← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

📗 Chapter 133

လုရှင်းကျိုး ချောင်းဟန့်ကာ သတိပေးလိုက်ပါသည်။

“အဟမ်း… နေ့လယ်စာ အရင်စားကြရအောင်လေ”

အဘိုးလုလည်း လက်ထဲမှ ကက်ရှ်မီးယား ဆွယ်တာကို သုတ်သုတ်ပျာပျာ ချလိုက်ပြီး သဘောတူလိုက်ပါသည်။

“ဟုတ်တယ် ဟုတ်တယ်၊ စားကြရအောင်”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို ထမင်းစားပွဲသို့ ခေါ်လာကာ ကျကျနန ထိုင်စေခဲ့သည်။

စားပွဲပေါ်တွင် ကြက်သား၊ ဘဲသား၊ ငါးနှင့် ပင်လယ်ပုစွန်အစရှိသည့် အသားဟင်းများစွာကို အစုံအလင် တည်ခင်းထားသည်။ အသီးအရွက်ဟင်းဟူ၍ အရံနှစ်ပွဲသာ ရှိသည်။

အလွန်ခမ်းနားထည်ဝါသော စားသောက်ပွဲကြီးတစ်ခုဟု ဆိုနိုင်သည်။

ဤစားပွဲကို ကြည့်ခြင်းအားဖြင့် လုမိသားစုက သူမအပေါ် မည်မျှ အလေးအနက်ထားသည်ကို ယဲ့ရှောင်ရှောင် နားလည်နိုင်ပါသည်။

လုဟန်ချွမ် ယဲ့ရှောင်ရှောင်၏ ပန်းကန်ထဲသို့ ဟင်းအချို့ ထည့်ပေးလိုက်သည်။

“များများစား”

ယွင်ချန်းရှို့: “ရှောင်ရှောင် ကြိုက်တာသာ ထည့်စားနော်၊ ကျောင်းတက်နေရတာဆိုတော့ ပင်ပန်းမှာပေါ့ ဟုတ်တယ်မလား”

ယဲ့ရှောင်ရှောင်: “ပထမနှစ်ဆိုတော့ စာတွေက အဲ့လောက်မခက်သေးပါဘူး”

ယွင်ချန်းရှို့က မေးသည်။

“သမီးက တရုတ်တိုင်းရင်းဆေးပညာသင်နေတာလို့ ရှောင်းချွမ် ပြောတယ်၊ အဲ့ဒီပညာကို စိတ်ဝင်စားလို့လား ရှောင်ရှောင်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်သည်။

“ဟုတ်ကဲ့”

ယွင်ချန်းရှို့: “တရုတ်တိုင်းရင်းဆေးပညာသင်တာ ကောင်းပါတယ်၊ ကျောင်းသားများများမရှိပေမယ့် ဆရာတွေက တော်ကြတယ်လေ”

ယွင်ချန်းရှို့သည် ယဲ့ရှောင်ရှောင်၏အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများအတွက် စိုးရိမ်ပူပန်ခြင်း မရှိပေ။

ကျင့်ဟွာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများမှာ လက်ရှိအချိန်တွင် အဖိုးတန်ရတနာများကဲ့သို့ အလွန်အမင်းတန်ဖိုးထားခံရသည့်အပြင် ပေကျင်းမြို့ရှိ လုမိသားစု၏အဆင့်အတန်းနှင့်သာဆို လူငယ်တစ်ဦးအတွက် အလုပ်အကိုင်ရှာဖွေပေးဖို့ ဟူသည်မှာ မခက်ခဲလှပါ။

ထို့အပြင် လက်ရှိတွင် နိုင်ငံအတွင်း၌ တရုတ်တိုင်းရင်းဆေးပညာသည် ရေပန်းစားသော မေဂျာတစ်ခု မဟုတ်သော်လည်း နိုင်ငံတော်အဆင့် တရုတ်တိုင်းရင်းဆေးပညာရှင်ကြီးများစွာ မကြာခဏ ပေါ်ထွန်းလာတတ်ပါသည်။

အဘွားလုကလည်း အားပေးထောက်ခံသည်။

“ခဏနေရင် ရှောင်ရှောင်ကို သွေးခုန်နှုန်း စမ်းခိုင်းရမယ်”

လုရှင်းကျိုး ဇဝေဇဝါဖြစ်သွားရသည်။

“အမေ နေမကောင်းဘူးလား”

အဘွားလု သားဖြစ်သူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။

“နေကောင်းလည်း စမ်းခိုင်းလို့ မရဘူးလား”

လုရှင်းကျိုး ပါးစပ်ပိတ်သွားတော့သည်။ အဘွားအိုက မြေးချွေးမလောင်းကို အားပေးထောက်ခံကြောင်း ပြသဖို့အတွက် တမင်သက်သက် လုပ်နေခြင်းဖြစ်ပါလိမ့်မည်။

သူတို့သည် ထမင်းစားခါစအချိန်တွင် ခဏမျှ စကားပြောခဲ့ကြသော်လည်း စတင်စားသောက်ကြသည့်အခါတွင်မူ လုမိသားစု၏ ထမင်းစားပွဲဝိုင်းမှာ အတော်လေး တိတ်ဆိတ်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်လည်း တိတ်တိတ်ဆိတ်ဆိတ် စားသောက်ခဲ့ပြီးနောက် အဘိုးလု၊ အဘွားလုတို့နှင့်အတူ ခေတ္တ ထိုင်စကားပြောခဲ့ပါသည်။

“အဘွားရဲ့ကျန်းမာရေးက ကောင်းပါတယ်၊ ဒါပေမယ့် သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကို နည်းနည်း ဂရုစိုက်ဖို့တော့ လိုအပ်လိမ့်မယ်”

အဘိုးလုလည်း ဘေးမှထိုင်ကာ စမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြနေပါသည်။

ပုံမှန်ဆို မိသားစုဆရာဝန်လာရောက်ကာ ကျန်းမာရေး စစ်ဆေးပေးသည့်အခါတိုင်း အဘိုးလုက ငြင်းဆန်တတ်သည်။

သို့သော်လည်း ယခုအခါတွင်မူ မြေးချွေးမလောင်းလေး၏ဆေးပညာအရည်အချင်းကို အလွန်ပင် စမ်းသပ်ကြည့်ချင်နေပါသည်။

ယဲ့ရှောင်ရှောင်က အဘိုးလု၏သွေးခုန်နှုန်းကိုလည်း စစ်ဆေးပေးလိုက်သည်။

“အဘိုးက နှလုံးသိပ်မကောင်းဘူးနော်”

အဘိုးလု: “ဟုတ်တယ် ဟုတ်တယ်၊ ဆရာဝန်ကလည်း အဲ့လိုပဲပြောတယ်”

ယဲ့ရှောင်ရှောင်: “ဆေးကို မှန်မှန်သောက်ရင် ပြဿနာကြီးကြီးမားမားတော့ မရှိနိုင်ပါဘူး၊ အဘိုးနေထိုင်မကောင်းရင် နောက်တစ်ခါ သမီးအပ်စိုက်ကုပေးမယ်”

လက်ရှိတွင်လည်း နှလုံးရောဂါသည်တစ်ဦးကို အပ်စိုက်ကုပေးနေကာ အလွန်ထိရောက်မှုရှိသည့်အကြောင်းကို အဘိုးလုအား ယဲ့‌ရှောင်ရှောင်ပြောပြခဲ့ပါသည်။

အဘိုးလုက မေးသည်။

“တရုတ်တိုင်းရင်းဆေးပညာနဲ့ နှလုံးရောဂါကို ကုလို့ရတယ်လား”

အဘွားလု ဖြတ်ပြောလိုက်ပါသည်။

“ရှောင်ရှောင်က ကုလို့ရတယ်လို့ ပြောရင် ကုလို့ရလို့ပေါ့၊ ရှင်က တိုင်းရင်းဆေးပညာအကြောင်း နားလည်လို့လား”

အဘိုးလု ပွစိပွစိ ပြောလိုက်သည်။

“ဘာလို့ နားမလည်ရမှာလဲကွ၊ ငါငယ်ငယ်က တရုတ်တိုင်းရင်းဆေးဆရာကြီးတွေဆီမှာပဲ ပြခဲ့တာ”

“အဖေနဲ့ အမေ၊ ရှောင်ရှောင်က တက္ကသိုလ်ကျောင်းသူအဆင့်ပဲ ရှိသေးတာလေ၊ မေးခွန်းတွေ လျှောက်မေးပြီး သူ့ကို ဖိအားမပေးပါနဲ့၊ ဆရာဝန်ပြောတာကိုပဲ နားထောင်ပြီး ပုံမှန်ဆေးစစ်ရင် ဘာအန္တရာယ်မှ မရှိနိုင်ပါ။”

လုရှင်းကျိုးလည်း အနည်းငယ် ခေါင်းကိုက်နေရပါသည်။

အဘိုးလုသည် ဆေးရုံသွားရမည်ကို အလွန်ပင် သဘောမကျတတ်ပေ။ ဆေးရုံတစ်ခါသွားရတိုင်း သားအဖနှစ်ယောက် စိတ်ဓာတ်စစ်ဆင်ရေး ဆင်းရတတ်သည်။

ရှောင်ရှောင်ကို သွေးခုန်နှုန်းစစ်ဆေးခိုင်းခြင်းကလည်း ဆေးရုံသွားရမည်ကို ရှောင်လွှဲချင်၍သာ ဖြစ်မည်ဟု လုရှင်းကျိုး ခန့်မှန်းမိပါသည်။

အဘိုးလုက ငေါက်လိုက်သည်။

“မင်းကော တိုင်းရင်းဆေးပညာအကြောင်း ဘာနားလည်လို့လဲ၊ ဝင်မပြောစမ်းပါနဲ့”

လုရှင်းကျိုး: “…”

သူ့သားနှင့် စကားသေချာပြောရပါဦးမည်။

ထိုစဉ် ယွင်ချန်းရှို့က စာအိတ်နီနှစ်လုံးထုတ်ကာ ယဲ့ရှောင်ရှောင်အား ပေးလိုက်သည်။

“ရှောင်ရှောင်၊ ဒီစာအိတ်နှစ်လုံးမှာ တစ်လုံးက သမီးအတွက်၊ နောက်တစ်လုံးကလည်း သမီးအတွက်ပဲနော်”

ယဲ့ရှောင်ရှောင်: “… ကျေးဇူးတင်ပါတယ် ဒေါ်လေးယွင်”

ယွင်ချန်းရှို့က ယဲ့ရှောင်ရှောင်၏ပါးလေးကို နူးနူးညံ့ညံ့ ထိတွေ့လိုက်သည်။

“ဘာရှက်စရာလိုလို့လဲ၊ သမီးနဲ့ ထိုက်တန်တဲ့အရာပဲဥစ္စာ”

ယဲ့ရှောင်ရှောင်သည် လုအိမ်တော်တွင် တစ်မနက်လုံး နေခဲ့ပြီး မွန်းလွဲပိုင်းတွင် လုဟန်ချွမ်နှင့်အတူ စုန့်ကွမ်းကျင့်၏အိမ်သို့ သွားရောက်ခဲ့ပါသည်။

လုအိမ်တော်တွင် ယဲ့ရှောင်ရှောင် ရရှိခဲ့သည့် နွေးထွေးလှသော အကျိုးခံစားခွင့်များကို လုဟန်ချွမ်ကမူ စုန့်ကွမ်းကျင့်အိမ်တွင် ကျိန်းသေပေါက်ရရှိမည် မဟုတ်ပါ။

ဆရာကြီးစုန့် သူ့အား တစ်စုံတရာ ဘဝင်မကျဖြစ်နေသည်ဟု လုဟန်ချွမ် အမြဲတမ်းခံစားနေရပါသည်။

သို့သော် အပြစ်တော့ ဆို၍မရပေ။ ဆရာကြီးစုန့်၏အမြင်တွင် လုဟန်ချွမ်က သူ့အဖိုးတန် ဂေါ်ဖီထုပ်လေးကို ခိုးယူသွားသည့် ဝက်တစ်ကောင်ပင် မဟုတ်ပါလား။

စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်နှင့်အတူ စက်ရုံအသစ်ကိစ္စများကိုဆွေးနွေးခဲ့သည်။ ထို့နောက် ကလေးနှစ်ယောက်ကို အိမ်တွင် ညစာစားခိုင်းခဲ့ပါသည်။

စုန့်ကွမ်းကျင့်၏ အိမ်မှ ပြန်ထွက်လာခါမှ ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ နှစ်ယောက်တည်းကမ္ဘာကို ဖြတ်သန်းနိုင်တော့သည်။

လုဟန်ချွမ်က မေးသည်။

“ခုတလော ဘာတွေ အလုပ်များနေတာလဲ”

ယဲ့ရှောင်ရှောင် စုန့်ကွမ်းကျင့် ပေးအပ်ထားသည့် တာဝန်များအကြောင်း ပြောပြလိုက်ပါသည်။

“အကူအညီလိုတာ ရှိလား”

ယဲ့ရှောင်ရှောင်: “လောလောဆယ်တော့ ဘာအခက်အခဲမှ မရှိသေးပါဘူး၊ ဆရာကြီးလည်း ရှိနေတာပဲလေ”

လုဟန်ချွမ်: “အကူအညီလိုတာရှိရင် ကိုယ့်ကိုပြောနော်၊ ကိုယ်လည်း ကိုယ့်ကောင်မလေးကို ကူညီပေးပြီး ဂုဏ်ယူချင်တာပေါ့”

ယဲ့ရှောင်ရှောင် ပြုံးမိသွားသည်။

“ဟုတ်ပါပြီ”

လုဟန်ချွမ် ယဲ့ရှောင်ရှောင်၏လက်ဖျားထိပ်လေးများကို ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။

“ကိုယ့်လက်ဆောင်ကို မမေ့နဲ့ဦးနော်”

ယဲ့ရှောင်ရှောင် နားရွက်ကလေးများ ပန်းရောင်သန်းသွားပြီး လက်ကို ပြန်ဆွဲယူကာ တည်တည်တံ့တံ့ ပြောလိုက်သည်။

“မမေ့ပါဘူး”

လုဟန်ချွမ်က သူမကို ကျောင်းသို့ ပြန်လိုက်ပို့ပေးခဲ့သည်။ မှောင်ရီပျိုးနေပြီဖြစ်၍ အဆောင်ရှေ့ထိ လိုက်ပို့ပေးပြီးမှ ပြန်ခဲ့ပါသည်။

“ဘယ်နေ့ အိမ်ပြန်မှာလဲ၊ ကိုယ့်ကို ကြိုပြောထားလေ၊ ရထားလက်မှတ်ဖြတ်ပေးမယ်”

ယဲ့ရှောင်ရှောင်: “ကျွန်မ တတိယအစ်ကို ပေကျင်းကို လာဦးမှာ၊ သူနဲ့အတူတူ ပြန်မလို့လေ”

လုဟန်ချွမ်: “ကောင်းတာပေါ့၊ ရထားကို တစ်ယောက်တည်းစီးသွားရရင် ကိုယ်လည်း စိတ်ချနိုင်မှာမဟုတ်ဘူး၊ ပြန်မယ့်နေ့ကျရင် ကိုယ်လိုက်ပို့ပေးမယ်နော်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

--- --- ---

နှစ်သစ်ကူးဖို့ နီးကပ်လာသည်နှင့်အမျှ စာသင်နှစ်တစ်နှစ်လည်း ပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။

ဖတ်စာအုပ်ထဲမှ သင်ခန်းစာအများစုကို သင်ကြားပြီးစီးခဲ့ပြီဖြစ်၍ ဆရာ၊ ဆရာမများသည် ကျောင်းသားများအား စာပြန်နွှေးပေးရုံသာ ရှိတော့သည်။

ယဲ့ရှောင်ရှောင်လည်း နောက်ဆုံးတော့ ယဲ့ချန်းနင်နှင့် ထပ်ဆုံခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်ကိုမြင်သည်နှင့် ယဲ့ချန်းနင်က စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။

“ရှောင်ရှောင်၊ ငါဒီတစ်ခါ ယူလာတဲ့ အဝတ်အစားတွေက ဆောင်းတွင်းဝတ်တွေချည့်ပဲ၊ ဒီအပူထိန်း အနွေးထည်တွေဆိုရင် ငါတို့ဆီက အနွေးထည်တွေထက် အများကြီး ပိုကြည့်ကောင်းတယ်”

ယဲ့ရှောင်ရှောင်မှာ အတန်းဆင်းလာခါစဖြစ်သည်။

“တတိယအစ်ကို ဘယ်မှာတည်းနေတာလဲ၊ ဟိုတစ်ခါက ဧည့်ဂေဟာမှာပဲလား”

ယဲ့ချန်းနင်: “မဟုတ်ဘူး၊ စက်ရုံဝင်းအနီးက ဧည့်ဂေဟာတစ်ခုမှာ တည်းနေတာ၊ နင့်ကို တကူးတက လာတွေ့တာလေ၊ ဘယ်တော့ ကျောင်းစပိတ်မှာလဲ၊ နင်တို့ စာမေးပွဲဖြေပြီးသွားတဲ့အချိန်ကျရင် ငါ့အထည်တွေလည်း တော်တော်များများ ရောင်းထွက်သွားလောက်ပြီ၊ ဒီတစ်ခါတော့ နှစ်သစ်ကူးမှာ ရှယ်ရောင်းဖို့အတွက် ကုန်တင်ကားတစ်စီးနဲ့ အပြည့်သယ်လာတယ်”

ယဲ့ရှောင်ရှောင်: “ဒီတစ်ပတ်ထဲ စာမေးပွဲပြီးတော့မှာပါ”

ယဲ့ချန်းနင်က သူ့လက်ထဲမှ ပစ္စည်းများကို ယဲ့ရှောင်ရှောင်လက်ထဲ ထိုးထည့်ပေးလိုက်ပါသည်။

“ဟုတ်ပြီလေ၊ စာမေးပွဲပြီးတာနဲ့ ငါလာခေါ်မယ်နော်”

ထိုသို့ပြောပြီးနောက် ယဲ့ချန်းနင် ပြန်ဖို့ ပြင်လိုက်သည်။

ယဲ့ရှောင်ရှောင်က လှမ်းမေးလိုက်ပါသည်။

“တတိယအစ်ကို ခဏလောက် ဆက်မနေတော့ဘူးလား”

ယဲ့ချန်းနင်: “မနေတော့ပါဘူး၊ နင့်အစ်ကိုက အခု အရမ်းအလုပ်များတဲ့လူဖြစ်နေပြီ၊ အဲ… အရင်တစ်ခေါက်က ဆေးပလာစတာကိစ္စပြောထားတာ အဆင်ပြေနိုင်မယ်ထင်တာပဲ၊ နင်စာမေးပွဲပြီးမှ သေချာ ဆွေးနွေးကြတာပေါ့”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ပါ၊ တတိယအစ်ကို လိပ်စာပေးခဲ့လေ၊ သမီးစာမေးပွဲပြီးရင် လာတွေ့မယ်”

ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်အတွက် လိပ်စာရေးပေးခဲ့ပြီး ခပ်သုတ်သုတ် ပြန်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က ပစ္စည်းများကို အပေါ်သို့ ယူဆောင်သွားပြီး ဖွင့်ကြည့်လိုက်ရာ အလွန်လှပသည့် အနီရောင် အပူထိန်းဂျာကင်လေးတစ်ထည်ကို တွေ့လိုက်ရသည်။

သူမ၏ တတိယအစ်ကိုတွင် ယောက်ျားစင်စစ်တစ်ယောက်၏ အမြင်မျိုး ရှိနေလိမ့်မည်ဟု ယဲ့ရှောင်ရှောင် သံသယဝင်မိသည်။ မိန်းကလေးငယ်တိုင်း အနီရောင်ဝတ်သင့်သည်ဟု ထင်နေပုံရသည်။

ရှားလီ လှမ်းမေးသည်။

“ရှောင်ရှောင်! အဲ့ဒီဂျာကင်လေးက နင့်ဟာလား”

ယဲ့ရှောင်ရှောင်: “အင်း၊ အပူထိန်းဂျာကင်လေး ထင်တယ်”

ဝမ်ကျောင်းက ဝင်ပြောလိုက်သည်။

“အပူထိန်းဂျာကင်ဟုတ်လား၊ ငါ့အမေမှာလည်း အဲ့တာမျိုးရှိတယ်၊ နင့်ဟာလောက်တော့ မလှဘူး”

ရှားလီ: “ရှောင်ရှောင် ဈေးနှုန်း မြန်မြန်ပြောပြစမ်းပါ၊ အဲ့တာမှ ငါမြန်မြန် လက်လျှော့လို့ရမှာ”

ယဲ့ရှောင်ရှောင်: “ငါ့တတိယအစ်ကိုက ဒီတိုင်း လက်ထဲထည့်ပေးသွားတာပဲ”

ရှားလီ ဝမ်းနည်းသွားသည်။

“ငါ့ကျတော့ အဲ့လောက်ကောင်းတဲ့အစ်ကိုတွေ ဘာလို့မရှိတာလဲ”

ယဲ့ရှောင်ရှောင်က ရှင်းပြလိုက်ပါသည်။

“ငါ့တတိယအစ်ကိုက အထည်ရောင်းတာလေ၊ ဒါပေမယ့် လောလောဆယ်တော့ သူ့အထည်တွေယူပြီး တခြားနေရာမှာ သွားရောင်းနေပြီထင်တယ်”

ယဲ့ရှောင်ရှောင်၏ အပူထိန်းဂျာကင်လေးကို ကြည့်ပြီး ဝမ်ကျောင်းလည်း ဆင်တူတစ်ထည်လောက် လိုချင်သွားပါသည်။

“ရှောင်ရှောင်၊ နင်စောစောကတော့ မပြောဘူး၊ ငါတို့ နင့်တတိယအစ်ကိုဆီက သွားဝယ်လို့ရတာပေါ့”

ယဲ့ရှောင်ရှောင် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။

“ငါ့တတိယအစ်ကို ဘယ်အချိန်ရောက်လာမလဲဆိုတာ မသေချာဘူးလေ၊ သူ့ကိုသာ စောင့်နေမယ်ဆိုရင် အဝတ်အစားသစ်တွေ ဘယ်အချိန်ဝတ်ရမလဲ ပြောနိုင်မှာမဟုတ်ဘူး”

All Chapters