အခန်း ၁၂၅
Vol. 13 Ch. 125
📗 Chapter 125
မကြာမီ လီမိန့်ရူ၊ ရှားလီနှင့် ထန်ရှို့ရှို့တို့လည်း ပြန်ရောက်လာကြသည်။
လီမိန့်ရူသည် အိမ်မှ ပို့ပေးလိုက်သော စာတစ်စောင်ကို ရရှိခဲ့ပါသည်။
ယခုလတွင် မိသားစုထံသို့ ငွေမပို့ပေးနိုင်ခဲ့ခြင်းကြောင့် စာထဲတွင် သူမကို အလိုက်ကန်းဆိုးမသိသူဟု မိဘများက ဆူပူ ကြိမ်းမောင်းထားကြသည်။
မိသားစုက အခက်အခဲများစွာနှင့် ကြုံတွေ့နေရသဖြင့် မြို့ကြီးပြကြီးကို ရောက်ရှိနေသည့် သူမက ပိုမို ကူညီ ပံ့ပိုးပေးသင့်သည်ဟု ဆိုထားပါသည်။
သူမ၏ ညီမဖြစ်သူ ဖျားနာနေပြီး ဆေးဝါးဝယ်ယူရန် သို့မဟုတ် ဆရာဝန်ပြသရန် ပိုက်ဆံလုံးဝ မရှိကြောင်း အခိုင်အမာ ရေးသားထားကြသည်။
လီမိန့်ရူသည် သူမမိဘများနှင့် အစ်ကိုများအပေါ် သံယောဇဉ် မရှိပေ။ ထိုမိသားစုတွင် သံယောဇဉ် လက်ကျန်လေး ရှိနေသေးသည်ဆိုလျှင် သူမ၏ အငယ်ဆုံး ညီမလေးအတွက်သာ ဖြစ်ပေလိမ့်မည်။
သူမ မိဘများမှာ သမီးမိန်းကလေးထက် သားယောက်ျားလေးများကို မျက်နှာသာ ပိုပေးတတ်ကြသည့် ရှေးရိုးစွဲများ ဖြစ်ကြသည်။ ထို့ကြောင့် သူမနှင့် သူမ ညီမလေးတို့မှာ ထပ်တူညီသော ဘေးဒုက္ခများကို ခံစားခဲ့ရပါသည်။
ညီမဖြစ်သူ မွေးဖွားလာစဉ်က မိန်းကလေးဖြစ်ကြောင်းကို သိရသည်နှင့် နှင်းထဲတွင် သေအောင် ပစ်ထားလုနီးပါးဖြစ်ခဲ့သည်။
လီမိန့်ရူကသာ သေးငယ်လှသော ကလေးလေးကို ပွေ့ချီလျက် အိမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး သူမ၏ကိုယ်ပိုင်ရိက္ခာအနည်းအကျဉ်လေးဖြင့် ညီမဖြစ်သူအား ၃ နှစ်သမီးအရွယ် ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် ပျိုးထောင်ခဲ့ခြင်းဖြစ်သည်။
ညီမဖြစ်သူ သိတတ်စအရွယ်ကို ရောက်လာခါမှ နှလုံးသားမဲ့သည့် မိဘများက သေသေချာချာပျိုးထောင်ပေးခဲ့ကြသည်။ သို့သော် အခြေခံ စားဝတ်နေရေးကိုသာ ထောက်ပံ့ပေးခဲ့ကြခြင်း ဖြစ်သည်။
သူမကိုယ်တိုင်သာ ညီမဖြစ်သူကို စွန့်ပစ်လိုက်မည်ဆိုပါက ထိုအိမ်တွင် သူမ ညီမလေး အသက်ဆက်ရှင်နိုင်ပါဦးမလား လီမိန့်ရူ အာမမခံနိုင်ပါ။ ထို့ကြောင့် ငွေကို ပို့ဆောင်ပေးမှ ဖြစ်ပါတော့မည်။
လီမိန့်ရူတစ်ယောက် အခန်းထဲသို့ ရောက်သည်နှင့် ပိုက်ဆံများ ထိုင်ရေတွက်နေသည်ကို မြင်သောအခါ အခန်းဖော်များ အားလုံး စပ်စုစွာ လှမ်းကြည့်လိုက်ကြသည်။
ဝမ်ကျောင်းက မေးသည်။
“ပိုက်ဆံတွေကို ဘာလို့ ရေနေတာလေ၊ အဲ့ဒီပိုက်ဆံနဲ့ ကျောင်းပိတ်ရက်တွေ ပြီးတဲ့အချိန်အထိ သုံးဖို့လောက်တယ်မလာား”
လီမိန့်ရူသည် ကျောင်းပြင်ပရှိ စားသောက်ဆိုင်ငယ်တစ်ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်နေပြီး ၃ ရက် ၄ ရက်နေမှ တစ်ယွမ်သာ ရတတ်ပါသည်။
ဝမ်ကျောင်း၏ မေးခွန်းကို ကြားပြီး လီမိန့်ရူလည်း သူမ မိသားစုအခြေအနေကို ရှင်းပြလိုက်တော့သည်။
ဝမ်ကျောင်းမှာ မရင့်ကျက်သေးသူဖြစ်၍ အပြင်လောကတွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုး အမှန်တကယ် ရှိနေလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
“နင် အဲ့ဒီပိုက်ဆံတွေ အိမ်ပြန်ပို့ပေးလိုက်ရင် နင့်ညီမလေးအတွက် တကယ်သုံး၊ မသုံး နင်ဘယ်လိုသိမှာလဲ”
လီမိန့်ရူ ဝန်ခံလိုက်သည်။
“သုံးစရာပိုက်ဆံမရှိတော့ရင် ငါ့ညီမလေးကို ရောင်းစားလိုက်မှာ စိုးရိမ်လို့ပါ”
လီမိန့်ရူ စကားကိုကြားသောအခါ အခန်းဖော်များအားလုံး ထိတ်လန့်စွာ ဝိုင်းကြည့်လိုက်ကြသည်။
‘ရောင်းစားမယ်တဲ့လား! ဒီမိသားစုက ဘယ်လိုမိသားစုလဲ’
လီမိန့်ရူက ရှင်းပြသည်။
“ငါ့ဇာတိမြေမှာ အယူသီးပြီး ခေတ်နောက်ကျတဲ့ အတွေးအ ခေါ်တွေ အများကြီးရှိတယ်”
ရှားလီမှာ ပါးစပ်အဟောင်းသားဖြစ်သွားရပြီး အချိန်အတော်ကြာမှ စကားပြောနိုင်ခဲ့ပါသည်။
“အဲ့လိုဆိုရင်တော့ နင့်အိမ်ကို ပိုက်ဆံတကယ်ပို့ပေးမှ ဖြစ်မယ်ထင်တယ်နော်…”
ထန်ရှို့ရှို့ အကြံပြုသည်။
“နင့်အတွက် အသုံးစရိတ်ကို အရင်ဖယ်ထားပြီးမှ ကျန်တာကို နင့်မိသားစုဆီ ပို့ပေးသင့်တယ်”
ယဲ့ရှောင်ရှောင်လည်း ထောက်ခံသည်။
“ပိုက်ဆံတွေ အများကြီး လွှဲပေးလိုက်ရင် နင့်မိသားစုက နင့်ကိုအရမ်းချမ်းသာတယ်လို့ ထင်သွားပြီး နောက်ပိုင်း ဒီ့ထက် ပိုတရားလွန်တဲ့ တောင်းဆိုမှုတွေ လုပ်လာကြလိမ့်မယ်”
ဟယ်ကျင်း: “ရှောင်ရှောင်ပြောတာ မှန်တယ်”
သေသေချာချာ စဉ်းစားသုံးသပ်ပြီးနောက် လီမိန့်ရူ ၁၀ ယွမ် ထုတ်လိုက်ပါသည်။
ဝမ်ကျောင်း သူမနားသို့ လျှောက်လာကာ ငွေတစ်ဝက်ကို လုယူလိုက်သည်။
“၅ ယွမ်ဆို တော်ပြီပေါ့၊ ပြီးတော့ အကြွေတွေပဲ ပို့ပေးလိုက်၊ နင့်ညီမလေး တကယ်နေမကောင်းဖြစ်နေတာဆိုရင်တောင် အဲ့ဒီငွေနဲ့ ဆေးဝယ်ဖို့ လုံလောက်တယ်”
ထန်ရှို့ရှို့ သုံးသပ်လိုက်သည်။
“စာထဲမှာ နင့်ညီမလေး ဘယ်လိုဖျားတာလဲဆိုတာ အသေး စိတ်ရေးမထားဘူး၊ နင့်ဆီက ငွေညှစ်ချင်လို့ နင့်မိဘတွေ ပေါက်ကရ ရေးထားတာလို့ပဲ ငါတော့ထင်တယ်”
ရှားလီလည်း သံယောင်လိုက်ကာ ပြောသည်။
“ဒီလောက် အရှက်မရှိတဲ့ မိဘမျိုးကို တစ်ခါမှ မမြင်ဖူးဘူး၊ သူတို့ဆီမှာ စုထားတဲ့ငွေတွေ ရှိမှာသေချာတယ်၊ အဲ့တာကို ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဆီက ဆေးဝယ်ဖို့ ငွေတောင်းနေရတယ်တဲ့လား”
ယဲ့ရှောင်ရှောင် အကြံပြုသည်။
“ဖြစ်နိုင်ရင် နင့်မိသားစုဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး နင့်ညီမလေးနဲ့ စကားနည်းနည်းလောက် ပြောကြည့်လိုက်တာ အကောင်းဆုံးပဲ”
လီမိန့်ရူတွင် အစွမ်းအစရှိနေပါက ညီမလေးကို သူမဘေးနား ခေါ်ထားပြီး ကျွေးမွေးစောင့်ရှောက်မိပါလိမ့်မည်။
သို့သော် သူမသည် ယခုအချိန်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦးသာဖြစ်ပြီး အလုပ်အကိုင်အခြေတကျလည်း မရှိသေးသဖြင့် မိဘများကို အလျှော့ပေးလိုက်ရပါသည်။
နောက်ဆုံးတွင် လီမိန့်ရူသည် အိမ်သို့ ၅ ယွမ်သာ ပို့ပေးလိုက်သည်။ သို့သော် သူမ မိဘများ ကြာကြာ ငြိမ်နေမည်မဟုတ်မှန်း သိပါသည်။
၅ ယွမ်တည်းနှင့် သူတို့ ကျေနပ်ကြမည် မထင်ပါ။ သူမ၏ မွေးရပ်မြေသို့ စာရောက်ရှိဖို့ တစ်ပတ်ကျော်မျှ ကြာမြင့်မည် ဖြစ်ရာ အနည်းဆုံးတော့ လီမိန့်ရူ တစ်ပတ်ခန့် အေးအေးချမ်းချမ်း နေထိုင်နိုင်ပါလိမ့်မည်။
လီမိန့်ရူ စာတိုက်သို့ ထွက်သွားစဉ် ကျန်ရစ်ခဲ့သည့် အခန်းဖော်များက စတင်ဆွေးနွေးခဲ့ကြသည်။
ရှားလီက မေးသည်။
“လီမိန့်ရူရဲ့ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်တော့ဘူးလားဟင်”
ထန်ရှို့ရှို့: “ငါတော့ မထင်ဘူး၊ သူ့ညီမလေးကို မစွန့်လွှတ်နိုင်သေးသရွေ့တော့ လီမိန့်ရူ အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး”
ဟယ်ကျင်း: “ဒါပေမယ့် လီမိန့်ရူက သူ့ညီမလေးကို အရမ်းချစ်တဲ့ပုံပဲ”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“လောလောဆယ်တော့ ပြဿနာကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် ဖြေရှင်းချက် မရှိသေးဘူးပေါ့၊ အဲ့ဒီ အကျင့်ပျက် မိဘတွေကို ပြဿနာထပ်မရှာအောင် ယာယီထိန်းထားလို့ပဲ ရနိုင်မယ်”
“ဟူး…”
အားလုံးတစ်ပြိုင်တည်း သက်ပြင်းချမိကြပါသည်။
လီမိန့်ရူလည်း ထိုကိစ္စကို မည်သို့ကိုင်တွယ်ရမှန်း မသိပါ။ သို့သော် နောက်တစ်ပတ်အတွင်းတွင် သူမသည် အချိန်ပိုင်း အလုပ်ကို ပိုမိုကြိုးစားအားထုတ်ကာ လုပ်ကိုင်နေကြောင်း အားလုံး သတိပြုမိကြပါသည်။
မနက်ခင်းနှင့် ညနေခင်းများတွင်ပင် လီမိန့်ရူကို မတွေ့ရတော့ဘဲ အတန်းချိန်များလည်း နောက်ကျလာခဲ့သည်။
ယဲ့ရှောင်ရှောင်က သူမတို့နှင့် အတန်းချင်းမတူညီသော်ငြား အဆောင်ခန်းတွင် ထိုအကြောင်းကို ပြောဆိုနေကြသဖြင့် ကြားသိခဲ့ရပါသည်။
ဟယ်ကျင်းက စိုးရိမ်ပူပန်သွားသည်။
“အဲ့လိုဆိုရင်တော့ မဖြစ်သေးပါဘူး၊ အချိန်ပိုင်းအလုပ်ကြောင့် လီမိန့်ရူ အတန်းတွေပျက်ပြီး စာမေးပွဲပြန်ဖြေရမယ့် အခြေအနေမျိုးထိတော့ မရောက်သင့်ဘူး၊ ငွေရှာဖို့အတွက်နဲ့ ပညာရေးကို အထိခိုက်ခံနေတာပဲ”
မှန်ရှေ့တွင် မျက်ခုံးဆွဲနေသည့် ဝမ်ကျောင်းက နောက်ပင်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“သူ့မိဘတွေက တော်တော် ရွံစရာကောင်းတာပဲ၊ ဘာလို့…”
စကားတစ်ဝက်တွင် ဝမ်ကျောင်းတစ်စုံတစ်ခု စဉ်းစားသွားမိပုံရပြီး ရုတ်တရက် စိတ်လှုပ်ရှားသွားပါသည်။
“သူ့မိဘတွေကို ခြိမ်းခြောက်ဖို့ ငါတို့ လူရှာလိုက်ရင်ကော!”
ဟယ်ကျင်း: “ဘယ်သူ့ကို ရှာရမှာလဲ”
ဝမ်ကျောင်းက တစ်ဝက်တစ်ပျက်ဆွဲထားသော မျက်ခုံးကို ပင့်လိုက်ရင်း ပြောလိုက်သည်။
“လီမိန့်ရူရဲ့ ကောင်လေးပေါ့! လီမိန့်ရူက အရှိန်အဝါကြီးတဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ပြောလိုက်ရင် သူ့မိဘတွေ ကြောက်လန့်ပြီး ပြဿနာထပ်ရှာရဲမှာ မဟုတ်တော့ဘူး”
ဝမ်ကျောင်း၏ စကားကို အခြားသူများ သေသေချာချာ စဉ်းစားသုံးသပ်နေကြသော်လည်း ယဲ့ရှောင်ရှောင်ကမူ သဘောမတူပေ။
“အဲ့လိုဖြစ်မယ့်အစား သူ့မိဘတွေက အမြတ်ထုတ်နိုင်မယ့် လမ်းကြောင်းတစ်ခု ထပ်တွေ့သွားကြရင် ဘယ်လိုလုပ်မလဲ၊ လီမိန့်ရူကို ပြဿနာရှာမယ့်အစား သူ့ကောင်လေးကိုပါ ပြဿနာ ရှာလာမှာပေါ့”
ဝမ်ကျောင်းကမူ အားမလျော့သေးဘဲ ထပ်မံ အကြံပြုလိုက်သည်။
“လီမိန့်ရူရဲ့ကောင်လေးက လူမိုက်တစ်ယောက် ဒါမှမဟုတ် သူ့မိဘတွေ မစော်ကားရဲတဲ့ လူတစ်ယောက် ဖြစ်နေမယ် ဆိုရင်ကော”
ရှားလီ နားမလည်နိုင်စွာ မေးလိုက်သည်။
“လီမိန့်ရူအတွက် အဲ့လိုကောင်လေးမျိုး ဘယ်မှာ သွားရှာပေးရမှာလဲ”
ဝမ်ကျောင်းက ဆိုသည်။
“လွယ်လွယ်လေးပဲလေ! အတုတစ်ယောက် ရှာလိုက်ရုံပေါ့၊ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ပေးမယ့် လူတစ်ယောက်ကို ရှာလိုက်ရုံပဲ!”
သူမ၏ အကြံအစည်များမှာ တဖြည်းဖြည်းနှင့် လမ်းကြောင်းလွဲလာသလို ခံစားရသည်။ အခြာအးခန်းဖော်များကမူ ထိုကဲ့သို့ လူမျိုးကို ရှာဖွေနိုင်မည်မဟုတ်ဟု ထင်နေကြသည်။
သူတို့စကားပြောနေကြစဉ် လီမိန့်ရူ စာတစ်စောင်ကိုင်လျက် ပြန်ရောက်လာပါသည်။
ဝမ်ကျောင်းက ပြုံးလျက် ပြောလိုက်သည်။
“ကြောက်မနေပါနဲ့၊ အဲ့စာထဲမှာ ဘာမှအရေးကြီးတာ မပါလောက်ဘူး၊ နင့်မိဘတွေက ကြေးနန်းရိုက်ဖို့တောင် ပိုက်ဆံမသုံးကြဘူးလေ”
စာဖြင့် ပို့ဆောင်ဆက်သွယ်ခြင်းမှာ အလွန်ကြန့်ကြာသဖြင့် များသောအားဖြင့် အရေးမကြီးသော ကိစ္စများအတွက်သာ ဤနည်းလမ်းကို ရွေးချယ်လေ့ရှိကြပါသည်။
လီမိန့်ရူက ဘာမှပြန်မပြောဘဲ စာကို ဖွင့်ဖတ်လိုက်သည်။
စာကို တစ်ဝက်ခန့် ဖတ်ပြီးချိန်တွင် လီမိန့်ရူ ဝုန်းကနဲ မတ်တပ်ထရပ်လိုက်ပါသည်။ သူမ ထိုင်နေသည့် ထိုင်ခုံမှာလည်း ကျယ်လောင်သော အသံနှင့် နောက်ပြန်လဲကျသွားခဲ့သည်။
အခန်းဖော်များအားလုံး ထိတ်လန့်သွားကြသည်။
“ဘာဖြစ်တာလဲ!”
လီမိန့်ရူ မျက်နှာမှာ အလွန်ဟာလာဟင်းလင်းဖြစ်နေပြီး သိသိသာသာ ကြောင်အမ်းအမ်းဖြစ်နေခဲ့ပါသည်။
ထန်ရှို့ရှို့က အနားသို့ လျှောက်လာပြီး စာကို ယူဖတ်လိုက်သည်။ ဖတ်ရှုပြီးနောက် မယုံကြည်နိုင်စွာ အော်ပြောလိုက်လေသည်။
“သူ့ညီမလေး ဆုံးသွားပြီတဲ့!”
အခန်းဖော်အားလုံး ဘေးနားသို့ ဝိုင်းအုံလာကြသည်။
ဤစာကို အခြားလူတစ်ဦးက ကူညီပေးသားပေးထားခြင်းဖြစ်မှန်း သိသာပါသည်။
နေရာအများအပြားတွင် အကျဉ်းချုံး ရေးသားထားသော် လည်း ကာယကံရှင်၏ ဒေါသနှင့် အငြှိုအတေးတို့ကို အထင်းသား မြင်တွေ့နေရသည်။
စာ၏အစပိုင်းတွင် လီမိန့်ရူအား ဆဲဆို ကြိမ်းမောင်းထား သည်။ ထို့နောက် သူမ ပို့ပေးလိုက်သည့် ငွေက နည်းပါးလွန်းသဖြင့် သူ့ညီမလေး ဆေးကုသမှုခံယူဖို့ မလောက်ငှဘဲ ဆုံးပါးသွားရခြင်းဖြစ်သည်ဟု အပြစ်တင်ထားသည်။
ကလေးတစ်ဦးကို ဆယ်စုနှစ်တစ်စုကျော်ကြာအောင် ပြုစုပျိုးထောင်ပေးခဲ့ပြီးမှ ဤသို့ သေဆုံးသွားခဲ့ရခြင်းကြောင့် ကုန်ခဲ့ရသမျှ သဲထဲရေသွန်ဖြစ်သွားသည်ဟုလည်းထည့် သွင်းရေးသားထားကြသည်။
ထိုမိဘများမှာ အမှန်တကယ်ပင် အရှက်တရား ကင်းမဲ့လှပါသည်။ တာဝန်ကို ရှောင်လွှဲရုံသာမကဘဲ လီမိန့်ရူ၏ ညီမငယ် သေဆုံးသွားပြီးနောက် မည်သည့် ဝမ်းနည်းပူဆွေးမှုမှ မရှိကြဘဲ နှစ်ပေါင်းများစွာကြာအောင် သူတို့ ရင်နှီးမြှုပ်နှံခဲ့ရသည့် ပိုက်ဆံများအတွက်သာ နှမြောတသဖြစ်ကာ ရင်ကွဲမတတ် ခံစားနေကြရသည်။
“ငါအိမ်ပြန်မှဖြစ်မယ်၊ ခွင့်ယူဖို့ အဆောင်မှူးကို သွားတွေ့လိုက်ဦးမယ်”
လီမိန့်ရူတစ်ယောက် အခန်းထဲမှ အသည်းအသန် ပြေးထွက်သွားပါသည်။
ရှားလီက စိတ်ပူသွားသည်။
“စာမေးပွဲတွေက ဖြေရတော့မှာလေ… သူပြန်လာရင် မီနိုင်ပါ့မလား”
အချိန်လုံလောက်မှု ရှိသည်ဆိုဦးတော့၊ အသွားအပြန် ရထားလက်မှတ်ဖိုးမှာ လီမိန့်ရူအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပါလိမ့်မည်။
ဟယ်ကျင်း: “အိမ်ကိုတော့ သေချာပေါက် ပြန်သွားကြည့်ရမှာပေါ့၊ ငါတို့ တားလို့မရဘူး”
ဝမ်ကျောင်းလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ဘယ်လိုဖြစ်ရတာလဲ… ပိုက်ဆံမရှိတာနဲ့ သူ့ညီမလေး တကယ် သေသွားတာလား…”