အခန်း ၁၃၂
Vol. 14 Ch. 132
📗 Chapter 132
ယဲ့ရှောင်ရှောင်: “ဒါဆို ကျွန်မတို့ ကြော်ငြာထွက်လာတဲ့အချိန်မှ စောင့်ကြည့်ကြတာပေါ့”
ကြော်ငြာကတော့ ထိရောက်မှုရှိလိမ့်မည်ဟု သူမ ယုံကြည်ပါသည်။
မန်နေဂျာမာက သုန်မှုန်စွာ ပြောလိုက်သည်။
“ငါလည်း ဒီကိစ္စကို သေချာ စောင့်ကြည့်ထားလိုက်မယ်၊ ရှောင်းဝူကိုလည်း ကြော်ငြာကိစ္စ အမြန်ဆုံး စီစဉ်ခိုင်းလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ်”
--- --- ---
နှစ်သစ်ကူးဖို့ နီးကပ်လာသောအခါ ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ထံမှ စာတစ်စောင် ရရှိခဲ့ပါသည်။
ယခင်တစ်ခေါက်က ယူဆောင်သွားသော ဆေးပလာစတာများ ရောင်းကုန်သွားသည်မှာ ကြာပြီဖြစ်ကြောင်း၊ လာမည့် နှစ်သစ်ကူးမတိုင်မီ ပေကျင်းမြို့သို့ နောက်တစ်ကြိမ်လာရောက်ဦးမည်ဖြစ်ကြောင်းနှင့် ပိုင်ချွမ်ရွာသို့ သူမနှင့်အတူတူ ပြန်မည်ဖြစ်ကြောင်း ရေးသားထားပါသည်။
ယဲ့ရှောင်ရှောင်လည်း ဝမ်းသာသွားရသည်။ သူမ အိမ်သို့ တစ်ယောက်တည်း မပြန်ချင်ခဲ့ပါ။
ယဲ့ချန်းနင် ပါမည်ဆိုလျှင် လမ်းတွင် တစ်ဦးကိုတစ်ဦး စောင့်ရှောက်ပေးလို့ ရပါသည်။
ထို့ကြောင့် သူမ၏ အားလပ်ရက် ရက်စွဲများနှင့် လတ်တလော အချိန်ဇယားများကို ယဲ့ချန်းနင်ထံသို့ ကြေးနန်းရိုက်ကာ ပို့ဆောင်ပေးလိုက်သည်။
ထို့အပြင် လုဟန်ချွမ်နှင့်အတူ လုအိမ်တော်သို့ သွားရောက်ဖို့လည်း ယဲ့ရှောင်ရှောင် ချိန်းဆိုထားပါသေးသည်။
တက္ကသိုလ်က သူမတို့ကို ပိတ်ရက်တစ်ရက်ပေးသဖြင့် ယဲ့ရှောင်ရှောင်သည် ကုန်တိုက်သို့သွားကာ လက်ဆောင်အချို့ ဝယ်ယူဖို့ စီစဉ်ထားခဲ့သည်။
သို့သော် လုဟန်ချွမ် အလွန်စောစီးစွာ ရောက်ရှိလာပါသည်။
ကားထဲတွင် ဝင်ထိုင်ရင်း ယဲ့ရှောင်ရှောင် ပြောလိုက်သည်။
“ကုန်တိုက်ကို အရင်သွားကြရအောင်”
လုဟန်ချွမ်က ကန့်ကွက်သည်။
“ဘာမှဝယ်ဖို့ မလိုဘူးနော်”
“ဒါပေမယ့် လက်ဆောင်နည်းနည်းတော့ ဝယ်သွားသင့်တာပေါ့၊ သွားကြရအောင်ပါ”
လုဟန်ချွမ်က ကျီစယ်လိုက်ပါသည်။
“ကိုယ့်အတွက်ကော ပါလား”
ယဲ့ရှောင်ရှောင် စိတ်ပျက်လက်ပျက်နှင့် ချော့ပြောလိုက်ရသည်။
“ပါတယ် ပါတယ်၊ မောင်းစရာရှိတာ မြန်မြန် မောင်းစမ်းပါ”
သူတို့နှစ်ဦး ကုန်တိုက်သို့ အတူတူသွားကြပြီး ယဲ့ရှောင်ရှောင်က လုမိသားစုအတွက် လက်ဆောင်များ ရွေးချယ် ဝယ်ယူခဲ့ပါသည်။
ယခင်တစ်ခေါက်က လုအိမ်တော်သို့ သွားရောက်စဉ်တွင် အဘွားလုသည် သူမကို မုန့်ဖိုးများစွာ ပေးလိုက်သဖြင့် ယဲ့ရှောင်ရှောင် အလွန်အားနာခဲ့ရသည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် လုဟန်ချွမ်က ငွေရှင်ပေးမည်ဟု ကမ်းလှမ်းသည့်အခါတိုင်း ယဲ့ရှောင်ရှောင် ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့ပါသည်။
လုဟန်ချွမ်သည် သူမနောက်မှ တကောက်ကောက် လိုက်ပါလာခဲ့ပြီး ဈေးဆိုင်တန်းများတွင် သူမ ပစ္စည်းများ သေသေချာချာ ရွေးချယ်နေသည်ကို ပီတိဖြာလျက် စောင့်ကြည့်နေခဲ့ပါသည်။
မိသားစုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် လက်ဆောင်များက တန်ဖိုးကြီးမားစရာ မလိုအပ်သော်လည်း စေတနာတော့ ပါဝင်ဖို့ လိုအပ်ပေသည်။
ယဲ့ရှောင်ရှောင်သည် အဘိုးလုနှင့် အဘွားလုတို့အတွက် ကက်ရှ်မီးယား ဆွယ်တာတစ်ထည်စီ ရွေးချယ်ခဲ့ပြီး လုဟန်ချွမ်၏ မိဘများအတွက်မူ ကက်ရှ်မီးယား လည်စည်းပဝါတစ်ထည်စီ ရွေးချယ်လိုက်ပါသည်။
ထို့နောက် လုဟန်ချွမ်ကို ယဲ့ရှောင်ရှောင် လှည့်မေးလိုက်သည်။
“ရှင့်အတွက်ကော ဝယ်ပေးရဦးမလား”
လုဟန်ချွမ်: “ကိုယ့်မှာ လည်စည်း ရှိပြီးသားလေ”
“ရှင့်ကို ဘာလက်ဆောင်ပေးရမလဲ ကျွန်မစဉ်းစားထားတယ်၊ ဒါပေမယ့် နည်းနည်းတော့ စောင့်ရမယ်နော်၊ ဒီနေ့တော့ မရလောက်ဘူး”
လုဟန်ချွမ်သည် လက်ဆောင်များကို သယ်ဆောင်ရင်း စိတ်ရွှင်စွာ ပြောလိုက်သည်။
“ဟုတ်ပါပြီ၊ ကိုယ်စောင့်နေမယ်”
သူတို့နှစ်ဦး စစ်တပ်ဝင်းထဲသို့ ရောက်ရှိလာသောအခါ သိကျွမ်းသူများနှင့် ထပ်မံ တွေ့ဆုံမည်စိုး၍ ယဲ့ရှောင်ရှောင် သတိကပ်ထားခဲ့ပါသည်။
သူမတွင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိမနေသဖြင့် လုဟန်ချွမ်ကိုသာ အားကိုးရလိမ့်မည်။
“အသိမိတ်ဆွေတစ်ယောက်ယောက်နဲ့ တွေ့ရင် ကျွန်မကို မိတ်ဆက်ပေးဦးနော်”
လုဟန်ချွမ်ကလည်း အလိုက်တသင့်ပင် သဘောတူလိုက်သည်။
“မပူပါနဲ့၊ ဒီနေ့ပြီးတာနဲ့ မင်းက ကိုယ့်ကောင်မလေးဆိုတာ စစ်တပ်ဝင်းထဲကလူတိုင်း သိသွားစေရမယ်”
ယဲ့ရှောင်ရှောင်: “ကျွန်မဆိုလိုတာ အဲ့လို မဟုတ်ဘူး…”
လုဟန်ချွမ်က သူမပခုံးကို ဖက်ကာ ပြောလိုက်သည်။
“အဲ့လိုဖြစ်လို့ကော မရဘူးလား”
ယဲ့ရှောင်ရှောင်မှာ မျက်နှာကို လက်ဖြင့်သာ အုပ်ထားလိုက်တော့သည်။
လုဟန်ချွမ် မျက်ခုံးပင့်လျက် မေးလိုက်သည်။
“အဲ့လောက်ရှက်စရာကောင်းလို့လား”
ယဲ့ရှောင်ရှောင် တီးတိုးရေရွတ်လိုက်ပါသည်။
“မဟုတ်ပါဘူး… ကျွန်မမှာ ကိုယ့်ပြဿနာနဲ့ကိုယ်ရှိတယ်”
လုမိသားစုနှင့် ဟောက်မိသားစုတို့သည် စစ်တပ်ဝင်းတစ်ခုတည်းတွင် နေထိုင်ကြခြင်းဖြစ်သော်လည်း အရှေ့နှင့် အနောက် အစွန်းတစ်ဖက်စီတွင် ရှိနေကြသဖြင့် အလွန်ဝေးကွာလှပါသည်။
ထို့ကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး သက်ဆိုင်ခြင်း မရှိကြသလို လမ်းသွားရင်းနှင့်ပင် တွေ့ဆုံဖို့ ခဲယဉ်းလှသည်။
လမ်းတွင် ဆုံတွေ့ခဲ့သည့် လူအားလုံးက လုဟန်ချွမ်ကိုသာ နှုတ်ဆက်သွားကြသည်။
“ရှောင်းလု၊ အဲ့တာ မင်းကောင်မလေးလားကွ”
လုဟန်ချွမ်ကလည်း ယနေ့တွင် ထူးထူးခြားခြား စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခဲ့သည်။
“ဟုတ်တယ်၊ ဒီနေ့ ကျွန်တော့်မိဘတွေ အိမ်မှာရှိနေကြလို့ သူနဲ့ တွေ့ပေးမလို့လေ”
ထိုမေးခွန်းလာမေးကြသူများမှာ ယဲ့ရှောင်ရှောင်ကို မသိကြသူများသာဖြစ်သည်။
လမ်းတစ်ဝက်လောက်အထိ ယဲ့ရှောင်ရှောင် ဘေးကင်းခဲ့သော်လည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က သူမကို ဇဝေဇဝါဖြစ်စွာ လှမ်းကြည့်လိုက်ပါသည်။
“ရှောင်ရှောင်လား”
သခင်မလီသည် အိမ်တွင် ထမင်းစားသောက်ပြီးနောက် သူမ၏ မိခင်အိမ်ဘက်သို့ သွားရောက်လည်ပတ်ရန် ပြင်ဆင်နေစဉ်အတွင်း လမ်းလျှောက်လာကြသော လူငယ်စုံတွဲနှင့် တည့်တည့် တိုးသွားခဲ့ပါသည်။
ထိုကောင်မလေးမှာ ဟောက်မိသားစုမှ ကောင်မလေးနှင့် အလွန်ပင် ရုပ်ချင်းဆင်တူလှသည်။ ထို့အပြင် ကောင်လေးကလည်း…
လုဟန်ချွမ်က ခေါင်းငုံ့လျက် ယဲ့ရှောင်ရှောင်အား တီးတိုးပြောလိုက်သည်။
“အဲ့တာ လီဖုန်းရန်ရဲ့ မိန်းမ၊ မျိုးရိုးနာမည်က လွီတဲ့”
သူမကဲ့သို့ လူမျိုးသည် လုမိသားစုနှင့် အမှန်တကယ် ရင်းနှီးသော ပတ်သတ်မှုမျိုးမရှိဘဲ လုဟန်ချွမ် အမြင်တွင်လည်း ရင်းနှီးနေသော မျက်နှာအဆင့်သာ ရှိပါသည်။
သို့သော် ဤစစ်တပ်ဝင်းအတွင်း၌ မည်သူက မည်သည့်မျိုးရိုးအမည်အောက်တွင် ရှိနေကြောင်းကို လုဟန်ချွမ် သေသေချာချာ မှတ်မိအောင် မှတ်သားထားပါသည်။
ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်လိုက်သည်။ ထိုအမျိုးသမီးမှာ သူမကို ကျိန်းသေပေါက် သိနေသူဖြစ်ပါလိမ့်မည်။
အမျိုးသမီး၏ ဦးဆောင်မှုနောက်ကိုလိုက်ပြီး ယဲ့ရှောင်ရှောင်လည်း ပြန်လည်နှုတ်ဆက်လိုက်သည်။
“ဒေါ်လေးလွီ”
သခင်မလီက ဇဝေဇဝါဖြစ်စွာ မေးမြန်းလိုက်သည်။
“ရှောင်ရှောင်၊ သမီး ဟောက်မိသားစုဆီကို ပြန်မလို့လား”
ယဲ့ရှောင်ရှောင်က ဖော်ဖော်ရွေရွေ ပြုံးပြကာ ရှင်းပြလိုက်သည်။
“ဒေါ်လေးလွီ မသိလောက်သေးဘူးထင်တယ်၊ အရင်တစ်ခေါက်က ကျွန်မဆီကို ဒေါ်လေးဟယ် လာသေးတယ်၊ သူတို့ မိသားစုကို လာမနှောင့်ယှက်ဖို့ သတိပေးခဲ့တာလေ”
သခင်မလီမှာ ချက်ချင်းအနေခက်သွားတော့သည်။
ဟယ်ချောင်းရှန့်က ထိုကဲ့သို့ စကားမျိုးပြောထွက်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။ ယခင်တစ်ခေါက် တွေ့ဆုံစဉ်ကလည်း သူမကို ထိုအကြောင်းမပြောပြခဲ့ပေ။
လုဟန်ချွမ်လည်း ထိုစကားနှင့်ပတ်သတ်ပြီး နားလည်မှု သိပ်မရှိပါ။
သို့သော် ယခင်တစ်ခေါက် ဟောက်မိသားစုထံသိ့ သွားရောက်လည်ပတ်စဉ်က အခြေအနေကို အကဲခတ်ကြည့်ခြင်းအားဖြင့် ထိုမိသားစုနှင့် ယဲ့ရှောင်ရှောင် ခပ်ဝေးဝေးတွင် နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ကောက်ချက်ချနိုင်ပါသည်။
ထို့အပြင် ဟောက်မိသားစုနှင့် ရှောင်ရှောင် အဆက်အသွယ်ဖြတ်တောက်လိုက်မည်ဆိုလျှင် စစ်တပ်ဝင်းအတွင်း၌ သူမ အားကိုးနိုင်သည့်လူဟူ၍ သူတစ်ယောက်တည်းသာ ရှိတော့မည် မဟုတ်ပါလား။
နှုတ်ဆက်စကားအနည်းငယ် ဆိုပြီးနောက် သခင်မလီ ခပ်သုတ်သုတ် ထွက်သွားပါသည်။
ထွက်ခွာလာပြီးမှ ယဲ့ရှောင်ရှောင်ဘေးရှိ ကောင်လေးကိုလည်း ရင်းနှီးနေသလို သခင်မလီ ခံစားခဲ့ရသည်။
‘သူလည်း ဒီဝင်းထဲက ကလေးဖြစ်မယ်…’
သခင်မလီနှင့် ခပ်လှမ်းလှမ်းသို့ရောက်ခါမှ လုဟန်ချွမ်က မေးမြန်းလိုက်ပါသည်။
“သူက မင်းကိုမှတ်မိပေမယ့် မင်းက သူ့ကို သိပ်မမှတ်မိသလိုပဲနော်”
ယဲ့ရှောင်ရှောင် ဆင်ခြေပေးလိုက်သည်။
“အရင်ကတည်းက အဲ့ဒီအဒေါ်တွေနဲ့ သိပ်မရင်းနှီးဘူးလေ၊ သခင်မဟောက်က တစ်ခါတလေ ကျွန်မကို သူနဲ့အတူ ခေါ်သွားတတ်တာပဲရှိတာ”
လုဟန်ချွမ်လည်း ဆက်မမေးတော့ပေ။ သူ့ကို မည်သို့ကိုင်တွယ်ရမှန်း ယဲ့ရှောင်ရှောင် ကောင်းကောင်းသိပါသည်။
--- --- ---
လုအိမ်တော်တွင်…
ဧည့်ခန်းထဲ၌ မိသားစုဝင်လေးဦး စနစ်တကျထိုင်နေကြသည်။
လုရှင်းကျိုးက မိဘနှစ်ပါးနှင့် ဇနီးဖြစ်သူတို့ကို အနေခက်စွာ ကြည့်ကာ ပြောလိုက်သည်။
“ရှောင်းချွမ်က သူ့ကောင်မလေးကို ခေါ်လာမယ်လို့ ပြောရုံပါ… အဲ့လောက်ကြီးလည်း ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး၊ ငါတို့ ဒီလောက်ထိ တခမ်းတနား ပြင်ဆင်ထားစရာမလိုဘူးမလား”
ယွင်ချန်းရှို့က စိတ်ဖိစီးစွာ မတ်တပ်ရပ်ထလိုက်သည်။
“ကျွန်မ ဝတ်ထားတာ အရမ်းတခမ်းတနား ဖြစ်နေလို့လား၊ ဒါပေမယ့် အဖေနဲ့အမေ ပြောတာတော့ ကောင်မလေးက အရမ်းလှတာတဲ့၊ ကျွန်မဘက်က နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူးလေ”
အဘွားလုက အိမ်စေကို လှမ်းမေးလိုက်ပါသည်။
“ငါစီစဉ်ခိုင်းထားတဲ့ ဟင်းလျာတွေ အသင့်ဖြစ်ပြီလားဟေ့၊ ရှောင်ရှောင်ကြိုက်တဲ့ ဟင်းလျာတွေလေ”
အိမ်စေက အာမခံလိုက်ပါသည်။
“စိတ်ချပါ သခင်မကြီး၊ အားလုံး အသင့်ဖြစ်နေပါပြီ”
အဘိုးလုကလည်း သတိပေးလိုက်သည်။
“ခဏနေရင် မင်းတို့အကုန်လုံး တောင့်တောင့်တင်းတင်းတွေ ဖြစ်မနေကြနဲ့နော်၊ ကလေးလန့်သွားဦးမယ်”
လုရှင်းကျိုး: “…”
‘ငါ့စကားကို ဘယ်သူမှ နားမထောင်ကြပါလား’
လုရှင်းကျိုးမှာ အပြင်ဘက်တွင် ရာထူးအလွန်မြင့်မားသည့် အရာရှိတစ်ဦးဖြစ်သော်ငြား အိမ်တွင်မူ အခွင့်အာဏာ အလွန်နည်းပါးလှပါသည်။
တံခါးဘဲလ်သံ မြည်လာသောအခါ ဟင်းလျာအကြောင်း ဆွေးနွေးနေကြသည့်လူများအားလုံး ရုတ်တရက်ဆိုသလို ထိုင်ရမလား ထရမလားမသိ ဖြစ်သွားကြသည်။
အဘွားလုကသာ အားလုံးကို တည်တည်ငြိမ်ငြိမ် ထိုင်နေဖို့ ညွှန်ကြားလိုက်ပါသည်။
“အားလုံး တည်တည်ငြိမ်ငြိမ် နေကြစမ်း၊ ခဏနေရင် ငါ့ဦးဆောင်မှုနောက်ကိုပဲလိုက်၊ ပြုံးရမယ့် အချိန်ရောက်ရင် ပြုံးကြနော်”
လုရှင်းကျိုး: “…”
အိမ်အပြင်တွင် ယဲ့ရှောင်ရှောင်က လုဟန်ချွမ်အား မေးမြန်းလိုက်သည်။
“ရှင့်မှာ အိမ်သော့ရှိတယ် မဟုတ်ဘူးလား၊ ဘာလို့ ဘဲလ်တီးနေတာလဲ”
လုဟန်ချွမ်: “နည်းနည်း အချက်ပြလိုက်တဲ့ သဘောပါ”
သူတို့နှစ်ဦး လက်ဆောင်များကို သယ်ဆောင်ရင်း အိမ်ထဲသို့ ဝင်လာကြပါသည်။
ကောင်မလေးကို မြင်လိုက်ရသည်နှင့် ယွင်ချန်းရှို့မှာ ချက်ချင်းပင် သဘောကျသွားလေတော့သည်။
‘ဘုရားရေ… တော်တော်လှတာပါလား’
အဓိကအချက်မှာ ယွင်ချန်းရှို့သည် ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့၏ မျက်နှာများကိုသာ အမြဲတစေ ကြည့်ရှုနေခဲ့ရသဖြင့် အလွန် ရိုးအီနေခဲ့ခြင်း ဖြစ်ပါသည်။
သူတို့နှစ်ဦး၏ မျက်နှာများမှာ ခန့်ညားထည်ဝါသည့် ယောက်ျားတို့၏ လက္ခဏာရပ်များနှင့် ပြည့်နှက်နေသည်ကိုတော့ ငြင်းဆန်၍ မရပေ။
သားဖြစ်သူသည် သာမန်ရုပ်ရည်ရှိသော မိန်းကလေးကို ခေါ်ဆောင်လာလျှင်ပင် သူမ ဝမ်းသာမိမှာ မှန်သော်လည်း ယခုလောက်ထိ မြင်မြင်ချင်း မှင်သက်သွားမိမည် မထင်ပေ။
ယဲ့ရှောင်ရှောင်က လုမိသားစုဝင်တိုင်းကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပါသည်။
လုဟန်ချွမ်က ဘာတွေကြိုပြောထားမှန်း မသိသော်လည်း သူမအပေါ် လုမိသားစုဝင်များက အလွန်ပင် ဧည့်ဝတ်ကျေပွန်နေသည်ဟု ယဲ့ရှောင်ရှောင် ခံစားမိသည်။
“ရှောင်ရှောင်… ဒီမှာ မြန်မြန်လာထိုင်ပါဦး”
ယွင်ချန်းရှို့က ယဲ့ရှောင်ရှောင်ကို ခေါ်ပြီး ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
ယဲ့ရှောင်ရှောင်က အခွင့်အရေးအကို အသုံးချကာ လက်ဆောင်ပစ္စည်းများကို ထုတ်ပေးလိုက်ပါသည်။
“ဦးလေးနဲ့ ဒေါ်လေးတို့အတွက် သမီးဝယ်လာတဲ့ လက်ဆောင်တွေပါ”
ယွင်ချန်းရှို့မှာ ပျော်ရွှင်သထက် ပျော်ရွှင်သွားသည်။
လည်စည်းပဝါလေးကို ဆွဲထုတ်လိုက်ပြီး သူမ၏ ကိုယ်ပေါ်တွင် ချက်ချင်းပင် တိုင်းထွာကြည့်လိုက်ပါသည်။
ဤသည်မှာ မိန်းကလေးတစ်ဦး၏ အမြင်ရှိလှသော ရွေးချယ်မှုဖြစ်မှန်း သေချာသည်။ အကြောင်းမှာ လည်စည်းပဝါလေး၏ အရောင်သည် အလွန်တရာမှ လှပနေခြင်းကြောင့်ပင်။
သားဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့ လက်ဆောင်ပေးသည့်အခါတွင် ငွေသာ ထုတ်ပေးလေ့ရှိကြပြီး ယခုကဲ့သို့ သေသေချာချာ ဂရုတစိုက် ရွေးချယ်ပေးခြင်းမျိုးကို မပြုလုပ်တတ်ကြချေ။
“ရှောင်ရှောင်… ဒီလက်ဆောင်ကို ဒေါ်လေး အရမ်းသဘောကျပါတယ်”
ယဲ့ရှောင်ရှောင်က ဆက်ပြောသည်။
“အဘိုးနဲ့ အဘွားအတွက်လည်း လက်ဆောင်တွေ ပါသေးတယ်”
အဘွားလု မျက်လုံးများ အရောင်လက်သွားသည်။
‘ငါ့အတွက်လည်း ဝေစုပါတယ်ပေါ့! ကောင်းလိုက်တာ!’