အခန်း ၁၂၆
Vol. 13 Ch. 126
📗 Chapter 126
ယဲ့ရှောင်ရှောင်: “ပြဿနာကို ဖြစ်ကြောင်းကုန်စင် မသိရသေးဘဲနဲ့တော့ လျှောက်မခန့်မှန်းတာ ပိုကောင်းပါတယ်”
ဝမ်ကျောင်းတစ်ယောက် နှုတ်ဆိတ်သွားခဲ့ရသည်။ လီမိန့်ရူ အိမ်သို့ ငွေပြန်ပို့ပေးစဉ်က ဆေးဝါးဝယ်ယူဖို့ ၅ ယွမ်ဆိုလျှင် လုံလောက်ပြီဟု သူမကိုယ်တိုင် ပြောခဲ့ခြင်း မဟုတ်ပါလား။
ယခု လီမိန့်ရူ၏ ညီမလေး ဆုံးပါးသွားပြီဖြစ်၍ ဝမ်ကျောင်း အပြစ်ရှိသလို ခံစားရကာ စိတ်မသက်မသာ ဖြစ်နေမိပါသည်။
‘လီမိန့်ရူရဲ့ မိဘတွေ လိမ်ညာနေတာမဟုတ်ဘဲ သူ့ညီမလေးကို ဆေးကုပေးဖို့ ငွေတကယ် လိုအပ်ခဲ့တာ ဆိုရင်ကော…’
ရှားလီက ဝမ်ကျောင်း ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ငါတို့လည်း ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်မှာလဲ၊ အတွေးမလွန်ပါနဲ့”
သို့သော် ဝမ်ကျောင်းမှာ စိတ်ဓာတ်ကျမိဆဲပင်။
ကျောင်းကို ခွင့်တိုင်ပြီးနောက် ဘူတာရုံသို့ သွားဖို့ လီမိန့်ရူ အလျင်အမြန် ပြင်ဆင်လေသည်။ အခန်းဖော်များကလည်း သူမကို နှစ်သိမ့်စကားပြောဖို့ပင် အချိန်မရခဲ့ချေ။
“အဲ… လမ်းမှာ ဂရုစိုက်ဦးနော်”
ဟယ်ကျင်းက သတိလှမ်းပေးလိုက်ပါသည်။
လီမိန့်ရူ ခေါင်းညိတ်ပြလိုက်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ အဆောင်မှ ထွက်သွားတော့သည်။
အဆောင်ခန်းထဲတွင် လူတစ်ယောက် မရှိတော့သောအခါ အခြားသူများလည်း စကားဆက်ပြောချင်စိတ် မရှိကြတော့ပေ။ အချို့က စာအုပ်များ ဖွင့်ဖတ်နေကြပြီး အချို့ကမူ ကုတင်ပေါ်တွင် လှဲလျောင်းကာ အနားယူနေပါသည်။
ဟယ်ကျင်းသည် လွန်ခဲ့သည့် ရက်ပိုင်းက လည်စည်းပဝါတစ်ထည် ထိုးရန်အတွက် သိုးမွေးချည်များကို ဝယ်ယူခဲ့သည်။ ယခုလည်း ကုတင်ပေါ်တွင် ထိုင်ကာ မပြီးသေးသည့် လည်စည်းပဝါကို ဆက်ထိုးနေပါသည်။
သိုးမွေးချည်မှာ အပြာရင့်ရောင်ဖြစ်သဖြင့် ယောက်ျားလေးတစ်ဦးအတွက် ရည်ရွယ်ထားသည့် လက်ဆောင်ဟု ထင်ရပါသည်။
ယဲ့ရှောင်ရှောင်သည် ဟယ်ကျင်း၏ သွက်လက်မှုကို မနာလိုအားကျ ဖြစ်မိသည်။
လုဟန်ချွမ်ထံမှ သူမ လက်ဆောင်များစွာ ရရှိခဲ့သော်လည်း သူမဘက်မှ မည်သည့်လက်ဆောင်မျိုး ပြန်ပေးရမည်ကို မစဉ်းစားတတ်ခဲ့ပေ။
‘သူ့ကိုလည်း လည်စည်းပဝါတစ်ထည်လောက် ပေးလိုက်ရမလား’
ယဲ့ရှောင်ရှောင်မှာ ယခင်က ချည်တစ်ခါမှ မထိုးဖူးပေ။ သူမ ပဝါတစ်ထည် ထိုးပြီးချိန်တွင် ဆောင်းရာသီကုန်၍ နွေရာသီ ရောက်ရှိသွားမည်ကိုပင် စိုးရိမ်မိပါသည်။
ယဲ့ရှောင်ရှောင် အတွေးများနေသည်ကို မြင်သောအခါ ဟယ်ကျင်းက မေးမြန်းလိုက်သည်။
“ဘာတွေစဉ်းစားနေတာလဲ”
ယဲ့ရှောင်ရှောင်က ပြန်မေးသည်။
“လည်စည်းပဝါထိုးရတာ ခက်လား”
ဟယ်ကျင်း: “မခက်ပါဘူး၊ နင်ထိုးကြည့်ချင်လို့လား”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“နင်ထိုးထားတာ ပြီးတောင်ပြီးတော့မယ်၊ နင့် ပဝါပေါ်မှာ ငါလက်တည့်မစမ်းရဲပါဘူး”
ဟယ်ကျင်း ပြုံးသည်။
“တကယ်မခက်ပါဘူး၊ နင်စမ်းကြည့်ချင်တယ်ဆိုရင် သိုးမွေးချည်နည်းနည်းလောက် ဝယ်ပြီး အဆောင်ကို ယူလာခဲ့၊ ငါသင်ပေးမယ်”
“ဟုတ်ပြီ”
ယဲ့ရှောင်ရှောင်လည်း စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဟယ်ကျင်းသည် ချည်ထိုးဖို့အတွက် နေ့စဉ် နာရီဝက်ခန့်သာ အချိန်ပေးပြီး တစ်ပတ်မပြည့်မီမှာပင် လည်စည်းပဝါက ထက်ဝက်ခန့် ပြီးစီးသွားခဲ့ပြီဖြစ်ရာ သူမအတွက်လည်း အဆင်ပြေနိုင်လောက်သည်ဟု ယုံကြည်ပါသည်။
နောက်ဆုံးတွင် လုဟန်ချွမ်အား မည်သည့်လက်ဆောင် ပေးရမည်ကို ဆုံးဖြတ်ပြီးနောက် ယဲ့ရှောင်ရှောင်သည် သိုးမွေးချည်အနည်းငယ် ဝယ်ယူဖို့အတွက် နောက်တစ်နေ့တွင် ကုန်တိုက်သို့ သွားရောက်ခဲ့ပါသည်။
သူမသည် လည်စည်းပဝါတစ်ထည် ထိုးရန်အတွက် သိုးမွေးချည်မည်မျှ လိုအပ်ကြောင်း အရောင်းဝန်ထမ်းအား မေးမြန်းခဲ့သည်။
အရောင်းဝန်ထမ်းက လည်စည်းပဝါတစ်ထည်ထိုးဖို့အတွက် ၃ လျန်းလောက်ဆိုလျှင် လုံလောက်ပြီဟု ဆိုသည်။ သိုးမွေးချည်တစ်ထုပ်လျှင် အကြမ်းဖျင်းအားဖြင့် ၂ လျန်းခန့် ပါသဖြင့် နှစ်ထုပ်ဝယ်လျှင် လုံလောက်သည်ထက် ပိုပါသည်။
သိုးမွေးချည်များတွင်လည်း အရည်အသွေးကွာခြားချက် ရှိနေသဖြင့် ယဲ့ရှောင်ရှောင်သည် အကောင်းဆုံး အမျိုးအစားကိုသာ ရွေးချယ်ခဲ့သည်။ ထို့နောက် အစိမ်းရင့်ရောင်နှစ်ထုပ်နှင့် မီးခိုးရောင်နှစ်ထုပ်တို့ကို ဝယ်ယူလိုက်သည်။
အစိမ်းရင့်ရောင်များဖြင့် ဦးစွာ လေ့ကျင့်ပြီး ကျွမ်းကျင်လာသည့်အခါကျမှ လုဟန်ချွမ်အတွက် မီးခိုးရောင်လေးဖြင့် အချောသတ် ထိုးပေးမည်ဟု ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်ပါသည်။
အဆောင်သို့ ပြန်ရောက်သောအခါ ဟယ်ကျင်းက ကတိပေးထားသည့်အတိုင်းပင် ယဲ့ရှောင်ရှောင်ကို ကူညီပေးခဲ့သည်။
အဆင့်များက ရိုးရှင်းသော်လည်း အလေ့အကျင့်မရှိသေးသူတစ်ဦးအနေဖြင့် အမြဲတမ်းလိုလို ချည်ကွင်းများ ပိုသွားခြင်း သို့မဟုတ် ကျွတ်ထွက်သွားခြင်းမျိုး ဖြစ်တတ်သည်။
အချို့နေရာများမှာ အလွန်တင်းကျပ်နေပြီး အချို့နေရာများတွင် လျော့တိလျော့ရဲ ဖြစ်နေလျှင် ပဝါတစ်ထည်လုံး တွန့်လိမ်ရှုံ့တွကာ ပုံပျက်ပန်းပျက် ဖြစ်သွားပါလိမ့်မည်။
သုံးရက်အကြာတွင် ယဲ့ရှောင်ရှောင်သည် သူမ၏ ဆုံးဖြတ်ချက်များ မှန်ကန်ကြောင်း နားလည်ခဲ့ရသည်။
တွန့်လိမ်ရှုံ့တွနေသည့် အစိမ်းရောင်ပဝါကို ဗီရိုထဲ ထိုးထည့်လိုက်ပြီး လုဟန်ချွမ်အတွက် အသစ်တစ်ထည် စတင် ထိုးပေးလေတော့သည်။
အသားကျသွားပြီးနောက်တွင် ဤအလုပ်မှာ ထင်ထားသလောက် ကြောက်စရာမကောင်းမှန်း ယဲ့ရှောင်ရှောင် သိရှိခဲ့ရပါသည်။
“နင်တို့နှစ်ယောက် ခုတလော ဘာလို့လည်စည်းတွေ အသည်းအသန်ထိုးနေကြတာလဲ”
ရှားလီက ယဲ့ရှောင်ရှောင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ လည်စည်းပဝါထိုးခြင်းကို ယဲ့ရှောင်ရှောင် စိတ်ဝင်စားမှုရှိလာမှန်း သူမ သတိပြုမိပါသည်။
“လက်ဆောင်ပေးဖို့ပါ”
ယဲ့ရှောင်ရှောင် ခေါင်းမဖော်ဘဲ ပြန်ဖြေလိုက်သည်။ သူမ၏ ပုံစံက လူနာများကို အပ်စိုက်ကုသပေးနေသကဲ့သို့ပင် အာရုံစူးစိုက်မှုရှိကာ စေ့စပ်သေချာလှပါသည်။
ရှားလီ: “ဪ~ နားလည်ပြီး နားလည်ပြီ”
ထိုစကားများကို ကြားပြီး ဝမ်ကျောင်းက လှည့်ကြည့်လာသည်။
“ဘာလဲ၊ အခု လည်စည်းပဝါတွေ လက်ဆောင်ပေးတာ ရေပန်းစားနေလို့လား၊ ပြီးတော့ ကိုယ့်ဖာသာကိုယ်ထိုးမှ ဖြစ်မှာလား၊ ကုန်တိုက်ကနေ သွားဝယ်ပြီး ပေးလိုက်လို့ မရဘူးလား”
ယဲ့ရှောင်ရှောင်: “ရတာပေါ့”
လက်ဆောင်တစ်ခုပေးဖို့အတွက် ငွေရှိဖို့ကော ကိုယ်တိုင်ကြိုးစားအားထုတ်မှုရှိဖို့ကော မလွယ်ကူပေ။
ဝမ်ကျောင်း: “အဲ့တာဆို ငါလည်း အားတဲ့အချိန် တစ်ထည် လောက် သွားဝယ်ဦးမှပါ”
လည်စည်းပဝါကို အပြီးသတ်ဖို့အတွက် ယဲ့ရှောင်ရှောင် တစ်ပတ်ခန့် အချိန်ယူခဲ့ရပါသည်။
လည်စည်းပဝါကို သေသေချာချာ ထုပ်ပိုးပြီးနောက် လုဟန်ချွမ်တာဝန်ကျသည့် နေရာထံသို့ စာတိုက်မှတဆင့် ပို့ဆောင်ပေးလိုက်သည်။ Surprise ဖြစ်စေရန်အတွက် ဖုန်းကြိုဆက်ထားခြင်းလည်း မရှိပေ။
--- --- ---
ဆောင်းရာသီကျောင်းပိတ်ရက်များ စတင်ဖို့ တစ်လပင် မလိုတော့သည့်တိုင်အောင် လီမိန့်ရူ ပြန်ရောက်မလာသေးပါ။
ဟယ်ကျင်းက သူမ၏ စိုးရိမ်ပူပန်မှုကို ထုတ်ပြောလာခဲ့သည်။
“လီမိန့်ရူ အန္တရာယ်နဲ့ ကြုံနေရတာတော့ မဟုတ်လောက်ပါဘူးနော်”
ရှားလီ: “သူ့ညီမကိစ္စကြောင့် ပြန်သွားတာမဟုတ်ဘူးလား၊ ဘာမှမဖြစ်လောက်ပါဘူး”
ယဲ့ရှောင်ရှောင်က မေးသည်။
“လီမိန့်ရူရဲ့ ဇာတိကဘယ်မှာလဲ”
ဟယ်ကျင်း: “ချင်းယန်ကောင်တီက ဟေးရွှေကျေးရွာထင်တယ်”
ရှားလီ: “အဲ့ကို ဖုန်းဆက်ကြည့်လို့ မရဘူးလား”
ဟယ်ကျင်း: “မရလောက်ဘူး၊ ရွာမှာ ဖုန်းမှ မရှိတာ”
ဟေးရွှေရွာမှာ ပိုင်ချွမ်ရွာကဲ့သို့ပင် ခေတ်နောက်ကျသော တောင်ပေါ်ရွာလေးတစ်ရွာဖြစ်ရာ လီမိန့်ရူ ပြန်သွားပြီးနောက်တွင် ကမ္ဘာကြီးနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ပါသည်။
ထန်ရှို့ရှို့က အကြံပြုသည်။
“ပြည်သူ့လုံခြုံရေးဌာနကို ဖုန်းဆက်လိုက်ရင်ကော၊ အဲ့ဒီနံပါတ်ကိုတော့ ရှာလို့ရမယ်ထင်တာပဲ”
ရှားလီ: “ဟုတ်သားပဲ”
ဟယ်ကျင်းကလည်း ခေါင်းညိတ်သည်။
“ဖိုင်နယ်စာမေးပွဲ ဖြေဖို့ တစ်ပတ်အလိုမှ လီမိန့်ရူ ပြန်မလာသေးရင် ပြည်သူ့လုံခြုံရေးကို ဖုန်းဆက်ပြီး ဟေးရွှေရွာကို သွားစစ်ဆေးကြည့်ပေးဖို့ အဲ့ဒီက အရာရှိတွေကို အကူအညီတောင်းရမှာပဲ”
ထိုအစီအစဉ်ကို မည်သူမှ မကန့်ကွက်ခဲ့ကြပေ။
ကံကောင်းစွာဖြင့် ပြဿနာများက ထိုမျှလောက်အထိတော့ ကြီးထွားမသွားခဲ့ပေ။
ရက်အနည်းငယ် ကြာပြီးနောက် အဆောင်သို့ လီမိန့်ရူပြန်ရောက်လာသည်။ သို့သော် သူမ စိတ်အခြေအနေမှာတော့ အတော်လေး ဆိုးရွားနေပုံရပါသည်။
သူမ၏ ညီမလေးမှာ အမှန်တကယ် ဆုံးပါးသွားခြင်းဖြစ်ကာ အိမ်ပြန်ခရီးစဉ်က သူမအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။
လီမိန့်ရူ ပြန်ရောက်လာသည့်နေ့တွင် ယဲ့ရှောင်ရှောင် အဆောင်တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းထဲတွင် မီးများ ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
တစ်စုံတစ်ယောက် အိပ်ပျော်နေသည်အထင်ဖြင့် မီးဖွင့်ကြည့်လိုက်ရာ စားပွဲရှေ့တွင် ရီဝေစွာ ထိုင်နေသည့် လီမိန့်ရူကို မြင်ပြီး ထိတ်လန့်သွားခဲ့ရပါသည်။
“လီမိန့်ရူ၊ နင်ပြန်ရောက်နေတာလား”
လီမိန်ရူက ထူးထူးခြားခြား တုံ့ပြန်မှုမရှိဘဲ ခေါင်းသာညိတ်ပြလိုက်သည်။
“နင့်ကြည့်ရတာ အဆင်မပြေတဲ့ပုံပဲ”
ယဲ့ရှောင်ရှောင်သည် ကျောပိုးအိတ်ကို ကုတင်ဘေးတွင်ချိတ်ကာ ထိုင်ခုံယူလျက် ထိုင်လိုက်ပါသည်။
လီမိန့်ရူ: “ငါ အဆင်ပြေပါတယ်၊ တစ်ယောက်တည်း ခဏလောက်နေပြီး စိတ်အေးအေးထားဖို့ပဲ လိုတာ”
ဇာတိမြေသို့ ပြန်ရောက်သွားချိန်တွင် ညီမဖြစ်သူ၏ အလောင်းကိုပင် မမြင်ခဲ့ရပါ။
အိမ်နီးချင်းတစ်ဦးက ပြောပြခါမှ သူမ မိဘများက ညီမဖြစ်သူကို တောင်နောက်တွင် အလွယ်တကူ မြှုပ်နှံလိုက်ကြခြင်းဖြစ်ကြောင်း လီမိန့်ရူ သိရှိခဲ့ရပါသည်။
ညီမဖြစ်သူမှာ ငယ်ရွယ်သေးပြီး မိန်းကလေးတစ်ဦး ဖြစ်နေခြင်းကြောင့် ရွာ၏ဓလေ့ထုံးတမ်းအရ မိသားစုသင်္ချိုင်းတွင် မြှုပ်နှံခွင့် မရှိပါ။ ထို့ကြောင့် ကျပန်း မြေလွတ်တစ်နေရာကိုသာ ရှာဖွေပြီး မြှုပ်နှံခဲ့ကြပါသည်။
ညီမဖြစ်သူ မည်သို့သေဆုံးသွားခြင်းဖြစ်ကြောင်း မိဘများကို လီမိန့်ရူ အတင်းအကျပ်မေးမြန်းသောအခါ နာမကျန်းဖြစ်၍ သေဆုံးသွားသည်ဟုသာ အခိုင်အမာ ပြောဆိုခဲ့ကြသည်။
နောက်ပိုင်း အိမ်နီးချင်း၏ယောက်မဖြစ်သူကို ၂ ယွမ်ပေးပြီး မေးမြန်းခါမှ အမှန်တရားကို သိခဲ့ရပါသည်။ ညီမဖြစ်သူသည် ကစားနေစဉ်အတွင်း တောင်စောင်းပေါ်မှ လိမ့်ကျကာ လည်ပင်းရိုးကျိုးသွားခဲ့ခြင်းဖြစ်သည်။
လီမိန့်ရူ ညီမလေးမှာ အသက် ၉ နှစ်သာ ရှိသေးပြီး ကျောင်းလည်း မတက်ရသေးသဖြင့် ရွာထဲတွင် သူငယ်ချင်းအနည်း ငယ်သာ ရှိပါသည်။
သူမ လိမ့်ကျသည့်နေ့က သူမထက် အသက် ၂ နှစ်သာ ပိုကြီးသည့် အစ်ကိုဖြစ်သူ လီဝမ်နှင့် ကစားနေခြင်းဖြစ်သည်။ ဤကိစ္စမှာ ထင်သလောက် မရိုးရှင်းဘဲ လီဝမ်နှင့်တစ်စုံတစ်ခု ပတ်သတ်နေနိုင်သည်ဟု လီမိန့်ရူ ခံစားခဲ့ရပါသည်။
ထို့ကြောင့် အိမ်ပြန်ပြီးမောင်ဖြစ်သူ လီဝမ်ကို မေးမြန်းသော အခါ လီဝမ်က တစ်ခွန်းမှ ဖွင့်မပြောခဲ့ပါ။ လီမိန့်ရူ၏ မိဘများကအလွန်ဒေါသထွက်လာပြီး သူမကို ရိုက်နှက်ကာ အခန်းထဲ ပိတ်လှောင်ထားခဲ့ကြသည်။
မှောင်မိုက်သည့် ထိုအခန်းငယ်ထဲတွင် လီမိန့်ရူ စိတ်ပျက်အားလျော့မှုများကိုသာ ခံစားခဲ့ရသည်။
လီမိန့်ရူ ဘာမှမပြောချင်သဖြင့် ယဲ့ရှောင်ရှောင်လည်း ဆက်မေးဖို့ မသင့်တော်တော့ပေ။
ထိုစဉ် အခြားအခန်းဖော်များလည်း အတန်းဆင်း၍ပြန်ရောက်လာကြပါသည်။
လီမိန့်ရူကို မြင်သောအခါ ဟယ်ကျင်းက ချက်ချင်းပင် မေးမြန်းလိုက်သည်။
“လီမိန့်ရူ ပြန်ရောက်နေတာလား! နင့်အိမ်က ပြဿနာတွေ ပြေလည်သွားပြီလား၊ နင့်ညီမလေးကော…”
လီမိန့်ရူ: “ငါ့ညီမလေး နေမကောင်းဖြစ်ပြီး သေသွားတာမဟုတ်ဘူး၊ တောင်စောင်းပေါ်က ပြုတ်ကျပြီး သေသွားတာ”
ညီမဖြစ်သူအတွက် သူမ မိဘများ မည်သည့်ဆေးကုသမှုမျိုးမှဆောင်ရွက်ပေးခဲ့မည်မဟုတ်ဟုပင် လီမိန့်ရူ သံသယဝင်မိပါသည်။
အခန်းဖော်များလည်း တစ်ယောက်ပြီးတစ်ယောက် နှစ်သိမ့်စကားဆိုနိုင်ရုံသာ ရှိတော့သည်။
လီမိန့်ရူ အသက်ဝဝ ရှူလိုက်သည်။
“ငါ့ညီမလေးရဲ့ကိစ္စကို ဆက်ပြီးတော့ စုံစမ်းဦးမှာပါ၊ ဒါပေမယ့် အခုချိန်မှာ ငါ့အတွက်အရေးကြီးဆုံးက တက္ကသိုလ်ပြီးအောင်တက်ဖို့နဲ့ ငါ့ကိုယ် ငါ သန်မာလာအောင် လုပ်ဖို့ပဲ”