← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

📗 Chapter 130

အဒေါ်ကြီး၏ မျက်နှာပေးမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။

ထန်ရှို့ရှို့၏ ထက်မြက်သော ချေပစကားကို ကြားလိုက်ရပြီးနောက် အဒေါ်ကြီးမှာ မကျေမနပ် ညည်းတွားသံများကို ရပ်တန့်လိုက်ပါသည်။

ထို့အစား အရပ်မျက်နှာပေါင်းစုံသို့ ကြည့်ကာ သံကုန်အော်ဟစ်လေတော့သည်။

“သူခိုးကို ဖမ်းပေးကြဦးလေ! ငါနဲ့အတူ ရဲစခန်းကို ဘယ်သူ လိုက်ပေးမလဲ!”

အဒေါ်ကြီးမှာ အော်ဟစ်ရင်းနှင့်ပင် အဝေးသို့ ခပ်မြန်မြန် လစ်ပြေးသွားတော့သည်။

ရှားလီ: “အဲ့ဒီအဒေါ်ကြီးက စွန်းဝူခုံးလို အသွင်ပြောင်းတတ်တဲ့လူတော့ မဟုတ်ပါဘူးနော်”

ထန်ရှို့ရှို့: “ထားလိုက်စမ်းပါ၊ ငါတို့က ဘာမှမမျှော်လင့်ဘဲ ကူညီပေးခဲ့တာပဲဥစ္စာ၊ မေ့ထားလိုက်တော့”

လီမိန့်ရူက အကြံပြုသည်။

“နင်တို့ ဒီနားက စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစောင့်နှင့်ကြလေ၊ ဟယ်ကျင်းနဲ့ ဝမ်ကျောင်းတို့ကို ငါသွားရှာလိုက်မယ်”

ထန်ရှို့ရှို့ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ၊ သူတို့ ဆက်နေချင်ကြသေးတယ်ဆိုရင် ငါတို့အရင် ပြန်နှင့်တော့မယ်လို့”

ထို့နောက် ကောက်လင်းကို ထန်ရှို့ရှို့ မေးလိုက်သည်။

“အနည်းဆုံးတော့ နင့်ကိုတစ်ခုခု လိုက်ကျွေးလို့ရမယ်မလား”

ယခုတစ်ခါတွင်တော့ ကောက်လင်း မငြင်းဆန်ခဲ့ဘဲ အပြုံးဖြင့် သဘောတူလိုက်ပါသည်။

ထို့ကြောင့် သူတို့ လေးဦး ရှုခင်းကောင်းသည့် စားသောက်ဆိုင်တစ်ဆိုင်သို့ သွားကာ အတူတူ ထိုင်လိုက်ကြသည်။

ဆိုင်ထဲတွင် အပြင်ကထက် များစွာ ပိုနွေးထွေးပါသည်။ အခန်းအလယ်တည့်တည့်တွင် ကျောက်မီးသွေးမီးဖို တစ်လုံးသာ ရှိသော်လည်း မီးတောက်များက အားကောင်းလှသည်။

ဤစားသောက်ဆိုင်ကို ဖွင့်လှစ်ထားသည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်၍ စားသောက်ဆိုင်ပိုင်ရှင်သည် နိုင်ငံတော်အတွင်းရှိ အစောဆုံး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ စီးပွားရေးမှာလည်း အလွန်ပင် ကောင်းမွန်လျက် ရှိပါသည်။

ထန်ရှို့ရှို့သည် အထူးဟင်းလျာအနည်းငယ်ကို မှာယူပြီးနောက် မီနူးကို အခြားသူများထံသို့ ကမ်းပေးလိုက်သည်။

“ဒီနေ့ ငါကျွေးမှာမို့လို့ အားမနာတမ်း မှာကြနော်”

ယဲ့ရှောင်ရှောင်က ထန်ရှို့ရှို့ ရွေးချယ်ထားသည့် အရာများကို ကြည့်ကာ ပြောလိုက်သည်။

“နင်မှာထားတာနဲ့တင် တော်တော်များနေပြီ၊ ကျန်တဲ့သူ‌တွေ လာဦးမှာလား အရင်စောင့်ကြည့်ပြီးမှ ထပ်မှာကြတာပေါ့”

“အဲ့လိုလည်း ဖြစ်ပါတယ်”

ထန်ရှို့ရှို့ သဘောတူလိုက်ပြီး မှာထားသည့် ဟင်းပွဲများကို စတင်ပြင်ဆင်ပေးဖို့ စားသောက်ဆိုင်ပိုင်ရှင်အား ပြောလိုက်ပါသည်။

ခဏကြာသောအခါ ဝမ်ကျောင်းနှင့် ဟယ်ကျင်းတို့ ဝင်လာခဲ့ကြသည်။

ဆိုင်ထဲသို့ ရောက်သည်နှင့် ဝမ်ကျောင်းက မေးမြန်းလိုက်ပါသည်။

“နင်တို့တွေ သူရဲကောင်းဝင်လုပ်ခဲ့ကြသေးတယ်ဆို”

ထန်ရှို့ရှို့က သက်ပြင်းချသည်။

“အဲ့အကြောင်း မပြောရင် အကောင်းဆုံးပဲ၊ သူခိုးမမိတဲ့အပြင် ထိခိုက်ဒဏ်ရာပါ ရသွားတော့မလို့”

အခြားသူများက မသိသေးသဖြင့် ထန်ရှို့ရှို့သည် ဖြစ်ကြောင်းကုန်စင်ကို ပြန်ရှင်းပြလိုက်ပြီး ကောက်လင်းကို ဟယ်ကျင်းတို့နှင့် မိတ်ဆက်ပေးခဲ့ပါသည်။

ကောက်လင်း ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကုတ်လျက် ပြောလိုက်သည်။

“တခြားသူတွေဆိုလည်း ဝင်ကူညီပေးမှာသေချာပါတယ်၊ သူခိုးကို ဖမ်းမမိလိုက်တာ နာတာပဲ”

ထန်ရှို့ရှို့က ငြင်းဆန်သည်။

“အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ၊ နင့်နေရာမှာ ဟိုအဒေါ်ကြီးသာဆိုရင် ဘယ်သူ့ကိုမှ ဝင်ကယ်ပေးမှာ မဟုတ်ဘူး”

ထန်ရှို့ရှို့သည် ကောက်လင်းကို အလွန်အထင်ကြီးလေးစားနေမှန်း အားလုံးမြင်နိုင်ပါသည်။

စားသောက်ပြီးကြသောအခါ မျက်မှန်အသစ် သွားလုပ်ဖို့အတွက် ကောက်လင်းနှင့်အတူ ထန်ရှို့ရှို့ လိုက်သွားခဲ့သည်။

မွန်းလွဲပိုင်းတွင် အချိန်ကျန်ရှိနေသေးသဖြင့် ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်တို့ ဆက်ပျော်ပါးဖို့ ထွက်သွားကြသည်။ ဟယ်ကျင်းသည်လည်း လျို့ရှောက်မင်နှင့် သွားစရာရှိနေပုံရသည်။

ယဲ့ရှောင်ရှောင် ရှားလီကို စက်ဘီးသော့ပေးလိုက်သည်။

“ငါ့စက်ဘီးယူပြီး လီမိန့်ရူနဲ့အတူ ပြန်နှင့်လိုက်၊ ငါနေ့လယ်ခင်း သွားစရာရှိသေးလို့ ဘတ်စ်ကားပဲ စီးသွားတော့မယ်”

ရှားလီ တွန့်ဆုတ်သွားသည်။

“တကယ်လား၊ ဒီစက်ဘီးကို နင်ဝယ်ထားတာ မကြာသေးဘူးမလား၊ ငါစီးနေတုန်း တစ်ခုခုထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”

“ရပါတယ်၊ စီးမှာသာ စီးစမ်းပါ”

ရှားလီ: “နင်ဘယ်သွားမလို့လဲ”

ယဲ့ရှောင်ရှောင်: “တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင် သွားစရာရှိလို့”

ရမ်သဲ့ထန်ဆေးဆိုင်သို့ ယဲ့ရှောင်ရှောင် သွာားရပါဦးမည်။

တရုတ်တိုင်းရင်းဆေးဆိုင်ဟူသည်ကို ကြားလိုက်ရသည်နှင့် ရှားလီ စိတ်မဝင်စားတော့ဘဲ ယဲ့ရှောင်ရှောင်ကို နှုတ်ဆက်ကာ စက်ဘီးပေါ်တက်လိုက်ပြီး လီမိန့်ရူနှင့်အတူ ပြန်သွားလေတော့သည်။

စုန့်ကွမ်းကျင့်၏ဓာတ်ခွဲခန်းသည် ရမ်သဲ့ထန်နှင့် သိပ်မဝေးလှပါ။ ထို့ကြောင့် ယဲ့ရှောင်ရှောင်က ရမ်သဲ့ထန်သို့ အရင်သွားကာ မန်နေဂျာမာနှင့် စကားအနည်းငယ် ပြောခဲ့သည်။

အသားဖြူလိမ်းဆေးခရင်မ်သည် ဝယ်လိုအားကို ရောင်းလိုအားက လိုက်မမီသည့် အဆင့်ကို ရောက်ရှိနေပါပြီ။ ကိုယ် စားလှယ်အများစုမှာလည်း ဈေးကို တိတ်တဆိတ်တိုးမြှင့်နေကြသည်။

“ပြီးတော့ ဒါကို တစ်ချက်လောက်ကြည့်လိုက်ပါဦး ယဲ့ရှောင်ရှောင်”

မာကွမ်းယောင် အဖြူရောင်ကြွေပုလင်းလေးတစ်လုံးကို ယဲ့ရှောင်ရှောင်အား ပြသလိုက်သည်။

ရုတ်တရက် အပြင်ပန်း ကြည့်လိုက်လျှင် သူမတို့၏ အသားဖြူလိမ်းဆေးခရင်မ်နှင့် တစ်ထေရာတည်းနီးပါး တူညီနေသော်လည်း အဖုံးဖွင့်လိုက်သည်နှင့် ရနံ့က လုံးဝ ကွဲပြားနေခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် ပုလင်း၏အောက်ခြေကို စစ်ဆေးကြည့်လိုက်ရာ ရမ်သဲ့ထန်၏တံဆိပ်မပါသည်ကို တွေ့လိုက်ရသည်။

“ဒါ အတုကြီးလား”

မာကွမ်းယောင် ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ၊ တစ်ယောက်ယောက်က ငါတို့အသားဖြူခရင်မ်တွေကို တုပနေတယ်”

ယဲ့ရှောင်‌ရှောင် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။

“သေချာစစ်ကြည့်မယ်ဆိုရင် ကျွန်မတို့ အသားဖြူခရင်မ်က ဒီအတုနဲ့ လုံးဝ မတူတာကို သိနိုင်ပါတယ်၊ ဒီအတုရဲ့ အရောင်က ဝါကျင့်ကျင့်နဲ့ အနံ့ကလည်း နည်းနည်းစူးတယ်”

“တချို့က ကျွန်မတို့ထုတ်ကုန်နဲ့ ရင်းနှီးမှုမရှိလို့ အတုကို ဝယ်မိကြတာ၊ ကျွန်မတို့ရဲ့ တရားဝင် အရောင်းကောင်တာတွေကနေတဆင့် ဝယ်သူတွေကို အတုနဲ့အစစ် ခွဲခြားနည်း လမ်းညွှန်ပေးလို့ရတယ်၊ ပြီးတော့ ကျွန်မတို့ ကုန်ပစ္စည်းအတွက်လည်း ကြော်ငြာတွေ ထုတ်သင့်တယ်”

မာကွမ်းယောင်သည် အသက် ၃၀ ဝန်းကျင်ရှိကာ လူငယ်မဟုတ်တော့သော်လည်း ကြော်ငြာအကြောင်းကိုတော့ ကောင်းကောင်း နားလည်ပါသည်။

သူ့အိမ်တွင် တီဗွီတစ်လုံးရှိပြီး စက်ဘီးကြော်ငြာ၊ အပ်ချုပ် စက်ကြော်ငြာနှင့် ရံဖန်ရံခါ အထည်ကြော်ငြာများကိုပင် တွေ့ရတတ်သေးသည်။

“ငါတို့ အသားဖြူခရင်မ်ကို တီဗွီပေါ်မှာ ကြော်ငြာချင်တာလား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ၊ ပိုစတာတွေ ထုတ်ပြီး ရမ်သဲ့ထန်ရဲ့ဝင်ပေါက်မှာ ကပ်ထားလိုက်လို့လည်းရတယ်၊ ပြီးတော့ အခုချိန်ကစပြီး အသားဖြူခရင်မ်ရဲ့ ဘူးတိုင်းမှာ အသုံးပြုပုံလမ်းညွှန်စာရွက်လိုမျိုး ထုတ်ကုန်မိတ်ဆက် စာရွက်လေးတစ်ရွက်စီပါထည့် သွင်းသင့်တယ်၊ အဲ့တာမှ ဝယ်သူတွေက ရမ်သဲ့ထန်ဆိုတဲ့ အမှတ်တံဆိပ်ကို သတိပြုရကောင်းမှန်း သိကြမှာ”

မာကွမ်းယောင်က ခေါင်းညိတ်သည်။

“အကြံတွေအားလုံး ကောင်းပါတယ်”

ဤကဲ့သို့ အရည်အသွေးနိမ့်သော အတုအပပစ္စည်းများကို ထုတ်လုပ်နေကြသော စက်ရုံအသေးစားလေးများမှာ အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို မကြောက်ရွံ့ကြပေ။

အဆိုးဆုံး အခြေအနေဖြစ်လာလျှင် ပစ္စည်းများကို သိမ်းဆည်းလျက် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ကာ ဆက်လက်ထုတ်လုပ်ကြရုံသာ ရှိမည်။

ထို့ကြောင့် ဈေးကွက်ထဲမှ ပစ္စည်းအတုအပများကို အပြတ် အသတ် ဖယ်ရှားလိုပါက ဝယ်သူများကို သေသေချာချာ ခွဲခြားနိုင်အောင် ပညာပေးရပါမည်။

မာကွမ်းယောင်က ယဲ့ရှောင်ရှောင်ကို ကြည့်ကာ တစ်စုံတစ်ခု ပြောဖို့ တွန့်ဆုတ်နေပုံရသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“မန်နေဂျာမာ ဘာပြောချင်လို့လဲ”

“အသားဖြူလိမ်းဆေးခရင်မ် ကြော်ငြာရိုက်တဲ့အခါကျရင် နင် သရုပ်ဆောင်ပေးလို့ရမလား”

ယဲ့ရှောင်ရှောင် နားလည်မှုလွဲသွားမည်စိုး၍ မာကွမ်းယောင် အမြန်ဆက်ပြောလိုက်သည်။

“နာမည်ကျော်တွေငှားရင် ပိုက်ဆံကုန်မှာစိုးလို့ မဟုတ်ပါဘူး၊ ဒီထုတ်ကုန်ကို ကြော်ငြာဖို့ နင့်ပုံစံက အရမ်းသင့်တော်တယ်လို့ ခံစားရလို့ပါ၊ နင့်အသားအရေက ဘာအပြစ်အနာအဆာမှ မရှိဘဲ ဖြူစင်ဝင်းပနေတာလေ”

ယဲ့ရှောင်ရှောင်လည်း ထိုသို့ တစ်ခါမှ မစဉ်းစားမိခဲ့ချေ။

သူမကိုယ် သူမ လှပမှန်း သိသော်လည်း ပရော်ဖက်ရှင်နယ် ဆယ်လီများနှင့်တော့ ယှဉ်နိုင်မည် မထင်ပါ။ ထို့ကြောင့် သူမ ရှင်းပြလိုက်သည်။

“ကြော်ငြာတစ်ခုကို ကောင်းကောင်းရိုက်ကူးနိုင်ရုံနဲ့ မပြီးသေးဘူးလေ၊ နာမည်ကျော်တွေရဲ့ လွှမ်းမိုးနိုင်မှုလည်း လိုသေးတယ်၊ ဥပမာ ကုန်တိုက်ကြီးတွေမှာ ရောင်းတဲ့ အဝတ် အစားတွေကိုပဲ ကြည့်လိုက်၊ ရုပ်ရှင်မင်းသမီးတစ်ယောက်က ရုပ်ရှင်ထဲမှာ အဲ့ဒီအဝတ်အစားကို ဝတ်ပြလိုက်တာနဲ့ အဲ့ဒီအင်္ကျီက သေချာပေါက် ရောင်းအားကောင်းသွားတာပဲ မဟုတ်လား၊ အဲ့တာကြောင့် ကျွန်မတို့လည်း ရုပ်ရှင်ဒါရိုက် တာတစ်ယောက်နဲ့ လက်တွဲနိုင်မယ်ဆိုရင် ရုပ်ရှင်တွေထဲမှာ ထည့်ကြော်ငြာနိုင်လောက်တယ်”

ယဲ့ရှောင်ရှောင် ရှင်းပြသည့်အကြောင်းအရာများကို မာကွမ်းယောင် သိပ်နားမလည်ပေ။

“ရုပ်ရှင်ထဲမှာ ကြော်ငြာထည့်လို့ရတယ်လား”

ယဲ့ရှောင်ရှောင်က ဆက်ရှင်းပြသည်။

“သီးသန့်ကြော်ငြာထည့်တာမျိုး မဟုတ်ဘူးလေ၊ ရုပ်ရှင်ထဲမှာ ကျွန်မတို့ရဲ့ထုတ်ကုန်ကို ထည့်သွင်းလိုက်တာ၊ ရုပ်ရှင်ထဲမှာ ပါသွားရင်ကို အဆင်ပြေပြီ”

မာကွမ်းယောင် အနည်းငယ် ဇဝေဇဝါဖြစ်နေသေးသည်ကို မြင်ပြီး ယဲ့ရှောင်ရှောင် ပြောလိုက်ပါသည်။

“အဲ့အတွက်က လောစရာမလိုသေးပါဘူး၊ အခုလောလော ဆယ်တော့ သီးသန့်ကြော်ငြာရိုက်ဖို့ပဲ အရင်ပြင်ကြတာပေါ့၊ အဲ့အတွက်တော့ ကျွန်မ သရုပ်ဆောင်ပေးလို့ ရတယ်”

ချွေတာနိုင်သည့်နေရာတွင် ချွေတာသင့်ပါသည်။ ဤလုပ်ငန်းမှာ သူမ၏ကိုယ်ပိုင် လုပ်ငန်းပင် မဟုတ်ပါလား။

မာကွမ်းယောင်မှာ အလွန်ပျော်ရွှင်သွားပုံရသည်။

“သိပ်ကောင်းတယ်၊ ငါအခုပဲ သွားစီစဉ်လိုက်တော့မယ်”

သူ့ယောက်ဖက ရုပ်သံဌာနတစ်ခုတွင် ကင်မရာမန်းတစ်ဦးဖြစ်သဖြင့် လာရောက်ရိုက်ကူးပေးဖို့ အကူအညီ တောင်းနိုင်ပါသည်။

အတုအပများကို တိုက်ထုတ်ဖို့အတွက် စီစဉ်စရာရှိသည်ကို စီစဉ်ပေးပြီးနောက် ခုတလော ကျန်းခိုင်နင် ဘာတွေအလုပ် များနေကြောင်း ယဲ့ရှောင်ရှောင် မေးမြန်းကြည့်လိုက်သည်။

မာကွမ်းယောင်က ဖြေသည်။

“ငါလည်း အသေးစိတ်တော့ မသိပါဘူး၊ သူတစ်နေကုန် ဓာတ်ခွဲခန်းထဲမှာ အချိန်ကုန်နေတယ်ဆိုတာပဲ သိတယ်၊ ထုတ်ကုန်အသစ်တစ်ခုခုကို သုတေသနလုပ်နေတာ နေမှာပေါ့”

ယဲ့ရှောင်ရှောင်: “ကျွန်မ သူ့ဆီ သွားကြည့်လိုက်ဦးမယ်နော်”

မာကွမ်းယောင်: “ငါ လိုက်ပို့ပေးရဦးမလား”

မာကွမ်းယောင်သည် စုန့်ကွမ်းကျင့် ရည်ရွယ်ထားသည့်အတိုင်းပင် ယဲ့ရှောင်ရှောင်အား ရမ်သဲ့ထန်၏အနာဂတ် စီအီးအိုတစ်ဦးပမာ ဆက်ဆံနေပါသည်။

“ရပါတယ် မန်နေဂျာမာ၊ လုပ်စရာရှိတာပဲ ဆက်လုပ်ပါ”

ဓာတ်ခွဲခန်းနှင့် သိပ်လည်း မကွာဝေးလှသဖြင့် ယဲ့ရှောင်ရှောင် လမ်းလျှောက်သွားနိုင်ပါသည်။

ကျန်းခိုင်နင် သုတေသနပြုလုပ်နေစဉ်အတွင်း အထဲသို့ မဝင်နိုင်သဖြင့် သူဓာတ်ခွဲခန်းထဲမှ ထွက်လာခါမှ ယဲ့ရှောင်ရှောင်ကို မြင်သွားခဲ့ပါသည်။

ကျန်းခိုင်နင်က တုန်လှုပ်စွာ ပြောလိုက်သည်။

“နင်တို့ ပြန်လာတာ မြန်လှချည်လား!”

ယဲ့ရှောင်ရှောင် တွေးလိုက်သည်။

‘ပြန်လာတာ မြန်ရုံတင်မဟုတ်ဘူး၊ ထန်ရှို့ရှို့ဆိုရင် မိန်းမလှလေးကို သူရဲကောင်းက ကယ်တင်ပေးတဲ့ ဇာတ်လမ်းမျိုးပါ ရိုက်ခဲ့ရသေးတယ်…’

သို့သော် ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းသာညိတ်ပြလိုက်ပါသည်။

သူမ အတင်းအဖျင်းပြောဖို့ လာခဲ့ခြင်းမဟုတ်ပါ။ ကျန်းခိုင်နင် အကူအညီလို၊ မလို လာရောက် မေးမြန်းခြင်းဖြစ်သည်။

ကျန်းခိုင်နင်က စိတ်ပျက်သွားသည့် လေသံဖြင့် ပြောလိုက်သည်။

“ဆေးရဲ့အာနိသင်တွေက အခုထိ မတည်ငြိမ်သေးဘူး၊ နင်တစ်ချက်လောက် ဝင်ကြည့်လိုက်ပါလား”

All Chapters