← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

📗 Chapter 137

လူရမ်းကားများ ထွက်ပြေးသွာသောအခါ လီဟယ့်က ယဲ့ရှောင်ရှောင်တို့ကို သတိပေးလိုက်ပါသည်။

“ခုတလော ဒီနားမှာ သူခိုးကြမ်းပိုးတွေ အရမ်းပေါနေတာ၊ အပြင်တွေဘာတွေ ဈေးဝယ်ထွက်တဲ့အခါကျရင် အဖော်များများခေါ်ပြီး ထွက်ကြပါ”

အဘွားရွှင်း ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ်ကွယ်၊ မင်းရောက်လာလို့သာမဟုတ်ရင် ဒီလူရမ်းကားတွေ ရှေ့ဆက်တိုးမှာသေချာတယ်”

လီဟယ့်: “ကျွန်တော်လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ၊ ကျေးဇူးတင်စရာမလိုပါဘူး”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်ရှောင်ကိုပင် စကားမပြောဘဲ လီဟယ့် လှည့်ထွက်သွားတော့သည်။ သူလည်း အနည်းငယ် နေရခက်နေမှာ သေချာပါသည်။

အဘွားရွှင်း ခေါင်းတခါခါနှင့် ဆိုလိုက်သည်။

“လီဟယ့်က စိတ်ထားကောင်းပါတယ်၊ သူ့မိန်းမနဲ့ ကွာရှင်းလိုက်ရတာ စိတ်မကောင်းစရာပဲ”

“ကွာရှင်းလိုက်တယ် ဟုတ်လား”

ထိုအကြောင်း ယဲ့ရှောင်ရှောင် မကြားမိသေးပါ။

အဘွားရွှင်း ခေါင်းညိတ်သည်။

“ဟုတ်တယ်လေ၊ သူ့မိန်းမက ဘဝကို အေးအေးချမ်းချမ်း နေတတ်တဲ့လူမျိုးမှ မဟုတ်တာ၊ ကွာရှင်းလိုက်တာပဲ ကောင်းပါတယ်အေ”

ယဲ့ရှောင်ရှောင်က ထပ်မေးလိုက်သည်။

“ဦးလေးလီဟယ့်ရဲ့ မိသားစုမှာ တခြားဘယ်သူမှ မကျန်တော့ဘူးးလား”

အဘွားရွှင်းက ရှင်းပြသည်။

“သူ့အိမ်မှာ ကလေးတစ်ယောက်တော့ ရှိသေးတယ်၊ ဒါပေမယ့် အသက် ၁၀ နှစ်ကျော်နေပါပြီ၊ သူက ငွေရေးကြေးရေးလည်း သိပ်မချို့တဲ့တော့ နောက်အိမ်ထောင်ပြုဖို့ မခက်လောက်ဘူး”

အဘွားရွှင်း၏စကားပြောဆိုပုံများကို ကြည့်ခြင်းအားဖြင့် လီဟယ့်အား အလွန်ပင် အကောင်းမြင်နေမှန်း သိသာပါသည်။

“ငါ အချိန်ရတဲ့အခါကျရင် အိမ်ထောင်မှုနိုင်နင်းတဲ့ မိန်းမတစ်ယောက်နဲ့ အောင်သွယ်တော် လုပ်ပေးဦးမှပါအေ”

ယခင်တစ်ခေါက်က သူမတို့နှင့်ဖြစ်ပျက်ခဲ့သည့် ပြဿနာများကြောင့် လီဟယ့် အိမ်ထောင်ကွဲသွားခဲ့ရခြင်းလားဟု ယဲ့ရှောင်ရှောင် တွေးတောရင်း ပစ္စည်းများကို သယ်ဆောင်လျက် အိမ်သို့ဆက်လျှောက်လာခဲ့ပါသည်။

သို့သော် လီဟယ့်၏မိန်းမကိုတော့ သူမ သဘောမကျသလို ထပ်လည်း မမြင်ချင်တော့ပေ။

အဘွားရွှင်း လမ်းကြုံသဖြင့် ယဲ့ရှောင်ရှောင်ကို အိမ်အထိလိုက်ပို့ပေးပြီးမှ သူမ မြေးမလေးနှင့်အတူ ပြန်သွားခဲ့ပါသည်။

အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင် ပစ္စည်းများကို သိမ်းဆည်းရင်း အဘိုးမြောင်အား လှမ်းပြောလိုက်သည်။

“အဘိုး၊ သမီးပစ္စည်းတွေ ဝယ်ပြီး ပြန်လာတုန်းက လူရမ်းကားတွေနဲ့ တွေ့ခဲ့သေးတယ်”

ယုန်စာကျွေးပြီး ပြန်လာသည့် မြောင်ဖုန့်ရှန်းမှာ ထိုစကားကိုကြားပြီး အလွန်စိုးရိမ်ပူပန်သွားခဲ့သည်။

“ဘာဖြစ်သွားသေးလဲ ရှောင်ရှောင်”

“သမီးဘာမှမဖြစ်ပါဘူး၊ အဘွားရွှင်းနဲ့ ဦးလေးလီဟယ့်တို့ ကူညီပေးလို့ အဆင်ပြေသွားတယ်”

မြောင်ဖုန့်ရှန်းက သတိပေးလိုက်သည်။

“အခုချိန်ကစပြီး တစ်ယောက်တည်း အပြင်မထွက်ရတော့ဘူးနော်၊ ဒီလို နှစ်ကုန်ခါနီးကျရင် လူရမ်းကားတွေ သောင်းကျန်းတတ်တာ ပုံမှန်ပဲ”

ယဲ့ရှောင်ရှောင်: “သမီးနားလည်ပါတယ် အဘိုးရဲ့၊ ပြီးတော့ ဝယ်စရာလည်း ဘာမှ မကျန်တော့ပါဘူး”

သူတို့နှစ်ဦး စကားပြောဆိုပြီးကြချိန်တွင် ယဲ့ချန်းနင်နှင့် ယွီကန်းတို့ ဂုန်နီအိတ်တစ်လုံးကို သယ်ကာ ပြန်ရောက်လာကြသည်။

“တတိယအစ်ကို ဘာတွေ ဝယ်လာတာလဲ””

ယဲ့ချန်းနင် အိတ်ကို ဖြည်ပြလိုက်ရာ ဝက်ခေါင်းတစ်လုံး ပေါ်လာသည်။

ယဲ့ရှောင်ရှောင် အံ့အားသင့်သွားလေသည်။

“ဝက်တစ်ကောင်လုံး ဝယ်လာတာလား!”

ယဲ့ချန်းနင်က လက်ဖြင့် သရုပ်ပြလိုက်ပါသည်။

“ဓားနဲ့ ထက်ပိုင်းပိုင်းပြီး ကန်းကျစ်ကို တစ်ဝက်ပေးရမယ်”

ယွီကန်းက ပြုံးသာ ပြုံးနေပါသည်။ ဝက်တစ်ကောင်လုံးကို ယဲ့ချန်းနင်ကသာ အကုန်အကျခံပြီး ဝယ်ယူထားခြင်း ဖြစ်သည်။

ယွီကန်းက တစ်ဝက်စာ ပေးချင်ခဲ့သော်လည်း ယဲ့ချန်းနင်က လက်မခံပါ။ နှစ်ဝက်ခန့် အလုပ်ကြိုးစားပြီးနောက် ဝက်တစ်ကောင်ဝယ်ယူဖို့တော့ ကျိန်းသေပိုက်ဆံရှိပါသည်ဟု ဆိုခဲ့သည်။

အဘိုးမြောင်က ဓားတစ်လက်ယူကာ ဝက်တစ်ကောင်လုံးကို နှစ်ပိုင်းပိုင်းပေးလိုက်သည်။

ယဲ့ရှောင်ရှောင်တို့အဖွဲ့ မနက်ဖြန် ရွာပြန်ဖို့ ဆုံးဖြတ်ထားကြပါပြီ။

အဘိုးမြောင်လည်း ယုန်အနည်းငယ်ကို ရောင်းချလိုက်ပြီး ကျန်ရှိနေသည့် ယုန်များကို အိမ်နီးချင်းများလက်ထဲ အပ်ထားခဲ့လိုက်သည်။

---- --- ----

ပိုင်ချွမ်ရွာတွင်…

ယဲ့ရှောင်ရှောင်တို့ တောင်ကုန်းပေါ်သို့ ရောက်ရှိလာသောအခါ သူတို့ကို လာကြိုသည့် ယဲ့ချန်းချင့်နှင့် ယဲ့ချန်းကျွင်းတို့ကို တွေ့ခဲ့ရသည်။

ညီငယ် ညီမငယ်များ မည်သည့်ရက်တွင် ပြန်လာမည်မှန်း အတိအကျ မသိသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ယခုကဲ့သို့ပင် လာစောင့်နေခဲ့ကြခြင်း ဖြစ်သည်။

“အစ်ကိုကြီးနဲ့ အစ်ကိုကျွင်းတို့!”

ယဲ့ချန်းနင်က လက်ပြကာ လှမ်းခေါ်လိုက်သည်။

ယဲ့ချန်းချင့်နှင့် ယဲ့ချန်းကျွင်းတို့လည်း ပစ္စည်းများကို ကူသယ်ပေးလိုက်ပါသည်။

ယဲ့ချန်းကျွင်းက ဆိုသည်။

“မင်းတို့ နည်းနည်းနောက်ကျတယ်နော်၊ နှစ်သစ်ကူးရောက်ဖို့ သိပ်တောင်မလိုတော့ဘူး”

ယဲ့ချန်းချင့်ကမူ ယဲ့ချန်းနင်ကို ကြည့်ကာ ဆူငေါက်လိုက်သည်။

“မင်း အိမ်ပြန်လာရဲသေးတယ်ပေါ့”

ယဲ့ချန်းနင် ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။

“အစ်ကိုကြီးကလည်း၊ ငါက နှုတ်မဆက်ဘဲ ထွက်သွားခဲ့တာဆိုပေမယ့် တကယ်ပြန်လာလို့ မရလို့ပါ၊ ပြီးတော့ သစ်တောစခန်းကိုလည်း ပိတ်လိုက်ရပြီလို့ကြားတယ်နော်၊ အဲ့တာဆို ငါ့ဆုံးဖြတ်ချက် မှန်ကန်တဲ့ သဘောပဲပေါ့!”

ယဲ့ချန်းချင့်: “အဲ့တာတွေ အဖေနဲ့အမေကို သွားရှင်းပြလိုက်လေ”

ယဲ့ချန်းနင်မှာ ချက်ချင်းငြိမ်ကျသွားတော့သည်။

ရွာသို့ရောက်ရှိသောအခါ ယွီကန်းကမူ အားလုံးကို နှုတ်ဆက်ပြီး သူ့ပစ္စည်းများသူ သယ်ဆောင်လျက် ရွှင်ရွှင်ပျပျနှင့် လမ်းခွဲသွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်တို့‌ မောင်နှမများလည်း အိမ်သို့ ဆက်လျှောက်လာခဲ့ကြသည်။

အိမ်တွင် မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့ နှစ်ဦးစလုံးရှိနေကြသည်။ ထို့အပြင် ယဲ့ရှောင်ရှောင်၏ အဘိုးအဘွားများနှင့် အဒေါ်ဖြစ်သူတို့လည်း ခြံထဲတွင် ရောက်နေကြပါသည်။

“အမေ၊ ကျွန်တော်တို့ ပြန်လာပြီ!”

ယဲ့ချန်းနင် ခြံထဲသို့ ပြေးသွားပြီး မြောင်စွေ့ဖန်းအား ဖက်လိုက်ပါသည်။

မြောင်စွေ့ဖန်း သူ့ပခုံးကို ဖြတ်ရိုက်လိုက်သည်။

“နင်အိမ်ပြန်လာရကောင်းမှန်း သိသေးတယ်ပေါ့၊ အိမ်ကို ဘာတစ်ခွန်းမှ ပြောမသွားဘဲ ထွက်သွားတာ ကြည့်စမ်း”

ယဲ့ချန်းနင်: “ကျွန်တော်ပြောရင် အဖေနဲ့ အမေတို့ ခွင့်မပြုမှာ စိုးလို့ပါ”

မြောင်စွေ့ဖန်း သတိပေးလိုက်သည်။

“အေးပါ၊ နင့်အဖေ ပြန်လာပြီး ဆုံးမမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့”

ယဲ့ချန်းနင် ချွဲနွဲ့စွာ ပြောလိုက်သည်။

“အဲ့တာဆို အဖေ့ကို ခဏနေမှ ပြန်လာခိုင်းလိုက်ပါလား”

မြောင်စွေ့ဖန်း သူ့ကို တွန်းထုတ်လိုက်သည်။

“နင်တို့ သားအဖကြား ငါ ဝင်မပါဘူး၊ ချန်းရှန့်နဲ့ ရှောင်ရှောင်တို့ အိမ်ထဲ မြန်မြန်ဝင်ကြလေ၊ အမေ ဒီနေ့ ဖက်ထုပ်တွေ လုပ်ပေးထားတယ်၊ ဒီနေ့ည တစ်မိသားစုလုံး ဖက်ထုပ်စားကြမယ်”

ယဲ့ရှောင်ရှောင်သည် သူမ ပစ္စည်းများကို အခန်းထဲသို့ အရင်ပို့ဆောင်လိုက်ပါသည်။

သူမ၏ အခန်းငယ်လေးမှာ ဖုန်တစ်စက်မှမရှိဘဲ သန့်ရှင်းသပ်ရပ်လို့နေသည်။ ပြူတင်းပေါက်များကိုလည်း အသစ်ပြန်လည် တပ်ဆင်ထားပုံ ပေါ်သည်။

ယခင်က စက္ကူများဖြင့် အုပ်ထားခြင်းဖြစ်သော်လည်း ယခုမူ ဖန်အစစ်ဖြင့် အစားထိုး လဲလှယ်ထားပါသည်။

အပူပေးကုတင်ကလည်း အလွန်ပင် နွေးထွေးနေကာ အခန်းအတွင်းရှိ ဓာတ်ဘူးထဲတွင်လည် ရေနွေးများ အပြည့် ဖြည့်ထားလေသည်။

ဧည့်ခန်းထဲတွင် တစ်မိသားစုလုံး အတူတကွ ထိုင်နေကြပါသည်။

ယဲ့ချန်းနင်သည် ပို့စရာရှိသည့် လက်ဆောင်များကို ယခင်တစ်ခေါက်က ပို့ဆောင်ထားပြီးသားဖြစ်၍ ယခုအကြိမ်တွင်မူ များများစားစား ယူဆောင်လာခြင်း မရှိပေ။

ပါလာသည့် လက်ဆောင်များကို ကလေးများနှင့် လူကြီးသူမများအား ခွဲဝေပေးခဲ့ပါသည်။

ယဲ့ချန်းနင် မေးလိုက်သည်။

“အစ်မကြီးကို မတွေ့မိပါလား”

ယဲ့လျန် ကွာရှင်းပြတ်စဲပြီးစဉ်ကတည်းက မိသားစုအိမ်သို့ ပြန်လာနေခဲ့ပါသည်။

လီကွေ့လန်: “ကလေးနှစ်ယောက်နဲ့ သူ့အိမ်မှာပဲလေ”

ယဲ့ချန်းနင်: “သူတို့ကိုပါ ခေါ်လိုက်ပါလား၊ ကျွန်တော် သကြားလုံးတွေ ဝယ်လာတယ်၊ ကလေးတွေ ကြိုက်ကြမှာ”

လီကွေ့လန် ပြုံးလိုက်ပါသည်။

“စားချိန်သောက်ချိန်ကျမှ လှမ်းခေါ်လိုက်ပါမယ်၊ ယဲ့လျန် အိမ်မှာ ဖိနပ်အောက်ခံပြားတွေ ချုပ်နေတာလေ၊ သူတို့အတွက် အရင်ကလည်း လက်ဆောင်တွေ ပို့ထားပြီးသားမဟုတ်ဘူးလား၊ နင်ပိုက်ဆံကို အရမ်းမဖြုန်းစမ်းပါနဲ့”

ယဲ့ချန်းနင်: “မဖြုန်းပါဘူးဗျာ၊ ကလေးတွေစားဖို့ ဝယ်လာတာပါ”

ထိုစဉ် ယဲ့ပေါင်ချန်းလေးက ယဲ့ချန်းနင်၏ပေါင်ကို ပြေးဖက်လိုက်သည်။

“တတိယဦးလေး၊ သားအတွက်ကော မုန့်ပါလား”

ယဲ့ချန်းနင် ကောင်လေးကို ပွေ့ချီကာ ပြောလိုက်သည်။

“မင်း ဒီလောက်တောင် ဝဖြီးနေတာ နည်းနည်းပါးပါး လျှော့စားပါဦးလား”

ယဲ့ပေါင်ချန်း ခေါင်းကိုသာမက ခန္ဓာကိုယ်ကိုပါ ခါယမ်းပစ်လိုက်သည်။

“မလျှော့ဘူး မလျှော့ဘူး!”

ယဲ့ချန်းနင်လည်း သူ့လက်ထဲ ‌ချော့ကလက်အနည်းငယ် ထည့်ပေးလိုက်ရသည်။

“ဒါကိုယူပြီး ဘေးနားမှာ သွားကစားနေ သွား၊ မင်းညီလေးကို မကျွေးနဲ့နော်၊ ကလေးငယ်ငယ်လေးတွေက သကြားလုံးတွေ အများကြီးမစားရဘူး”

ယဲ့ပေါင်ချန်းလေးမှာ အပူပေးကုတင်ပေါ်သို့တက်လျက် ပျော်ရွှင်မြူးထူးစွာ ကစားနေတော့သည်။

ယဲ့ချန်းယွမ်လေးကို ကျန်းရွှယ်က ပွေ့ချီထားပါသည်။ အစ်ကိုဖြစ်သူ မုန့်များ ရရှိသည်သွားကို မြင်ပြီးနောက် သူလည်း သွားရည်ကျနေသည်။

ယဲ့ချန်းနင်: “မင်းသောက်ဖို့ နို့မှုန့်တွေလည်း ပါပါတယ်”

ယဲ့ရှောင်ရှောင်က ဧည့်ခန်းထဲသို့ ထွက်လာရင်း ပြောလိုက်သည်။

“သမီးလည်း နို့မှုန့်တွေဝယ်လာတယ်၊ ခဏနေရင် အစ်မကြီး(ယဲ့လျန်)ရဲ့ ကလေးတွေအတွက် တစ်ဘူးလောက် သွားပေးလိုက်ဦးမယ်”

ထိုကလေးနှစ်ဦးမှာ အလွန်ပင် ပိန်ပါးလွန်းပါသည်။ နှစ်ယောက်စလုံးက ယဲ့ပေါင်ချန်းလေးထက် အသက်ကြီးသော်လည်း ယဲ့ပေါင်ချန်းလေးလောက် ကိုယ်အလေးချိန်မရှိကြပါ။

ယဲ့ရှောင်ရှောင်တို့ မောင်နှမများ ပြန်လာသောအခါ မိသားစုအတွင်းရှိ ကလေးများ အလွန်ပျော်ရွှင်ကြရသည်။

ယဲ့ချန်းရှန့်က မေးသည်။

“အဖေ ဘယ်သွားတာလဲ အမေ”

မြောင်စွေ့ဖန်း: “နင့်အဖေ တောင်နောက်ဘက်က ပြည်သူ့စစ် တပ်ဖွဲ့တွေကို လေ့ကျင့်ရေးဆင်းပေးနေတယ်လေ၊ ညနေလောက်မှ ပြန်လာလိမ့်မယ်၊ ငါတို့ရွာနားမှာ ပြည်သူ့စစ် လေ့ကျင့်ရေးစခန်းတစ်ခု အသစ်ဆောက်ထားတာ၊ ငါတို့ရွာကို မကြာခင် လျှပ်စစ်မီးပေးနိုင်တော့မယ်ထင်တယ်၊ ဖုန်းတစ်လုံးပါ လာဆင်ပေးလောက်တယ်”

ယဲ့ချန်းရှန့်က အံ့အားသင့်သွားသည်။

“တကယ်လား၊ လျှပ်စစ်မီးရရင် တကယ်အဆင်ပြေမှာပဲ”

ယဲ့ရှောင်ရှောင်ကလည်း ထောက်ခံသည်။

“ဟုတ်တယ်၊ လျှပ်စစ်မီးရရင် တီဗွီလည်း ဝယ်လို့ရတယ်၊ အဲ့တာဆို အမေတို့ အိမ်မှာ မပျင်းရတော့ဘူးပေါ့”

မြောင်စွေ့ဖန်းက ခပ်မြန်မြန်ပင် လက်ကိုခါယမ်းကာ ပြောလိုက်သည်။

“ကဲပါ ကဲပါ၊ ဟိုက ဓာတ်ကြိုးတွေတောင် စမဆွဲရသေးဘူး နင်တို့က ဟိုဟာဝယ်ဖို့ ဒီဟာဝယ်ဖို့ ကြံနေပြီလား”

ယဲ့ရှောင်ရှောင် ရှက်ကိုးရှက်ကန်းပြုံးလိုက်သည်။

မိသားစုတစ်စုလုံး အပူပေးကုတင်ပေါ်တွင် ထိုင်ကာ စကားပြောခဲ့ကြပါသည်။ အိမ်တစ်အိမ်လုံးကလည်း အေးစက်မနေဘဲ နွေးထွေးနေခဲ့သည်။

ယဲ့ကျန်းကော်ပြန်လာသောအခါ မိသားစုဝင်အားလုံး ညစာစားသောက်ဖို့ ပြင်ဆင်ကြပါသည်။ ယဲ့ကျန်းကော်က ယဲ့ချန်းနင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သော်လည်း လူအများအပြား ရှိနေသဖြင့် မဆုံးမသေးပေ။

ယဲ့ချန်းကျွင်းက အိမ်ပြန်သွားပြီး မိသားစုဝင်များကို သွားခေါ်ခဲ့သည်။ ယဲ့ကျမ့်ယဲ့နှင့် ယဲ့လျန်တို့ သားအဖနှစ်ယောက် ကလေးများကို ခေါ်ဆောင်ကာ ရောက်ရှိလာကြပါသည်။

ယဲ့လျန်၏ ကလေးများဖြစ်ကြသော ယွင်သော်နှင့် ယွင်ရွှမ်းတို့က အားလုံးကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ခဲ့ကြသည်။ သူတို့၏ ပုံစံလေးများမှာ အနည်းငယ် မဝံ့မရဲဖြစ်နေသေးပုံတော့ ပေါ်ပါသည်။

ယဲ့ချန်းနင်က ကလေးနှစ်ယောက်ကို မုန့်များဝေပေးလိုက်သည်။

ချမ့်ယွင်သော်က ညီမဖြစ်သူကို ဦးဆောင်ကာ ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဦးလေး”

ယွင်ချန်းနင်: “လိမ္မာလိုက်တာ”

မြောင်စွေ့ဖန်းက ဝင်ပြောသည်။

“မုန့်တွေ မစားကြနဲ့ဦးနော်၊ ညစာအရင်စားကြမယ်”

All Chapters