← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

📗 Chapter 136

ယဲ့ရှောင်ရှောင်: “ဒီ‌လောက်လေးလုပ်ပေးလိုက်တာနဲ့ သူ့ဘက်ပါသွားပြီလား တတိယအစ်ကို”

ယဲ့ချန်းနင် အိတ်ထဲမှ လိမ္မော်သီးတစ်လုံးကို ထုတ်ကာ ပြန်ဖြေလိုက်သည်။

“မဟုတ်ရပါဘူး၊ ဒီကောင် အလိုက်သိတတ်တယ်လို့ ချီးကျူးရုံပါဟ”

ယဲ့ရှောင်ရှောင်မှာ ခေါင်းတခါခါနှင့် အနားယူရန်အတွက် အပေါ်ထပ် အိပ်စင်ပေါ်သို့ တက်သွားတော့သည်။

“စတုတ္ထအစ်ကိုကော ကျောင်းမပိတ်သေးဘူးလားဟင်”

“ချန်းရှန့်က ပိတ်တာကြာပြီလေ၊ ငါတို့ထက် ၂ ရက်လောက်စောပြီး ရောက်နေလိမ့်မယ်၊ အတူတူပြန်လို့ရအောင် အဘိုးမြောင်အိမ်မှာ စောင့်နေဖို့ ပြောထားတယ်”

“စတုတ္ထအစ်ကို ကျောင်းမှာ အဆင်ပြေရဲ့လား မသိဘူးနော်”

ယဲ့ချန်းရှန့်မှာ ဉာဏ်ထက်မြက်သူဖြစ်၍ ကျိန်းသေပေါက် အဆင်ပြေနိုင်ပါလိမ့်မည်။

ရထားပေါ်တွင် အချိန်များ လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။

လုဟန်ချွမ် ထည့်ပေးလိုက်သည့် မုန့်များကို ယဲ့ရှောင်ရှောင် စားလို့ကုန်ခါနီးချိန်တွင် ဘူတာရုံသို့ ဆိုက်ရောက်ခဲ့ပါသည်။

ရထားက ပိုင်ချွမ်ကောင်တီဘူတာရုံတွင် ၅ မိနစ်ခန့် ရပ်တန့်ခဲ့သည်။

ယဲ့ရှောင်ရှောင်တို့ သုံးယောက် အဝတ်အစားထူထူများ ကြိုဝတ်ထားကြသော်လည်း ရထားပေါ်မှ ဆင်းလိုက်သည်နှင့် အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်သွားရပါသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“သမီးတို့ အဘိုးအိမ်ကို ဘယ်လိုသွားကြမှာလဲ”

ဤနေရာမှာ ပေကျင်းမြို့မဟုတ်သဖြင့် ယာဉ်တစ်စီးငှားဖို့ဟူသည်မှာ မလွယ်ကူပေ။

ယဲ့ချန်းနင်: “ဘူတာက အရင်ထွက်ကြရအောင်၊ အပြင်မှာ စုန့်လင်မြို့ကို သွားမယ့် ယာဉ်တစ်ခုခုတော့ ရှိမှာပေါ့”

ဘူတာရုံရှေ့တွင် ယာဉ်များ အမှန်တကယ် ရှိနေပါသည်။ သို့သော် များသောအားဖြင့် နွားလှည်း၊ မြည်းလှည်းများသာ ဖြစ်ကြသည်။

ယဲ့ရှောင်ရှောင်: “မြည်းလှည်းစီးသွားလည်း အဆင်ပြေတာပဲ”

သို့သော် လူသုံးဦးနှင့် အထုပ်အပိုးများစွာ သယ်ဆောင်ရမည်ဖြစ်၍ မလွယ်ကူနိုင်ပေ။

ယဲ့ချန်းနင်က လှည်းဆရာနှင့် ဈေးနှုန်းသွားညှိနှိုင်းခဲ့ပြီးနောက် နွားလှည်းတစ်စီးကိုသာ ငှားလာခဲ့တော့သည်။

ဤလှည်းများသည် ခရီးစဉ်တစ်ခေါက်လျှင် ခရီးသည်တစ်ဦးကိုသာ သယ်ဆောင်သွားခြင်း မဟုတ်ပေ။ လမ်းကြောင်းတူမည့် လူများကို စုစည်းပြီးမှ အတူတူ ထွက်ခွာခြင်း ဖြစ်ပါသည်။

ဤသည်မှာ ၁၉၈၀ ခုနှစ်များ၏ ကားအတူငှားစီးခြင်းပင်ဖြစ်သည်။ ယဲ့ချန်းနင်က ငွေအများအပြား ပေးထားသဖြင့် လှည်းပေါ်တွင် အခြားသူများကို တင်ခေါ်စရာ မလိုတော့ပေ။

နွားလှည်းသည် ဘူတာရုံမှ ထွက်ခွာပြီး စုန့်လင်မြို့သို့ ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့ပါသည်။

နွားလှည်းက နှေးကွေးသဖြင့် လှည်းပေါ်မှလူများ အအေးဒဏ်ကို အလွန်အမင်းမခံစားခဲ့ရပါ။

ယဲ့ရှောင်ရှောင်သည် သူမ၏ ဦးထုပ်နှင့် လက်စည်းပဝါကိုကို ဝတ်ဆင်ထားပြီး လက်များကိုလည်း နွေးထွေးမှုရှိစေရန် အင်္ကျီအိတ်ကပ်ထဲတွင်သာ ထည့်ထားသည်။

သို့ရာတွင် အဘိုးမြောင်၏ အိမ်ရှေ့သို့ ရောက်သွားသည့်အခါ ယဲ့ရှောင်ရှောင်၏ခြေထောက်နှစ်ဖက်စလုံး အလွန်ထုံကျင်နေခဲ့ပါသည်။

ပစ္စည်းများကိုပင် မသယ်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် အိမ်ထဲမှ ယဲ့ချန်းရှန့်နှင့် အဘိုးမြောင်တို့ ထွက်လာကြပြီး ကူသယ်ပေးခဲ့ကြလေသည်။

မတွေ့ရသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်၍ ယဲ့ချန်းရှန့်တစ်ယောက် သိသိသာသာ အရပ်ပိုရှည်လာသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိသည်။

ထို့အပြင် သူ့ပုံစံမှာလည်း ပညာတတ်တစ်ဦးနှင့် ပိုတူလာပြီး အလွန်သန့်ပြန့်ကာ ခန့်ညားနေခဲ့သည်။

“တတိယအစ်ကိုနဲ့၊ ရှောင်ရှောင်တို့ ရောက်လာကြပြီလား”

ယဲ့ချန်းရှန့်သည် အစ်ကိုဖြစ်သူ ယဲ့ချန်းနင်ကို အရင်ပြေးဖက်လိုက်ပြီး ပစ္စည်းများကို လှည်းပေါ်မှ ကူချပေးခဲ့ပါသည်။ ယဲ့ချန်းနင်က လှည်းသမားကို ငွေရှင်းပေးကာ နှုတ်ဆက်လိုက်သည်။

ထို့နောက် မောင်နှမများ အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။

မြောင်ဖုန့်ရှန်းက ဆိုသည်။

“ဖိနပ်တွေချွတ်ပြီး အပူပေးကုတင်ပေါ် တက်နေကြ၊ ကုတင်ပေါ်မှာ နွေးတယ်”

ယဲ့ရှောင်ရှောင် မီးဖိုဘေးတွင် ခဏလောက်ထိုင်လိုက်ကာ အအေးသက်သာသွားခဲ့သ်ည။

ထိုစဉ် ယဲ့ချန်းနင်က အသိပေးလိုက်ပါသည်။

“မနက်ဖြန် ငါတို့ နှစ်သစ်ကူးလက်ဆောင်တွေ သွားဝယ်ပြီး အိမ်အတူတူ ပြန်ကြမယ်”

မြောင်ဖုန့်ရှန်းက ကန့်ကွက်သည်။

“ဘာမှဝယ်စရာမလိုဘူးနော်၊ အိမ်မှာ အားလုံး ပြင်ဆင်ထားပြီးပြီ၊ မင်းတို့ကလေးတွေကို စောင့်နေရတာကြောင့်သာ မဟုတ်ရင် အဘိုးတစ်ယောက်တည်း ရွာပြန်တာ ကြာလှပြီ”

ယဲ့ချန်းနင်က သမ်းဝေလိုက်သည်။

“မနက်ဖြန် လုပ်စရာလေးတွေ ရှိသေးလို့ပါ၊ ကန်းကျစ်လည်း အိမ်မပြန်ခင် ဝယ်စရာရှိတာ ဝယ်ရဦးမယ်လေ”

အဘိုးမြောင်လည်း မတတ်သာတော့ဘဲ ကလေးများကို သူတို့အစီအစဉ်အတိုင်းသာ ဆက်လုပ်ခွင့် ပေးလိုက်ရတော့သည်။

ယဲ့ချန်းနင်နှင့် ယဲ့ချန်းရှန့်တို့ ညီအစ်ကိုနှစ်ယောက် အတူတူထိုင်ကာ မတွေ့ရသည့် ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းရာများနှင့် ပတ်သတ်၍ စကားပြောခဲ့ကြပြီး ယဲ့ရှောင်ရှောင်ကိုလည်း မေးခွန်းများ မကြာခဏ မေးမြန်းခဲ့ပါသည်။

ယဲ့ရှောင်ရှောင်နှင့် အတန်းဖော်တစ်ယောက်တို့ အတူတူလုပ်ကိုင်နေသည့် လုပ်ငန်းအကြောင်းကို ကြားသိပြီးနောက် ယဲ့ချန်းနင် အံ့အားသင့်စွာ ပြောလိုက်သည်။

“ငါတို့မိသားစုထဲမှာ ရှောင်ရှောင် စီးပွားရေးလုပ်ရင် အရမ်းလွယ်ကူသလိုပဲနော်”

ယဲ့ချန်းရှန့်ကတော့ သိပ်မအံ့ဩမိပေ။

“သူ့နောက်မှာ ဆရာကြီးစုန့်တစ်ယောက်လုံး ရှိနေတာာကိုး”

ယဲ့ချန်းနင်က ကျီစယ်လိုက်သည်။

“ငါလည်း ဆရာတစ်ယောက်လောက် ရှာဦးမှပါ”

မြောင်ဖုန့်ရှန်းက ဝင်ဆူလိုက်သည်။

“ခွေးကောင်၊ ဖြတ်လမ်းနည်းလိုက်ဖို့ မစဉ်းစားနဲ့၊ အဲ့လိုအရာမျိုးဆိုတာ ကံပါမှ အခွင့်အရေးရတာ၊ ဆရာတစ်ယောက် တင်လိုက်ရုံနဲ့ အားလုံးအဆင်ပြေသွားမယ်လို့ အာမခံချက်ရှိလို့လား”

ယဲ့ချန်းနင် နှာခေါင်းပွတ်ကာ ပြောလိုက်သည်။

“စကားအဖြစ် ပြောတာပါဗျာ…”

မောင်နှမသုံးဦး အဘိုးမြောင်၏ အိမ်တွင် တစ်ညတာ တည်းခိုခဲ့ကြပြီး နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ချန်းနင်သည် ယွီကန်းနှင့် ယဲ့ချန်းရှန့်တို့ကိုခေါ်ကာ အပြင်ထွက်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်ကမူ ၉ နာရီကျော်သည်အထိ အိပ်စက်ခဲ့ပြီး သူမ အိပ်ရာနိုးလာသောအခါ အခြားမိသားစုဝင်များမှာ လုပ်စရာရှိသည်များကို လုပ်ဆောင်ရန်အတွင် အပြင်သို့ ထွက်သွားကြလေပြီ။

ယဲ့ချန်းနင်သည် အသားစက်ရုံမှ မိတ်ဆွေတစ်ဦးနှင့် သွားရောက်တွေ့ဆုံပြီး ဝက်တစ်ကောင်လုံးကို ဝယ်ယူကာ ယွီကန်းနှင့် တစ်ဝက်စီ ခွဲယူခဲ့သည်။

အပြန်လမ်းတွင် ယဲ့ချန်းရှန့်က တစ်ချိန်လုံးမေးချင်နေသည့် မေးခွန်းကို မေးမြန်းခဲ့ပါသည်။

“ပေကျင်းကိုရောက်တုန်းက ယန်ယန်ကို သွားတွေ့ခဲ့သေးလား”

ယဲ့ရှောင်ရှောင်အရှေ့တွင် ထိုအကြောင်းကို မမေးမြန်းချင်၍ အပြင်ရောက်မှ မေးခဲ့ရခြင်း ဖြစ်သည်။

ယဲ့ချန်းနင် ပေကျင်းမြို့သို့ သွားရောက်မည်ဟု ယဲ့ချန်းရှန့် ကြားသိခဲ့ရစဉ်က အချို့ကိစ္စများနှင့်ပတ်သတ်ပြီး စာတစ်စောင်ရေးကာ ကြိုတင်အသိပေးထားပြီးသားဖြစ်သည်။ မိသားစုပိုက်ဆံကို ယူဆောင်ပြီး မိမိသဘောနှင့်မိမိ ထွက်ခွာသွားသည့် ဟောက်ယန်ယန်၏အကြောင်းလည်း ပါဝင်သည်။

ယဲ့ချန်းနင် ခေါင်းခါသည်။

“မတွေ့ခဲ့ဘူး၊ ဒါပေမယ့် သတင်းတချို့တော့ ကြားခဲ့ရတာပဲ၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့ကွာ၊ ယန်ယန်က သူ့ဆုံးဖြတ်ချက်နဲ့သူ ထွက်သွားတာဆိုတော့ ငါတို့ဘက်ကလည်း အသိ အမှတ်ပြုပေးဖို့ပဲရှိတယ်၊ သူနောင်တမရပါစေနဲ့လို့ပဲ ဆုတောင်းပေးရမှာပေါ့”

သူမ နောင်တရလျှင်ပင် ယဲ့မိသားစုက ပြန်လည်လက်ခံပေးဖို့ ခဲယဉ်းပါလိမ့်မည်။

မပြောသင့်သည့်ကိစ္စများအတွက် ယဲ့မိသားစုဝင်များက အချင်းချင်းနားလည်မှုရှိကြပါသည်။ ထို့ကြောင့် ယဲ့ချန်းရှန့်လည်း ဆက်မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့သဘောထားကတော့ ရိုးရှင်းပါသည်။ သူမ သဘောနှင့် သူမ ထွက်ခွာသွားခဲ့ခြင်းဖြစ်၍ အရာရာ ယခင်ကလို ပြန်ဖြစ်ဖို့ဟူသည်မှာ လုံးဝမဖြစ်နိုင်တော့ပါ။

ယဲ့ရှောင်ရှောင် မနက်စာစားပြီးနောက် သမဝါယမအရောင်းဆိုင်သို့ သွားရောက်ကြည့်ရှုခဲ့သေးသည်။

ဤနေရာရှိ ကုန်ပစ္စည်းများမှာ ပေကျင်းမြို့လောက် မစုံလင်သော်လည်း ရံဖန်ရံခါတွင် ပေကျင်းမြို့၌ ရှာမရနိုင်သည့် အစားအသောက်အချို့ကို ရှာတွေ့နိုင်ပါသည်။

စုန့်လင်မြို့ကဲ့သို့ ချောင်ကျသော နေရာတစ်ခုတွင် သစ်သီးဝလံများကို ဝယ်ယူဖို့ မလွယ်ကူလှပေ။

ပန်းသီးများမှာမူ ပေါပေါများများရှိတတ်ပြီး ဆောင်းတွင်းတစ်တွင်းလုံးလည်း သိုလှောင်ထားနိုင်သဖြင့် အိမ်ထောင်စုများက ဈေးသက်သာသည့်အချိန်တွင် ဝယ်ယူထားလေ့ရှိပါသည်။

ယဲ့ရှောင်ရှောင်သည် ပန်းသီးတစ်အိတ်၊ မုယောနို့နှစ်ပုလင်း၊ နို့မှုန့်နှစ်ပုလင်း၊ သကြားညိုနှစ်ထုပ်နှင့် သကြားလုံး လေးကျင်းခန့် ဝယ်ယူခဲ့သည်။

ထိုပစ္စည်းများကို ဝယ်ယူပြီးနောက် အခြားပစ္စည်းများ ဆက်မသယ်နိုင်တော့သဖြင့် ယဲ့ရှောင်ရှောင် ပြန်လာခဲ့တော့သည်။ ပစ္စည်းများအားလုံးကို ဂုန်နီအိတ်တစ်လုံးဖြင့် ထုတ်ထားသဖြင့် အထဲတွင် ဘာပါမှန်း အပြင်မှ မမြင်နိုင်ပေ။

သို့သော် ယဲ့ရှောင်ရှောင်ကဲ့သို့ သမဝါယမဆိုင်အတွင်းမှ ပစ္စည်းအမြောက်အများ သယ်ယူပြီး ထွက်လာသောလူတစ်ယောက်သည် မြို့တွင်းရှိ အလုပ်လက်မဲ့ လူရမ်းကားများ၏ ပစ်မှတ်ထားမှုကို ခံရဖို့ အလွန်ပင် လွယ်ကူလှပေသည်။

နှစ်သစ်ကူးခါနီးဖြစ်၍ ထိုလူရမ်းကားများသည် နှစ်သစ်ကူးတွင် ပျော်ပါးနိုင်ဖို့အတွက် ရွေးချယ်စရာမရှိသည့်အဆုံး ခိုးဝှက်ခြင်း သို့မဟုတ် လုယက်ခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိကြပါသည်။

သမဝါယမဆိုင်အတွင်းမှ ယဲ့ရှောင်ရှောင် ထွက်လာပြီး သိပ်မကြာလိုက်ဘဲ အနောက်မှ တစ်စုံတစ် ယောက် လိုက်လာသည်ဟု ခံစားလိုက်ရသည်။

ယခုလောလောဆယ် လမ်းသွားလမ်းလာ များပြားသည့် လမ်းမကြီးပေါ်တွင် ယဲ့ရှောင်ရှောင် သွားလာနေခြင်း ဖြစ်သော်လည်း အဘိုးမြောင်၏ အိမ်သို့ ပြန်မည်ဆိုလျှင် လမ်းကြားငယ်လေးတစ်ခုမှ ဖြတ်သွားဖို့ လိုအပ်ပါသည်။

တစ်စုံတစ်ခု မူမမှန်သည်ကို ယဲ့ရှောင်ရှောင် အာရုံခံမိနေပါပြီ။ ထို့ကြောင့် လမ်းကြားဝတွင် မတ်တပ်ရပ်လျက် သူမနှင့် လမ်းကြောင်းတူတူ သွားမည့်သူ ရှိ၊ မရှိ စောင့်ကြည့်နေလိုက်သည်။

သူမ အနောက်သို့ တစ်ချိန်လုံး နောက်ယောင်ခံ လိုက်လာသည့် လူသုံးဦး ရှိနေပြီး သုံးဦးစလုံးမှာ အလွန် ငယ်ရွယ်ကြသူများ ဖြစ်သည်။

ယခုခေတ်အခါတွင် ဖက်ရှင်အကျဆုံးဟုဆိုနိုင်သော သားရေဦးထုပ်များကိုလည်း ဆောင်းထားကြပြီး လက်များကို အင်္ကျီအိတ်ကပ်ထဲတွင် ထိုးထည့်ထားကာ ခေါင်းငုံ့လျက် ယဲ့ရှောင်ရှောင်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြပါသည်။

ယဲ့ရှောင်ရှောင် အချိန်အတော်ကြာအောင် စောင့်နေပြီးနောက် ဤပတ်ဝန်းကျင်တွင် နေထိုင်သည့် အဘွားရွှင်းကို မြင်ခဲ့ရသည်။

ယခင်က သူမအိမ်တွင် နေကြာစေ့များ သွားဝယ်ဖူးသဖြင့် အဘွားရွှင်းကို ယဲ့ရှောင်ရှောင် အတော်လေး ရင်းနှီးနေပါသည်။

အဘွားရွှင်းက မြေးမလေးဖြစ်သူနှင့် အိမ်ပြန်လာပုံရသည်။

“သမီး အိမ်မပြန်သေးဘူးလား၊ ပစ္စည်းတွေ သယ်ရမှာ လေးနေလို့လား၊ အဘွားကူသယ်ပေးမယ်လေ”

အဘွားရွှင်း ဖော်ရွေစွာ ကမ်းလှမ်းလိုက်သည်။

တဖြည်းဖြည်းနှင့် နီးကပ်လာသည့် လူသုံးဦးကို ယဲ့ရှောင်ရှောင် အကဲခတ်လိုက်သည်။

ထိုသုံးဦးစလုံးက ငယ်ရွယ်ပြီး ကြံ့ခိုင်ကြသဖြင့် အဘွားရွှင်းကူညီပေးမည်ဆိုလျှင်ပင် ယောက်ျားသား သုံးဦးကို ယှဉ်နိုင်မည် မထင်ပါ။

ယဲ့ရှောင်ရှောင် ရည်ရွယ်ချက်ရှိရှိ အသံကိုမြှင့်ကာ အဘွားရွှင်းအား ပြောလိုက်သည်။

“သမီးအစ်ကိုတွေကို စောင့်နေတာပါ၊ သူတို့ ခဏနေပြန်လာတော့မယ်”

သို့သော် လူရမ်းကားသုံးဦးကို တားဆီးဖို့ မအောင်မြင်ခဲ့ဘဲ တဖြည်းဖြည်းနှင့် ပိုမို နီးကပ်လာကြပါသည်။

“မင်းက ဒီနားမှာ နေတာလား၊ ဆက်ကြေးကော ပေးပြီးပြီလား”

သုံးဦးအနက် ခေါင်းဆောင်ဖြစ်သူက ရင့်ရင့်သီးသီး ပြောလိုက်သည်။

အဘွားရွှင်းက ကောင်မလေးနှစ်ယောက်ကို ချက်ချင်းပင် ကာကွယ်ပေးလိုက်ပါသည်။

“နင်တို့ ဘာကောင်တွေလဲ၊ သွားကြစမ်း၊ ဒီမှာ ပြဿနာလာမရှာနဲ့နော်”

လူရမ်းကားခေါင်းဆောင်က သူ့လူနှစ်ယောက်ကို မျက်လုံးဖြင့် အချက်ပြလိုက်ပြီး ပစ္စည်းများကို အတင်းအဓမ္မ လုယက်ဖို့ကြံရွယ်လိုက်ပါသည်။

“မင်းတို့ ဘာလုပ်နေတာလဲကွ!”

လူရမ်းကားသုံးဦး၏အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပါသည်။

ယဲ့ရှောင်ရှောင် လှမ်းကြည့်လိုက်ရာ ဦးလေးလီဟယ့်ကို မြင်လိုက်ရလေသည်။

ယခင်က ဖြစ်ပျက်ခဲ့သည့် ပြဿနာများကြောင့် လီဟယ့်ကို ယဲ့ရှောင်ရှောင် မမြင်မိသည်မှာ အတော်ကြာပါပြီ။ ယခုလို ပြန်ဆုံတွေ့ရသည်မှာလည်း အနေခက်စရာကောင်းလှသည်။

လီဟယ့်သည် သန်မာထွားကျိုင်းသူတစ်ယောက်ဖြစ်ရာ လူရမ်းကားသုံးဦးက မအောင်မြင်နိုင်တော့မှန်းသိ၍ သုတ်ခြေတင်ထွက်ပြေးသွားကြတော့သည်။

All Chapters