အခန်း ၁၃၅
Vol. 14 Ch. 135
📗 Chapter 135
ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်တို့နှင့်အတူတူ ဧည့်ဂေဟာ အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ သွားခဲ့ပါသည်။
ဧည့်ဂေဟာအတွင်း စားစရာများရှိသော်လည်း အရသာက မကောင်းမွန်လှပါ။
ထို့အပြင် ယဲ့ရှောင်ရှောင်သည် သူတို့နှင့် တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ပေးခဲ့ရသဖြင့် သေချာပေါက် ဆုချသင့်သည်ဟု ယဲ့ချန်းနင် ခံစားမိပါသည်။
ယဲ့ချန်းနင်က ယွီကန်းကိုသွားခေါ်ဖို့ ဝမ်ရှန်းအား တာဝန်ပေးလိုက်သည်။ သူနှင့် ယဲ့ရှောင်ရှောင်တို့ကမူ စားသောက်ဆိုင်တွင် ဟင်းလျာများ ကြိုတင် မှာယူထားလိုက်ပါသည်။
ယဲ့ရှောင်ရှောင်က ငွေများထည့်ထားသည့်အိတ်ကို ယဲ့ချန်းနင်အား လှမ်းပေးရင်း မေးလိုက်သည်။
“တတိယအစ်ကို အထည်တွေဘယ်တော့လောက် ရောင်းကုန်လောက်လဲ”
ယဲ့ချန်းနင်က ခန့်မှန်းကာ ဖြေလိုက်သည်။
“အနည်းဆုံးတော့ နောက်တစ်ပတ်လောက်ဆို ရောင်းကုန်မယ်ထင်တာပဲ၊ အဲ့တာတွေ ရောင်းကုန်တာနဲ့ တို့လည်း အိမ်ပြန်ကြမယ်လေ၊ ကျောင်းပြန်ဖွင့်တဲ့အခါကျရင် နင်နဲ့အတူတူ ပေကျင်းကို ပြန်လိုက်လာပြီး ဆေးပလာစတာတွေ ယူပြီးတော့ တောင်ပိုင်းကို ပြန်သွားရမယ်”
ယဲ့ချန်းနင်၏ အစီအစဉ်ကို ယဲ့ရှောင်ရှောင် ကန့်ကွက်စရာမရှိပါ။
“ဝမ်ရှန်းလည်း သမီးတို့နဲ့အတူတူ ရွာပြန်မှာလား”
“သူ့သူဌေးရဲ့ ကုန်တင်ကားကို တောင်ပိုင်းအရင် ပြန်ပို့ပေးရဦးမယ်ထင်တယ်၊ ဒီကောင် နှစ်သစ်ကူး အိမ်ပြန်မှာလား ဆိုတာတောင် သေချာမသိသေးဘူး”
ယဲ့ရှောင်ရှောင်က ထပ်မေးသည်။
“အဲ့တာဆို တတိယအစ်ကို နောက်တစ်ခါပေကျင်းလာတဲ့အခါကျရင် တခြားကုန်တင်ကားကို ငှားရမှာပေါ့”
ယဲ့ချန်းနင်က သုံးသပ်လိုက်သည်။
“ဖြစ်နိုင်ရင် ကိုယ်ပိုင် ကုန်တင်ကားတစ်စီးလောက် ဝယ်လိုက်ရင် ကောင်းမလားလို့”
ယဲ့ရှောင်ရှောင် ခေါင်းလေးစောင်းကာ သတိပေးလိုက်သည်။
“ကုန်တင်ကားအသစ်တစ်စီးက ဈေးနည်းမှာ မဟုတ်ဘူးနော်”
ယဲ့ချန်းနင်: “ဘာမှမဖြစ်ပါဘူး၊ နင့်အစ်ကိုမှာ ပိုက်ဆံရှိပြီးသား၊ ပြီးတော့ သူများကားကို အကြိမ်ကြိမ် ငှားနေရမယ့်အစား ကိုယ့်ဖာသာကိုယ် ဝယ်ထားလိုက်တာက ရေရှည်မှာ တွက်ချေပိုကိုက်တယ်၊ နောက်ပိုင်း ငါသွားရမယ့်နေရာတွေက မနည်းဘူးလေ”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“အဲ့တာဆို တတိယအစ်ကို ဒရိုင်ဘာရှာရဦးမယ်နော်”
ယဲ့ချန်းနင်: “ဒီတစ်ခေါက် အိမ်ပြန်ရောက်ရင် ကားမောင်းလိုင်စင်ရအောင် မြန်မြန်လုပ်လိုက်မယ်”
တစ်လဆိုလျှင် လုံလောက်ပါပြီ။
ယဲ့ချန်းနင်၏ အစီအစဉ်များက အလွန်ပင် ရှုပ်ထွေးသော်လည်း ဖြစ်နိုင်ချေတော့ ရှိပါသည်။
မောင်နှမနှစ်ယောက် စကားအနည်းငယ် ဆက်ပြောပြီးနောက် ဝမ်ရှန်းနှင့် ယွီကန်းတို့ ရောက်ရှိလာကြသည်။
စားသောက်ပြီးကြသောအခါ ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်ကို တိုက်ခန်းသို့ ပြန်လိုက်ပို့ပေးဖို့ ပြင်လိုက်ပါသည်။
ထိုစဉ် ဝမ်ရှန်းက ကမ်းလှမ်းလိုက်သည်။
“ငါ့မှာ ကားပါတယ်လေ၊ မင်းညီမကို လိုက်ပို့ပေးလိုက်ရမလား”
ယဲ့ရှောင်ရှောင်က ကြားဝင်ဖြတ်ပြောလိုက်ပါသည်။
“တတိယအစ်ကို၊ ဒီနေ့ည သမီးတိုက်ခန်းမှာ လာအိပ်ပါလား၊ အဲ့မှာ အိပ်ခန်းနှစ်ခန်းရှိတယ်၊ မနက်ဖြန် မနက်ကျရင် သမီးကို စက်ဘီးနဲ့ လိုက်ပို့ပေါ့”
ထိုအခါ သူမလည်း ကိုယ်တိုင်စက်ဘီးနင်းစရာ လိုမည်မဟုတ်တော့ပေ။
ယဲ့ချန်းနင်က သဘောတူလိုက်သည်။
“ဟုတ်ပြီ၊ မနက်ဖြန်လည်း နင့်အကူအညီလိုဦးမှာဆိုတော့ အဆင်ပြေတယ်၊ ငါ့ညီမလည်း ပင်ပန်းနေပြီ”
ယဲ့ရှောင်ရှောင်က ပြုံးသည်။
“မပင်ပန်းပါဘူး”
မောင်နှမနှစ်ယောက်၏စကားများကို ဘေးမှ နားထောင်ရင်း ဝမ်ရှန်းအနည်းငယ် စိတ်ပျက်သွားပါသည်။ သို့သော် ယဲ့ချန်းနင်ကိုလည်း သူ အထွန့် မတက်ရဲပါ။
ယဲ့ချန်းနင်သည် ပျော်ပျော်နေတတ်သူဖြစ်သော်ငြား ရွာတွင် ရန်ဖြစ်သည့်အခါတိုင်း ရှေ့ဆုံးမှ ဦးဆောင်တတ်သူဖြစ်ကာ အလွန်ပင်ကြောက်စရာကောင်းပါသည်။
သူသာ ဆက်နောက်နေဦးမည်ဆိုလျှင် ကျိန်းသေပေါက် အထိုးခံရလိမ့်မည်ဟု ဝမ်ရှန်း ခံစားနေရပါသည်။
ညစာစားပြီးနောက် ယဲ့ချန်းနင်သည် ယွီကန်းအား မှာကြားစရာရှိသည်ကို အနည်းငယ် မှာကြားပြီးနောက် ယဲ့ရှောင်ရှောင်နှင့်အတူ တိုက်ခန်းသို့ စက်ဘီးဖြင့် ပြန်လာခဲ့သည်။
ယဲ့ရှောင်ရှောင်၏တိုက်ခန်းတွင် ရေပူရရှိသဖြင့် မောင်နှမနှစ်ယောက်စလုံး ရေမိုးချိုးကာ ကိုယ့်အိပ်ခန်းတွင်ကိုယ် သက်တောင့်သက်သာ အိပ်စက်အနားယူခဲ့ကြသည်။
တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပြီးနောက် မောင်နှမနှစ်ယောက် စောစောထကာ မနက်စာစားသောက်ပြီး လုပ်ငန်းစဖို့ ပြင်ဆင်ရတော့သည်။
ယနေ့တွင် ပစ္စည်းများက မနေ့ကထက်ပင် ပိုမိုအရောင်းသွက်ခဲ့သဖြင့် အလုပ်ကိုစောစောသိမ်းနိုင်ခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် ရွာပြန်သည့်ကာလအတွင်း အခြားသူများအား အလုပ်အချို့ လွှဲပြောင်းပေးခဲ့ရန် လိုအပ်သဖြင့် ရမ်သဲ့ထန်သို့ သွားရောက်ခဲ့ရသေးသည်။
ကျန့်လင်၏ ဆေးကုသမှုမှာ ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယဲ့ရှောင်ရှောင်က အနားယူမည်ဖြစ်သော်လည်း အခြားဆရာဝန်တစ်ဦးက သူ့ကို နေ့စဉ် ကြည့်ရှုပေးပါလိမ့်မည်။
ယဲ့ရှောင်ရှောင်သည် စုန့်ရှောင်းကွမ်နှင့် တွေ့ဆုံဖို့ အဓိကလာခဲ့ရခြင်းဖြစ်သည်။
“ဆောင်းရာသီကျောင်းပိတ်ရက်မှာ ကျွန်မဇာတိကို ပြန်ရဦးမယ်၊ အဲ့တာကြောင့် စက်ရုံကိစ္စတွေကို ရှင့် လက်ထဲပဲ အပ်ထားခဲ့ရတော့မယ်”
စုန့်ရှောင်းကွမ်က မေးသည်။
“အခုချက်ချင်း ပြန်တော့မှာလား”
ယဲ့ရှောင်ရှောင်: “ရက်နည်းနည်းလောက်တော့ လိုသေးတယ်၊ တတိယအစ်ကိုနဲ့အတူတူ ပြန်မှာလေ”
ယဲ့ချန်းနင်ကို စုန့်ရှောင်းကွမ် မှတ်မိပါသည်။
“နင့်တတိယအစ်ကိုက အထည်တွေရောင်းနေတုန်းပဲလား၊ အကူအညီ လိုသေးလား”
ယဲ့ရှောင်ရှောင်: “မလိုပါဘူး၊ ဒီတစ်ခေါက် တတိယအစ်ကိုက ကုန်တင်ကားတစ်စီးငှားလာတယ်၊ အဲ့တာကြောင့် တခြားကားတွေ ငှားဖို့မလိုတော့ဘူး၊ ကျွန်မက ငွေသိမ်းတဲ့နေရာမှာ ကူညီပေးရုံပဲ”
စုန့်ရှောင်းကွမ် ခေါင်းညိတ်လိုက်သည်။
“ဒါဆို နင်ပြန်လာမှ ကျန်တဲ့ကိစ္စတွေ ဆွေးနွေးကြတာပေါ့၊ စက်ရုံ စလည်ပတ်တာနဲ့ စီမံခန့်ခွဲပေးနိုင်မယ့် မန်နေဂျာတချို့ကို ရှမ့်ရှု ရှာတွေ့ထားတယ်”
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ”
နောက်ရက်များတွင် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ကို ကူညီပေးရသည့်အပြင် လုဟန်ချွမ်ကို ပေးဖို့ ကြံရွယ်ထားသည့် သီးသန့်လက်ဆောင်လေးတစ်ခုကိုလည်း သွားရောက်မှာယူခဲ့ရပါသေးသည်။
၂၀ ရက်နေ့ကို ရောက်ခါမှ အထည်များ ရောင်းကုန်သွားပြီး ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းနင်တို့ အိမ်ပြန်ဖို့ စီစဉ်နိုင်တော့သည်။
ယခုတစ်ခေါက် ခရီးစဉ်အတွက် ယဲ့ချန်းနင်၏ အသားတင်အမြတ်မှာ ယွမ် ၄၀,၀၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းနိုင်ခဲ့ပါသည်။
သူသည် မြို့တော်သို့ မကြာခဏ လာရောက်လေ့မရှိပေ။ တောင်ပိုင်းတွင် ရောင်းချရခြင်းက သိပ်မပင်ပန်းရသော်လည်း ဤမျှ ဝင်ငွေကောင်းနိုင်မည် မဟုတ်ပါ။
ရွာမပြန်မီ မောင်နှမနှစ်ယောက် ရှော့ပင်းမောတစ်ခုတွင် ပစ္စည်းအချို့ ဝယ်ယူခဲ့ကြသေးသည်။ သို့သော် အများကြီးတော့ မဝယ်ယူရဲကြပေ။
အကြောင်းမှာ ရထားပေါ်သို့ ပစ္စည်းအမြောက်အများ သယ်ဆောင်သွားပါက ပျောက်ဆုံးသွားနိုင်ခြေ အလွန် မြင့်မားသောကြောင့်ပင်။
ယဲ့ချန်းနင်: “ငါတို့မှာ ပိုက်ဆံရှိပြီးသားပဲဥစ္စာ၊ ကောင်တီမြို့ကို ပြန်ရောက်မှ ဝယ်လည်း အဆင်ပြေပါတယ်၊ အဲ့ကျရင် အိမ်အတွက် အသားများများ ထပ်ဝယ်ရမယ်”
“ဟုတ်ပြီ”
ယဲ့ရှောင်ရှောင်သည် မွေးရပ်မြေသို့ မပြန်မီ လုဟန်ချွမ်အား ဖုန်းဆက်ခဲ့ပြီး ရထားလက်မှတ် ၃ စောင် ဖြတ်ပေးဖို့ အကူအညီတောင်းလိုက်ပါသည်။
လုဟန်ချွမ် လာကြိုသည့်အခါကျမှ သူဝယ်ယူထားသည့် လက်မှတ်များမှာ သာမန်ထိုင်ခုံများထက် အဆပေါင်းများစွာ ဈေးပိုကြီးသော အထူးအတန်းအတွက်ဖြစ်နေသည်ကို ယဲ့ရှောင်ရှောင် သိလိုက်ရသည်။
လုဟန်ချွမ်က ရှင်းပြသည်။
“ရထားစီးရမှာ အချိန်ကြာတယ်မလား၊ အဲ့တာကြောင့် အထူးတန်းမှာဆိုရင် သက်တောင့်သက်သာ လိုက်လို့ရတယ်၊ ပြီးတော့ ကိုယ်လက်မှတ် ၄ စောင် ဖြတ်ထားတယ်နော်၊ အဲ့တာမှ အခန်းထဲမှာ တခြားသူစိမ်းတွေ ရှိမနေမှာ”
ယဲ့ရှောင်ရှောင်က လက်မှတ်များကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
“ကျွန်မလည်း ရှင့်ကို လက်ဆောင်ပေးစရာရှိတယ်”
လုဟန်ချွမ် အလွန်စိတ်လှုပ်ရှားသွားပါသည်။
ယဲ့ရှောင်ရှောင်သည် အင်္ကျီအိတ်ကပ်ထဲမှ ဘူးလေးတစ်ဘူးကို ထုတ်လိုက်သည်။ ထိုဘူးလေးကို ဖွင့်လိုက်ရာ ဆင်တူ စုံတွဲလက်စွပ်လေး နှစ်ကွင်းကို လုဟန်ချွမ် မြင်လိုက်ရပါသည်။
လုဟန်ချွမ် ပေးခဲ့သည့် လက်စွပ်များနှင့် ယှဉ်လိုက်လျှင် ဤလက်စွပ်လေးများက အလွန်ပင် ရိုးရှင်းလှသည်။
ယဲ့ရှောင်ရှောင်က လုဟန်ချွမ်၏ လက်ကို ဆွဲလိုက်သည်။
“ဒီလက်စွပ်ဆိုရင်တော့ ကျွန်မ နေ့တိုင်း ဝတ်ထားလို့ရတယ်၊ ကျွန်မတို့နာမည်တွေကိုလည်း အတွင်းဘက်မှ ထွင်းထားတယ်လေ”
လုဟန်ချွမ်သည် သူ့အဖိုးတန် လက်စွပ်လေးကို ယခင်တစ်ခေါက် သွားယူပြီးစဉ်ကတည်းက အမြဲတမ်း ဝတ်ဆင်ထားခဲ့ပါသည်။
သို့သော် ယဲ့ရှောင်ရှောင်၏ လက်စွပ်ကမူ စိန်ပွင့်အကြီးကြီးနှင့် အလွန်ထင်ရှားလွန်းလှသဖြင့် အမြဲမဝတ်နိုင်ဘဲ ဗီရိုထဲတွင်သာ ထည့်သိမ်းထားရသည်။
လုဟန်ချွမ်သည်း မူရင်းလက်စွပ်ကို ချွတ်လိုက်ပြီး ယဲ့ရှောင်ရှောင် လက်စွပ်အသစ်ဝတ်ပေးမည့်အချိန်ကို စောင့်နေလိုက်သည်။
ယဲ့ရှောင်ရှောင် မှာယူထားသည့် လက်စွပ်လေးမှာ သူ့လက်နှင့် အံဝင်ခွင်ကျ ဖြစ်နပါသည်။
လုဟန်ချွမ် ပြုံးသွားသည်။
“ကိုယ့်လက်အရွယ်အစားကို တကယ်မှတ်မိတာပဲ”
ယဲ့ရှောင်ရှောင် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
“ကျွန်မက မှတ်ဉာဏ်ကောင်းပြီးသားပဲဥစ္စာ”
ထို့နောက် သူမလက်ကို ကမ်းပေးလိုက်သည်။
“ကျွန်မကိုလည်း ဝတ်ပေး”
လုဟန်ချွမ်လည်း ပျော်ပျော်ကြီး လိုက်လျောပေးခဲ့ပါသည်။
“ဒီလက်ဆောင်လေးကို ကိုယ်အရမ်းသဘောကျတာပဲ”
“ရှင် သဘောကျမှန်း သိပါတယ်”
ယဲ့ရှောင်ရှောင် လက်ချောင်းလေးများကို လှုပ်ယမ်းကြည့်လိုက်သည်။ လက်ပေါ်တွင် တစ်ခုခုဝတ်ထားရသည့် ခံစားချက်ကို သူမ အသားမကျသေးပေ။
လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏လက်ကလေးကို ဆုပ်ကိုင်ကာ မှာကြားလိုက်သည်။
“ဝတ်ပြီးသွားပြီဆိုတော့ ဘယ်တော့မှ မချွတ်ရဘူးနော်”
ထိုစဉ် ယဲ့ချန်းနင်နှင့် ယွီကန်းတို့ အပေါ်ထပ်မှ ဆင်းလာကြပါသည်။
ယဲ့ချန်းနင်မှာ မျက်စိစပါးမွေး စူးစရာ မြင်ကွင်းများကို မမြင်ချင်သဖြင့် ဟန်ဆောင်ပန်ဆောင် ချောင်းဆိုးပြလိုက်သည်။
“အဟွတ် အဟွတ် အဟွတ်!”
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ တရားဝင်ချစ်သူများ ဖြစ်သွားကြပြီးနောက် ယဲ့ချန်းနင်နှင့် လုဟန်ချွမ်တို့ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ကြခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင်က မိတ်ဆက်ပေးသည်။
“တတိယအစ်ကို… ဒါသမီး ကောင်လေးလေ”
ယဲ့ချန်းနင်: “ဟားဟား… ငါတို့ဆုံဖူးပါတယ်”
သူတို့အိမ်တွင် လာရောက်တည်းခိုပြီး သူ့ညီမလေးကို ပြန်ပေးဆွဲသွားသည့်ကောင်ပင် မဟုတ်ပါလား။
လုဟန်ချွမ်က တည်တည်ငြိမ်ငြိမ်ပင် နှုတ်ဆက်လိုက်သည်။
“တတိယအစ်ကို”
ယဲ့ချန်းနင်: “…”
ယဲ့ရှောင်ရှောင်က အလျင်အမြန် တိုက်တွန်းလိုက်သည်။
“သွားကြစို့ သွားကြစို့၊ ဘူတာရုံကို မြန်မြန်သွားကြရအောာင်”
လုဟန်ချွမ်သည် သူတို့သုံးဦးကို ဘူတာရုံအထိ ကားဖြင့်လိုက်ပို့ပေးခဲ့သည်။
ပလက်ဖောင်းပေါ်ထိရောက်သည်အထိ ပို့ဆောင်ပေးခဲ့ပြီး သူသယ်ဆောင်လာသည့် အထုပ်များကိုလည်း ယဲ့ရှောင်ရှောင်လက်ထဲ ထည့်ပေးကာ သေချာမှာကြားလိုက်ပါသည်။
“လမ်းမှာစားဖို့ သစ်သီးနဲ့ မုန့်ပဲသရေစာတွေ ထည့်ပေးထားတယ်၊ ပေကျင်းကို ပြန်လာခါနီးကျရင် ကိုယ့်ကို ဖုန်းဆက်နော်၊ အပြန်ရထားလက်မှတ်အတွက်လည်း ကိုယ်ဖြတ်ပေးမယ်”
ယဲ့ရှောင်ရှောင်လည်း လိမ်လိမ်မာမာနှင့် စကားနားထောင်လိုက်ပြီး မုန့်ပဲသရေစာများကို လက်ခံလိုက်ပါသည်။
သူမနှင့် တတိယအစ်ကိုဖြစ်သူတို့ ရထားပေါ်တွင် သယ်ဆောင်ရမည်မှာ မလွယ်ကူသဖြင့် လက်ဆောင်ပစ္စည်းများ မဝယ်ဖို့ လုဟန်ချွမ်ကို ကြိုတင်သတိပေးထားပါသည်။
ထို့ကြောင့်လည်း ယဲ့မိသားစုအတွက် နှစ်သစ်ကူး လက်ဆောင် ပစ္စည်းများ ဝယ်သွားမည့် အကြံကို ယဲ့ရှောင်ရှောင် လက်လျှော့ခဲ့ရခြင်းပင်ဖြစ်သည်။
ယဲ့ချန်းနင်နှင့် ယွီကန်းတို့နှစ်ဦးတွင် ခရီးဆောင်အိတ်အကြီးကြီး တစ်လုံးစီ ပါလာကြပါသည်။ အထဲတွင် ဆောင်းတွင်း အဝတ်အစား များစွာ ထည့်ထားသည်။
အရှေ့မြောက်ပိုင်းသို့ ရောက်ရှိသည်နှင့် အဝတ်အစားထူထူ လဲရမည်မှာ သေချာပါသည်။ ယခုလက်ရှိ သူတို့ ဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် ပိုင်ချွမ်ရွာ၏လေအေးဒဏ်ကို တွန်းလှန်နိုင်မည် မထင်ပေ။
ယဲ့ရှောင်ရှောင် ရထားပေါ်သို့ တက်လိုက်ပြီး လုဟန်ချွမ်အား နှုတ်ဆက်လိုက်ပါသည်။
သူတို့သုံးဦး အထူးတန်းသို့ လျှောက်လာခဲ့ကြသည်။ အထူးတန်းမှာ လူလေးဦးဆံ့သော သီးသန့်အခန်းလေးပင်။
အခန်းထဲသို့ရောက်သည်နှင့် တံခါးကို ပိတ်လိုက်ရာ လုံလုံခြုံခြုံရှိပြီး အလွန်လွတ်လပ်သော သီးသန့်နေရာလေးတစ်ခုဖြစ်သွားတော့သည်။
ခရီးဆောင်အိတ်များကို စနစ်တကျ နေရာချထားပြီးနောက် ယဲ့ချန်းနင် စိတ်ကျေနပ်စွာမှတ်ချက် ပေးလိုက်လေသည်။
“ငါ ဒီလို အထူးတန်းကနေ တစ်ခါမှ မစီးဖူးဘူး၊ အရင်က စီးဖူးတဲ့ ရထားတွေထက် အများကြီးသက်တောင့်သက်သာပိုရှိတာပဲ၊ ဒီကောင် ဘယ်ဆိုးလို့လဲ”