← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

📗 Chapter 146

လီသဲ့ရှုသည် သူမနှင့် စကားများဖို့ စိတ်မပါသဖြင့် တစ်ခွန်းမှ ပြန်မပြောတော့ဘဲ တစ်ယောက်တည်း ရှေ့ဆက်လျှောက်လာခဲ့ပါသည်။

“လီသဲ့ရှု! အခုချက်ချင်း ပြန်လာခဲ့စမ်း၊ ငါ့ကို ဂုန်းပိုးပေး! ဂုန်းပိုးမပေးရင် ငါတစ်လှမ်းမှ ရှေ့ဆက်မတိုးဘူးနော်!”

ဖုန့်ယန်မှာ တုတ်တုတ်မျှမလှုပ်ဘဲ ကျောခိုင်းထွက်သွားသည့် လီသဲ့ရှုအား လှမ်းအော်ပြောလိုက်သည်။

လီသဲ့ရှုကမူ နောက်ပင်ပြန်လှည့်မကြည့်ပေ။

“အဲ့တာဆိုလည်း နေခဲ့လေ၊ ဒီတောင်ပေါ်မှာ ဝံပုလွေတွေရှိတယ်၊ ဒီမှာဆက်နေရင် မင်းကို အရိုးပါမကျန်အောင် ဝါးစားသွားလိမ့်မယ်”

ဖုန့်ယန်စိတ်ထဲ အနည်းငယ် ကြောက်ရွံ့သွားမိသော်လည်း အလွယ်တကူနှင့် အရှုံးပေးမည်မဟုတ်ပေ။

“ငါ့ကိုလာမခြောက်နဲ့! ငါလုံးဝ မကြောက်တတ်ဘူး!”

အရှေ့သို့ အတန်ကြာအောင် ဆက်လက်လျှောက်လှမ်းလာခဲ့ပြီးနောက် ဖုန့်ယန်အမှန်တကယ် လိုက်မလာသည်ကိုမြင်သောအခါ လီသဲ့ရှုလည်း ရွေးချယ်စရာ မရှိတော့ဘဲ စက်ဘီးကိုလမ်းဘေးတွင် ဒေါက်ထောက်ရပ်ထားခဲ့ပြီး သူမကို သွားခေါ်ဖို့ နောက်ပြန်လှည့်လာခဲ့ရတော့သည်။

“ငါ့ကိုလာမထိနဲ့! ငါ့ကိုပြန်လိုက်ပို့ပေး၊ ငါပြန်မယ်၊ နင့်ရွာကို မသွားချင်တော့ဘူး!”

လီသဲ့ရှု အလွန်စိတ်မရှည်ဖြစ်လာပါပြီ။

‘ဒီမိန်းမမှာ ဒီလောက်ဆိုးရွားတဲ့ စရိုက်မျိုးရှိတာ ရည်းစားဘဝတုန်းက ငါဘာလို့ သတိမထားမိခဲ့ပါလိမ့်’

သူတို့နှစ်ဦးစကားများကာ အချိန်ကြန့်ကြာနေကြသဖြင့် ယဲ့ရှောင်ရှောင်တို့ မောင်နှမများ အနောက်မှလိုက်မီလာကြပါသည်။

ငှားရမ်းထားသည့် မြည်းလှည်းကလည်း သူတို့ကို တောင် စောင်းအောက်ခြေတွင် ချထားပေးခဲ့ပြီး ပြန်လှည့်သွားပြီ ဖြစ်သည်။ ကျန်ခရီးလမ်းကို လမ်းလျှောက်၍သာ ဆက်ရပါမည်။

မောင်နှမသုံးဦး တောင်စောင်းအောက်သို့ ရောက်ရှိလာချိန်တွင် လီသဲ့ရှုနှင့် ဖုန့်ယန်တို့နှစ်ယောက် စကားများလို့ ကောင်းနေကြဆဲဖြစ်သည်။

ယဲ့ချန်းနင် လှောင်ပြောင်သရော်သည့် ပုံစံမျိုးဖြင့်ပြောလိုက်သည်။

“လင်မယားနှစ်ယောက် လမ်းမပေါ်မှာ အချစ်စမ်းနေကြတာလားကွ”

လီသဲ့ရှု နှုတ်ခမ်းများ တွန့်သွားသည်။

“မဟုတ်ပါဘူး၊ ငါတို့ အချင်းချင်း စနောက်နေတာပါ”

ယဲ့ချန်းနင်: “မင်းတို့ရဲ့ ရိုမတ်တစ်ဆန်ပုံက အဆန်းသားပဲ၊ သွားကြစို့ ရှောင်ရှောင်နဲ့ ချန်းရှန့်၊ အချစ်ငှက်လေးနှစ်ကောင်အတွက် အနှောင့်အယှက် ဖြစ်နေပါဦးမယ်”

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကတော့ နှုတ်ဆိတ်နေကြသည်။ ယဲ့ချန်းနင်၏ စကားတစ်ခွန်းတည်းနှင့်ပင် အခြေ အနေက အလွန်အနေခက်စရာကောင်းနေပါပြီဲ။

သူစိမ်းများကြောင့် ဖုန့်ယန်လည်းအလွန်ရှက်သွားပြီး လီသဲ့ရှုနှင့် စကားဆက်များဖို့ပင် စိတ်မပါတော့ပေ။ သို့သော် ပိုင်ချွမ်ရွာသို့ ဒီတိုင်းလည်း ပင်ပင်ပန်းပန်း လမ်းလျှောက်မသွားနိုင်ပါ။

ထို့ကြောင့် လီသဲ့ရှု၏ဂုတ်ကို လက်ဖြင့်သိုင်းဖက်ကာ တောင် စောင်းအောက်ရောက်သည်အထိ ဂုန်းပိုးပေးဖို့ ပြောလိုက်သည်။

တောင်ဟူသည်မှာ အတက်တွင် လွယ်ကူသော်လည်း အဆင်းတွင် အလွန်အန္တရာယ်များမှန်း တောင်တက်ဖူးသူ မည်သူမဆို သိကြပါလိမ့်မည်။

ပိုင်ချွမ်ရွာ၏အရှေ့ဘက်ရှိ ကျောက်တောင်စောင်းတွင် အလွန်တရာ မတ်စောက်သော လမ်းများ ရှိနေသဖြင့် မိမိဖာသာ လမ်းလျှောက်လျှင်ပင် အလွန်သတိထားရပါသည်။

နဂိုကတည်းက ကိုယ်ခန္ဓာကြံ့ခိုင်မှုမရှိသည့် လီသဲ့ရှုမှာ သူ့မိန်းမကို ခက်ခက်ခဲခဲ ဂုန်းပိုးပေးခဲ့ရသည်။

တောင်စောင်းအောက်သို့ဆင်းစဉ် လီသဲ့ရှု ဒူးခေါက်သွားပြီး နှင်းပြင်ပေါ် ခြေချော်ကာ တောင်စောင်းအောက်သို့ ဒလိမ့်ခေါက်ကွေး လိမ့်ဆင်းသွားတော့သည်။

အနောက်မှ ဖုန့်ယန်လည်း ကြောက်လန့်တကြား စူးစူးဝါးဝါးအော်ဟစ်လျက် သူနှင့်အတူ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားခဲ့ရှာသည်။

“အား!!!”

ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦးလည်း ထိုစူးစူးရှရှ အော်သံများကိုကြားခဲ့ပါသည်။ သူတို့ နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် လီသဲ့ရှုတို့နှစ်ယောက် မရှိကြတော့ပေ။

“လခွမ်း၊ သူတို့ လမ်းဘေးချောက်ထဲ ပြုတ်ကျသွားကြတာလား”

ယဲ့ချန်းနင်၏လေသံမှာ အမှန်တကယ် စိုးရိမ်ပူပန်သည့်ပုံစံမပေါက်ဘဲ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်မျိုးပင် ပါဝင်နေပါသည်။

“ကယ်ကြပါဦး! ကယ်ကြပါဦး!”

ဖုန့်ယန်မှာ ထိခိုက်ဒဏ်ရာ ရရှိထားပုံမပေါ်ဘဲ ထူထပ်လှသော နှင်းပုံကြီးထဲမှ တစ်ကိုယ်လုံး ညစ်ပတ်ပေပွလျက် ရုန်းထွက်လာခဲ့ပြီး ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦးကို လက်လှမ်းပြကာ အသည်းအအသန် အော်ဟစ်အကူအညီတောာင်းလေတော့သည်။

“ကျွန်မတို့ကို ကူညီပါဦး… ကျွန်မယောက်ျား ‌ခြေလိမ်သွားပြီထင်တယ်!”

ယဲ့ချန်းနင် ညီဖြစ်သူနှင့် ညီမဖြစ်သူတို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ထားခဲ့လိုက်စမ်းပါကွာ၊ လီသဲ့ရှုဆိုတဲ့ကောင်က လူကောင်းသူကောင်းမှမဟုတ်တာ”

ယခင်က ယဲ့ချန်းရှန့်ကို မဟုတ်မမှန်စွပ်စွဲပြီး အချုပ်ထဲရောက်အောင် ဖန်တီးခဲ့ဖူးသူပင် မဟုတ်ပါလား။ သူ့ကို ယဲ့သားအဖများ ကောင်းကောင်းဆုံးမခဲ့သော်လည်း စိတ်ကျေနပ်စရာတော့ မကောင်းလှပေ။

ယဲ့ရှောင်ရှောင်ကလည်း ဂရုမစိုက်ပေ။ သူမက ဆရာဝန်တစ်ဦးဖြစ်သော်ငြား ဤလူမှာ သူမ၏လူနာ မဟုတ်ပါ။

သူတို့ ကူညီပေးဖို့ အစီအစဉ်မရှိသည်ကိုမြင်ပြီး ဖုန့်ယန်က ပိုမိုကျယ်လောင်စွာပင် အကူအညီ အော်တောင်းလေသည်။

ယဲ့ချန်းနင် လေးလံစွာ သက်ပြင်းချလိုက်ပါသည်။

“ငါ့လို စိတ်ထားကောင်းတဲ့လူမျိုးနဲ့ တွေ့တာ ဒင်းတို့ ကံကောင်းသွားတယ်”

သူတို့ကို အမှန်တကယ်ထားရစ်ခဲ့လျှင် လီသဲ့ရှု အေးခဲပြီး သေသွားနိုင်ပါသည်။

ထို့အပြင် ဤကိစ္စ ရွာထဲတွင် သတင်းပျံ့နှံ့သွားပါက ယဲ့မိသားစု၏ဂုဏ်သိက္ခာ ထိခိုက်ပေလိမ့်မည်။ လူငယ်များက အတင်းအဖျင်းများကို ဂရုမစိုက်ကြသော်လည်း ရှေးရိုးစွဲလူကြီးများကမူ ကျိန်းသေပေါက် ဒေါသထွက်ကြပေလိမ့် မည်။

“ဟူး… ဒီကောင့်ကို တောင်အောက်ရောက်တဲ့အထိ ဂုန်းပိုးပေးရမှာ၊ အခုလမ်းတွေ ဘယ်လောက်ကြမ်းနေလဲ မြင်တယ်မလား၊ သူ့ကြောင့် ငါတို့ပါ ခြေချော်ကျသွားမှ ဒုက္ခများလိမ့်မယ်”

ယဲ့ချန်းနင်သည် လီသဲ့ရှု၏အခြေအနေကို သွားရောက်စစ်ဆေးကြည့်လိုက်ပါသည်။ လီသဲ့ရှုမှာ သူ့ခြေထောက်ကို ဆုပ်ကိုင်ထားပြီး မျက်နှာလည်း အလွန်နာကျင်နေဟန်ဖြင့် ဖြူဖျော့နေလေသည်။

“ငါ့ကို ကူညီပါဦး… ငါ့ကို တောင်အောက်ရောက်အောင် ပို့ပေးရင် ပိုက်ဆံပေးပါ့မယ်!”

အခြားသူများသာဆိုလျှင် စကားပြောရအဆင်ပြေနိုင်သော် လည်း ယဲ့မိသားစုကမူ သူ့အပေါ် အငြှိုအးတေးရှိကြသဖြင့် သူ့ကို တောထဲတွင် အမှန်တကယ် ရက်ရက်စက်စက်ပစ် ထားခဲ့နိုင်သည်။

ယဲ့ချန်းနင် မျက်ခုံးပင့်သွားလေသည်။

“ငါ့ရဲ့ လုပ်အားခက မသေးဘူးနော်”

ယဲ့ချန်းရှန့်လည်း အနားရောက်လာပြီး လီသဲ့ရှုအား အေးစက်စွာ ငုံ့ကြည့်လိုက်သည်။

“ငါတောင်းပန်ပါတယ် ချန်းရှန့်ရာ! အရင်တစ်ခေါက် ဖြစ်ခဲ့တဲ့ကိစ္စမှာ ငါ မှားပါတယ်! ငါ့ကို ကူညီပေးမယ်ဆိုရင် မင်းတို့ လိုချင်တာမှန်သမျှ လုပ်ပေးပါ့မယ်!”

ဖုန့်ယန်ကမူ သူတို့အကြားက ရာဇဝင်ကို မသိသဖြင့် ဘေးတွင်သာ အူတူတူဖြင့် ရပ်ကြည့်နေသည်။

ယဲ့ချန်းနင် လက်ဖဝါးဖြန့်ကာ ပြောသည်။

“ယွမ်တစ်ရာ”

ဖုန့်ယန်က ချက်ချင်းအော်ပြောလိုက်သည်။

“ယွမ်တစ်ရာဟုတ်လား! ဘဏ်သာ ဓားပြသွားတိုက်လိုက်ပါတော့လား!”

ယဲ့ချန်းနင် မတ်တပ်ပြန်ရပ်ကာ လှည့်ထွက်သွားဖို့ပြင်လိုက် ပါသည်။

“ပြီးတာပဲလေ၊ ငါတို့ သွားတော့မယ်”

လီသဲ့ရှု ကယောင်ချောက်ချားဖြစ်သွားပြီး အသည်းအသန် အော်ပြောလိုက်သည်။

“ငါပေးပါ့မယ်! အခုတော့ အဲ့လောက်အများကြီး ပါမလာဘူး! ငါ့ကို ရွာရောက်အောင် အရင်ပို့ပေး၊ နောက်တစ်ခါ ငါပြန်လာတဲ့အခါကျမှ ယူလာခဲ့မယ်!”

ယဲ့ချန်းနင် အမှန်တကယ်ထွက်သွားမည်စိုးရိမ်သဖြင့် လီသဲ့ရှု အိတ်ကပ်ထဲမှ ပိုက်ဆံများကို အလျင်အမြန် ထုတ်ပေးလိုက်သည်။

“ဒီမှာ ယွမ် ၆၀၊ လောလောဆယ် ငါ့မှာပါတာ ဒါအကုန်ပဲ”

ယဲ့ချန်းနင်လည်း အားနာမနေဘဲ ပိုက်ဆံကို ချက်ချင်း လက်ခံလိုက်ပါသည်။

“ဟုတ်ပါပြီ၊ အဲ့လောက်ကြီးလည်း အားနာဖို့မလိုပါဘူး လီသဲ့ရှုရာ၊ အားလုံးက တစ်ရွာတည်းသားချင်းတွေပဲဥစ္စာ၊ ငါက မင်းကို ထားခဲ့ပါ့မလား”

လီသဲ့ရှု သွေးအန်လုနီးပါးဖြစ်သွားသည်။

‘ခုနကတော့ မင်းမျက်နှာ အဲ့လိုမဟုတ်ပါဘူး!’

ယဲ့ချန်းရှန့်က လီသဲ့ရှုကို ယဲ့ချန်းနင်၏ ကျောပေါ်တင်ပေးဖို့ ကူညီပေးခဲ့ရသည်။ ထိုသို့ ကူညီပေးစဉ် ဒဏ်ရာရရှိထားသည့် ခြေထောက်ကို မတော်တဆထိမိသွားရာ လီသဲ့ရှု စူးစူးဝါးဝါး အော်ဟစ်မိလေသည်။

ယဲ့ချန်းနင်က အကဲခတ်လိုက်သည်။

“မင်းခြေထောက်က လိမ်ရုံမဟုတ်ဘူး၊ ကျိုးသွားတာလားမသိဘူးနော်”

ယဲ့ရှောင်ရှောင် အေးစက်စွာ ဝင်ပြောလိုက်သည်။

“သူ့ကို ဆေးရုံပို့ပေးမှဖြစ်မှာ၊ ရွာမှာဘာမှ လုပ်ပေးလို့ရမှာမဟုတ်ဘူး”

ဖုန့်ယန်မှာ အလွန်စိတ်ချောက်ချားနေသဖြင့် သူမတို့ကို ငွေညှစ်ခဲ့သည့် ထိုလူများကိုပင် ဒေါသမထွက်အားပါ။

“အဲ့တာဆို သူ့ကို ဆေးရုံမြန်မြန် ပို့ပေးကြလေ!”

ယဲ့ချန်းနင် လီသဲ့ရှုကို မြေကြီးပေါ် ပြန်ပစ်ချဖို့ပင် ကြံလိုက်မိသည်။

“ဆေးရုံထိရောက်အောင် သူ့ကို ငါဂုန်းပိုးသွားရမှာလား၊ အဲ့တာဆိုရင်တော့ တခြားတစ်ယောက်သာ ရှာလိုက်တော့”

ဖုန့်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ရှင်… ရှင်တို့ တော်တော်နှလုံးသားမဲ့ပါလား!”

ယဲ့ရှောင်ရှောင် ကျိုးကြောင်းရှင်းပြသည်။

“ဆေးရုံက ဒီနေရာနဲ့ အဝေးကြီးလေ၊ လမ်းတွေကလည်း ကြမ်းတော့ သူ့ဒဏ်ရာနဲ့ အဆင်ပြေမှာမဟုတ်ဘူး၊ ရွာကို အရင်ပြန်ပြီး ရွာကဆရာဝန်နဲ့ သူ့ခြေထောက်ကို အရင်ငြိမ်အောင် လုပ်ရမယ်၊ ပြီးမှ မြို့ကိုပို့ဖို့ လှည်းဒါမှမဟုတ် ကားတစ်စီး ငှားလိုက်တာ ပိုကောင်းမယ်”

ယခုကဲ့သို့ အရေးပေါ် အခြေအနေမျိုးကို တစ်ခါမှမကြုံဖူးခဲ့သဖြင့် ဖုန့်ယန်လည်း မည်သည့်အကြံမှ မထုတ်နိုင်တော့ဘဲ တစ်ဖက်လူ၏အကြံဉာဏ်များကိုသာ စုံလုံးကန်း ယုံကြည်ပြီး ယဲ့ချန်းနင်ကို မြန်မြန်လျှောက်ဖို့ တိုက်တွန်းလိုက်ပါသည်။

‘ရွာကိုရောက်ရင် အားလုံးအဆင်ပြေသွားမှာပါ၊ လီသဲ့ရှုမှာ ဆွေမျိုးတွေ အများကြိးရှိတာပဲဥစ္စာ’

ယဲ့ချန်းနင်သည် လီသဲ့ရှုကို သူ့ဦးလေးအကြီးဆုံး၏အိမ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။ လီသဲ့ရှုနှင့် ရင်းနှီးနေခြင်းကြောင့် မဟုတ်ဘဲ သူ့အိမ်က အနီးဆုံးဖြစ်နေခြင်းကြောင့်ပင်။

လီသဲ့ရှုကို ထိုအိမ်သို့ ပို့ဆောင်ပေးပြီးနောက် ယဲ့ချန်းနင် လှည့်ပြန်ဖို့ ပြင်လိုက်သည်။

ဖုန့်ယန်က အခြေအနေကို နားမလည်နိုင်သေးဘဲ လှမ်းအော်မေးလိုက်ပါသည်။

“ရှင်တို့ ဒီတိုင်း ထွက်သွားကြမလို့လား”

ယဲ့ချန်းနင်က ချေပသည်။

“ထွက်မသွားလို့ ဘာလုပ်ရမှာလဲ၊ ငါတို့ကို ညစာကျွေးမလို့လား”

ဖုန့်ယန် သည်းမခံနိုင်တော့ဘဲ ရန်တွေ့လိုက်ပါသည်။

“ရှင်တို့ တော်တော်တရားလွန်တာပဲ! ပိုက်ဆံလည်းယူထားသေးတယ်၊ ဒီရောက်အောင်ပို့ပြီးတော့ ရှင်တို့တာဝန်ကျေပြီလို့ ထင်နေတာလား”

ယဲ့ချန်းနင် အေးစက်စွာ ရယ်မောလိုက်သည်။

“ငါပြောပြမယ် ကောင်မလေး၊ ငါတို့က စေတနာနဲ့ ကူညီပေးခဲ့တာ၊ နင့်ယောက်ျားကသာ ငါ့လက်ထဲ ပိုက်ဆံတွေအတင်း အကျပ် ထည့်ပေးခဲ့တာ၊ မဟုတ်ရင် ယွမ်တစ်ရာမပြောနဲ့ ယွမ်တစ်ထောင်ပေးမယ်ဆိုရင်တောင် သူ့လိုကောင်မျိုးကို ကူညီမပေးဘူး၊ သူ့ကို ဒီအထိရောက်အောင် ပို့ပေးတာတောင် ငါ သဘောကောင်းလွန်းရာကျနေပြီ၊ ဘာတွေလိုချင်သေးလို့လဲ”

ထို့နောက်လှောင်ပြုံးပြုံးလျက် အိမ်ရှင်ကို လှမ်းအကြောင်း ကြားလိုက်ပါသည်။

“ဦးလေးလီ၊ ကျွန်တော်တို့ သွားပြီနော်”

လီသဲ့ရှု၏ ဦးလေးမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ စိတ်ချောက်ချားနေပါပြီ။ ထိုအော်သံကို ကြားခါမှ ယဲ့ချန်းနင်ကို ကျေးဇူးထွက်တင်လိုက်ပြီး နောက်နေ့မှ အိမ်ကို အသေအချာ ကျေးဇူးလာတင်ဦးမည်ဟု ပြောလိုက်သည်။

ယဲ့ချန်းနင် လူကြီးလူကောင်းပုံစံဖမ်းကာ ပြောလိုက်သည်။

“မလိုပါဘူး ဦးလးရာ၊ ဘာမှ အားမနာပါနဲ့၊ အရေးကြီးတာသာ အရင်လုပ်ကြပါ”

ထို့နောက် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကို ခေါ်ဆောင်ပြီး ခပ်သုတ်သုတ် ထွက်လာခဲ့ကြတော့သည်။

လမ်းတွင် ကျန်းအာ့နီနှင့် ဆုံခဲ့ကြသေးသည်။

ကျန်းအာ့နီက အားတက်သရော မေးမြန်းလိုက်ပါသည်။

“လီသဲ့ရှု ရွာပြန်ရောက်နေတယ်လို့ ကြားမိတယ်၊ နင်တို့တွေ့ခဲ့သေးလား”

ယဲ့ချန်းနင်က ဖြေသည်။

“တွေ့ခဲ့သားပဲ၊ လမ်းမှာ တောင်စောင်းပေါ်က ပြုတ်ကျပြီး ခြေထောက်ကျိုးသွားလို့ သူ့ဦးလေးအကြီးဆုံးအိမ်မှာ နားနေတယ်”

ကျန်းအာ့နီ: “တကယ်ကြီးလား၊ ကောင်းတာပေါ့!”

ယဲ့မောင်နှမသုံးဦး၏ ထူးထူးဆန်းဆန်းအကြည့်ကိုမြင်ပြီး ကျန်းအာ့နီ စကားအမြန်ပြင်လိုက်ပါသည်။

“အဲ… မဟုတ်ပါဘူး၊ သူတော်တော် ကံဆိုးတာပဲလို့ ပြောတာပါ”

All Chapters