← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

📗 Chapter 144

ယဲ့ချန်းရှန့်က မှတ်ချက်ပြုသည်။

“အဲ့တာဆို ဘော့စ်လျို့က လက်တွေ့သမားတစ်ယောက်ပေါ့”

ယဲ့ချန်းနင်: “ငါတို့နဲ့ ရယ်ရယ်မောမော စကားပြောနေတာကိုကြည့်ပြီး အထင်မသေးလိုက်နဲ့ဦး၊ တကယ်တော့ အစ်ကိုလျို့က ရက်စက်သင့်တဲ့ကိစ္စတွေမှာလည်း ရက်စက်တတ်တယ်”

ယဲ့ရှောင်ရှောင်က မေးသည်။

“အစ်ကိုကြီးလည်း အရင်က သတ္တုတွင်းမှာ အလုပ်လုပ်တာပဲ၊ ဘော့စ်လျို့နဲ့ ဘာလို့ လိုက်သွားလို့မရတာလဲ”

ယဲ့ချန်းနင် သေသေချာချာ ရှင်းပြလိုက်ပါသည်။

“အရင်က အစ်ကိုကြီး သတ္တုတွင်းမှာ အလုပ်လုပ်တာ ဘယ်လောက်အန္တရာယ်များခဲ့လဲ မေ့သွားကြပြီလား၊ အခု ငါတို့မိသားစုကလည်း အဲ့လောက် မချို့တဲ့တော့ဘူးလေ၊ ပြီးတော့ ဘော့စ်လျို့ရဲ့ သတ္တုတွင်းတွေအကုန်လုံးက တခြား ပြည်နယ်တွေမှာချည့်ပဲ၊ အစ်ကိုကြီးကလည်း မိသားစုနဲ့ ခွဲချင်မှာမဟုတ်ဘူး၊ အစ်ကိုကြီးကို အခုလို အလုပ်အကိုင် ကူရှာပေးနေတာက နောက်ပိုင်း ကလေးတွေ ကျောင်းတက်တဲ့အခါ လွယ်ကူအောင်လို့ပဲ”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။ တတိယအစ်ကိုက အရာအားလုံးကို စေ့စပ်သေချာစွာ ချင့်ချိန်စဉ်းစားထားပုံရပါသည်။

“တခြားကိစ္စမရှိတော့ဘူးဆိုတော့ သမီးတို့ပြန်လို့ရပြီလား”

ယဲ့ချန်းနင်: “ဘာတွေလောနေကြတာလဲဟ၊ ရောက်လက်စနဲ့ နည်းနည်းလောက် လျှောက်လည်ကြရအောင်လေ”

ယဲ့ချန်းရှန့် သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးကာလဆိုလျှင် မြို့ထဲ၌ လူစုလူဝေးဖြင့် ဖဲကစားတတ်ကြသည်မှာ ထုံးစံပင်။ အချို့ဆိုလျှင် လောင်းကြေးများထပ်ကြရင်း လောင်းကစားအဆင့်ထိ ရောက်သွားတတ်ပါသည်။

‘တတိယအစ်ကို လောင်းကစားသွားလုပ်ဖို့ ကြံနေတာတော့ မဟုတ်လောက်ပါဘူနော်၊ အဲ့တာတော့ လုံးဝမဖြစ်ဘူး’

ယဲ့ချန်းရှန့်သည် ယဲ့ရှောင်ရှောင်ကို ဘေးနားသို့ ဆွဲခေါ်ကာ တစ်စုံတစ်ခု တီးတိုးပြောလိုက်ပါသည်။

ထို့နောက် ယဲ့ရှောင်ရှောင်က မေးလိုက်သည်။

“တတိယအစ်ကိုဖာသာ လျှောက်ပျော်ပါးချင်လို့ သမီးတို့ကို အကာအကွယ်အနေနဲ့ ခေါ်လာတာမဟုတ်လား”

ယဲ့ချန်းနင်က ငြင်းဆန်သည်။

“မဟုတ်ရပါဘူးဟာ”

ယွဲ့ရှောင်ရှောင်: “ဟုတ်ရပါတယ်”

ယဲ့ချန်းနင်က စပ်ဖြီးဖြီးပြုံးကာ ဝန်ခံလိုက်သည်။

“ငါ့သူငယ်ချင်းတချို့နဲ့ ခဏလောက်သွားတွေ့ရုံပါပဲ”

ယဲ့ချန်းရှန့်က မေးသည်။

“မင်းရဲ့ သာပေါင်းသူငယ်ချင်းတွေနဲ့လား”

ယဲ့ချန်းနင်: “…”

‘ငါ့ညီနဲ့ ညီမ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ’

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့က အနီးကပ်စောင့်ကြည့်နေသဖြင့် ယဲ့ချန်းနင်လည်း သူငယ်ချင်းများနှင့် သွားပျော်ပါး၍ မရတော့ချေ။

အမှန်တွင် ထိုလူများမှာ ယဲ့ချန်းနင်၏အတန်းဖော်ဟောင်းအချို့သာ။ ရွာတွင်ရှိစဉ်က သူငယ်ချင်းများဝိုင်းဖွဲ့ကာ ဖဲကစားလေ့ရှိကြသော်လည်း ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကို ခေါ်သွား၍ မရသဖြင့် ယဲ့ချန်းနင် အကြံကိုလက်လျှော့လိုက်ရတော့သည်။

ဤလူလည်လေးနှစ်ယောက်က အရူးလုပ်လို့မရနိုင်အောင် ထက်မြက်လွန်းလှပါသည်။

ယဲ့ရှောင်‌ရှောင် ရုတ်တရက် အကြံပြုသည်။

“သမီးတို့ ကျန်းဝမ်လင်ရဲ့အိမ်ကို သွားကြည့်ကြရအောင်လေ”

ယဲ့ချန်းနင်: “သူ့အိမ်ကို ဘာလုပ်ဖို့ သွားမှာတုန်း”

ယဲ့ရှောင်ရှောင်: “သူပြောတာတွေ ဟုတ်၊ မဟုတ် စုံစမ်းဖို့ပေါ့၊ ပြီးတော့ သူ့အမေက ဘယ်လိုလူစားမျိုးလဲဆိုတာလည်း သိရအောင်လို့”

မူလက မြောင်စွေ့ဖန်းတို့သည် မိသားစုနှစ်စု ထပ်မံတွေ့ဆုံသည့်အချိန်ကျမှ ယောက္ခမလောင်း၏စာရိတ္တကို အကဲခတ်ဖို့ စီစဉ်ထားကြပါသည်။

သို့သော် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းမရှိဘဲ အလည်သွားရောက်ခြင်းက ရိုင်းပျရာကျနိုင်သော်လည်း အိမ်ထောင်စုတစ်စု၏ စစ်မှန်သော အခြေအနေကို မြင်တွေ့နိုင်လိမ့်မည်ဟု ယဲ့ရှောင်ရှောင် ယုံကြည်ပါသည်။

ယဲ့ချန်းနင် ခေတ္တစဉ်းစားကာ ပြောလိုက်သည်။

“ဒါဆို လက်ဆောင်နည်းနည်းတော့ ဝယ်သွားရမှာပေါ့”

သူများအိမ်ကို လက်ချည့်ဗလာနှင့် သွား၍ မဖြစ်ပေ။

ယဲ့ရှောင်ရှောင်: “ဒါဆို သွားကြရအောင်လေ၊ သမီးငွေရှင်းပေးလို့ရတယ်မလား၊ သမီးမှာ ပိုက်ဆံပါတယ်”

ယဲ့ချန်းနင် ကျီစယ်လိုက်သည်။

“ရပါတယ် ရပါတယ်၊ နင်က သူဌေးမလေးပဲဥစ္စာ”

ယဲ့ချန်းနင်သည် စကားအဖြစ် ကျီစယ်လိုက်ခြင်းသာဖြစ် သည်။ သူ့ညီမလေးတွင် ပိုင်ဆိုင်မှုအချို့ အမှန်တကယ် ရှိနေသည်ကို သူသိပါသည်။

ယဲ့ရှောင်ရှောင်က လက်ဆောင်ဝယ်ယူဖို့အတွက် ငွေအချို့ရက်ရက်ရောရော ထုတ်ပေးလိုက်သည်။

သို့သော် လွန်လွန်ကျူးကျူး မဟုတ်ဘဲ သကြားညိုတစ်ထုပ်၊ မုန့်ကြွပ်တစ်ထုပ်နှင့် ဟင်းချက်ဆီတစ်ဘူးတို့ကိုသာ ဝယ်ယူလာခဲ့ပါသည်။

ထိုအရာများမှာ လက်တွေ့ အသုံးတည့်သည့် ပစ္စည်းများဖြစ်ကြ၍ လူကြီးသူမတစ်ဦးထံသို့ လူငယ်တစ်ဦးက အခြားရည် ရွယ်ချက်မရှိဘဲ အလည်လာရောက်သည့်သဘောမျိုး သက်ရောက်စေပါသည်။

လက်ဆောင်ပစ္စည်းများကို ဝယ်ယူပြီးကြသော်လည်း ကျန်းဝမ်လင်နေထိုင်သည့်နေရာကို မည်သူမှ မသိကြပေ။

ယဲ့ချန်းနင် ယုံကြည်ချက်အပြည့်ဖြင့် ဦးဆောင်လိုက်သည်။

“သူက စာပို့သမားပဲဥစ္စာ၊ စာတိုက်မှာ သွားမေးကြည့်ကြတာပေါ့”

ဤသို့ဖြင့် မောင်နှမသုံးဦး စာတိုက်သို့ ရောက်ရှိလာကြသည်။ ကျန်းဝမ်လင်၏ လိပ်စာအကြောင်း‌ မေးမြန်းသော အခါ ဝန်ထမ်းတစ်ဦးက အလိုက်တသင့် လမ်းညွှန်ပေးလိုက်ပါသည်။

ထို့နောက် ယဲ့ချန်းနင်က စာတိုက်ကောင်တာပေါ်တွင် ကိုယ်ကိုင်းကာ ဝန်ထမ်းအား တီးတိုးမေးမြန်းလိုက်သည်။

“ကျွန်တော်တစ်ခုလောက် မေးချင်လို့၊ ဒီမှာ ကျန်းဝမ်လင်နဲ့ အခြားဝန်ထမ်းတွေရဲ့ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိလဲဟင်”

“ကျန်းဝမ်လင်လား၊ သူက စိတ်ရင်းကောင်းတယ်လေ၊ သူများတွေကိုလည်း ကူညီပေးတတ်တယ်၊ အလုပ်ကိုလည်း စေ့စေ့စပ်စပ်နဲ့ ကြိုးစားပမ်းစားလုပ်တတ်တဲ့လူပါ”

စာတိုက်မှ အမျိုးသမီးဝန်ထမ်းက ကျန်းဝမ်လင်အား မြှောက်ပင့်ပြောဆိုလိုက်ပါသည်။

ထိုအကြောင်းအရာ မေးမြန်းပြီးနောက် ယဲ့ချန်းနင်တို့ စာတိုက်မှ ပြန်ထွက်လာခဲ့ကြသည်။

ယဲ့ရှောင်ရှောင်: “ကျန်းဝမ်လင်က လူကောင်းတစ်ယောက်ပဲနော်”

ခုနက အမျိုးသမီးဝန်ထမ်း၏စကားများကို သူမလည်း ကြားခဲ့ပါသည်။

ယဲ့ချန်းနင် နက်နက်နဲနဲ တွေးကာ ပြောသည်။

“လူရိုးလူအေးလို့ပဲ သတ်မှတ်လို့ရပါသေးတယ်၊ ဒီလောက် သဘောကောင်းတာတောင် ဘယ်သူမှ လက်မထပ်ချင်ကြဘူးဆိုတော့ သူ့ကို ဒီတိုင်း ခိုင်းကောင်းလို့ ခိုင်းနေတာဆိုတဲ့သဘောပဲ”

ယဲ့ရှောင်ရှောင်: “…”

တတိယအစ်ကို၏ အတွေးအခေါ်များက အလွန်ပင်ဆန်း ကြယ်လွန်းပါသည်။

ကျန်းဝမ်လင်သည် လူရိုးလူအေးဖြစ်စေ၊ လူကောင်းဖြစ်စေ၊ မိသားစုပေါ် တာဝန်ယူချင်စိတ်ရှိနေဖို့သာ အရေးကြီးသည်။

စာတိုက်မှ ပေးလိုက်သော လိပ်စာအတိုင်းလိုက်လာခဲ့ရာ မောင်နှမသုံးယောက်သား ကျန်းဝမ်လင်၏အိမ်သို့ ရောက်ရှိလာကြသည်။

ဤမြို့တွင် အိမ်ခြေများများစားစားမရှိသဖြင့် ရှာတွေ့ဖို့ လွယ်ကူပါသည်။

ကျန်းအိမ်တော်၏သစ်သားတံခါးနှစ်ချပ်မှာ ပိတ်လျက်သားအနေအထားဖြင့် ရှိနေသည်။

ယဲ့ချန်းနင်က လက်ဆောင်ပစ္စည်းများကို သယ်ဆောင်ထားရသဖြင့် ယဲ့ချန်းရှန့်ကသာ ရှေ့သို့တိုးကာ တံခါးခေါက်လိုက်ရသည်။

“လာပြီ လာပြီ”

အထဲမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။

ခဏအကြာတွင် ကျွီခနဲမြည်သံနှင့်အတူ တံခါးပွင့်သွားပြီး ဆံပင်ကိုသပ်ရပ်စွာထုံးထားသော သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး ထွက်လာခဲ့ပါသည်။

ထိုအမျိုးသမီးမှာ မြောင်စွေ့ဖန်း၊ လီကွေ့လန်တို့ထက် အသက်ကြီးမည့်ပုံစံပေါက်သော်လည်း အားနည်းချည့်နဲ့ကာ ပျော့ညံ့သည့်ပုံစံတော့ မပေါက်ပေ။ ထို့အစား အလွန်တက်ကြွလျက်ရှိသည်။

“ဘယ်သူများလဲ”

ဒေါ်လေးကျန်းမှာ အလွန်အံ့အားသင့်သွားခဲ့သည်။ သူမတို့မိသားစုတွင် ဤမျှကြည့်ကောင်းသော ဆွေမျိုးများ ရှိမနေသည်မှာ သေချာပါသည်။

“ကျွန်တော်တို့က ပိုင်ချွမ်ရွာက ယဲ့မိသားစုဝင်တွေပါဒေါ်လေး၊ အရင်တစ်ခေါက်က ကျွန်တော့်အစ်မနဲ့ မင်္ဂလာကိစ္စအတွက် ရွာကို အစ်ကိုကျန်း လာသွားသေးတယ်၊ ကျွန်တော်တို့ ဒီနေ့ မြို့ထဲကို ရောက်လက်စ လမ်းကြုံတာနဲ့ ဝင်လာခဲ့တာပါ၊ ကျွန်တော်တို့ကြောင့် အနှောင့်အယှက်တော့ ဖြစ်မသွားဘူးမလား”

ယဲ့ချန်းနင် တည်တည်တံ့တံ့နှင့် ရှင်းပြလိုက်သည်။

ဒေါ်လေးကျန်းမှာ ရုတ်တရက် နားလည်သွားခဲ့ပါသည်။

“မဖြစ်ပါဘူး၊ ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးကွယ်၊ အိမ်မှုကိစ္စလေးနည်းနည်းလုပ်ရင်းနဲ့ အိမ်မှာ အားနေတာပါ၊ ဝင်ခဲ့ကြ ကလေးတို့၊ ဒေါ်လေးနဲ့ စကားနည်းနည်းပြောကြတာပေါ့”

ယဲ့ချန်းနင် ညီနှင့် ညီမတို့ကို ခေါ်ဆောင်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့ပါသည်။

အိမ်ဝင်းထဲတွင် အဓိက အခန်းကြီးလေးခန်းရှိနေသဖြင့် သားအမိနှစ်ယောက်တည်း နေထိုင်ရန်အတွက် လုံလုံလောက်လောက် ကျယ်ဝန်းသည်။

အိမ်ဝင်းတစ်ခုလုံးမှာလည်း ဖုန်တစ်စမရှိအောင် သန့်ရှင်းတောက်ပြောင်နေပြီး အိမ်နံရံဘေးတွင် ထင်းများကို သပ်သပ်ရပ်ရပ် စီထားကာ ကိရိယာတန်ဆာပလာမျိုးစုံသိမ်းဆည်းထားသည့် သိုလှောင်ခန်းတစ်ခန်းလည်း ရှိသေးသည်။

ခြံထဲတွင် ကြက်၊ ဘဲ အနည်းငယ်ကို မွေးမြူထားပြီးနေ့ဘက်တွင် ခြံထဲလွှတ်ပေးထားကာ ညဘက်ရောက်ခါမှ ရုံထဲကို ပြန်သွင်းလေ့ရှိသည်။

အိမ်အတွင်းဘက်တွင် ပရိဘောဂ များပြားလှသည် မဟုတ်သော်လည်း အရာအားလုံးကို စနစ်တကျ စီရီထားသဖြင့် မျက်စိရှင်းလှသည်။

“မင်းတို့ မြို့ထဲကို လာလည်ကြတာလား၊ ဒီနေ့ည ဘယ်မှာတည်းမှာလဲ၊ ပိုင်ချွမ်ရွာက နည်းနည်းဝေးတော့ မိုးချုပ်ရင် မပြန်သင့်ဘူးနော်”

ဒေါ်လေးကျန်းက ကလေးများအတွက် ရေနွေးငှဲ့ပေးလိုက်ပြီး အကြုံပြုလိုက်ပါသည်။

ယဲ့ချန်းနင်က ရှင်းပြသည်။

“ကျွန်တော်တို့ အဘိုးအိမ်မှာ ဒီနေ့ညတည်းပြီး မနက်ဖြန်မနက်စောစောမှ ပြန်မှာပါ ဒေါ်လေး”

ဒေါ်လေးကျန်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“ဒါဆို ဒေါ်လေးတို့အိမ်မှာပဲ ညစာစားသွားလိုက်တော့၊ ဒေါ်လေးတစ်ခုခုသွားစီစဉ်ပေးမယ်”

အရာရာ ရှားပါးနေသည့် ဆောင်းတွင်းကာလတွင် သူတစ်ပါးအိမ်၌ စားသောက်ရန် မသင့်တော်ဟု ယဲ့ရှောင်ရှောင်တို့ ခံစားမိပါသည်။

ထို့ကြောင့် ယဲ့ချန်းနင်ကပင် အလျင်အမြန် တားဆီးလိုက်သည်။

“ကျွန်တော်တို့ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ခဏနေ ပြန်ကြမှာပါ ဒေါ်လေး၊ အဲ့တာကြောင့် ဒီမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး၊ နောက်တစ်ခါ အခွင့်အရေးရမှ ကျိန်းသေလမ်း ကြုံဝင်စားပါ့မယ်”

ယဲ့ချန်းရှန့်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ သွားစရာရှိသေးလို့ပါ”

ယဲ့ရှောင်ရှောင်က မေးလိုက်သည်။

“အစ်ကိုကျန်း အိမ်မှာမရှိဘူးလား”

ဒေါ်လေးကျန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ပြန်ထိုင်လိုက်ရတော့သည်။

“ဝမ်လင်က ဒီနားက ရွာတွေမှာ စာတွေလိုက်ပို့ပေးနေတယ်လေ၊ နာရီပိုင်းလောက် ကြာဦးမယ် ထင်တာပဲ”

ယဲ့ရှောင်ရှောင်တို့က ညစာစားသွားဖို့ ငြင်းဆန်နေသဖြင့် ဒေါ်လေးကျန်းလည်း စကားသာ ထိုင်ပြောရတော့သည်။

“မင်းတို့ကလေးတွေ ဒီလောက် သိတတ်လိမ့်မယ်လို့ ထင်မထားဘူး၊ မြို့ထဲကို ရောက်လက်စနဲ့ ဒေါ်လေးရဲ့ အိမ်ကို အခုလို လာလည်တာ ဝမ်းသာပါတယ်၊ မင်းတို့အစ်မနဲ့ ဝမ်လင်တို့ကြားကကိစ္စလည်း အဆင်ပြေတယ် မဟုတ်လား၊ ဝမ်လင် ပြန်လာတုန်းက ယဲ့လျန်က မိန်းမကောင်းလေးတစ်ယောက်ပါဆိုတဲ့အကြောင်း တဖွဖွပြောနေတာ”

ယဲ့လျန်တွင် ကလေးနှစ်ယောက်ရှိမှန်း ဒေါ်လေးကျန်း သိသော်လည်း ဂရုမစိုက်ပါ။

သားဖြစ်သူမှာ အသက် ၃၀ ပင်ပြည့်ပြီဖြစ်ရာ စိတ်သဘောထားချင်း တိုက်ဆိုင်ပြီး ဘဝကို အတူတူလက်တွဲဖြတ်သန်းနိုင်မည့် ဇနီးကောင်း တစ်ယောက် ရရှိဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါသည်။

ယဲ့ချန်းနင်ကမူ ဒေါ်လေးကျန်းအား အတိအကျ ကတိမပေးနိုင်သေးပေ။

“ကျွန်တော့်ဦးလေးနဲ့ လူကြီးသူမတွေ တိုင်ပင်နေကြပါတယ်၊ အသေးစိတ်ကိုတော့ မိသားစုနှစ်စု တွေ့ဆုံတဲ့အခါကျမှ ပြောကြတာပေါ့၊ ကျွန်တော်တို့က ကလေးတွေမို့လို့ စည်းကျော်ပြီး မပြောရဲဘူးလေ”

ဒေါ်လေးကျန်းလည်း နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ပါသည်။

“ဒါပေါ့ တွေ့ရမှာပေါ့၊ ကျန်းဝမ်လင် အားလပ်ရက်ရတာနဲ့ ဒေါ်လေးတို့ မိသားစုတွေ အားလုံးတွေ့ပြီး စကားအေးအေး ဆေးဆေးပြောကြမယ်”

ကျန်းအိမ်တော်တွင် ခေတ္တစကားဆက်ပြောပြီးနောက် ယဲ့ချန်းနင် ပြန်ဖို့ဆုံးဖြတ်လိုက်ပါသည်။

ဒေါ်လေးကျန်းက သူတို့ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။

အိမ်ထဲသို့ ပြန်ဝင်လာသည့်တိုင်အောင် ယဲ့မိသားစုမှ ကလေးများ၏ထက်မြက်မှုကို အံ့ဩမဆုံးနိုင်ဖြစ်နေခဲ့သည်။ သာမန်ရွာများမှ လူကြောက်တတ်သည့် ကလေးများလို မဟုတ်ဘဲ ယဲ့မိသားစုမှ ကလေးများမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ရဲဝံ့တည် ငြိမ်ပြီး စကားပြောကောင်းလှပေသည်။

All Chapters