← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

📗 Chapter 140

မိသားစုဝင်များအကြား သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီးနောက် ယဲ့လျန်၏ ကိစ္စမှာ အနည်းနှင့်အများ အတည်ပြုပြီးသား ဖြစ်သွားခဲ့သည်။

လီကွေ့လန်လည်း အောင်သွယ်တော်ကို ဆက်သွယ်ကာ နှစ်သစ်ကူးကာလ ပြီးဆုံးသည်နှင့် မိသားစုနှစ်စု ထပ်မံဆုံတွေ့ပြီး လက်ဆက်ထိန်းမြှားမှုကို တရားဝင်အတည်ပြုမည်ဟု အကြောင်းကြားခဲ့ပါသည်။

ပိုင်ချွမ်ရွာတွင် နှင်းများ တဖွဲဖွဲ စတင်ကျဆင်းလာပြီဖြစ်ရာ တောင်ပေါ်ရွာလေးတစ်ရွာလုံး ဆီးနှင်းများ ဖုံးလွှမ်းနေခဲ့ပါသည်။

တောင်နောက်ဘက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကလည်း လေ့ကျင့်ရေးကို ခေတ္တ ဆိုင်းငံ့ထားရသဖြင့် နောက်ဆုံးတွင် ယဲ့ချန်းနင်အားဆုံးမဖို့ ယဲ့ချန်းကော် အချိန်ရသွားခဲ့လေသည်။

ယဲ့ချန်းနင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်သား ပြောလိုက်သည်။

“အဖေ ကျိုးသင့်ကြောင်းသင့် စဉ်းစားကြည့်ပါဦး၊ ကျွန်တော်က ကျွန်တော်တို့ မိသားစု ပြည့်ပြည့်စုံစုံ နေနိုင်ဖို့အတွက် အလုပ်ထွက်လုပ်တာလေ”

ယဲ့ကျန်းကော် လက်ထဲတွင် တုတ်တစ်ချောင်း ကိုင်ထားရင်း ပြန်ချေပလိုက်သည်။

“မင်းကို အလုပ်ထွက်မလုပ်ရဘူးလို့ ဘယ်သူမှ မတားဘူး၊ ဒါပေမယ့် မိသားစုကို တစ်ခွန်းတောင်မပြောခဲ့ဘဲ ခိုးထွက်သွားတာ မိသားစုက ဘယ်လောက် စိတ်ပူနေမလဲ မင်းမတွေးမိဘူးလား”

ယဲ့ချန်းနင်: “…”

‘ဘယ်သူမှ မသိတာ မဟုတ်ဘူးလေ၊ ရှောင်ရှောင် သိနေတာပဲဥစ္စာ!’

သို့သော် သူ့ရဲဘော်ကို သစ္စာဖောက်၍ မရသဖြင့် အပြစ်ကို တစ်ယောက်တည်းသာ ရင်စည်းခံရတော့မည်။

ယဲ့ချန်းနင် အမှားကို ခပ်မြန်မြန်ပင် ဝန်ခံလိုက်ပါသည်။

“ကျွန်တော် မှားမှန်း သိပါပြီ”

ယဲ့ချန်းကော် သားဖြစ်သူကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ငါ့ကိုပြောစမ်း၊ ဒီ ၆ လအတွင်း မင်းဘာတွေလုပ်နေတာလဲ”

ယဲ့ချန်းနင် အမှန်အတိုင်း ပြောပြလိုက်သည်။

“ဘာမှထွေထွေထူးထူး မလုပ်ပါဘူး၊ တောင်ပိုင်းမှာ အဝတ်အစားတွေ ရောင်းနေတာ၊ အဖေတို့ဆီ ပို့ပေးလိုက်တဲ့ အထည်တွေကလည်း ကျွန်တော်ရောင်းတဲ့ထဲကပဲလေ”

ယဲ့ချန်းကော်က သတိပေးသည်။

“မင်း အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း တရားဥပဒေနဲ့ ညီတဲ့အလုပ်ကိုပဲလုပ်နော်၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေလုပ်ရင် ငါ အရင် မင်းခြေထောက်ကိုလာချိုးမှာ”

ယဲ့ချန်းနင်: “မလုပ်ရဲပါဘူးဗျာ”

ယဲ့ကျန်းကော်၏ရင်ထဲတွင်တော့ သားဖြစ်သူကို အလွန်ဂရုစိုက်ပါသည်။

ယဲ့ချန်းနင်က အမှားကိုဝန်ခံနေသဖြင့် မိသားစုကို ဖွင့်မပြောဘဲ ထွက်သွားသည့်ကိစ္စအတွက် ဆက်ပြီး မဆုံးမတော့ဖို့ ယဲ့ကျန်းကော် ဆုံးဖြတ်လိုက်သည်။

“အပြင်လောကကြီးက ငါတို့ရွာလိုမဟုတ်ဘူး၊ အပြင်မှာ အခြေမချနိုင်ခဲ့ရင် အိမ်သာမြန်မြန်ပြန်လာခဲ့”

သူ့လေသံက အေးစက်ခက်ထန်နေသော်လည်း သားဖြစ်သူကို ဂရုစိုက်၍မှာကြားနေခြင်းဖြစ်မှန်း သိသာပါသည်။

ယဲ့ချန်းနင် ခေါင်းညိတ်နာခံလိုက်ပြီး ကျိန်းသေ အလုပ်ကြိုးစားပါ့မည်ဟု ကတိပေးခဲ့သည်။ အဆင်မပြေခဲ့လျှင်လည်း အိမ်သို့ ပြန်လာမည်ဟု ဆိုသည်။

“မင်းက ယွီကန်းနဲ့ ဝမ်ရှန်းတို့နဲ့ အတူတူသွားတာမဟုတ်ဘူးလား၊ ဝမ်ရှန်းက ဘာလို့ နှစ်သစ်ကူး အိမ်ပြန်မလာတာလဲ”

ထို့အတွက်ကြောင့်ပင် ဝမ်မိသားစုက သူတို့အိမ်ကို မကြာခဏလာရောက်မေးမြန်းနေပါသည်။

ယဲ့ချန်းနင်က ရှင်းပြသည်။

“ဝမ်ရှန်းက တောင်ပိုင်းမှာ သူ့သူဌေးရဲ့ ကုန်တင်ကားကို မောင်းပေးနေတာလေ၊ တစ်လအတွင်း သတ်မှတ်ထားတဲ့ ခရီးမိုင်နှုန်းကိုမောင်းနှင်နိုင်ရင် ယွမ်တစ်ရာကျော်လောက်ရတာ၊ နှစ်သစ်ကူးမှာ ပြန်မလာရုံပါပဲ၊ တခြားအချိန်တွေမှာ အားရင်ပြန်လာလိမ့်မယ်၊ ကျွန်တော်တို့ အတူတူသွားကြတာဆိုပေမယ့် လုပ်တဲ့ လုပ်ငန်းချင်းက မတူဘူးလေ”

ထို့နောက် ယဲ့ချန်းနင်က လက်နှစ်ဖက်ကိုဆန့်တန်းကာ စကားကြီးစကားကျယ်ပြောလိုက်သည်။

“လူတိုင်းလူတိုင်းမှာ မတူညီတဲ့ ရည်မှန်းချက်တွေရှိကြတယ်၊ အဲ့တာကို အတင်းအကျပ် လုပ်ယူလို့မရဘူး”

ယဲ့ကျန်းကော် ထပ်မံ ရိုက်နှက်ချင်စိတ်ပင် ပေါက်သွားရသည်။

“အဲ့လိုဆိုရင်တောင် မင်းတို့တွေက ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာကြတာလေ၊ အိမ်နဲ့ ဝေးရာကို ရောက်နေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးသင့်တာပေါ့၊ ဝမ်ရှန်းပြဿနာတစ်ခုခုဖြစ်ရင် သူ့မိသားစုကို အသိပေးမဖို့ မမေ့နဲ့”

ယဲ့ချန်းနင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါပြီဗျာ၊ သူက ကျွန်တော့် ငယ်သူငယ်ချင်းပဲ ဥစ္စာ၊ ဒီတိုင်း ပစ်ထားပါ့မလား”

ယဲ့ကျန်းကော်က ယဲ့ချန်းနင်ကို မတ်တပ်ပြန်ရပ်ခိုင်းလိုက်သည်။

“ငါတို့မိသားစုက အဆင်ပြေတယ်၊ မင်း လတိုင်း ငွေပြန်ပို့ပေးစရာမလိုဘူး”

ယဲ့ချန်းနင် ဘာမှ ပြန်မပြောပေ။ သို့သော် နောင်လည်း မိသားစုထံကို ကျိန်းသေပေါက်ငွေများ ထောက်ပံ့ပေးနေဦးမည်ဖြစ်သည်။

ယခုမှ အစပိုင်းသာ ရှိပါသေးသည်။ နောင်တွင် ငွေအမြောက်အများရှာဖွေနိုင်ပြီး မိသားစု၏ နေထိုင်မှု အဆင့်အတန်းကို ကျိန်းသေပေါက် တိုးမြှင့်ပေးမည်ဟု ယဲ့ချန်းနင် သစ္စာပြုထားသည်။

“အစ်ကိုကြီးနဲ့ အစ်ကိုကျွင်းတို့က အဖေတို့နဲ့ လူကြီးသူမတွေကို စောင့်ရှောက်ဖို့ အိမ်မှာပဲနေရတာမလား၊ နယ်ဝေးတွေမှာလည်း အလုပ်သွားလုပ်လို့မရဘူး၊ ပေါင်ချန်းလေးလည်း ကျောင်းတက်ရတော့မယ်၊ မိသားစု ငွေကုန်မယ့်လမ်းတွေ အများကြီးရှိနေတာ၊ ရွာအနီးနားတစ်ဝိုက်မှာလည်း ဘာအလုပ်မှ ကောင်းကောင်းကန်းကန်းမရှိဘူး၊ အစ်ကိုကြီးကိုလည်း အန္တရာယ်များတဲ့ အလုပ်တွေ မလုပ်စေချင်တော့ဘူး”

ယဲ့ကျန်းကော် သက်ပြင်းချလိုက်သည်။

သားအကြီးဆုံးသည် အစွမ်းအစရှိသူဖြစ်သော်လည်း ပိုင်ချွမ်ရွာကဲ့သို့ ချောင်ကျသော နေရာတွင် ပိတ်မိနေခြင်းကြောင့်သာ ယခုလို ဆင်းရဲနေရခြင်းဖြစ်မှန်း သူ သိပါသည်။ သူ့အစွမ်းအစကို ထုတ်ပြနိုင်သည့် နေရာဟူ၍ မရှိချေ။

ယဲ့ချန်းနင်က ဆက်ပြောသည်။

“အစ်ကိုကြီးက သတ္တုတွင်းတွေနဲ့ ပတ်သတ်လာရင် အကျွမ်းကျင်ဆုံးမလား၊ နောက်ပိုင်း ကိုယ်ပိုင်သတ္တုတွင်း တစ်တွင်းလောက် ပိုင်ဆိုင်နိုင်ရင် ကောင်းမှာပဲ”

ယဲ့ကျန်းကော်က ခေါင်းခါသည်။

“အဲ့လောက် ရိုးရှင်းမလားကွ၊ သတ္တုတွင်းတစ်တွင်း ငှားရမ်းဖို့ဆိုတာ ဘယ်လောက်ငွေကုန်ကြေးကျများလည်း မင်းသိလို့လား၊ ပြီးတော့ အဲ့ဒီသတ္တုတွင်းထဲက သတ္တုတွေ တကယ်ထွက်လာမလားဆိုတာလည်း အာမခံချက် မရှိဘူး၊ အဲ့လိုအကြံအစည်နဲ့ ဒေဝါလီခံသွားရတဲ့ ကျောက်မီးသွေးတွင်းပိုင်ရှင်တွေ အများကြီးရှိတယ်”

ယဲ့ချန်းနင် သက်ပြင်းချလိုက်သည်။

“ထားလိုက်ပါတော့၊ ကျွန်တော်တို့မိသားစုမှာ ငွေရှိလာမှ အဲ့အကြောင်း ဆက်ပြောကြမယ်၊ အစ်ကိုကြီးကို မြို့ထဲမှာ အလုပ်ရှာဖို့ ကျွန်တော်အကြံပေးထားသေးတယ်၊ အဲ့တာမှ ပေါင်ချန်းလေး ကျောင်းတက်တဲ့အခါကျရင် မြို့မှာပဲ နေနိုင်ပြီး အသွားအပြန် လုပ်စရာမလိုတော့ဘူးပေါ့”

ယဲ့ကျန်းကော်က သားဖြစ်သူကို မယုံသင်္ကာ ကြည့်လိုက်သည်။

“မင်း ဘာမဟုတ်တာတွေ ကြံစည်နေပြန်ပြီလဲ”

ယဲ့ချန်းနင်: “ကျွန်တော့်မှာ အဆက်အသွယ်ရှိပြီးသားပါဗျ၊ အဖေဘာမှ စိတ်ပူစရာမလိုဘူး”

အမှန်တွင် ယဲ့ချန်းနင်၏အကြံအစည်ကို ယဲ့ကျန်းကော် စိတ်ထဲမှ ထောက်ခံမိပါသည်။

ယဲ့ချန်းချင့်အတွက် မြို့ထဲတွင် အလုပ်အကိုင်ကောင်းကောင်း ရှာဖွေပေးနိုင်ပါက နောက်ပိုင်း ကလေးများ ကျောင်းတက်ရသည့်အခါ နေထိုင်ဖို့ ‌နေရာတစ်ခု ရှိသွားလိမ့်မည်ဖြစ်သည်။

မြို့ထဲတွင် မြောင်ဖုန့်ရှန်း၏ အိမ်ရှိသော်လည်း ယခင်က ယဲ့ချန်းနင်နှင့် ယဲ့ချန်းရှန့်တို့ ညီအစ်ကိုနှစ်ဦး ထိုအိမ်တွင် နေထိုင်ပြီးခဲ့ကြပါပြီ။ အဘိုးအိုမှာ အသက်အရွယ်လည်းရလာပြီဖြစ်၍ ကလေးများကို စောင့်ရှောက်ခိုင်းဖို့ ယဲ့ကျန်းကော် အားနာမိပါသည်။

ယဲ့ချန်းချင့်သာ မြို့ထဲတွင် အလုပ်အကိုင်ရရှိသွားလျှင် ကျန်းရွှယ်လည်း အတူတူလိုက်နေနိုင်လိမ့်မည်။ လင်မယားနှစ်ယောက် ကလေးများကို အတူတူ စောင့်ရှောက်နိုင်သလို ရံဖန်ရံခါတွင်လည်း ပိုင်ချွမ်ရွာသို့ လာရောက် လည်ပတ်နိုင်ပါသည်။

သူနှင့် မြောင်စွေ့ဖန်းတို့သည် လက်ရှိအချိန်ထိ ကျန်းမာရေးဒေါင်ဒေါင်မြည်နေကြဆဲဖြစ်ရာ သားသမီးတို့ကို ဘေးနားတွင် အမြဲတစေခေါ်ထားဖို့မလိုအပ်ပေ။

သို့သော် ယဲ့ကျန်းကော်က ယဲ့ချန်းနင်အပေါ် မျှော်လင့်ချက် သိပ်မထားပါ။ တတိယသားသည် ငယ်စဉ်ကတည်းက အပေါင်းအသင်းဝင်ဆံ့သူဖြစ်သော်လည်း ယခုကာလတွင် အလုပ်အကိုင်ရရှိဖို့ဟူသည်မှာ ထင်လောက် မလွယ်ကူနိုင်ပေ။

အခန်းထဲမှ ဒဏ်ရာဒဏ်ချက်မရှိဘဲ ပြန်ထွက်လာသည့် တတိယအစ်ကိုကို မြင်ခါမှ ယဲ့ရှောင်ရှောင်လည်း စိတ်အေးသွားပြီး သက်ပြင်းချနိုင်တော့သည်။

“တတိယအစ်ကို အထိုးတော့ မခံရပါဘူးနော်”

ယဲ့ချန်းရှန့်ကမူ သိပ်စိတ်မပူပေ။

“အဖေ သူ့ကို မထိုးပါဘူး”

အမှန်တွင် သူတို့ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ ယဲ့ကျန်းကော်က သားသမီးများအပေါ် ရိုက်နှက်ဆုံးမသည့် နည်းလမ်းများကို အသုံးပြုခဲလှပေသည်။

ငယ်ဘဝက အရိပ်မည်းကြီးတစ်ခုကြောင့်သာ မောင်နှမများအားလုံး ယဲ့ကျန်းကော်ကို ကြောက်ရွံ့နေရခြင်း ဖြစ်ပါသည်။

ယဲ့ရှောင်ရှောင် စိတ်ဝင်စားသွားသည်။

‘တကယ်မထိုးဘူးလား၊ ခုနကမှ တတိယအစ်ကို ကြမ်းပြင်ပေါ်မှာ ကြောက်လန့်တကြားနဲ့ ဒူးထောက်နေရတာ မဟုတ်ဘူးလား’

ယဲ့ချန်းနင် အေးအေးလူလူ လက်ခါပြလိုက်သည်။

“ငါ ဘာမှမဖြစ်ဘူး၊ နှင်းတွေကျနေပြီဆိုတော့ တောထဲဝင်ပြီး စာကလေးသွားဖမ်းရအောင်၊ မင်းတို့ကော လိုက်ဦးမလား”

ယဲ့ချန်းနင်၏ အလေလိုက်ချင်သ်ည့ စရိုက်က ပြန်လည်ထကြွလာပြန်ပါပြီ။

ယဲ့ရှောင်ရှောင် မေးလိုက်သည်။

“စာကလေးဟုတ်လား”

သူမ မှတ်မိသလောက်ဆိုလျှင် စာကလေးများမှာ အစိုးရက ထိန်းသိမ်းကာကွယ်ထားသည့် တိရိစ္ဆာန်များဖြစ်၍ စိတ်ရှိတိုင်း အမဲလိုက်၍ မရပေ။

ယဲ့ချန်းနင်က ဆက်ပြောသည်။

“ငါတို့ကံကောင်းရင် ရစ်ငှက်တွေဘာတွေတောင် ဖမ်းမိနိုင်တယ်”

အကောင်ကြီးတိရိစ္ဆာန်များသည် တောင်အနောက်ဘက် တောနက်ထဲတွင်သာ နေထိုင်လေ့ရှိကြသဖြင့် မြစ်ကမ်းနံဘေးရှိ တောအုပ်နားသို့ ထွက်လာဖို့ ခဲယဉ်းပါသည်။ ထိုနေရာတွင် ငှက်များသာ ပေါပေါများများ ရှိတတ်သည်။

ယဲ့ရှောင်ရှောင်က စမ်းကြည့်ချင်သော်လည်း အပြင်ဘက်တွင် အေးခဲလွန်းနေသည်။

ယဲ့ချန်းရှန့်ကလည်း ဝင်တားလိုက်သည်။

“အပြင်မှာ လေတွေဒီလောက်ထန်နေတာ၊ ပိုက်ကွန်သေချာ ထောင်လို့ရမှာမဟုတ်ဘူး၊ ပြီးတော့ ရာသီဥတု အေးနေတဲ့အချိန် ရှောင်ရှောင် အပြင်မထွက်သင့်ဘူး”

ယဲ့ချန်းနင်: “ဒါဆို နှင်းကျတာ ရပ်သွားမှ သွားကြမယ်ကွာ”

ယဲ့ချန်းရှန့်က မေးသည်။

“ဒီနှစ်ကော ရွာမှာ ငါးဖမ်းကြဦးမှာလား၊ မြစ်ရေတွေလည်း ခဲနေလောက်ပြီမလား”

ယဲ့ချန်းနင်: “နှစ်သစ်မကူးခင် တစ်ခါလောက်တော့ ဖမ်းဦးမယ်ထင်တာပဲ”

ပိုင်ချွမ်ရွာကလေးသည် အလွန်ပင် ဆင်းရဲနွမ်းပါးလှသဖြင့် နှစ်စဉ်နှစ်တိုင်း မြစ်ပေါ်ရှိ ရေခဲများကို ခွဲကာ ငါဖမ်းလေ့ ရှိကြသည်။

ထို့အပြင် ပိုင်ချွမ်ရွာသည် အပြင်လောကနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက်နေခြင်းဖြစ်၍ အပြင်ဘက်မှ ငါးများကို ရွာသို့ တင်သွင်းနိုင်ခြင်း မရှိဘဲ ရွာရှိမြစ်ကိုသာ အားကိုးနေရပါသည်။

ထို့ကြောင့်ရွာထဲတွင် ငါးဟင်းဟူသည်မှာ အလွန်ပင် ရှားပါး အဖိုးတန်လှသော ဟင်းတစ်ခွက်ဖြစ်နေပါသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“ငါးတွေအတူတူဖမ်းပြီး အကြီးဆုံးငါးကို လေလံတင်ရောင်းတဲ့ ပွဲမျိုးလား”

ထိုကဲ့သို့ ရေခဲပြင် ငါးဖမ်းပွဲမျိုးကို တီဗွီထဲတွင် ယဲ့ရှောင်ရှောင် မြင်ဖူးပါသည်။ အလွန်စိတ်ဝင်စားစရာကောင်းသော ရိုးရာဓလေ့တစ်ခုပင် ဖြစ်သည်။

ယဲ့ချန်းနင်ကမူ ယဲ့ရှောင်ရှောင်၏ စကားကို နားမလည်ပေ။

“သူတို့ ပြန်မရောင်းကြပါဘူး… ပုံမှန်ဆို ဖမ်းမိတဲ့ငါးတွေကို ရွာသားတွေကြားထဲ ညီတူမျှတူ ဝေစုခွဲပေးလိုက်တာပဲ”

ယဲ့ရှောင်ရှောင် မှတ်သားထားလိုက်သည်။

“အဲ့တာဆို သမီးတို့ မိသားစုလည်း ဝေစုရမှာပေါ့ ဟုတ်လား”

ယဲ့ချန်းနင်: “ရမယ်ထင်တာပဲ၊ နှစ်တစ်နှစ်ရဲ့ ပထမဆုံး ငါးဖမ်းပွဲမှာ ငါးတွေ အများကြီး ရတတ်တယ်”

ယဲ့ရှောင်ရှောင်သည် ထိုငါးဖမ်းပွဲကို အလွန်ပင် စိတ်ဝင်စားနေပါသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်က ငါးဖမ်းပွဲပြီးနောက် ကျန်ရစ်ခဲ့သည့် ရေခဲတွင်းပေါက်ထဲ ပြုတ်ကျပြီး ဆုံးပါးသွားခြင်း ဖြစ်ပုံရသည်။ ထို့ကြောင့် ယခင်နှစ်က ငါးဖမ်းပွဲကို သူမ မမြင်ခဲ့ရခြင်း ဖြစ်ပါသည်။

နှင်းများမှာ တစ်နေ့လုံး တစ်ညလုံး ဆက်တိုက် ကျဆင်းနေခဲ့သည်။ နောက်တစ်နေ့ မနက်မိုးလင်းသောအခါ မြေပေါ်ရှိ နှင်းပုံများ တစ်ပေကျော်ခန့်ပင် ထူထပ်နေပါပြီ။

မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့ အိပ်ရာစောစော ထခဲ့ကြပြီး အခန်းတိုင်းရှိ အပူပေးကုတင်များကို ထင်းများ ထပ်ထည့်ပေးပြီး ဓာတ်ဘူးများတွင်လည်း‌ ရေနွေးအပြည့် ဖြည့်ခဲ့ကြသည်။

ယဲ့ချန်းချင့်နှင့် ယဲ့ချန်းကော်တို့မှာမူ ခြံပြင်ရှိ ဆီးနှင်းများကို နောက်တစ်ဖန် ရှင်းလင်းရပြန်ပါသည်။

All Chapters