါက် ပြန်လည်ရရှိနိုင်မည် မဟုတ်ချေ။

သူတို့ ဆက်ပြီး ငြင်းခုံနေဦးမည်ဆိုလျှင် စုန့်ကွမ်းကျင့် ဒေါသထွက်မိပါလိမ့်မည်။ ဒေါ်လေးရှုက အစားအသောက်များ ပြင်ဆင်ထားပြီးပြီဖြစ်၍ စာချုပ်တွင်လက်မှတ်မြန်မြန်ထိုးကြဖို့ စုန့်ကွမ်းကျင့် တိုက်တွန်းလိုက်ပါသည်။

ယဲ့ရှောင်ရှောင်နှင့် စုန့်ရှောင်းကွမ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး စုန့်ကွမ်းကျင့်၏ဆန္ဒအတိုင်း စာချုပ်တွင် လက်မှတ်ထိုးခဲ့ကြတော့သည်။

ကုမ္ပဏီအသစ်၏အမည်မှာ ‘ဟွာရုန်’ ဖြစ်သည်။

လက်ရှိတွင် ထိုကုမ္ပဏီသည် အသားဖြူလိမ်းဆေးခရင်မ်ကို အဓိကထား ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော ထုတ်ကုန်များကိုလည်း ဆက်လက်မိတ်ဆက်သွားမည်ဖြစ်သည်။

စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် စုန့်ကွမ်းကျင့်သည် ထိုစာချုပ်များကို သေသေချာချာ သိမ်းဆည်းထားလိုက်တော့သည်။ ယဲ့ရှောင်ရှောင်နှင့် စုန့်ရှောင်းကွမ်တို့သည်လည်း မိတ္တူတစ်စောင်စီ လက်ခံရရှိခဲ့ကြသည်။

စာချုပ်များကို ကိုင်ထားရင်း ယဲ့ရှောင်ရှောင်တို့ နှစ်ဦးစလုံး မယုံကြည်နိုင် ဖြစ်နေကြဆဲပင်။

အဖြစ်အပျက်များမှာ ရုတ်ခြည်းဆန်းလွန်းပါသည်။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် သူတို့နှစ်ဦး သူဌေးများဖြစ်သွားကြလေပြီ။

ယဲ့ရှောင်ရှောင်သည် ကျောင်းတက်နေစဉ်ကာလအတွင်း ကုမ္ပဏီတစ်ခု ပိုင်ဆိုင်နိုင်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။

“စိတ်မဖိစီးပါနဲ့၊ စီမံခန့်ခွဲမှုအပိုင်းအတွက် နင့် ဦးလေးကော ရှမ့်ဆီသွားပြီး မန်နေဂျာတစ်ယောက် ရှာပေးဖို့ အကူအညီတောင်းလိုက်”

စုန့်ကွမ်းကျင့်ကိုယ်တိုင်လည်း ထိုနည်းလမ်းအတိုင်း ကျင့်သုံးခဲ့သည်။ လက်ရှိတွင် ရမ်သဲ့ထန်ဆေးဆိုင်ကို မန်နေဂျာမာကသာ စီမံခန့်ခွဲနေခြင်းဖြစ်သည်။

ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ် ဆရာကြီး”’

“သွားကြစို့၊ အောက်ထပ်မှာ သွားစားကြမယ်”

အောက်ထပ်တွင် ဒေါ်လေးရှုသည် အရသာရှိသော ဟင်းလျာများကို စားပွဲအပြည့် တည်ခင်းပေးထားပြီးပါပြီ။

“အခု ရာသီဥတုက အရမ်းအေးနေပြီ၊ ရှောင်းကွမ်လာမကြိုဘဲ တစ်ယောက်တည်း ‌လျှောက်မသွားနဲ့နော်”

စုန့်ကွမ်းကျင့်က ယဲ့ရှောင်ရှောင်အတွက် စိုးရိမ်ပူပန်သဖြင့် မှာကြားလိုက်ပါသည်။

ယဲ့ရှောင်ရှောင်လည်း စကားနားထောင်စွာ ခေါင်းညိတ်လိုက်သည်။

“သမီးတို့ ကျောင်းပိတ်ဖို့လည်း တစ်လကျော်ကျော်လောက်ပဲ လိုတော့တယ်”

စုန့်ကွမ်းကျင့်က မေးသည်။

“နှစ်သစ်ကူးရောက်ရင် ပိုင်ချွမ်ရွာကို ပြန်မှာလား၊ ဒါမှမဟုတ် ပေကျင်းမှာပဲ ဆက်နေမှာလား၊ ဒီအိမ်မှာ နင့်အတွက် အခန်းတစ်ခန်းရှိတာပဲဥစ္စာ၊ နှစ်သစ်ကူးကို ဒီမှာပဲ နေပါလား”

“နှစ်သစ်ကူးအတွက်တော့ ရွာပြန်ဖြစ်မယ်ထင်တယ်၊ ဒါပေမယ့် သမီး စောစော ပြန်လာမှာပါ”

သူမတွင် ငွေအမြောက်အများရှိနေပါပြီ။ ထို့ကြောင့် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူကာ အိမ်ပြန်ချင်မိသည်။

ထို့အပြင် ယဲ့မိသားစု၏ အခြေအနေကိုလည်း သွားရောက်စစ်ဆေးချင်နေပါသည်။ သူမ ထွက်ခွာလာပြီးနောက် ဇာတ်ကြောင်းမှာ မည်သို့ ပြောင်းလဲသွားသည်ကို ဂရုတစိုက် စောင့်ကြည့်ဖို့လိုအပ်သည်။

တစ်ချိန်တည်းမှာပင် ယဲ့မိသားစုအိမ်မှာ အလွန်နွေးထွေးသည့် အိမ်တစ်လုံးဖြစ်ရာ ထိုအိမ်၏ အငွေ့အသက်များကို သူမ လွမ်းဆွတ်တမ်းတမိပါသည်။

စုန့်ကွမ်းကျင့်: “အဲ့လိုဆိုလည်း ဖြစ်ပါတယ်၊ စောစောပြန်လာပြီး ဒီမှာ ရက်နည်းနည်းလောက် လာနေပေါ့”

All Chapters