← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

📗 Chapter 143

၆ ရက်မြောက်နေ့တွင် ပိုင်ချွမ်ရွာ၏လမ်းမများ ပြန်လည်ရှင်းလင်းလာခဲ့ပါပြီ။

ကျန်းရွှယ်နှင့် ယဲ့ချန်းချင့်တို့ ဇနီးမောင်နှံသည်လည်း မိခင်ဖြစ်သူ၏ အိမ်သို့ ထွက်ခွာသွားကြပြီဖြစ်သည်။ ကလေးများကိုတော့ အတူတူ ခေါ်မသွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။

ဤကဲ့သို့ ရာသီဥတုမျိုးတွင် ခရီးသွားလာရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ ကလေးများ ခရီးပန်းပြီး နာမကျန်းဖြစ်သွားခဲ့လျှင် တစ်မိသားစုလုံး စိုးရိမ်ပူပန်ကြရပါလိမ့်မည်။

အစ်ကိုအကြီးဆုံးနှင့် မရီးဖြစ်သူတို့ ထွက်သွားကြသောအခါ ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကို သူနှင့်အတူ မြို့ထဲလိုက်ခဲ့ဖို့ အတင်းအကျပ် ဆွဲဆောင်လေသည်။

ယဲ့ရှောင်ရှောင်က ဇဝေဇဝါဖြစ်စွာ မေးမြန်းလိုက်ပါသည်။

“မြို့ထဲ ဘာသွားလုပ်မလို့လဲ”

ယဲ့ချန်းနင်: “အလုပ်ကိစ္စလေးနည်းနည်းရှိလို့ပါ၊ ပြီးတော့ နင်တို့နှစ်ယောက်ကော အိမ်မှာ တစ်နေကုန် နေနေရတာ မပျင်းကြဘူးလား”

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ ပြိုင်တူ ခေါင်းခါလိုက်ကြသည်။

“မပျင်းပါဘူး”

ဤသည်မှာ Introvert နှင့် Extrovert တို့၏ ကွာခြားမှုပင် ဖြစ်လောက်သည်။

ယဲ့ချန်းနင်မှာ အချိန်ကြာကြာ အိမ်တွင်းအောင်းနေရလျှင် အားအင်များ ယုတ်လျော့လာပြီး အားပြန်ဖြည့်ဖို့အတွက် အပြင်ထွက်ဖို့လိုအပ်ပါသည်။

ဆန့်ကျင့်ဘက်အနေဖြင့် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကမူ အိမ်တွင် အေးအေးဆေးဆေး စာဖတ်နေခြင်းကသာ အအေးချမ်းဆုံးဖြစ်သည်ဟု ယူဆထားကြသည်။

“နင်တို့အစ်ကိုက နင်တို့ကို အရသာရှိတာတွေ လိုက်ကျွေးမှာပါ”

ကလေးများကို အစားအသောက်မက်လုံးဖြင့် မြှူဆွယ်ပြီးနောက် ညီဖြစ်သူနှင့် ညီမဖြစ်သူတို့ကို ယဲ့ချန်းနင် အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့လေတော့သည်။

“နင့်ဖာသာနင် အလေလိုက်တာ ကိစ္စမရှိဘူး၊ နင့်ညီမကိုပါ ခေါ်သွားစရာလိုလို့လား”

မြောင်စွေ့ဖန်းက ဘဝင်မကျစွာ မေးမြန်းလိုက်သည်။

ယဲ့ချန်းနင်: “အလေလိုက်တယ်လို့ မပြောပါနဲ့အမေရာ၊ ကျွန်တော်တို့ အရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခု လုပ်စရာရှိလို့ သွားမှာပါ”

ခြံထဲပင် ရောက်ရှိနေပြဖြစ်သည့် ယဲ့ချန်းနင်အား မြောင်စွေ့ဖန်း အမြန်လှမ်းအော်ပြောလိုက်သည်။

“နင်တို့အဘိုးအိမ်သော့ ယူသွားကြဦးလေ၊ ဒီနေ့တော့ မိုးမချုပ်ခင် ပြန်လာဖို့ မီမှာမဟုတ်ဘူး၊ ဂရုစိုက်နော်၊ နင့်ညီနဲ့ ညီမ ပျောက်သွားလို့ကတော့ သေပြီသာမှတ်!”

ယဲ့ချန်းနင်က ပြန်အော်ပြောလိုက်သည်။

“ဟုတ်ပြီ! ကျွန်တော်တို့ စောစော ပြန်လာပါ့မယ်”

ပိုင်ချွမ်ရွာတွင် ကားများမရှိသော်လည်း လမ်းဆုံလမ်းခွတွင် လမ်းကြုံစီးနိုင်သော နွားလှည်းအချို့ကို တွေ့ရတတ်သည်။ မတတ်သာသည့်အဆုံး ငွေအနည်းငယ် ပိုသုံးလိုက်ရုံသာ ရှိပါသည်။

ယခင်ကဆိုလျှင် ယဲ့ချန်းနင် ငွေသုံးစွဲဖို့ကို ဤမျှလောက် ယုံကြည်ချက်ရှိနိုင်မည် မဟုတ်သော်လည်း ယခုမူ သူ့တွင် ငွေရှာနိုင်စွမ်း ရှိနေပြီဖြစ်၍ ယခင်က ခက်ခဲခဲ့သော အရာများမှာ ပိုမိုလွယ်ကူလာခဲ့ပါပြီ။

ယဲ့ချန်းနင်သည် ညီနှင့် ညီမဖြစ်သူတို့ကို ပိုင်ချွမ်ရွာပြင်သို့ ခေါ်ထုတ်လာပြီး မြို့ထဲသို့ သွားရောက်မည့် နွားလှည်းတစ်စီး ငှားရမ်းလိုက်ပါသည်။

လမ်းအခြေအနေများကြောင့် နွားလှည်းပေါ်တွင် တစ်လမ်းလုံး အေးအေးဆေးဆေး လိုက်ပါနိုင်မည် မဟုတ်ချေ။

မောင်နှမသုံးယောက်မှာ လှည်းပေါ်တက်စီးလိုက်၊ လှည်းပေါ်မှဆင်း၍ လမ်းလျှောက်လိုက်ရနှင့်၊ ရံဖန်ရံခါဆိုလျှင် ဆီးနှင်းထဲ ပိတ်မိနေသော လှည်းဘီးများကိုပါ ဝိုင်းတွန်းပေးခဲ့ရသည်။

ယဲ့ရှောင်ရှောင်မှာ လိုက်လာမိသည်ကိုပင် နောင်တရစပြုလာခဲ့ပါပြီ။ ဤခရီးစဉ်မှာ အလွန်ကြမ်းတမ်းလွန်းလှသည်။

သူမ လက်လျှော့မိလုဆဲဆဲအချိန်တွင် နောက်ဆုံးတော့ မြို့ထဲသို့ ရောက်ရှိသွားခဲ့ကြပါသည်။

ယဲ့ချန်းနင်မှာ အလုပ်ကိစ္စသွားဖို့ အလျင်မလိုသေးဘဲ ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကို ခေါ်ကာ နေ့လယ်စာ ပူပူနွေးနွေး သွားစားခဲ့ကြသည်။

နေ့လယ်စာ စားပြီးသောအခါ သမဝါယမအရောင်းဆိုင်သို့ ဝင်ရောက်ကာ လက်ဆောင်ပစ္စည်းအချို့ဝယ်ယူခဲ့ပြီး အိမ်တစ်အိမ်သို့ သွားရောက်ခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင် လမ်းကိုဖြည်းညှင်းစွာလျှောက်ရင်း မေးမြန်းလိုက်သည်။

“သမီးတို့ ဘယ်သွားကြမှာလဲ”

ယဲ့ချန်းနင်: “ဒီတစ်ခါ တကယ် အလုပ်ကိစ္စကြောင့်လာခဲ့တာ၊ ငါ့နောက်သာ လိုက်ခဲ့ကြ”

သူတို့ရောက်ရှိလာသည့် အိမ်၏အိမ်ဝင်းမှာ အလွန်ကျယ်ပြောလှပါသည်။

အခြားသော အိမ်များကဲ့သို့ တစ်ထပ်အိမ်မျိုးဖြစ်သော်လည်း အထဲသို့ ခြေလှမ်းလိုက်သည်နှင့် ကြွယ်ဝသည့် အိမ်ထောင်စုတစ်ခုဖြစ်မှန်း ချက်ချင်း သိနိုင်သည်။

ဤအိမ်သည် မည်သူ့အိမ်ဖြစ်မှန်း ယဲ့ရှောင်ရှောင် မသိသေးပေ။

ထိုစဉ် အိမ်ထဲမှ တန်ဖိုးကြီး သားမွေးကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ထွက်လာသည်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။ ထိုလူ့၏ ပါးစပ်ထဲတွင်လည်း‌ ရွှေသွားတစ်ချောင်းက တလက်လက် တောက်ပြောင်နေပါသည်။

“အစ်ကိုလျို့”

ယဲ့ချန်းနင်က နှုတ်ဆက်လိုက်သည်။

“ဘယ်သူများလဲလို့ ချန်းနင်ပါလား! မင်းအပြင်မှာ ပွပေါက်တိုးလာလို့လား ဟုတ်လား၊ အဲ့တာကြောင့် ငါ့ဆီ လာလည်တာလားကွ”

လျို့ကျင်းယာက ယဲ့ချန်းနင် ယူဆောင်လာသည့် လက် ဆောင်ပစ္စည်းများကို တစ်ချက်ကြည့်ကာ ကျီစယ်လိုက်ပါသည်။

ယဲ့ချန်းနင် ကျိုးနွံစွာ ပြုံးလိုက်ပါသည်။

“ကျွန်တော့် လုပ်ငန်းအသေးစားလေးက အစ်ကိုလျို့ရဲ့ လုပ်ငန်းတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲဗျာ”

လျို့ကျင်းယာ: “အစကတည်းက ငါနဲ့အတူတူ အလုပ်လာလုပ်ဖို့ မင်းကို ပြောသားပဲ၊ မင်းမှ လက်မခံခဲ့တာ”

ယဲ့ချန်းနင် အကြောင်းပြချက်ပေးသည်။

“သတ္တုတွင်းတွေအကြောင်း ကျွန်တော်မှ နားမလည်တာဗျ၊ အစ်ကိုလျို့ကိုလည်း အလုပ်မရှုပ်စေချင်ပါဘူး၊ မရီးကော အိမ်မှာ မရှိဘူးလား”

လျို့ကျင်းယာ: “သူ့မိတ်ဆွေတွေနဲ့ မာကျောက်ထွက်ကစားတယ်၊ အိမ်မှာ ငါတစ်ယောက်တည်းပဲရှိတာ”

ယဲ့ရှောင်ရှောင်မှာ သူတို့နှစ်ဦး၏စကားပြောဆိုပုံများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။

သူမ၏ တတိယအစ်ကိုမှာ ဤလူကြီးလူကောင်းနှင့် အလွန်သိကျွမ်းပုံရသည်။ သို့သော် ထိုလူ့ကို သူမ တစ်ခါမှ မမြင်ဖူးပါ။

“အိမ်ထဲ မြန်မြန်ဝင်လေကွာ၊ ကြည့်ပါဦး၊ ငါကစကားပြောပြီဆို ဘာမှသတိမရတော့ဘူး”

လျို့ကျင်းယာက သူတို့အားလုံးကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။ ထို့နောက် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကို သတိထားမိသွားပြီး မေးမြန်းလိုက်သည်။

“ဒီမိတ်ဆွေနှစ်ယောက်က ဘယ်သူလဲကွ”

ယဲ့ချန်းနင်က မိတ်ဆက်ပေးလိုက်သည်။

“ကျွန်တော့် ညီလေးနဲ့ ညီမလေးပါ”

လျို့ကျင်းယာ: “လာကြလာကြ၊ အိမ်ထဲမှာ နွေးတယ်”

အိမ်အတွင်းပိုင်းတွင် အမှန်တကယ် နွေးထွေးနေပါသည်။

ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး ဧည့်ခန်းထဲတွင် ထိုင်လိုက်ကြပြီးနောက် လျို့ကျင်းယာက ဖရုံစေ့နှင့် မုန့်ပဲသရေစာအချို့ လာချပေးပြီး ရေနွေးလည်း ငှဲ့ပေးခဲ့ပါသည်။

ယဲ့ချန်းနင်က ဆိုသည်။

“ဒီရက်ပိုင်းထဲ အစ်ကိုအိမ်မှာ ရှိနေလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းတာ မှန်သွားတယ်၊ ရက်နည်းနည်းသာ နောက်ကျသွားရင် အစ်ကိုလျို့ကို ဘယ်မှာလိုက်ရှာရမှန်း သိမှာမဟုတ်ဘူး”

လျို့ကျင်းယာက ရယ်မောသည်။

“ငါ့ကို ဘာမှအားနာနေစရာမလိုဘူး၊ အခုဘာကိစ္စနဲ့ လာခဲ့တာလဲပြော၊ ငါကူညီပေးနိုင်တာရှိရင် ကျိန်းသေပေါက် ကူညီပေးမယ်”

လျို့ကျင်းယာနှင့် ယဲ့ချန်းနင်တို့ ဤမျှ ရင်းနှီးကျွမ်းဝင်နေရခြင်းမှာ အကြောင်းအရင်းရှိပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က လျို့ကျင်းယာတစ်ယောက် ပိုင်ချွမ်ရွာအနီးရှိ အလွန်မတ်စောက်လှသော တောင်စောင်းလမ်းအတိုင်း ခရီးနှင်လာစဉ် သူမောင်းနှင်လာသည့်ကားမှာ ဘီးချော်သွားပြီး လမ်းဘေးချောက်ထဲသို့ ထိုးကျသွားခဲ့သည်။

ထိုစဉ်က ယဲ့ချန်းနင်တစ်ယောက် မိမိအသက်ကိုပင်မငဲ့ဘဲ မှောက်ခုံဖြစ်နေသော ကားအောက်ထဲမှ လျို့ကျင်းယာကို ဆွဲထုတ်ကာ ကယ်ဆယ်ပေးခဲ့သဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရပါသည်။

လျို့ကျင်းယာသည် သစ္စာစောင့်သိမှုနှင့် ညီအစ်ကိုစိတ်ဓာတ်တို့ကို အလွန်အမင်း တန်ဖိုးထားတတ်သူဖြစ်ရာ ထိုကျေးဇူးတရားကို မမေ့လျော့ခဲ့ဘဲ ယခုထက်ထိတိုင် အမှတ်မရနေဆဲဖြစ်သည်။

သို့သော် တစ်ဖက်လူက မိမိအပေါ် ကျေးဇူးကြွေးရှိတိုင်း အလွဲသုံးစားမလုပ်သင့်သည်ကို ယဲ့ချန်းနင် နားလည်ပါသည်။ ထို့ကြောင့် ထိုအခွင့်အရေးကို အလွန်ရှားပါးပြီး အရေးကြီးသည့် အချိန်တစ်ခုတွင် ထုတ်သုံးဖို့ အတွက်သာ သိမ်းဆည်းထားခဲ့သည်။

အစ်ကိုအကြီးဆုံးအတွက် သင့်တော်သည့် အလုပ်အကိုင်တစ်ခုကို ရှာဖွေပေးဖို့ အရေးပေါ်လိုအပ်နေခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ချန်းနင် ဤသို့ တောင်းဆိုမိမည် မဟုတ်ချေ။

ယဲ့ချန်းနင် ပြုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။

“ဒါဆိုလည်း ကျွန်တော် လိုရင်းပဲပြောပါတော့မယ်၊ အိမ်က ကျွန်တော့်အစ်ကိုနှစ်ယောက် မြို့ထဲမှာ အလုပ်တစ်ခုလောက် လိုချင်နေကြလို့လေ၊ အဲ့တာ အစ်ကိုလျို့မှာ လမ်းကြောင်းတွေ ဘာတွေရှိမလား သိချင်လို့ပါ”

လျို့ကျင်းယာ: “အဲ့တာ မခက်ပါဘူး၊ ဒါပေမယ့် ဒီမြို့ထဲမှ လုပ်ရမှဖြစ်မှာလား၊ ငါတို့မြို့က သေးငယ်တော့ အလုပ်အ ကိုင်ကလည်း ရှားတယ်၊ မင်းတို့ အလျင်မလိုသေးဘူးဆိုရင် ငါကောင်တီမြို့မှာ သွားစုံစမ်းပေးမယ်လေ၊ တခြား ဘာမှအလုပ်မဖြစ်ရင် မင်းအစ်ကိုတွေကို ငါနဲ့အတူ သတ္တုတွင်းတွေဆီ လိုက်ခဲ့ခိုင်းလို့ရတယ်”

လျို့ကျင်းယာနှင့်အတူ သတ္တုတွင်းသို့ သွားရမည့်အစီအစဉ်အား ယဲ့ချန်းနင် သဘောကျမိပါသည်။ သို့သော် အိမ်နှင့် ဝေးကွာလွန်းသဖြင့် သူ့အစ်ကိုအကြီးဆုံးက သဘောတူမည်မဟုတ်ပေ။

“ကောင်တီမြို့ထဲမှာ အလုပ်ရှာနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ကျွန်တော့်အစ်ကိုနှစ်ယောက်က ငယ်ငယ်ရွယ်ရွယ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ နှစ်ယောက်စလုံး စစ်မှုလည်းထမ်းထားကြတယ်၊ ဘယ်လိုအလုပ်မဆို လုပ်နိုင်ပါတယ်၊ ကျွန်တော့် တူလေး ကျောင်းစတက်ရတော့မှာကြောင့်သာ မဟုတ်ရင် ကျွန်တော့်အစ်ကို ဒီလောက်လောနေမှာ မဟုတ်ဘူး၊ အစ်ကိုလျို့နဲ့ အတူလိုက်ဖို့ကတော့ မဖြစ်လောက်ဘူး၊ သူ့မှာလည်း မိသားစုနဲ့ဆိုတော့ နိုင်ငံအနှံ့ခရီးထွက်နေဖို့က အဆင်မပြေဘူးလေ၊ ကျွန်တော်တို့ မောင်နှမတွေ အိမ်မှာမရှိရင် အိမ်က လူကြီးလူငယ်တွေကို သူပဲ စောင့်ရှောက်ပေးနေရတာ”

လျို့ကျင်းယာက အားတက်သရောပြောလိုက်သည်။

“စစ်မှုထမ်းဖူးကြတယ်ဟုတ်လား၊ အဲ့တာဆို သူတို့နဲ့ သင့် တော်တဲ့ အလုပ်တွေ အများကြီးရှိတာပေါ့၊ ကောင်တီမြို့က ပြည်သူ့လုံခြုံရေးဌာနတို့ ရဲစခန်းတို့မှာ လမ်းကြောင်းတွေဘာတွေရှိလား ငါ စုံစမ်းကြည့်ဦးမယ်၊ မင်းအစ်ကိုတွေက ပူးတွဲကာကွယ်ရေးတပ်သားတွေအနေနဲ့ အရင်တာဝန်ထမ်းဆောင်လို့ရတယ်၊ အဲ့တာမှအဆင်မပြေသေးဘူးဆိုရင်လည်း အလုပ်သမားခေါ်နေတဲ့ စက်ရုံတွေကို စုံစမ်းပေးမယ်၊ ငါက နှစ်တိုင်း စက်အသစ်တွေ ဝယ်နေတာဆိုတော့ အလုပ်သမား အသစ်နှစ်ယောက်လောက် ထပ်တိုးပေးဖို့က ပြဿနာမရှိပါဘူး”

ယဲ့ချန်းနင် ကျေးဇူးတင်လိုက်ပါသည်။

“အဲ့တာဆိုလည်း အစ်ကိုလျို့ကိုပဲ အားနာနာနဲ့ အကူအညီတောင်းရမှာပဲ”

လျို့ကျင်းယာ: “မင်းအိမ်လိပ်စာ ပေးခဲ့လိုက်၊ အလုပ်တစ်ခုတွေ့တာနဲ့ မင်းကို ဆက်သွယ်လိုက်မယ်”

ယဲ့ချန်းနင်ပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုလျို့၊ ကျွန်တော်လည်း တောင်ပိုင်းကိုပြန်သွားရတော့မှာ၊ အဲ့တာကြောင့် နောက်ပိုင်းကျရင် ကျွန်တော့်အစ်ကိုအကြီးဆုံးကိုပဲ လွှတ်လိုက်ပါ့မယ်”

လျို့ကျင်းယာ အကဲခတ်ကာ မေးလိုက်သည်။

“တောင်ပိုင်းကို ပြန်သွားရဦးမယ်ဟုတ်လား၊ မင်းတို့ကောင်တွေ တကယ်ပွပေါက်တိုးလာကြတာလား”

ယဲ့ချန်းနင် ဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်ရုံနှင့် သူ့နေထိုင်မှုအဆင့်အတန်း ပိုမိုမြင့်မားလာသည်ကို အလွယ်တကူ မြင်နိုင်ပါလိမ့်မည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က သူဝတ်ဆင်သည့် အဝတ်အစာများတွင် အဖာအထေးရာများနှင့် ပြည့်နှက်နေတတ်သည်။ ယခုတွင်မူ သန့်ရှင်းသပ်ရပ်ကာ ဖက်ရှင်ကျသော ဂွမ်းအနွေး ထည်တစ်ထည်ကို ကျကျနနဝတ်ဆင်ထားပါသည်။

ယဲ့ချန်းနင် သွားဖြီးကာ ပြုံးလိုက်သည်။

“အိမ်မှာ ဒီတိုင်းထိုင်နေတာထက်စာရင်တော့ ကျိန်းသေပေါက် အကျိုးရှိတာပေါ့၊ ဒါပေမယ့် ခက်ခက်ခဲခဲ ရှာထားရတဲ့ ချွေးနှဲစာလေးတွေပါဗျာ”

လျို့ကျင်းယာ: “မင်းက အလားအလာကောင်းတဲ့ကောင်ဆိုတာ ငါအစောကြီးကတည်းက ကြိုသိနေတယ်၊ သွက်သွက်လက်လက်ရှိပြီး မွေးရာပါ စီးပွားရေးဉာဏ်လည်း ရှိတယ်”

ယဲ့ချန်းနင်နှင့် လျို့ကျင်းယာတို့နှစ်ယောက် စကားကောင်းနေကြချိန်တွင် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကမူ ဘေးတွင်သာ အူတူတူဖြင့် ထိုင်နေရပါသည်။

လျို့ကျင်းယာ၏အိမ်မှ ပြန်ထွက်လာသည့်တိုင်အောင် မောင်နှမနှစ်ယောက်မှာ ရီဝေနေကြဆဲပင်။ တတိယအစ်ကိုသည် ဤကဲ့သို့ အကျော်အမော်ကြီးတစ်ဦးနှင့် ရင်းနှီးနေလိမ့်မည်ဟု သူမတို့ လုံးဝ ထင်မထားမိခဲ့ကြပေ။

“တတိယအစ်ကို၊ အဲ့ဒီအစ်ကိုလျို့ဆိုတဲ့လူက ဘာလုပ်တာလဲ”

ယဲ့ချန်းရှန့် မေးမြန်းလိုက်ပါသည်။ ထိုလူ၏ ပုံစံမှာ အနည်း ငယ်ရှိန်စရာကောင်းသဖြင့် မြေအောက်လောကမှ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးပင် ဖြစ်နေနိုင်သည်။

ယဲ့ချန်းနင်က ရှင်းပြသည်။

“အစ်ကိုလျို့က တခြားပြည်နယ်ကလာတာ၊ သူ့မိန်းမက တော့ ဒီနယ်သားပဲ၊ အဲ့တာကြောင့် နှစ်တိုင်း သူ့မိန်းမရဲ့ ဇာတိမြေကို အဖော်လိုက်လာပေးတာပေါ့၊ သူက ပိုင်ဆိုင်မှုတော် တော်များပြီး သတ္တုတွင်းတွေ အများကြီးလည်းပိုင်တယ်၊ သူပိုင်တဲ့ သတ္တုတွင်းတိုင်းကလည်း အထွက်ကောင်းကြတယ်၊ အဲ့တာကြောင့် ကြောက်စရာ ကောင်းလောက်အောင် ချမ်းသာတဲ့ သူဌေးကြီးဖြစ်နေတာပေါ့ကွာ”

All Chapters