← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

📗 Chapter 127

လီမိန့်ရူ အတွေးအခေါ်များ ပြောင်းလဲသွားသည်ကို မြင်ရသောအခါ အခန်းဖော်အားလုံး သူမအတွက် ဝမ်းသာသွားခဲ့ကြသည်။

အဆိုးထဲမှအကောင်းဟုသာ မှတ်ယူနိုင်ပြီး အရာရာကို စောစီးစွာ နားလည်သဘောပေါက်သွားခြင်းက မည်သည့်အရာထက်မဆို ပိုမိုကောင်းမွန်လှပေသည်။

လီမိန့်ရူကဆိုသည်။

“ဒီနှစ်တော့ ဆောင်းရာသီပိတ်ရက်မှာ ငါအိမ်မပြန်တော့ဘူး၊ ကျောင်းမှာပဲ ဆက်နေဖို့ စာရင်းသွင်းလိုက်မယ်”

နှစ်သစ်ကူးတော့မည်ဖြစ်၍ ဆောင်းရာသီကျောင်းပိတ်ရက်တွင် အိမ်မပြန်သည့် ကျောင်းသားဟူသည်မှာ အလွန်ရှားပါးလှပါသည်။

သို့သော် ခရီးသွားစရိတ်နှင့် သယ်ယူပို့ဆောင်ရေး အခြေအ နေများကို ထည့်သွင်းစဉ်းစားပြီး အချို့သော ကျောင်းသားများက ကျောင်းမှာသာ ဆက်နေဖို့ဆုံးဖြတ်တတ်ကြသည်။

တက္ကသိုလ်ကလည်း အားလပ်ရက်တွင် ကျောင်း၌ ဆက်နေဖို့ စဉ်းစားထားသူများအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးထားသည်။ ကျောင်းတွင် စာရင်းပေးသွင်းထားလျှင် အဆောင်များ၌ ပုံမှန်အတိုင်း ဆက်လက် နေထိုင်နိုင်ပါလိမ့်မည်။

သို့သော် အဆောင်နှင့် စာကြည့်တိုက်များမှအပ ကျောင်းဝင်းအတွင်းရှိ အခြားသော အဆောက်အအုံများကို ပိတ်သိမ်း ထားမည်ဖြစ်သည်။

ထို့ကြောင့် ကျောင်းသားများအနေဖြင့် နေ့လယ်စာ၊ ညစာများအတွက် ကျောင်းပြင်ပတွင်သာ ဝယ်ယူ စားသောက်ရပါလိမ့်မည်။

မိသားစုတွင် ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များနှင့်၊ ယခုတစ်ကြိမ် အိမ်ပြန်ခရီးတွင် စိတ်မချမ်းမြေ့စရာများ ကြုံတွေ့ခဲ့ရခြင်းတို့ကြောင့် လီမိန့်ရူ ကျောင်းတွင်သာဆက်နေဖို့ ဆုံးဖြတ်လိုက်ခြင်းက အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

ရှားလီက မေးသည်။

“နင်အချိန်ပိုင်းအလုပ်ဆက်လုပ်ဖို့ နေခဲ့မှာလား”

လီမိန့်ရူ: “ဟုတ်တယ်၊ ငါပိုက်ဆံစုဖို့ လိုတယ်လေ”

ရှားလီ: “ကောင်းပါတယ်၊ ငါ့မိသားစုက အတင်းပြန်ခေါ်နေတာကြောင့်သာ မဟုတ်ရင် ငါလည်း ကျောင်းမှာပဲ ဆက်နေချင်တာ၊ အိမ်ပြန်ရတာ ငွေလည်းကုန် လူလည်းပင်ပန်းတယ်”

ဟယ်ကျင်း စာအုပ်အချို့ ယူလာကာ ပြောလိုက်သည်။

“အရင်ရက်တွေတုန်းက နင်လွတ်သွားတဲ့ သင်ခန်းစာတွေကို သေချာပြန်လေ့လာလိုက်ဦး၊ စာမေးပွဲကျတာမျိုး မဖြစ်စေနဲ့”

လီမိန့်ရူက တိုးညှင်းစွာ ကျေးဇူးတင်လိုက်ပြီး သင်ခန်းစာများကို စတင် လေ့လာတော့သည်။

ဟယ်ကျင်း၏ မှတ်စုများက အလွန်ပင် အသေးစိတ်ကျလှပါသည်။ ထို့အပြင် ပထမနှစ် သင်ခန်းစာများက ခက်ခဲမှုမရှိသဖြင့် လီမိန့်ရူ လိုက်မီဖို့ လွယ်ကူပါလိမ့်မည်။

ထိုစဉ် အပြင်မှ ထန်ရှို့ရှို့ ပြန်လာသည်။

“အပြင်မှာ နှင်းတွေတောင် ကျနေပြီနော်”

“တကယ်လား”

ယဲ့ရှောင်ရှောင် ဝရံတာသို့ ထွက်ကြည့်လိုက်ရာ အမှန်ပင် နှင်းကျနေသည်ကို မြင်လိုက်ရသည်။

“ယဲ့ရှောင်ရှောင်ဆိုတာ နင်တို့အခန်းကလား၊ အောက်မှာ လူတစ်ယောက် လာရှာနေလို့”

ကျောင်းသူတစ်ယောက်က အဆောင်ခန်းထဲ ရုတ်တရက်ဝင်လာပြီး ယဲ့ရှောင်ရှောင်ကို အကြောင်းကြားလိုက်ပါသည်။

“ဟုတ်တယ်၊ ကျေးဇူးပါ”

ယဲ့ရှောင်ရှောင်လည်း အနွေးထည်ကို ဝတ်ဆင်လျက် အောက်သို့ ဆင်းဖို့ ပြင်ဆင်လိုက်ပါသည်။

ဤကဲ့သို့ ရာသီဥတုမျိုးတွင် သူမကို မည်သူလာရှာခြင်းဖြစ်မှန်း မသိနိုင်သော်လည်း စိတ်ထဲတွင် ခန့်မှန်းထားသူတော့ ရှိနေသည်။

ရှားလီ ဝရံတာသို့ ထွက်လာစဉ် အောက်ထပ်သို့ ပြေးဆင်းသွားသော ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသည်။ အဆောင်ဝရံတာမှ ကြည့်လျှင် အဆောင်ရှေ့ရှိ မြင်ကွင်းကို ကွင်းကွင်းကွက်ကွက် မြင်နေရပါသည်။

အလွန်ချောမောခန့်ညားသည့် လူတစ်ယောက်ထံ ယဲ့ရှောင်ရှောင်ပြေးသွားပြီး လက်ချင်းတွဲကာ အတူတူထွက်သွားကြသည်ကို ရှားလီ တွေ့လိုက်ရသည်။

ရှားလီ မျက်လုံးများ ပြူးကျယ်သွားပါသည်။

“ရှောင်ရှောင်ရဲ့ကောင်လေးက သူလား! ရုပ်ချောလိုက်တာ၊ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေထက်တောင် ပိုကြည့်ကောင်းသေးတယ်”

စစ်ရေးလေ့ကျင့်ရေးဆင်းစဉ်က ထိုလူ့ကို တွေ့မြင်ခဲ့ဖူးမှန်း ရှားလီ မမှတ်မိခဲ့ပါ။

ထိုအချိန်က အားလုံးခြေကုန်လက်ပမ်းကျနေချိန်ဖြစ်ကာ စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် အရာရှိကြီးများကို တွေ့ခဲ့ရသော်လည်း ရှားလီ မော့မကြည့်ရဲခဲ့သဖြင့် လုဟန်ချွမ်ကို သတိမထားမိခဲ့ပေ။

ရှားလီ၏အသံကိုကြားပြီး ဝမ်ကျောင်းလည်း အပြေးအလွှား ထွက်ကြည့်ခဲ့သည်။

သို့သော် သူတို့နှစ်ဦး၏ကျောပြင်ကိုသာ မြင်လိုက်ရပါသည်။

“သူက အဲ့လောက်ကြည့်ကောင်းလို့လား”

ရှားလီ ခေါင်းညိတ်သည်။

“ကြည့်ကောင်းတာပေါ့!”

--- --- ---

အောက်ထပ်တွင် ယဲ့ရှောင်ရှောင်က လုဟန်ချွမ်ကို မေးမြန်းလိုက်ပါသည်။

“ရှင်ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ”

လုဟန်ချွမ်က ချေပသည်။

“မင်းတောင် ကိုယ့်ဆီကို ရုတ်တရက်ကြီး လက်ဆောင်ပို့ပေးနိုင်ရင် ကိုယ်ကကော ဘာလို့ လာမတွေ့နိုင်ရမှာလဲ”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်လေ၊ ကျွန်မ အဆောင်မှာရှိမနေရင် ရှင်အလ ကားသက်သက် လာခဲ့ရသလိုဖြစ်မှာ မစိုးရိမ်ဘူးလား”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ လက်ကလေးကို ဆွဲယူကာ နွေးထွေးသွားစေရန်အတွက် သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်ပေးထားလိုက်ပါသည်။

“ဘာကို စိုးရိမ်ရမှာလဲ၊ မင်းဒီမှာ ရှိမနေရင်တောင် ကိုယ်လိုလိုလားလား လာခဲ့ဦးမှာပဲ၊ ပြီးတော့ ဒီလောက် နှင်းတွေကျနေတဲ့နေ့မှာ မင်းဘယ်သွားနိုင်မှာမို့လို့လဲ”

ယဲ့ရှောင်ရှောင်: “ကျွန်မ ခုတလော အလုပ်တွေအရမ်းများနေတာ”

လုဟန်ချွမ် မျက်ခုံးပင့်ကာ မေးလိုက်သည်။

“အလုပ်တွေများနေတာတောင် လည်စည်းပဝါတစ်ထည် ထိုးချိန်ရှိသေးတယ်ပေါ့”

ယနေ့ သူ့လည်ပင်းတွင် စည်းလာသည့် လည်စည်းပဝါလေးမှာ ယဲ့ရှောင်ရှောင် ကိုယ်တိုင်ထိုးပေးထားသည့် ပဝါလေးပင် ဖြစ်သည်။

ယဲ့ရှောင်ရှောင် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

“ကျွန်မ ထိုးပေးထားမှန်း ဘယ်လိုသိတာလဲ”

လုဟန်ချွမ်: “ဒီတိုင်း သိနေတာပါ”

ဤလည်စည်းပဝါလေးမှာ အထုံးအဖွဲ့များ ညီညာမှုမရှိဘဲ အတွေ့အကြုံနည်းသူတစ်ဦး၏ လက်ရာဖြစ်မှန်း လုံးဝ သိသာနေကြောင်း သူမအား မည်သို့ ပြောရက်ပါမည်နည်း။ သို့သော်လည်း ထိုပဝါလေးကို သူအသည်းစွဲအောင် သဘောကျ နှစ်သက်ပါသည်။

နှင်းများကျနေသဖြင့် ယဲ့ရှောင်ရှောင် အပြင်ထွက်ဖို့ ခွင့်မတိုင်ထားသည်ကတစ်ကြောင်း၊ လုဟန်ချွမ်လည်း ညနေ စောင်းသည်နှင့် တာဝန်ကျရာနေရာသို့ ပြန်ရမည်ဖြစ်သည်ကတစ်ကြောင်းကြောင့် သူတို့နှစ်ဦး နာရီအနည်းငယ်သာ တွေ့ဆုံခွင့် ရခဲ့ကြသည်။

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို ကျောင်းအနီးရှိ တိုက်ခန်းလေးဆီသို့ ခေါ်ဆောင်လာခဲ့ပါသည်။ တိုက်ခန်းထဲတွင် အပူပေးစနစ်များကို ထည့်သွင်းထားပြီးပါပြီ။

ထိုအခါမှသာ အပူပေးစနစ်များအတွက် ကျသင့်ငွေကိုလည်း လုဟန်ချွမ် ပေးဆောင်ထားခြင်း ဖြစ်မည်ဟု ယဲ့ရှောင်ရှောင် တွေးမိသွားသည်။

သူမသည် ဤတိုက်ခန်းလေး၏ သော့ကို ကိုင်ဆောင်ထားရုံမှတပါး ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းတွင် မည်သည့်အရာကိုမှ စီမံခန့်ခွဲမှု မရှိခဲ့ပေ။

တိုက်ခန်းထဲတွင် နွေးထွေးနေသော်လည်း သက်ဝင်မှု သိပ်မရှိဘဲ ခြောက်ကပ်နေသေးသလို ခံစားနေရဆဲပင်။

“ဒီမှာ ဘာမှစားစရာမရှိဘူး၊ ရှင်ဗိုက်ဆာနေပြီလား၊ စားသောက်ဆိုင်တစ်ဆိုင်မှာ တစ်ခုခုသွားစားကြရအောင်လေ”

ယဲ့ရှောင်ရှောင် အခန်းထဲသို့ ဝင်လာပြီး မေးမြန်းလိုက်ပါသည်။

အခန်းထဲသို့ ရောက်သည်နှင့် လုဟန်ချွမ်က လက်တစ်ဖက်ဖြင့် တံခါးကိုပိတ်ကာ ကျန်လက်တစ်ဖက်ဖြင့် ယဲ့ရှောင်ရှောင်၏ ခါးကို ပွေ့ဖက်ရင်း နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်တော့သည်။

ယဲ့ရှောင်ရှောင် တစ်ကိုယ်လုံး နူးညံ့ပျော့ခွေသွားပြီး သူ့ရင် ခွင်ထဲတွင် ငြိမ်သက်သွားသည့်အခါကျမှ လုဟန်ချွမ် အက်ကွဲတုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“ရှောင်ရှောင်… ကိုယ် မင်းကို သေမတတ်ချစ်တယ်သိလား”

ယဲ့ရှောင်ရှောင်မှာ အသက်ကို အသည်းအသန် ပြန်ရှူလိုက်ရသည်။

“လုဟန်ချွမ်၊ ရှင် တော်တော် နှာဘူးကျတာပဲ”

လုဟန်ချွမ် သူမကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ သူ့နှုတ်ခမ်းများက သူမ၏ နားရွက်လေးများကို ပွတ်တိုက်သွားပြီး တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“ဟုတ်တယ်၊ ကိုယ်က နှာဘူးပဲ”

ယဲ့ရှောင်ရှောင် သူ့ပခုံးကို ခပ်ဖွဖွ ထိုးနှက်လိုက်သည်။

လုဟန်ချွမ် တီးတိုးပြောသည်။

“မလှုပ်နဲ့၊ ခဏလောက် ထပ်ဖက်ထားပါရစေဦး၊ ကိုယ်အရမ်းသတိရနေတာ”

ယဲ့ရှောင်ရှောင် ကျီစယ်လိုက်သည်။

“ရှင်တော်တော် စိတ်ပျော့တာပဲ လုဟန်ချွမ်”

“ကိုယ့်ကို လက်ထပ်ဖို့ သဘောမတူသေးတော့ ဘာတတ်နိုင်မှာလဲ”

“အဲ့တာဆို ကျွန်မအပြစ် ဖြစ်သွားပြီပေါ့ ဟုတ်လာား”

“မင်း အပြစ်မဟုတ်ပါဘူး၊ စိတ်မရှည်နိုင်တဲ့ ကိုယ့်အပြစ်ပါပဲ”

လုဟန်ချွမ်မှာ သူ့အားနည်းချက်ကိုသူ အလွယ်တကူပင် ဝန်ခံလိုက်ပါသည်။

လုဟန်ချွမ်လက်မှ လွတ်သည်နှင့် ယဲ့ရှောင်ရှောင်သည် ဆောင်းရာသီပိတ်ရက်အတွက် သူမ၏ အစီအစဉ်များကို ချပြခဲ့ပါသည်။

အားလပ်ရက်များ စတင်သည်နှင့် ပိုင်ချွမ်ရွာသို့ အရင်ဆုံး ပြန်မည်ဖြစ်ပြီး ပေကျင်းသို့ ရက်အနည်းငယ်စောစီးစွာ ပြန်လာပြီး ဆရာကြီးစုန့်လက်အောက်တွင် ပညာဆက်လက်သင်ယူမည်ဟု ဆိုသည်။

လုဟန်ချွမ်က အကြံပြုသည်။

“ကိုယ့်အိမ်မှာ လာနေလေ”

ယဲ့ရှောင်ရှောင် သူ့ကို တွန်းထုတ်လိုက်လေသည်။

“နေစရာလား”

“ကိုယ့်မိသားစုအိမ်ကို ပြောတာမဟုတ်ပါဘူး၊ အရင်က လိပ်စာပေးဖူးတဲ့ တိုက်ခန်းတစ်ခန်း ရှိသေးတယ်လေ”

ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားလိုက်သည်။

“အဲ့လိုဆိုလည်း မဖြစ်သေးပါဘူး”

သူတို့နှစ်ဦးသည် တရားဝင် လက်ထပ်ထိန်းမြှားထားခြင်းမရှိသောစုံတွဲတစ်တွဲသာဖြစ်သည်။ ယခုခေတ်တွင် လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ကို အားပေးကြသော်လည်း လူ့အဖွဲ့အစည်းမှာ ဤမျှလောက် မရဲတင်းကြသေးပါ။

လူပျိုတစ်ဦးနှင့် အပျိုတစ်ဦး အတူတူ နေထိုင်လျှင် လူအများပြောစရာ ဖြစ်လာပါလိမ့်မည်။

ယဲ့ရှောင်ရှောင်က သတိပေးလိုက်သည်။

“ကျွန်မကို လှည့်စားဖို့ မကြိုးစားနဲ့နော်”

အကြံအစည် မအောင်မြင်သဖြင့် လုဟန်ချွမ်က ထပ်ကမ်း လှမ်းလိုက်ပါသည်။

“ဒါဆို မွေးရပ်မြေကို မပြန်ခင် ကိုယ့်မိသားစုအိမ်မှာ ညစာလာစားပါလား၊ ကိုယ့်မိသားစုကို ကြိုအသိပေးထားလိုက်မယ်”

ထိုတောင်းဆိုချက်ကတော့ ယုတ္တိရှိသဖြင့် ယဲ့ရှောင်ရှောင် သဘောတူလိုက်ပါသည်။

သူတို့နှစ်ဦးသည် ထိုတိုက်ခန်းလေးထဲတွင် ညနေ ၆ နာရီထိ အတူတူရှိခဲ့ကြပြီး အပြင်ဘက်တွင်လည်း မှောင်ရီပျိုးခါမှ ထွက်လာခဲ့ကြပါသည်။

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဟော့ပေါ့စားဖို့ ခေါ်သွားခဲ့သည်။

ဟော့ပေါ့မှာ ပွက်ပွက်ဆူနေပြီး၊ လတ်ဆတ်ပြီး ပါးလွှာစွာ လှီးဖြတ်ထားသော သိုးသားလွှာများကို နှမ်းအနှစ်ဆော့စ်နှင့် တွဲဖက်စားသုံးရခြင်းမှာ အေးစက်လှသော နေ့ရက်တွင် သူတို့၏ ဝမ်းဗိုက်ကို နွေးထွေးသွားစေခဲ့ပါသည်။

စားသောက်ပြီးသည်နှင့် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို အဆောင်သို့ ပြန်လိုက်ပို့ပေးခဲ့သည်။

“ဝင်တော့လေ၊ မင်းအထဲရောက်ရင် ကိုယ်ပြန်မယ်”

“ဟုတ်ပြီ”

ယဲ့ရှောင်ရှောင် အဆောင်ထံသို့ ဆက်လျှောက်သွားခဲ့သည်။

နှင်းများ ဆက်လက်ကျဆင်းနေဆဲဖြစ်သော်လည်း နှင်းပွင့်များမှာ ယခင်ကလောက်တော့ မကြီးမားတော့ပေ။ မြေပြင်ပေါ်တွင် ထူထဲသော နှင်းဖြူစောင်ကြိးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။

လုဟန်ချွမ် စောင့်ကြည့်နေစဉ် ယဲ့ရှောင်ရှောင်က သူ့ထံသို့ ရုတ်တရက် ပြန်လှည့်လာခဲ့သည်။ သူမ ချော်လဲသွားမည်ကို စိုးရိမ်သဖြင့် လုဟန်ချွမ် လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် သူမကို ရင်ခွင်ထဲ ပွေ့ဖက်ဖမ်းယူလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် ခြေဖျားထောက်လျက် ချစ်သူ၏ပါးပြင်ပေါ်သို့ အနမ်းတစ်ပွင့် ခြွေလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ပျော်ခဲ့ရတယ်”

လုဟန်ချွမ်နှင့် အတူတူရှိနေသည့်အချိန်တိုင်း သူမ အမှန်တကယ် ပျော်ရွှင်ရပါသည်။ အခြားသော ပြဿနာများကို စဉ်းစားနေစရာ မလိုအပ်သလို မည်သည့်အရာကိုမှလည်း စိုးရိမ်ပူပန်နေစရာ မလိုအပ်ပါ။

ပါးပြင်ပေါ်မှ အနမ်းသည် ခဏတာမျှသာ ဖြစ်သော်လည်း ယဲ့ရှောင်ရှောင်အတွက်မူ ရှားပါးသည့် ချစ်ခြင်းမေတ္တာ သရုပ် ဖော်မှုတစ်ခုဖြစ်ခဲ့သည်။

အဆောင်ဘက်သို့ သူမ ပြေးသွားခဲ့ပြီး ဝင်ပေါက်နား ရောက်သောအခါ လုဟန်ချွမ်ကို လက်ပြနှုတ်ဆက်လျက် အဆောင်ထဲ ဝင်သွားတော့သည်။

လုဟန်ချွမ်မှာ အချိန်အတော်ကြာအောင် ကြက်သေသေလျက် ရပ်ကျန်နေခဲ့သည်။ သူ့နှလုံးသားထဲ မီးရှူးမီးပန်းများ တဖုန်းဖုန်း ပေါက်ကွဲနေသလို ခံစားရပါသည်။

နှင်းစက်ကလေးများအကြားမှ ထိုပွေ့ဖက်မှုသည် လှပလွန်းသည့် အိပ်မက်လေးတစ်ခုပမာ ဖြစ်ခဲ့ပြီး လုဟန်ချွမ်မှာ ထိုအိပ်မက်ထဲတွင်သာ ထာဝရ နစ်မျောသွားချင်မိတော့သည်။

ထူးထူးခြားခြား ရွှင်လန်းနေသော စိတ်အခြေအနေ၊ မွှေးပျံ့နေသော ဟော့ပေါ့ရနံ့များနှင့်အတူ ယဲ့ရှောင်ရှောင် အခန်းထဲသို့ ပြန်ဝင်လာခဲ့ပါသည်။

ဝမ်ကျောင်းက ချက်ချင်းပင် မယုံသင်္ကာအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“ပြန်လာပြီပေါ့! အမှန်အတိုင်းပြောစမ်း၊ နင် ဘာသွားလုပ်တာလဲ”

ယဲ့ရှောင်ရှောင် အမှန်အတိုင်းပင် ပြန်ဖြေခဲ့သည်။

“ငါ့ကောင်လေး လာလည်လို့ ညစာအတူတူ သွားစားပြီး ချက်ချင်း ပြန်လာခဲ့တာလေ”

All Chapters