အခန်း ၁၂၉
Vol. 13 Ch. 129
📗 Chapter 129
ပန်းခြံထဲတွင် ဆိုဒါအအေးများ၊ သကြားရည်စိမ် သစ်အယ်သီးများရောင်းချသည့် ဆိုင်များနှင့်အတူ ရေခဲစွတ်ဖားများ၊ စကိတ်များ ငှားရမ်းပေးနေသည့် ဦးလေးကြီးတစ်ယောက်လည်း ရှိသေးသည်။
ယဲ့ရှောင်ရှောင်နှင့် ရှားလီတို့နှစ်ယောက် ရေခဲစွတ်ဖားများ သွားရောက်ငှားရမ်းခဲ့ကြသည်။
ရေခဲစကိတ်များ ရှိသော်လည်း သန့်ရှင်းမှုအားနည်းသည်ဟု ခံစားရသည့်အပြင် မိမိ၏ ခြေထောက်နှင့် ကွက်တိကျမည့် ဆိုဒ်ကို ရှာဖွေနိုင်ဖို့လည်း ခက်ခဲလှပါသည်။
ထို့ကြောင့် တစ်ယောက်စီးစွတ်ဖားများမှာမူ သူမတို့အတွက် ပိုမိုသင့်တော်ပြီး ပြား ၅၀ တည်းနှင့် တစ်နေကုန် ကစားလို့ ရနိုင်ပါသည်။
ယဲ့ရှောင်ရှောင်နှင့် ရှားလီတို့နှစ်ယောက် စွတ်ဖားတစ်စီးစီ ဆွဲလျက် သူငယ်ချင်းများရှိရာထံသို့ ပြန်လာခဲ့ကြသည်။
“နင်တို့နှစ်ယောက် အဲ့တာတွေနဲ့ တကယ်ကစားမလို့လား”
ယဲ့ရှောင်ရှောင်တို့ ယူဆောင်လာသည့် စွတ်ဖားများကို ကြည့်ရင်း ထန်ရှို့ရှို့ စိတ်ဝင်စားမှု သိပ်မရှိသော ပုံစံဖြင့် မေးမြန်းလိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “ဟုတ်တယ်၊ စမ်းကြည့်ချင်လို့လေ”
ထန်ရှို့ရှို့: “အဲ့တာဆို သေချာထိုင်၊ ငါနောက်က တွန်းပေးမယ်”
ယဲ့ရှောင်ရှောင်က သံချွန်အသေးလေးနှစ်ချောင်းကို ကိုင်မြှောက်ပြရင်း မေးမြန်းလိုက်ပါသည်။
“ဒါတွေက ဘာလုပ်ဖို့လဲဟင်”
ထန်ရှို့ရှို့က ရှင်းပြသည်။
“အဲ့တာတွေက ရေခဲပြင်ပေါ်မှာ စွတ်ဖားကို ရွှေ့ဖို့ အားပြုပြီး ထောက်ရတဲ့ဟာတွေလေ၊ နင်က အရှေ့မြောက်ပိုင်းက လာတာဆို၊ အဲ့တာတွေကို တစ်ခါမှ မမြင်ဖူးဘူးလား”
“အဲ… ငါမေ့သွားလို့ပါ”
ထန်ရှို့ရှို့သည် ယဲ့ရှောင်ရှောင်၏ စွတ်ဖားကို ရေခဲပြင်ပေါ်တွင် အားပြင်းပြင်းဖြင့် တွန်းလွှတ်ပေးလိုက်ရာ အဝေးကြီးသို့ လျှောထွက်သွားတော့သည်။
သံချွန်နှစ်ချောင်းကို အသုံးပြုလျက် ရေခဲပြင်ပေါ်တွင် လမ်းကြောင်းထိန်းညှိဖို့ အလွန်လွယ်ကူကြောင်း ယဲ့ရှောင်ရှောင် တွေ့ရှိခဲ့ရသည်။
ခဏမျှ ဆော့ကစားပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ သူငယ်ချင်းများ မည်သည့်နေရာသို့ ရောက်ရှိသွားကြသည်ကို ယဲ့ရှောင်ရှောင် မသိတော့ချေ။
ရေခဲပြင်ပေါ်တွင် လူအမြောက်အများ ရှိနေပါသည်။ အများစုက ရေခဲပြင်စကိတ်များဖြင့် ပြေးလွှားနေကြပြီး အလွန်ကျွမ်းကျင်သောသူများမှာမူ ရေခဲပြင်ပေါ်၌ အလှကကွက်များပင် ကပြနိုင်စွမ်း ရှိပါသည်။
စွတ်ဖားစီးဖို့ပင် ခက်ခဲနေသည့် ယဲ့ရှောင်ရှောင်အတွက်မူ ထိုမြင်ကွင်းများက အားကျစရာ ကောင်းလှသည်။
ထန်ရှို့ရှို့က သူမကို ကမ်းပေါ်မှ လှမ်းခေါ်နေသဖြင့် ယဲ့ရှောင်ရှောင်လည်း စွတ်ဖားကိုဆွဲရင်း ပြန်လာခဲ့ရသည်။
စွတ်ဖားအတွက် ငွေ ၂ ယွမ် အပေါင်ပေးဆောင်ထားရသဖြင့် ပျောက်ဆုံးသွားလို့မဖြစ်ပါ။ ကမ်းစပ်သို့ ရောက်ရှိသွားချိန်တွင် ယဲ့ရှောင်ရှောင် အအေးဒဏ်ကို မခံစားရတော့ချေ။
“နင်ဆိုဒါသောက်ဦးမလား”
ထန်ရှို့ရှို့က လက်ထဲတွင် ပုလင်းတစ်လုံးကို ကိုင်ရင်း မေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“မသောက်တော့ပါဘူး၊ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အအေးတွေသောက်နေတာလား၊ သတိထားဦးနော် ဗိုက်တွေနာနေပါဦးမယ်”
ထန်ရှို့ရှို့: “အဲ့လောက်ကြီးလည်း မဆိုးပါဘူးဟယ်၊ ရာသီဥတုကလည်း အဲ့လောက် မအေးပါဘူး၊ ရေနွေးသောက်ချင်ရင်တော့ အပြင်ဘက်က စားသောက်ဆိုင်ကို သွားမှရမယ်”
ယဲ့ရှောင်ရှောင်: “ငါရေမဆာသေးဘူး၊ တခြားသူတွေ ဘယ်ရောက်ကုန်ပြီလဲ”
ရှားလီနှင့် လီမိန့်ရူတို့က ရေခဲပြင်ပေါ်တွင် ရှိနေကြဆဲဖြစ်ကာ ဝမ်ကျောင်းနှင့် ဟယ်ကျင်းတို့ကမူ သူတို့၏ ကောင်လေးများနှင့် မည်သည့်နေရာကို ထွက်သွားမှန်း မသိပါ။
စုံတွဲများက အဖွဲ့မှ သီးသန့်ခွဲထွက်၍ လှုပ်ရှားသွားလာလိုကြသည်ကို အားလုံး အပြည့်အဝ နားလည်ပေးထားကြပါသည်။
ယဲ့ရှောင်ရှောင်သည် စွတ်ဖားကို ထန်ရှို့ရှို့လက်ထဲသို့ အတင်းထိုးထည့်ပေးရင်း ပြောလိုက်သည်။
“နင်လည်း သွားကစားဦးလေ”
ထန်ရှို့ရှို့: “ငါအဲ့လောက် မပျော်ပါးတတ်လို့ပါ”
ယဲ့ရှောင်ရှောင်က အတင်းတိုက်တွန်းပါသည်။
“သွားစမ်းပါ! ဒီအထိတောင် ရောက်လာပြီပဲဥစ္စာ၊ အလကား မပြန်ရစေနဲ့”
ထန်ရှို့ရှို့လည်း သူမ၏ ဆိုဒါပုလင်းကို ထိုင်ခုံတစ်လုံးပေါ်တွင် ထားခဲ့ရင်း စွတ်ဖားစီးကာ ရေခဲပြင်ပေါ် ဆင်းသွားတော့သည်။
ယဲ့ရှောင်ရှောင်မှာ ထိုင်ခုံပေါ်တွင် ဆိုဒါနှစ်ပုလင်းနှင့်အတူ သူငယ်ချင်းများကို ထိုင်စောင့်နေခဲ့ပါသည်။
ယနေ့ နေသာသဖြင့် ထိုင်ခုံပေါ်တွင်ထိုင်ရင်း နေပူစာလှုံရသည်မှာ အရသာရှိလှသည်။ ယဲ့ရှောင်ရှောင် မျက်လုံးများကို မှိတ်ကာ ဇိမ်ခံနေခဲ့ပါသည်။
သို့သော် သူမဘေးတွင် တစ်စုံတစ်ယောက်လာထိုင်သည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမ မသိ ကျွမ်းသည့် ထူးထူးဆန်းဆန်း ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
ယဲ့ရှောင်ရှောင်လည်း အရေးသိပ်မစိုက်ဘဲ မျက်လုံး ပြန်မှိတ်ထားလိုက်ပါသည်။
“အဲ… သူငယ်ချင်း… နင်လည်း ဒီနားက တက္ကသိုလ်ကျောင်း သူပဲလား”
ယဲ့ရှောင်ရှောင်၏အမူအရာကို မြင်ပြီး ကောင်လေးက ဦးစွာ စကားစလိုက်ပါသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်လည်း အိပ်ချင်ယောင်ဆောင်နေ၍ မရတော့ပေ။
“ဟုတ်တယ်”
သူမ စကားပြန်ပြောသည်ကိုမြင်ပြီး ကောင်လေး၏ မျက်လုံး များ အရောင်လက်သွားသည်။
“ငါက ပေကျင်းပုံမှန်တက္ကသိုလ်ကပါ၊ နင်ကော ဘယ်တက္ကသိုလ်ကလဲဆိုတာ သိခွင့်ရှိမလား”
ယဲ့ရှောင်ရှောင်: “ကျင့်ဟွာတက္ကသိုလ်”
ယဲ့ရှောင်ရှောင်၏အေးတိအေးစက်နိုင်မှုကို ထိုကောင်လေး သတိထားမိသော်လည်း မြင်မြင်ချင်း ချစ်မိသွားသကဲ့သို့ ရင်ခုန်သံများ မြန်ဆန်နေသဖြင့် နောက်မဆုတ်နိုင်ခဲ့ပါ။
ထို့ကြောင့် အရေးအကြီးဆုံးမေးခွန်းကို မေးမြန်းဖို့ ကြံလိုက်ပါသည်။
“နင့်မှာ ကောင်လေးရှိလားဆိုတာ သိခွင့်ရှိမလား”
ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြန်ဖြေလိုက်သည်။
“ငါ့မှာ ကောင်လေးရှိပြီးသားပါ”
ထိုကောင်လေးမှာ အနည်းငယ် တွန့်ဆုတ်သွားပုံရသည်။
“အဲ့တာဆို နင့်ကောင်လေးက နင်နဲ့အတူ လိုက်မလာဘူးလား”
ယဲ့ရှောင်ရှောင် လေးလေးနက်နက် သတိပေးလိုက်သည်။
“ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိတောင်မသိကြဘူးနော်၊ နင် နည်းနည်းစည်းကျော်နေတယ်လို့ မထင်ဘူးလား”
ကောင်လေးမှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားခဲ့သည်။
“စိတ်မရှိပါနဲ့၊ ငါ… ငါနည်းနည်း စိတ်မရှည်ဖြစ်သွားလို့ပါ၊ တောင်းပန်ပါတယ်”
ကောင်လေးမှာ စိတ်လည်းပျက် ရှက်လည်းရှက်သွားပြီး မတ်တပ်ရပ်ကာ တောင်းပန်လျက် ထွက်ပြေးသွားလေတော့ သည်။
ထိုစဉ် ရှားလီနှင့် လီမိန့်ရူတို့ ပြန်ရောက်လာကြသည်။
“ဘာဖြစ်တာလဲ နင့်ကို ရည်းစားစကား လာပြောတာလား”
ယဲ့ရှောင်ရှောင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ဒီတိုင်း လမ်းလာမေးတာပါ”
ရှားလီက ကျီစယ်သည်။
“အဲ့တာဆို လမ်းမေးတာကို အကြောင်းပြပြီး နင့်ကိုလာကြောင်တာပဲ ဖြစ်မယ်”
“လျှောက်မတွေးစမ်းပါနဲ့၊ ဒီမှာ ဆိုဒါရှိတယ်၊ သောက်ဦးမလား”
ယဲ့ရှောင်ရှောင်က ဆိုဒါကို အသုံးပြုလျက် ရှားလီ၏ ပါးစပ်ကို ပိတ်လိုက်သည်။ ရှားလီလည်း ချက်ချင်းပင် အာရုံလွဲသွားတော့သည်။
“နည်းနည်းတောင် အေးလာသလိုပဲနော်၊ ပြန်ကြမလား”
ရှားလီ ဆိုဒါသောက်လျက် ပြောလိုက်သည်။ သူမ အသည်း ခိုက်အောင် ချမ်းအေးနေပါပြီ။
ယဲ့ရှောင်ရှောင်က ထန်ရှို့ရှို့ကို သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။
“တခြားသူတွေကို အရင်သွားခေါ်ကြမယ်လေ”
ယဲ့ရှောင်ရှောင်သည် ကမ်းစပ်နားသို့ လျှောက်သွားပြီး ထန်ရှို့ရှို့အား လှမ်းခေါ်တော့မည့်ဆဲဆဲအချိန်တွင် ရေခဲပြင်ပေါ်မှ အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“လုပ်ကြပါဦး! ကျွန်မ ပိုက်ဆံခိုးသွားလို့! သူခိုးကို တားကြပါဦး!”
စွတ်ဖားစီးနေသည့် ထန်ရှို့ရှို့တစ်ယောက် ရေခဲပြင်ပေါ်သို့ ခုန်ဆင်းကာ သူခိုးနောက်လိုက်ဖို့ ပြင်နေသည်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။
“ဟဲ့ ဟဲ့ ဟဲ့! အန္တရာယ်များတယ် မပြေးနဲ့!”
ယဲ့ရှောင်ရှောင် သံကုန်ဟစ်ကာ အော်သတိပေးလိုက်သော်လည်း ထန်ရှို့ရှို့ကို မတားနိုင်ခဲ့ပါ။
သူခိုးသည် ရေခဲပြင်ပေါ်မှ ကမ်းပေါ်သို့ ပြေးတက်သွားပြီး လူရှင်းသည့်အရပ်သို့ ထွက်ပြေးသွားခဲ့သည်။ ထန်ရှို့ရှို့ကလည်း အလျှော့မပေးဘဲ အနောက်မှ ပြေးလိုက်သွားခဲ့ပါသည်။
ပထမတော့ လမ်းသွားလမ်းလာများက သူခိုးကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးပေးရန် ကြိုးစားခဲ့ကြသော်လည်း ထိုသူခိုးသည် ငွေအမြောက်အများကို ခိုးယူထားပုံရပြီး အလွန်လျင်မြန်စွာ ထွက်ပြေးနေသည်။
နောက်ဆုံးတွင် သူခိုးနောက် လိုက်နေသူဟူ၍ ထန်ရှို့ရှို့တစ် ယောက်တည်းသာ ရှိတော့သည်။ ထိုစဉ် သူခိုးက အင်္ကျီထဲမှ ဓားတစ်လက်ကို ရုတ်တရက် ထုတ်လိုက်လေသည်။
ယဲ့ရှောင်ရှောင်၊ ရှားလီနှင့် လီမိန့်ရူတို့ သုံးဦး စွတ်ဖားများကို ဆိုင်သို့ ပြန်သွားအပ်ခဲ့ကြပါသည်။
ထို့နောက် ထန်ရှို့ရှို့ ပြေးထွက်သွားသည့်နေရာတွင် ရပ်ကာ သူမ ပြန်လာမည့်အချိန်ကို စောင့်နေခဲ့သည်။
အချိန်အတော်ကြာသွားပြီးနောက် ထန်ရှို့ရှို့ ပြန်ရောက်လာခဲ့ပါသည်။ သို့သော် တစ်ယောက်တည်းမဟုတ်ဘဲ ဘေးနားတွင် မျက်မှန်တပ်ထားသည့် ကောင်လေးတစ်ယောက်လည်း ပါသေးသည်။
သို့သော် မျက်မှန်တစ်ဖက်က မှန်ကျွတ်နေပုံရပြီး လမ်း လျှောက်နေပုံကလည်း အနည်းငယ် ထူးဆန်းနေပါသည်။
“ရှို့ရှို့၊ နင်အဆင်ပြေရဲ့လား”
ယဲ့ရှောင်ရှောင် သုတ်သုတ်ပျာပျာ သွားမေးလိုက်သည်။
ထန်ရှို့ရှို့က ခေါင်းညိတ်လိုက်ပါသည်။
“ငါဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် သူခိုးကိုတော့ မဖမ်းနိုင်ခဲ့ဘူး၊ ဒီက သူငယ်ချင်းကူညီပေးခဲ့လို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါအသက်အန္တရာယ်ပါ ရှိသွားနိုင်တယ်”
ထိုကောင်လေးက ယဲ့ရှောင်ရှောင်တို့ကို ပြုံးပြကာ မိတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ငါ့နာမည် ကောက်လင်းပါ၊ ဘာသာဗေဒနဲ့ယဉ်ကျေးမှုတက္ကသိုလ်ကပါ”
ယဲ့ရှောင်ရှောင်လည်း ပြန်နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်”
ထန်ရှို့ရှို့ ကောက်လင်းအား လှည့်မေးလိုက်ပါသည်။
“ခုနက တကယ်အဆင်ပြေရဲ့လား၊ ဆေးရုံသွားဖို့ လိုသေးလား”
သူခိုးက သူမကို ဓားဖြင့် ထိုးဖို့ ကြံစည်ခဲ့ပါသည်။ ကောက်လင်းသာ သူခိုးကို ဘေးမှ ဝင်တိုက်မပေးခဲ့လျှင် သူမ အသက်အန္တရာယ် အမှန်တကယ် စိုးရိမ်ရနိုင်သည်။
ကောက်လင်း: “တကယ်ဘာမှမဖြစ်ပါဘူး၊ မျက်မှန်အသစ်တစ်လက် သွားလုပ်ဖို့ပဲလိုတာ”
ထန်ရှို့ရှို့: “နင့်မျက်မှန်က ပါဝါများလား၊ ငါလိုက်ပို့ပေးမယ်လေ”
ကောက်လင်း ကျီစယ်စွာ ပြောလိုက်သည်။
“လမ်းကိုတော့ မြင်ရပါသေးတယ်”
ထန်ရှို့ရှို့: “ဒါပေမယ့် ငါ့ကို ကယ်ပေးခဲ့လို့ နင့်မျက်မှန်ပျက် စီးသွားတာလေ၊ အသစ်တစ်လက်လုပ်ဖို့ ငါလျော်ပေးရမှာပေါ့”
“တကယ် အဲ့လောက် အရေးမကြီးပါဘူး၊ ငါ့ဖာသာ ငါ သွားလို့ရတယ်”
သူတို့နှစ်ဦး၏အပြန်အလှန် ပြောဆိုပုံများကို ကြည့်ရင်း ယဲ့ရှောင်ရှောင်သည် ကျန်းခိုင်နင်အတွက် စိတ်ထဲမှ သုံးစက္ကန့်လောက် သက်ပြင်းချလိုက်မိပါသည်။
‘နင့်ထိုက်နဲ့ နင့်ကံပဲလေ… စောစောမှ မလာခဲ့တာ’
သူမတို့ မတ်တပ်ရပ်နေသည့်နေရာသည် ပန်းခြံထဲသို့ ဝင်သည့် အဓိကလမ်းမကြီး ဖြစ်နေသည်။ မကြာသေးမီက သူခိုးထွက်ပြေးသွားသည်ကို နစ်နာသူအပါအဝင် လူအမြောက်အများ မြင်ခဲ့ကြရပါသည်။
“သမီး၊ ခုနက သူခိုးကို ဖမ်းမိလိုက်လား၊ အဒေါ့်ဆီက ၇ ယွမ် ခိုးသွားလို့ပါ”
သူမရှေ့တွင် လာရောက်မေးမြန်းနေသည့် အဒေါ်ကြီးကို ကြည့်ရင်း ထန်ရှို့ရှို့ အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။
“လမ်းတစ်ဝက်လောက်အထိ လိုက်ဖမ်းခဲ့ပေမယ့် သူလွတ်သွားတယ်”
ထိုအခါ အဒေါ်ကြီးက ပိုပိုကဲကဲ အော်ဟစ်လိုက်လေသည်။
“သွားပါပြီ! ဘာလို့ သူ့ကို သေချာမဖမ်းကြတာလဲ၊ အလကား သက်သက် ဒုက္ခရှာတာပဲ”
အဒေါ်ကြီး၏စကားကြောင့် ထန်ရှို့ရှို့ အလွန်နေရခက်သွားပါသည်။ သူမက စေတနာဖြင့် ကူညီပေးခဲ့သော်လည်း ဤကဲ့သို့ ကျေးဇူးကန်းသည့် စကားမျိုးကိုကြားရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါ။
ယဲ့ရှောင်ရှောင်လည်း ထိုအဒေါ်ကြီး၏ အရှက်မဲ့လှသော စကားကြောင့် အံ့အားသင့်သွားခဲ့ရသည်။
“အဒေါ်ကြီး၊ ခုနတုန်းက ရှင့်ဖာသာ ရှင် လိုက်မဖမ်းဘဲ အခုမှ သူများတွေကို ဘာလို့အပြစ်လာတင်နေတာလဲ”
အဒေါ်ကြီးမှာ အရှက်အနည်းငယ်ပင် ရှိပုံမပေါ်ပါ။
“ငါက အသက်ကြီးနေပြီလေ၊ နင်တို့လို ကျန်းမာသန်စွမ်းနေတဲ့ လူငယ်တွေနဲ့ တူမလား၊ လူကြီးသူမကို ကူညီပေးရမှာ လူငယ်တွေရဲ့ တာဝန်ပဲ မဟုတ်ဘူလား၊ ရဲဘော်လဲ့ဖုန်းကို အတုယူသင့်တယ်လို့ ခေါင်းဆောင်ကြီးတွေကတောင် မိန့်ကြားထားတယ်လေ မကြားဖူးဘူးလား”
ထန်ရှို့ရှို့က ကောက်လင်း၏မျက်မှန်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“အဲ့တာဆို အဒေါ်ကြီးကိုယ်တိုင်ကကော အဲ့ဒီလဲ့ဖုန်းကို ဘာလို့ အတုမယူတာလဲ၊ ရှင့်အတွက် သူခိုးလိုက်ဖမ်းပေးရလို့ ကျွန်မ သူငယ်ချင်းရဲ့ မျက်မှန်ပျက်စီးသွားပြီ၊ အဲ့တာ သူ့ကို အသစ်တစ်လက် ပြန်ဝယ်ပေးမလား”