အခန်း ၁၂၈
Vol. 13 Ch. 128
📗 Chapter 128
“ဟုတ်မှာပါလေ…”
ဝမ်ကျောင်းက ကုတင်ပေါ်တွင် ပြန်လှဲလျောင်းလျက် ဆက်ပြောလိုက်သည်။
“မနက်ဖြန်အတန်းရှိတော့ နင်တို့ ခပ်ဝေးဝေးသွားလို့ရမှာလည်း မဟုတ်ပါဘူးလေ၊ စကားမစပ် နင်တို့ ရေခဲပြင်စကိတ်သွားစီးဖို့ စိတ်ဝင်စားကြလား”
တက္ကသိုလ်နှင့် အလှမ်းမဝေးသည့် ပန်းခြံတစ်ခုတွင် ရေကန်တစ်ကန်ရှိပြီး ယခုချိန်လောက်ဆိုလျှင် ရေခဲပြင်ကြီးအဖြစ် အေးခဲနေလောက်ပါပြီ။
ပေကျင်းမြို့သူဖြစ်သည့်အလျောက် ပျော်စရာကောင်းမည့် နေရာတိုင်းကို ဝမ်ကျောင်း သိကျွမ်းနေပါသည်။
“အခု သွားစီးလို့ရပြီလား၊ ငါလည်းပါမယ်လေ!”
ရှားလီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဝမ်ကျောင်းက မေးသည်။
“နင့်မှာ စကိတ်ရှိလို့လား”
ရှားလီ: “မရှိဘူး”
“အဲ့တာဆို ဘယ်လိုလုပ် ပျော်စရာကောင်းမှာလဲ၊ အားလုံးအတူတူ ပျော်လို့ရအောင် စကိတ်တစ်စုံလောက် သွားဝယ်လိုက်”
ထိုစကားကြားသောအခါ ရှားလီ၏ စိတ်လှုပ်ရှားမှုများ အငွေ့ပျံသွားပါသည်။
“ရုတ်တရက်ကြီး မသွားချင်တော့သလို ခံစားလိုက်ရတယ်”
စိတ်ဓာတ်ကျနေသည့် ရှားလီကို ကြည့်ရင်း ဝမ်ကျောင်းအပြစ်တင်လိုက်ပါသည်။
“နင့်ကိုယ်နင် ပြန်ကြည့်ပါဦး၊ တစ်ခုခုဖြစ်တာနဲ့ အရှုံးပေးလိုက်တာပဲ၊ ဟိုရောက်ရင် စွတ်ဖားတွေဘာတွေ ငှားလား စုံစမ်းကြည့်လိုက်ပေါ့၊ အဲ့တာတွေစီးရတာလည်း ပျော်ဖို့ကောင်းပါတယ်”
ထို့နောက် အခြားအခန်းဖော်များကိုလည်း လှည့်မေးလိုက်သည်။
“နင်တို့ကော ဘယ်လိုလဲ၊ ဘယ်သူမှ စိတ်မဝင်စားကြဘူးလား၊ ဟယ်ကျင်း နင့်ကောင်လေးကို ခေါ်ပြီး အတူတူ သွားကြရအောင်လေ”
ထန်ရှို့ရှို့က မေးသည်။
“ရေခဲပြင်က စကိတ်စီးလို့ရလောက်တဲ့အထိ ခဲနေပြီလား”
ဝမ်ကျောင်းက အာမခံသည်။
“ဒီဇင်ဘာလတောင် ရောက်နေပြီပဲဥစ္စာ၊ ကျိန်းသေပေါက် ခဲနေပြီပေါ့”
ထိုစဉ် ယဲ့ရှောင်ရှောင်က ထူးထူးခြားခြား ဦးဆောင်ကာ ပြောလိုက်သည်။
“ဒါဆိုလည်း ငါတို့အားလုံး အတန်းမရှိတဲ့အချိန် အတူတူသွားကြတာပေါ့”
စက်ရုံဘက်တွင် ဆောက်လုပ်ရေးအဖွဲ့ ငှားရမ်းသည့် အဆင့်တွင်သာ ရှိသေးသဖြင့် ယဲ့ရှောင်ရှောင် နေ့စဉ်သွားရောက် ကြီးကြပ်ရန် မလိုအပ်သေးသောကြောင့် ဤကဲ့သို့ အပြင်ထွက်ကာ ပျော်ပါးနိုင်ခြင်း ဖြစ်သည်။
ဟယ်ကျင်း: “ဒါဆို ငါလည်း စီနီယာအစ်ကိုကို အတူတူလိုက်ဖို့ အချိန်အားလား မေးကြည့်လိုက်ဦးမယ်”
ဝမ်ကျောင်းက မှာကြားလိုက်သည်။
“သူ မအားဘူးလို့ပြောရင် နင့်ကို တကယ်မကြိုက်လို့ပဲ၊ သူ့အတွက် အချိန်မဖြုန်းနဲ့တော့”
ဟယ်ကျင်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ဝမ်ကျောင်း၏ ပြင်းထန်လှသော နည်းလမ်းများကို သူမအတော်လေး ထိတ်လန့်မိပါသည်။
ဝမ်ကျောင်းက ဆက်မေးသည်။
“တခြားသူတွေကော ခေါ်လာစရာ ကောင်လေးမရှိကြဘူးလား၊ ဒါရှားပါး အခွင့်အရေးနော်”
ကျန်သောသူများက ခေါင်းခါလိုက်ကြသည်။ ထန်ရှို့ရှို့နှင့် ရှားလီတို့ နှစ်ယောက်စလုံးတွင် ရင်းနှီးသည့် ယောက်ျားလေး သူငယ်ချင်းမရှိပါ။
လီမိန့်ရူသည်လည်း ကျောင်းစာနှင့် အချိန်ပိုင်းအလုပ်တွက်သာ အချိန်ပေးနေရသဖြင့် စစ်သင်တန်းတုန်းက ကောင်လေးနှင့်ပင် အဆက်အသွယ်ရှိသေးသလား မသိရပါ။
မူလက လီမိန့်ရူ လိုက်သွားဖို့ အစီအစဉ်မရှိသော်လည်း သူမ စိတ်အပန်းဖြေနိုင်ဖို့အတွက် အခန်းဖော်များက လိုက်ခဲ့ဖို့ တိုက်တွန်းကြသဖြင့် နောက်ဆုံးတော့ သဘောတူလိုက်ရတော့သည်။
“ဒါဆို သဘောတူလိုက်ပြီနော်၊ လာမယ့်ပိတ်ရက်မှာ နှင်းမကျဘူးဆိုရင် ငါတို့အားလုံး သွားကြမယ်”
ဝမ်ကျောင်း အိပ်ရာမဝင်ခင် အားလုံးကို အသိပေးလိုက်ပါသည်။
မနက်ဖြန်မနက် ၈ နာရီတွင် အတန်းချိန်ရှိသဖြင့် သူမကို စောစောအိပ်ဖို့ ဟယ်ကျင်း တိုက်တွန်းလိုက်ရသည်။
နောက်တစ်နေ့တွင် နှင်းများလုံးဝကင်းစင်ကာ ကြည်လင်တောက်ပသော ကောင်းကင်ကြီးနှင့် နေသာသော နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။
အချို့ကျောင်းသားများက အောက်ထပ်တွင် နှင်းလုံးများ ပစ်ကာ ကစားနေကြလေပြီ။ ယဲ့ရှောင်ရှောင်ကမူ မနက်ခင်း အတန်းချိန်ရှိသဖြင့် စစ်မြေပြင်ကို ကျော်ဖြတ်လျက် စာသင် ခန်းသို့ ရောက်လာခဲ့ပါသည်။
ယခုဆိုလျှင် ယဲ့ရှောင်ရှောင်အား ကြည့်သည့် ကျန်းခိုင်နင်၏ အကြည့်မှာ ချမ်းသာကြွယ်ဝမှုနတ်သမီးတစ်ပါးကို ကြည့်နေသည့်အလား အလွန်တောက်ပနေခဲ့ပါသည်။
“ရှောင်ရှောင်၊ အရင်လက ငါတို့ဝင်ငွေဘယ်လောက်ရှိလဲ နင်သိလား”
ဝမ်းသာလုံးဆို့နေသည့် သူ့အသံကို အကဲခတ်ကြည့်ခြင်းအားဖြင့် အလွန်ပျော်ရွှင်နေမှန်း သိသာသည်။
ယဲ့ရှောင်ရှောင်သည် ထိုကဏ္ဍကို အမှန်တကယ်ပင် အာရုံမစိုက်မိခဲ့ချေ။ ဤခေတ်ကာလတွင် စမတ်ဖုန်းများ သို့မဟုတ် ဘဏ်မှ SMS ဖြင့် သတိပေးချက်များ မရှိသဖြင့် သူမ၏ ဝင်ငွေကို စစ်ဆေးလိုလျှင် ဘဏ်ခွဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးရပါလိမ့်မည်။
“ငါ မသိဘူး”
ယဲ့ရှောင်ရှောင် အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။
ကျန်းခိုင်နင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ယွမ် ၅,၀၀၀ ဟဲ့! မကြာခင် ငါတို့မိသားစုက ပိုင်ဆိုင်မှု ယွမ်တစ်သောင်းရှိတဲ့ အိမ်ထောင်စု ဖြစ်လာတော့မယ်”
ကျန်းခိုင်နင်၏ ဖခင်ဖြစ်သူသည် နှစ်ပေါင်းများစွာကြာအောင် ရွာထဲတွင် တိုင်းရင်းဆေးဆရာအဖြစ် အလုပ်လုပ်ခဲ့သော်လည်း ဤမျှလောက်သော ပိုက်ဆံကို မစုဆောင်းနိုင်ခဲ့ချေ။
ကျန်းခိုင်နင်ကမူ တက္ကသိုလ်ကျောင်းသား ဘဝမှာပင် သူဌေးကြီး ဖြစ်ခါနီးနေပါပြီ။
“အဲ့တာကြောင့် နင်စာကို ဆက်ကြိုးစားပြီး နောက်ထပ် ဆေးပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် သုတေသနလုပ်သင့်တာပေါ့၊ အဲ့တာဆို ဒီ့ထက်တောင် ပိုချမ်းသာဦးမယ်”
ယဲ့ရှောင်ရှောင်က ကျန်းခိုင်နင်ကို ဤမျှလောက်နှင့် ကျေနပ်မသွားဘဲ ကိုယ်ရည်ကိုယ်သွေးကို ဆက်လက် မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပါသည်။
ကျန်းခိုင်နင် ရင်ဘတ်ကို ထုကာ အာမခံလိုက်သည်။
“ဒါပေါ့! ငါကျိန်းသေပေါက် ကြိုးစားမှာ၊ ဒီတစ်ခါ အိမ်ပြန်တဲ့အခါကျရင် ငါတို့မိသားစုမှာ တခြားလျှို့ဝှက်ဖော်မြူလာတွေ ဘာတွေရှိနေသေးလား မေးကြည့်ဦးမယ်”
ယဲ့ရှောင်ရှောင် မျက်ခုံးပင့်သွားသည်။
‘အခုချိန်ထိ မိသားစုရဲ့ အမွေအနှစ်ကို အားကိုးနေဦးမှာလား’
ကျန်းခိုင်နင် ပြုံးကာ ပြောလိုက်ပါသည်။
“အလကားနောက်တာပါ၊ တကယ်တော့ ငါတို့မိသားစုမှာ တခြားဆေးတစ်မျိုး ရှိသေးတယ်၊ သွေးတိတ်ဆေးတစ်မျိုးပဲ၊ ဒါပေမယ့် အာနိသင်က စိတ်မချရသေးလို့ အဲ့ဒီဖော်မြူလာကို ငါလေ့လာနေတာ၊ ဒီတစ်ပတ်ပိတ်ရက်ကျရင် ဆရာကြီးစုန့်ရဲ့ဓာတ်ခွဲခန်းဆီ ငါနဲ့အတူ လိုက်ခဲ့မလား”
ယဲ့ရှောင်ရှောင်: “ဒီတစ်ပတ်တော့ မရဘူး၊ ငါရေခဲပြင်စကိတ် သွားစီးမလို့”
ကျန်းခိုင်နင်: “နင်တို့အဆောင်တစ်ခန်းလုံး သွားကြမှာလား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
ထိုအခါ ကျန်းခိုင်နင်က ယဲ့ရှောင်ရှောင်ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်ပါသည်။
ထိုအကြည့်ကိုမြင်ပြီး ယဲ့ရှောင်ရှောင် ကမ်းလှမ်းလိုက်သည်။
“ငါတို့ ငန်းဖြူရေကန်ကို သွားကြမှာလေ၊ နင်အားရင် လိုက်ခဲ့လို့ရတယ်”
ကျန်းခိုင်နင် အပျော်လွန်သွားသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ရှောင်ရှောင်”
ယဲ့ရှောင်ရှောင် မေးထောက်လျက် မေးလိုက်ပါသည်။
“နင် ငါ့အခန်းဖော်ကို တကယ်သဘောကျနေတာတော့ မဟုတ်လောက်ပါဘူးနော်”
တစ်ဖက်မှ ပြန်ကြိုက်နိုင်ချေက သိပ်မမြင့်သော်လည်း သူမ ဝင်မစွက်ဖက်ဖို့ ဆုံးဖြတ်ထားပါသည်။ တစ်ခါတရံ ကံကြမ္မာဟူသည်မှာ ခန့်မှန်းရခက်လှသည်။
ကျန်းခိုင်နင် ဝန်ခံလိုက်သည်။
“အရင်တစ်ခေါက်က ကပွဲမှာ နင်နဲ့အတူတူ တွဲကခဲ့တဲ့ ကောင် မလေးကို နည်းနည်း သဘောကျမိလို့၊ ဒါပေမယ့် သူ့စိတ်နေစိတ်ထားနဲ့အကျင့်စရိုက်က ဘယ်လိုရှိလဲဆိုတာ ငါ မသိသေးဘူး၊ ပြီးတော့ ငါ့လိုလူကို နှစ်ခါပြန်လှည့်ကြည့်ပါ့မလား ဆိုတာလည်း မသေချာဘူးလေ”
ယဲ့ရှောင်ရှောင်: “…”
“အဲ့တာကြောင့် ငါသူနဲ့ နည်းနည်းလောက် စကားပြောကြည့်ပြီး သူဘယ်လိုခံစားရလဲဆိုတာ အကဲခတ်ချင်လို့”
ယဲ့ရှောင်ရှောင်: “ဟုတ်ပါပြီ”
ကျန်းခိုင်နင် ချက်ချင်း ဆက်ပြောသည်။
“ဒါပေမယ့် ငါဓာတ်ခွဲခန်းကိုတော့ အရင်သွားမှဖြစ်မယ်၊ အဲ့တာကြောင့် နင်တို့သတ်မှတ်ထားတဲ့အချိန်အတိအကျတော့ လာနိုင်မယ် မထင်ဘူး”
ယဲ့ရှောင်ရှောင်က မေးသည်။
“တက္ကသိုလ်တက်နေတာ ဒီလောက်တောင်ကြာနေပြီ၊ နင်သူ့ကိုချဉ်းကပ်ဖို့ အခွင့်အရေးတစ်ခါတောင် မရဘူးလား”
ကျန်းခိုင်နင် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပါသည်။
“ငါက ရှက်တတ်လို့ အခွင့်အရေးမရတာ နေမှာပါ”
ယဲ့ရှောင်ရှောင် ဆွံ့အသွားသည်။ နောက်ထပ် ၂ နှစ်လောက်သာ ဤအတိုင်း ဆက်ရှက်နေဦးမည်ဆိုလျှင် ထန်ရှို့ရှို့ ရည်းစားရသွားမှာ သေချာပါသည်။
စာသင်ခန်းထဲသို့ ပရော်ဖက်ဆာ ဝင်ရောက်လာသဖြင့် သူမတို့၏စကားဝိုင်းမှာ အဆုံးသတ်သွားခဲ့ရသည်။
ကျောင်းပိတ်ရက်တွင် ရာသီဥတုက ကောင်းမွန်သော်လည်း အပြင်ဘက်တွင် လေပြည်အနည်းငယ် တိုးဝှေ့နေကာ အလွန်အေးစိမ့်နေပါသည်။
ယဲ့ရှောင်ရှောင်သည် အနီရောင်ကွက်ပြောက် အနွေးထည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားပြီး၊ အနီရောင်လည်စည်းပဝါ၊ သိုးမွေးခေါင်းစွပ်ဦးထုပ်နှင့် သားရေလက်အိတ်တို့ကိုပါ ဝတ်ဆင်ထားကာ အပြင်သွားဖို့ အသင့်ဖြစ်နေလေသည်။
မိန်းကလေး ၆ ယောက်အနက် အပါးလွှာဆုံး အဝတ်အစားများကို ဝတ်ဆင်ထားသူမှာ ဝမ်ကျောင်းပင်။ အထင်းသား ပေါ်နေသည့် ဝမ်ကျောင်း၏ ခြေတံသွယ်သွယ်များကို ကြည့်ရင်း ရှားလီက မေးလိုက်သည်။
“ကျောင်းကျောင်း… နင်မအေးဘူးလား”
ဝမ်ကျောင်းက ပြန်ဖြေသည်။
“မ…မ…မအေးပါဘူး”
ယဲ့ရှောင်ရှောင်က ဝင်မေးသည်။
“ငါတို့ စက်ဘီးစီးပြီးသွားကြမှာနော်၊ နင်အဆင်ပြေမှာ သေချာရဲ့လား”
အဆောင်တွင် ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့နှစ်ဦးသာ စက်ဘီးရှိကြပါသည်။ ခဏနေလျှင် ဖန့်ခိုင်ရွှမ်နှင့် ဟယ်ကျင်း၏ စီနီယာအစ်ကိုတို့ ရောက်ရှိလာပြီး သူမတို့ကို စက်ဘီးဖြင့် တင်ခေါ်သွားပါလိမ့်မည်။
ထို့ကြောင့် အားလုံးအတွက် အဆင်ပြေနိုင်သည်။
နွေးထွေးမှုထက် အလှအပကို ပိုမိုဦးစားပေးသည့် ဝမ်ကျောင်းတစ်ယောက် တုန်တုန်ယင်ယင်ဖြင့် အာမခံလိုက်ပါသည်။
“ငါ မအေးပါဘူးဆို”
ယဲ့ရှောင်ရှောင်: “ဒါဆိုလည်း ပြီးတာပါပဲ၊ ဂရုစိုက်ဦးနော်”
ဖန့်ခိုင်ရွှမ်က ပထမဦးဆုံး ရောက်ရှိလာပြီး ခဏကြာသော အခါ ဟယ်ကျင်း၏စီနီယာအစ်ကို ရောက်ရှိလာပါသည်။
ထိုစီနီယာအစ်ကိုမှာ ယဲ့ရှောင်ရှောင်ကို မြင်သွားသောအခါ အနည်းငယ် အံ့အားသင့်သွားပုံရပြီး တစ်ချက်နှစ်ချက်မျှ ခိုးကြည့်ခဲ့သေးသည်။ သို့သော် ထိုအမူအရာကို ယဲ့ရှောင်ရှောင်တို့အားလုံး သတိမပြုမိခဲ့ကြပေ။
အပြင်ဘက်တွင် အေးစက်နေသဖြင့် မည်သည့်အရာကိုမှ သေချာအာရုံမစိုက်နိုင်ခဲ့ကြပါ။
ဟယ်ကျင်းက သူတို့အားလုံးကို ရှက်ကိုးရှက်ကန်းဖြင့် မိတ်ဆက်ပေးခဲ့သည်။
“ဒါ ငါတို့စာပေအသင်းက စီနီယာအစ်ကိုလျို့ရှောက်မင်တဲ့”
ယဲ့ရှောင်ရှောင်တို့အားလုံး လျို့ရှောက်မင်ကို နှုတ်ဆက်လိုက်ပါသည်။
“မြန်မြန်သွားကြရအောင်”
ဝမ်ကျောင်းက တိုက်တွန်းသည်။ အဆောင်အောက်တွင် လေအေးဒဏ် ဆက်မခံချင်တော့ပါ။
ဖန့်ခိုင်ရွှမ်သည် စက်ဘီးနောက်ခုံပေါ်တွင် နူးညံ့ပြီးနွေးထွေးသော ကူရှင်လေးတစ်ခုကို အလိုက်တသင့် တပ်ဆင်ထားပေးပါသည်။ ထို့ကြောင့် စက်ဘီးပေါ်တွင် ဝမ်ကျောင်းတက်ထိုင်လိုက်သောအခါ သက်တောင့်သက်သာ ရှိလှသည်။
လျို့ရှောက်မင်ကမူ ထိုမျှအထိ အလိုက်တသိ စဉ်းစားမပေးထားသော်လည်း ဟယ်ကျင်းကဂရုစိုက်ပုံမပေါ်ပါ။
ထန်ရှို့ရှို့ကမူ လီမိန့်ရူကို တင်နင်းပြီး၊ ယဲ့ရှောင်ရှောင်က အားလုံးထဲတွင် အပေါ့ဆုံးဖြစ်သည့် ရှားလီကိုတင်နင်းခဲ့ပါသည်။
ရှားလီက ပြောသည်။
“အပြန်ကျရင် ငါ နင့်ကို ပြန်တင်နင်းပေးပါ့မယ်”
ယဲ့ရှောင်ရှောင်သည် စက်ဘီးကိုသာ အာရုံစိုက် နင်းနေရသဖြင့် စကားသိပ်မပြောနိုင်ချေ။ အကြောင်းမှာ လေအေးများ ပါးစပ်ထဲ တိုးဝင်လာမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။
ကံကောင်းစွာဖြင့် စက်ဘီးမှာ ဘီးအကြီးစားဖြစ်နေ၍ စီးနင်းရသည်မှာ အတော်လေး လွယ်ကူပြီး အားစိုက်ထုတ်ဖို့ သိပ်မလိုလှပေ။
စက်ဘီးကို ၁၀ မိနစ်ခန့် စီးနင်းပြီးနောက် ငန်းဖြူပန်းခြံသို့ ရောက်ရှိလာကြသည်။ ကျောင်းနှင့် အကွာအဝေးမှာ သိပ်မဝေးလှပါ။
စက်ဘီးများကို သော့ခတ်ပြီးနောက် သူတို့အားလုံး ပန်းခြံထဲဝင် လာခဲ့သည်။
ကျင့်ဟွာတက္ကသိုလ်အပြင် အနီးနားတွင် အခြားသောပညာ ရေးကောလိပ်များလည်း ရှိနေသဖြင့် ပန်းခြံထဲ လူများပြည့်နှက် စည်ကားနေပါသည်။
ဤပတ်ဝန်းကျင်တွင် နဂိုကတည်းက လူနေထူထပ်သည့်အပြင် ယနေ့က ရုံးပိတ်ရက်လည်း ဖြစ်နေသဖြင့် လမ်းသွားလမ်းလာများဖြင့် သက်ဝင်စည်ကားနေခြင်းဖြစ်ပါလိမ့်မည်။