← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

📗 Chapter 142

“ဟုတ်ကဲ့ပါ၊ အမေ့သဘောပါပဲ”

ကျန်းရွှယ် မအားလပ်သည့်ကြားမှ ပြန်ပြောလိုက်သည်။

ယောက္ခမဖြစ်သူသည် သူမကို မည်သည့်အခါမှ မတရားလုပ်မှာမဟုတ်မှန်း ကျန်းရွှယ်ကောင်းကောင်း သိပါသည်။

မိသားစု မပြည့်မစုံ နွမ်းပါးခဲ့စဉ်အချိန်ကပင် မြောင်စွေ့ဖန်းသည် သူမ နှစ်သစ်ကူး အိမ်ပြန်ခါနီးတိုင်း လက်ဆောင်ပစ္စည်းများစွာကို စေ့စေ့စပ်စပ် ပြင်ဆင်ပေးလေ့ရှိပါသည်။

မြောင်စွေ့ဖန်းသည် မိသားစု၏ စုငွေကို တွက်ချက်ကြည့်ပြီးနောက် ကျန်းရွှယ်မိသားစုအိမ်သို့ ယွမ် ၅၀ ထည့်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

သူမ ကပ်စေးနည်းနေခြင်းမဟုတ်ဘဲ ဤငွေကို နှစ်စဉ်နှစ်တိုင်းပေးအပ်ရမည်ဖြစ်ရာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြင့်လာရုံသာရှိပါလိမ့်မည်။

အကယ်၍ အစပထမတွင် မြောက်များစွာပေးထားပြီး နောက်အကြိမ်များတွင် ပမာဏနည်းပါးသွားပါက မိသားစုများအကြား အနေခက်စရာအခြေအနေ ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ယခုခေတ်ကာလတွင် ယွမ် ၅၀ ဟူသည်မှာလည်း မနည်းလှပေ။ စက်ရုံအလုပ်သမားများစွာ၏ တစ်လစာ ဝင်ငွေနှင့် ညီမျှမှုရှိသည်။

အိမ်တွင် တစ်ပတ်ခန့် ဆက်လက်နေထိုင်ခဲ့ကြပြီးနောက် နှစ်သစ်ကူးအကြိုနေ့သို့ ရောက်ရှိလာခဲ့တော့သည်။

ညနေစောင်းသည်နှင့် တစ်ရွာလုံးတွင် ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ ဖောက်ကြရာ အေးစက်လှသော လေထုထဲ ယမ်းနံ့များ လွင့်ပျံလာခဲ့ပါသည်။

ယဲ့ရှောင်ရှောင်လည်း ခြံထဲတွင် မီးပန်းပွားလေးအချို့ ထွန်းညှိကာကစားခဲ့သေးသည်။ သို့သော် အပြင်ဘက်တွင် အသည်းခိုက်အောင် ချမ်းအေးလွန်းသဖြင့် အိမ်ထဲသို့ မြန်မြန်ပြန်ဝင်လာခဲ့ရပါသည်။

အိမ်တွင် ကြည့်ရှု့စရာ တီဗွီမရှိသော်လည်း ယဲ့ရှောင်ရှောင်ဝယ်ပေးထားသည့် ရေဒီယိုလေးမှာမူ အဆက်မပြတ် အသံလွှင့်နေဆဲဖြစ်သည်။

ထိုရေဒီယိုလေးကို ယဲ့ကျန်းကော် အလွန်နှစ်သက်သဘော ကျပြီး ညနေစောင်းတိုင်း တစ်နာရီခန့် နားဆင်လေ့ရှိပါသည်။

ပိုင်ချွမ်ရွာတွင် ဖမ်းယူနားဆင်နိုင်သော ရေဒီယိုလိုင်းများက နည်းပါးသော်လည်း အပျင်းဖြေဖို့အတွက်တော့ လုံလောက်ပါသည်။

“အမေတို့ မိသားစုက နှစ်သစ်ကူးညဆိုရင်တောင် ညလုံး ပေါက် နေလေ့နေထမရှိဘူးလေ၊ သမီးတို့ အိပ်ချင်နေပြီဆိုရင် စောစော အိပ်လို့ရတယ်နော်၊ မနက်ကျတော့ အိပ်ရေးမပျက်တော့ဘူးပေါ့၊ မနက်ဖြန်ကျရင် လူကြီးသူမတွေကို နှစ်သစ်ကူး ဂါဝရသွားပြုရဦးမယ်”

ယဲ့ရှောင်ရှောင် အိပ်ငိုက်နေမှန်းမြင်သဖြင့် မြောင်စွေ့ဖန်းက အပြုံးဖြင့် ပြောလိုက်ပါသည်။

ယဲ့ရှောင်ရှောင်လည်း အိပ်ချင်မူးတူးဖြင့် ခေါင်းညိတ်လိုက်သည်။

“အဲ့တာဆို သမီးအိပ်တော့မယ်နော်”

ယဲ့ရှောင်ရှောင်မှာ ညမိုးချုပ်သည်အထိ နေတတ်သူမဟုတ်ပေ။

အိပ်ခန်းငယ်လေးထဲသို့ ရောက်ရှိသောအခါ ယဲ့ရှောင်ရှောင် ၏ အတွေးများ စတင်ပျံ့လွင့်လာခဲ့သည်။ ယခုချိန်တွင် လုဟန်ချွမ် ဘာတွေများလုပ်နေမလဲ သူမ သိချင်မိပါသည်။

သူ့ပတ်ဝန်းကျင်က သူမ ပတ်ဝန်းကျင်ထက် ပိုမိုစိတ်ဝင်စားစရာကောင်းမည်မှာ သေချာသည်။ အနည်းဆုံးတော့ လုမိသားစုတွင် ကြည့်ရှုစရာ တီဗွီရှိလေသည်။

သို့သော် လုဟန်ချွမ်ကမူ အိမ်ပြန်ခွင့်ပင်မရလောက်ဘဲ စခန်းတွင်သာ ရှိနေလောက်သေးသည်။

ထိုသို့သော အတွေးပေါင်းများစွာဖြင့် ယဲ့ရှောင်ရှောင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ယဲ့ရှောင်ရှောင် အိပ်ရာစောစောထခဲ့ပြီး အဘိုးအဘွားများ၊ ဦးလေးများနှင့် အခြားသော ဆွေမျိုးများကို လိုက်လံဂါဝရပြုခဲ့သည်။

အနီးဆုံးဖြစ်သည့် ယဲ့ကျမ့်ယဲ့တို့၏ အိမ်ကို ဦးစွာသွား ရောက်ခဲ့ပြီး ကျန်ဆွေမျိုးများ၏ အိမ်ကိုလည်း သွားရောက်ခဲ့ပါသည်။ အခြားသော မိသားစုများမှ ကလေးများကလည်း ယဲ့ကျန်းကော်တို့ကို ဂါဝရလာပြုကြသည်။

မွန်းလွဲပိုင်းသို့ ရောက်သောအခါ ဂါဝရပြုခြင်းပြီးဆုံးသွားပြီဖြစ်၍ ယဲ့ရှောင်ရှောင်တို့ မောင်နှမများ အိမ်သို့ ပြန်လာကာ ဖက်ထုပ်များ လုပ်ခဲ့ကြသည်။

အမျိုးတော်စပ်သည့် ဒေါ်လေးတစ်ဦးက သူမ၏ သားသမီးများနှင့်အတူ ယဲ့ကျန်းကော်ကို ဂါဝရလာပြုရာ ယဲ့ရှောင်ရှောင်ကို မြင်သွားပြီး သူမလက်ကလေးကို ဆုပ်ကိုင်လျက် အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

“ဘုရားရေ၊ ရှောင်ရှောင်က လက်စွပ်တစ်ကွင်းတောင် ဝတ်ထားတာပဲ၊ ဒါလက်ထပ်လက်စွပ်လား စေ့စပ်လက်စွပ်လား”

ထိုဒေါ်လေးမှာ အမြင်စူးရှသည်ဟု ဆိုရမည်။

ယဲ့ရှောင်ရှောင် ရှက်သွေးဖြာသွားပြီး လက်ကို ပြန်ဆွဲယူလိုက်ပါသည်။

“အဲ့လိုမဟုတ်ပါဘူး၊ ဒီတိုင်း အလှဝတ်ထားတာပါ”

ထိုဒေါ်လေး၏ အပြုံးမှာ ပိုပင်ကျယ်ပြန့်သွားသည်။

“ရှောင်ရှောင်က ဒီလောက်လှတာ ကောင်လေးတွေ ဘာတွေ ရှိနေပြီလား၊ မရှိသေးရင် ဒေါ်လေး မိတ်ဆက်ပေးရမလား”

ယဲ့ရှောင်ရှောင် အလွန်အနေခက်သွားသည်။

‘ချက်ချင်းကြီး အိမ်ထောင်ပြုခိုင်းနေတာလား’

“သမီးအိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူး၊ ပြီးတော့ သမီးမှာ ကောင်လေးရှိတယ်”

“ကောင်လေးရှိတယ်ဟုတ်လား၊ သူက ဘယ်လိုလူမျိုးလဲ၊ ရှောင်ရှောင်က အရမ်းလှတော့ မြို့သားတစ်ယောက်ကို ရအောင်ယူနော်၊ ဒေါ်လေးတို့လို အစွန်အဖျားရွာက ရွာသားတွေကို မယူနဲ့”

“ယောက်မ၊ လက်ဖက်ရည်သောက်ပါဦး”

ကံကောင်းစွာဖြင့် မြောင်စွေ့ဖန်း အချိန်မီရောက်ရှိလာပြီး တတိယဒေါ်လေး၏စကားကို ဖြတ်တောက်နိုင်ခဲ့သည်။

ထိုအခါမှ ယဲ့ရှောင်ရှောင်လည်း အသက်ဝဝ ရှူနိုင်တော့ သည်။

သို့သော် တတိယဒေါ်လေးမှာ အလွယ်တကူ အရှုံးပေးတတ်သူမဟုတ်ပေ။ ယနေ့လာခဲ့ရခြင်းမှာလည်း အခြား အကြောင်းအရင်းတစ်ခု ရှိနေလေသည်။

“ကျွန်မဒီနေ့ လာခဲ့တာ သတင်းကောင်းတစ်ခုပြောစရာရှိလို့ အစ်မစွေ့ဖန်းရဲ့”

မြောင်စွေ့ဖန်းက ဖော်ဖော်ရွေရွေအပြုံးဖြင့် မေးလိုက်သည်။

“ဘာများလဲ”

“အစ်မတို့အိမ်က သားယောက်ျားလေးတွေ အကုန်လုံးအိမ် ထောင်ပြုလို့ရတဲ့ အရွယ်တွေ ရောက်နေကြပြီ မဟုတ်လား၊ ကျွန်မအမေဘက်မှာ အမျိုးတစ်ယောက်ရှိတယ်၊ ကောင်မ လေးက တော်တော်လှတာ၊ ဒီနှစ်မှ အသက် ၂၀ ပြည့်တာဆိုတော့ ရှင့်တတိယသားနဲ့ လုံးဝ သင့်တော်တယ်”

ဘေးမှအေးအေးဆေးဆေး ထိုင်နားထောင်နေသည့် ယဲ့ချန်းနင်တစ်ယောက် ထိုစကားကိုကြားပြီး တံတွေးသီးလုနီးပါး ဖြစ်သွားခဲ့ရသည်။

“တတိယဒေါ်လေး ကျွန်တော့်ကို လာဆွဲမထည့်နဲ့နော်! ကျွန်တော်က နှစ်သစ်ကူးပြီးတာနဲ့ တောင်ပိုင်းကိုပြန်သွားရမှာ၊ အဲ့ဒီကောင်မလေးကို ဘာမှကြိုပြောမထားပါနဲ့”

မူလက ကားမောင်းသင်ပြီးမှပြန်ဖို့ ယဲ့ချန်းနင် စဉ်းစားထားသော်လည်း ယခုမူ ပေကျင်းသို့ အရင်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ပေကျင်းတွင်လည်း နည်းပြဆရာများစွာရှိသဖြင့် ကားမောင်းသင်ဖို့ အဆင်ပြေနိုင်သည်။

“ဘာပဲဖြစ်ဖြစ် တစ်ခါလောက်တွေ့ကြည့်လို့ အကျိုးမယုတ်နိုင်ပါဘူး၊ တတိယသားက သဘောမကျဘူးဆိုရင် စတုတ္ထသား ဆိုရင်ကော ဘယ်လိုလဲ”

မြောင်စွေ့ဖန်း: “စတုတ္ထသားက ကျောင်းတက်နေတုန်းလေ၊ အဲ့တာကြောင့် အိမ်ထောင်ရေးကို မစဉ်းစားသေးပါဘူး”

တတိယဒေါ်လေးက အရှုံးမပေးသေးဘဲ မြောင်စွေ့ဖန်းကို ဆက်လက်ဖျောင်းဖျသည်။

“ဒါဆို ဒုတိယသားကကော၊ သူ နှစ်သစ်ကူးမှာ ပြန်မလာဘူးလား”

မြောင်စွေ့ဖန်း: “ဒုတိယသားကလည်း စစ်တပ်ထဲမှာ ကောင်မလေးတစ်ယောက် ရနေပြီလေ”

ယဲ့ချန်းအန်း ပို့ပေးထားသည့် စာများကို ဖတ်ရှုကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ အလွန်ခိုင်မြဲနေပုံရပြီး မကြာမီ လက်ထပ်တော့မည်ဟု ယူဆရသည်။

ထို့ကြောင့် မြောင်စွေ့ဖန်းလည်း မင်္ဂလာကိစ္စအတွက် ငွေများပင် စတင်စုဆောင်းနေပါပြီ။

နောက်ဆုံးတော့ တတိယဒေါ်လေးမှာ မတတ်သာတော့ဘဲလက်လျှော့လိုက်ရပြီး သားသမီးများကို ခေါ်ဆောင်လျက် ပြန်သွားလေတော့သည်။

သူမ၏အမေဘက်မှ ဆွေမျိုးတစ်ဦးကို ယဲ့မိသားစုနှင့် လက်ဆက်ပေးနိုင်လျှင် သိပ်ကောင်းမည်ဟု သူမ မျှော်လင့်ထားခဲ့သည်။

မြောင်စွေ့ဖန်းက ဆိုးရွားသည့် ယောက္ခမတစ်ဦးမဟုတ်သလို ယဲ့ကျန်းကော်ကလည်း အိမ်တွင်းရေးကိစ္စများတွင် ဝင်စွက်ဖက်လေ့မရှိဘဲ အစွမ်းအစရှိသူတစ်ဦးလည်း ဖြစ်သည်။

ယောက်မများကလည်း သဘောကောင်းကြသဖြင့် ဤမိသားစုမှာ အမျိုးတော်စပ်ဖို့ အလွန်သင့်တော်သည့် မိသားစုတစ်စုဟု ဆိုနိုင်ပါသည်။

ထို့အပြင် ယဲ့မိသားစု၏အိမ်ဝင်းကလည်း တစ်ရွာလုံးတွင် အသန့်ရှင်းဆုံးနှင့် အဆင့်မြင့်ဆုံးဖြစ်သည်။ ကလေးတိုင်းတွင် ကိုယ်ပိုင်အခန်းများရှိကြပြီး အခြားမိသားစုများကဲ့သို့ အပူ ပေးကုတင်တစ်လုံးတည်းတွင် မိသားစုဝင်အားလုံး စုပြုံနေစရာမလိုပေ။

ယဲ့မိသားစု၏သားသမီးများအားလုံးကလည်း စစ်မှုထမ်းသူကထမ်း၊ ပညာသင်သူကသင်နှင့် အလားအလာ ကောင်းလှသည်။

တတိယဒေါ်လေးမှာ ယခုချိန်ထိ ထိုကောင်မလေးကို ယဲ့မိသားစုထံသို့ ခေါ်လာသင့် ခေါ်မလာသင့် ချင့်ချိန်စဉ်းစားနေဆဲဖြစ်သည်။

တစ်ဖက်တွင်မူ ယဲ့ချန်းနင်က သက်ပြင်းချလျက် မေးလိုက် ပါသည်။

“တတိယဒေါ်လေးက ဘာလို့အဲ့လောက် အသည်းအသန်ဖြစ်နေတာလဲ၊ ဧကန္တ အဲ့ဒီကောင်မလေးကို ယူမယ့် သူ မရှိလို့လား”

မြောင်စွေ့ဖန်းက သားဖြစ်သူကို ဆူငေါက်လိုက်သည်။

“ပေါက်ကရတွေ မပြောစမ်းနဲ့၊ ကောင်မလေးကိုမြင်တောင် မမြင်ဖူးသေးဘဲနဲ့ ယူမယ့်သူမရှိဘူးလို့ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ၊ နင့်တတိယဒေါ်လေးက ကောင်းစေချင်လို့ မိတ်ဆက်ပေးတာ နေမှာပါ”

ယဲ့ချန်းနင် ခေါင်းကုတ်လျက် ပြောလိုက်သည်။

“ကျွန်တော်ကတော့ စောစောစီးစီး မိန်းမ မယူချင်သေးဘူး၊ ဒုတိယအစ်ကိုနဲ့ အစ်ကိုကျွင်းတို့ကို အရင် လက်ထပ်ပေး လိုက်တာ ပိုကောင်းမယ်”

မြောင်စွေ့ဖန်းက သက်ပြင်းချသည်။

“နင့်တတိယဒေါ်လေးသာ အဲ့ဒီကောင်မလေးကို ချန်းကျွင်းနဲ့ မိတ်ဆက်ပေးလိုက်ရင် ပိုကောင်းမှာ၊ ဒါပေမယ့် အရင်တစ်ခေါက်ကဟိုမိသားစုပြဿနာကြောင့် ချန်းကျွင်းတစ်ယောက် အိမ်ထောင်ပြုမယ့်ကိစ္စကို တော်တော်လေး စိတ်နာသွားတယ်ထင်တယ်”

ယဲ့ချန်းနင် မေးသည်။

“အဲ့တာဆို သူ့ကို ဖိအားမပေးကြတော့ဘူးပေါ့”

မြောင်စွေ့ဖန်း: “ဒီလိုကိစ္စမျိုးက ဖိအားပေးချင်တောင် ပေးလို့ရတဲ့အရာမှ မဟုတ်တာ”

ယဲ့ချန်းနင်: “အဲ့တာဆို ကျွန်တော့်ကိုလည်း ဖိအားမပေးကြနဲ့လေ!”

မြောင်စွေ့ဖန်း: “…”

“နင့်ကို ဘယ်သူမှ ဖိအားပေးမနေဘူး၊ နင်က တစ်သက်လုံး လူပျိုကြီးဖြစ်မယ့်ကောင်”

ယဲ့ချန်းနင် ခေါင်းမော့ ရင်ကော့လျက် ပြောလိုက်သည်။

“ဒီမျက်နှာကို သေချာကြည့်လိုက်စမ်းပါ အမေ၊ လူပျိုကြီးဘဝနဲ့ အရိုးထုတ်စရာအကြောင်း လုံးဝမရှိဘူး”

ယဲ့ချန်းနင်တွင် အခြားဘာမှ မရှိလျှင်ပင် ယုံကြည်မှုတော့ အပြည့်အဝ ရှိပါသည်။

တတိယသားဖြစ်သူသည် မည်သူ့ထံမှ ဗီဇပါလာ၍ ဤမျှ စိတ်ကြီးဝင်နေရသည်ကို မြောင်စွေ့ဖန်းတစ်ယောက် နားမလည်နိုင်တော့ပေ။ ဘေးတွင်ရှိနေသည့် ယဲ့ရှောင်ရှောင်ပင် အစ်ကိုဖြစ်သူကို ကြည့်ရင်း ရယ်မောမိလေတော့သည်။

“ရှောင်ရှောင်၊ သမီးနဲ့ ကောင်လေးလုတို့ကော အဆင်ပြေကြတယ်မဟုတ်လား”

မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်ဘက်သို့ ရုတ်တရက် မြှားဦးလှည့်လာသည်။

“အဆင်ပြေပါတယ် အမေ”

ယဲ့ရှောင်ရှောင်လည်း ချက်ချင်း ပြန်ဖြေလိုက်ပါသည်။

ထိုစဉ်ယဲ့ချန်းနင်က စပ်ဖြီးဖြီးဖြင့် ဝင်ပြောသည်။

“ကျွန်တော့်ညီမလေးကို ရထားတာ လုဟန်ချွမ် ကံကောင်းတာပေါ့၊ သူ့ကို ထားခဲ့ဖို့ စိတ်တောင်ကူးရဲပါ့မလား”

ယဲ့ချန်းနင်မှာ ယုံကြည်မှုတို့ဖြင့် တောက်ပနေပါသည်။

မြောင်စွေ့ဖန်း သူ့ကို လျစ်လျူရှုထားလိုက်ပြီး ယဲ့ရှောင်ရှောင်ကိုသာ ဆက်ပြောလိုက်သည်။

“ဝမ်းသာစရာပဲပေါ့၊ သမီးရဲ့အစ်ကိုတွေ အိမ်ထောင်ပြုတာ မပြုတာ ဂရုစိုက်နေစရာမလိုဘူး၊ အချိန်တန်ရင် သမီးနဲ့ ကောင်လေးလုတို့ အရင်လက်ထပ်လိုက်လည်း ကိစ္စမရှိဘူး”

ထိုစကားလုံးများကို လုဟန်ချွမ် မကြားလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယဲ့ရှောင်ရှောင်တွေးလိုက်သည်။ မဟုတ်ပါက ချက်ချင်းလက်ထပ်ဖို့ပင် ထစီစဉ်နိုင်လောက်သည်။

“အမေ၊ သမီးကျောင်းပြီးဖို့ နှစ်တွေအများကြီးလိုပါသေးတယ်၊ အဲ့ကိစ္စတွေ အလောတကြီး မစဉ်းစားချင်သေးဘူး”

မြောင်စွေ့ဖန်း: “ခုခေတ်မှာ တက္ကသိုလ်ကျောင်းသားတွေလည်း အိမ်ထောင်ပြုလို့ ရနေပြီပဲဥစ္စာ”

ယဲ့ရှောင်ရှောင်: “သမီးကတော့ တက္ကသိုလ်တက်ရင်း ကလေးမမွေးချင်ဘူး”

အိမ်ထောင်ပြုပြီးလျှင် ကလေးယူရမည်မှာ မလွဲဧကန်ပင်။ ထိုအဆင့်အတွက် ယဲ့ရှောင်ရှောင် အဆင်သင့်မဖြစ်သေးသဖြင့် တစ်လှမ်းချင်းသွားဖို့သာ ရည်ရွယ်ထားပါသည်။

မြောင်စွေ့ဖန်းလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ဟုတ်ပါပြီ၊ အမေတို့လည်း အလျင်မလိုသေးပါဘူး၊ အမေက ဒီတိုင်းအကြံပေးတာပါ၊ အခုချိန်မှာ ပညာသင်ဖို့က အရေးအကြီးဆုံးပဲလေ”

All Chapters