← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

📗 Chapter 147

ယဲ့ရှောင်ရှောင်: “လောလောဆယ်တော့ သူဧည့်သည်တွေကို ထွက်တွေ့နိုင်လောက်မှာ မဟုတ်ဘူး”

ကျန်းအာ့နီ: “ငါလည်း သူ့ကို သွားတွေ့ဖို့ အစီအစဉ်မရှိပါဘူး”

သူတို့စကားပြောနေစဉ် ကျေးရွာဆရာဝန် အဘိုးလျို့သည် ဆေးသေတ္တာလေးကို မြဲမြဲဆုပ်ကိုင်လျက် ဘေးမှသုတ်သုတ်ပျာပျာ ဖြတ်ပြေးသွားခဲ့ပါသည်။

ကျန်းအာ့နီက အဘိုးလျို့ကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

“ဪ လီသဲ့ရှုတစ်ယောက် ဧည့်သည်တွေကို မတွေ့နိုင်သေးဘူးဆိုတာ ဒဏ်ရာရထားလို့ကိုး…”

ယဲ့ရှောင်ရှောင်: “အိမ်အရင်ပြန်ကြရအောင်၊ အပြင်မှာ အရမ်းအေးတယ်”

ကျန်းအာ့နီလည်း ယဲ့ရှောင်ရှောင်တို့ မောင်နှမများနှင့်အတူ ယဲ့မိသားစုအိမ်သို့ လိုက်လာခဲ့ပါသည်။

ရွာထဲတွင် သတင်းတိုင်းက ပျံ့နှံ့လွယ်သည်။ ရွာသို့ လီသဲ့ရှုပြန်ရောက်လာသည့်အကြောင်းကို မြောင်စွေ့ဖန်းပင် သိထားပြီးပါပြီ။

မြောင်စွေ့ဖန်း: “အဲ့တာကြောင့် လီသဲ့ရှုရဲ့ ဦးလေးက အဘိုးလျို့ကို အသည်းအသန် သွားပင့်တာကိုး၊ လမ်းမှာ သူဒဏ်ရာ ရလာတာပေါ့ ဟုတ်လား”

ယဲ့ချန်းနင် ရှင်းပြလိုက်သည်။

“လမ်းကို အလောတကြီးလျှောက်ရင်းနဲ့ ချောက်ထဲလိမ့်ကျသွားတာလေ”

မြောင်စွေ့ဖန်းသည် သားဖြစ်သူကို အနည်းငယ် မယုံသင်္ကာဖြစ်နေမိသည်။ သူမ၏တတိယသားမှာ မီးကိုမီးနှင့် တုံ့ပြန်တတ်သူမျိုးသာ ဖြစ်သည်။

“သူ့ကို နင်ခေါ်လာပေးခဲ့တာလား”

ယဲ့ချန်းနင် မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားပြီး မသေချာမရေရာသည့် အဖြေတစ်ခုပေးလိုက်ပါသည်။

“အဲ့လိုသဘောမျိုးပါပဲ”

မြောင်စွေ့ဖန်း: “ဘာဖြစ်တယ်”

ယဲ့ချန်းရှန့်က ဝင်ကူညီပေးလိုက်သည်။

“တတိယအစ်ကိုက သူ့ကို ဂုန်းပိုးပြီး ခေါ်လာခဲ့တာ”

မြောင်စွေ့ဖန်း‌ ကျေနပ်သွားပုံရကာ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်ပါသည်။

“ကောင်းပါတယ်၊ အဲ့တာ နင်ရင့်ကျက်လာပြီး စိတ်လိုက်မာန် ပါလုပ်တိုင်း အရာရာ မဖြေရှင်းနိုင်ဘူးဆိုတာကို နားလည်သွားတဲ့ သဘောပဲ၊ လီသဲ့ရှုကိုမြင်တာနဲ့ နင်ထိုးကြိတ်လိမ့်မယ်လို့ ငါထင်ထားတာ”

ယဲ့ချန်းနင်: “ကျွန်တော်က အဲ့လိုလူရမ်းကားမျိုးမို့လို့လား”

ထိုစဉ် ကျန်းအာ့နီသည် ယဲ့ရှောင်ရှောင်ကို ဘေးနားဆွဲခေါ်ပြီး တီးတိုး မေးမြန်းလိုက်ပါသည်။

“ဘာတွေဖြစ်သွားတာလဲ ငါ့ကို သေချာပြောပြစမ်းပါဦး”

လမ်းတွင် လီသဲ့ရှုနှင့် သူ့ဇနီးတို့ စကားများရန်ဖြစ်ခဲ့ကြသည့်အကြောင်းကို ယဲ့ရှောင်ရှောင် အသေးစိတ် ပြောပြလိုက်ပါသည်။

ကျန်းအာ့နီ: “လီသဲ့ရှုက သူတို့မိသားစုအိမ်ကို ရောင်းဖို့ပြန် လာတာလို့ ငါ့အဖေပြောတယ်၊ သူတို့အိမ်နီးချင်း တစ်ယောက်က အဲ့အိမ်ကို အသည်းအသန်ဝယ်ချင်နေတာတဲ့လေ”

ယဲ့ရှောင်ရှောင်: “အဲ့လောက်အများကြီး မရလောက်ပါဘူး”

ကျန်းအာ့နီ: “သူတို့အိမ်ကို ရောင်းလိုက်တယ်ဆိုတော့ ဒီရွာကိုပြန်လာဖို့ စိတ်ကူးမရှိတော့ဘူးဆိုတဲ့ သဘောပေါ့၊ ဒါပေမယ့် နည်းနည်းတော့ ထူးဆန်းနေတယ်နော်၊ ငါတို့ရွာက အိမ်တစ်လုံးက တန်ဖိုးလည်း သိပ်ရှိမှာမဟုတ်ဘဲနဲ့၊ အဲ့လောက်ပမာဏမျိုးက လီမိသားစုအတွက် ဘာမှအရေးမပါသင့်ဘူးလေ”

ရွာထဲ၌ အိမ်ဟောင်းတစ်လုံးကို ဝယ်ယူလိုကြသည်မှာ အခြားကြောင့်မဟုတ်ဘဲ အုတ်၊ သဲ၊ ကျောက်နှင့် သစ်သားများမှာ တန်ဖိုးကြီးမားလှသည်ဖြစ်ရာ အသစ်တစ်လုံး ဆောက်လုပ်ရမည့် ဒုက္ခကို သက်သာစေရန်ဖြစ်သည်။

လီမိသားစု၏အိမ်ဝင်းမှာလည်း အတော်လေး ကျယ်ဝန်းလှပေသည်။

ယဲ့ရှောင်ရှောင်: “ရွာနဲ့ အပြီးအပိုင်အဆက်အသွယ်ဖြတ်ချင်ကြလို့ နေမှာပေါ့”

မူရင်းဝတ္ထုထဲတွင်လည်း လီမိသားစုသည် ပိုင်ချွမ်ရွာသို့ပြန် လာဖို့ စိတ်ကူးမရှိဘဲ ငွေလည်း အသည်းအသန်လိုအပ်နေခြင်းကြောင့် သူတို့အိမ်ကို အမှန်တကယ် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကိုယ်ပိုင်အိမ်ဟောင်းကို ရောင်းချပစ်ခဲ့ခြင်းကြောင့်ပင် နောင်တွင် မြို့ပြ၌ စီးပွားရေးအကြီးအကျယ်ပျက်စီးသွားခဲ့ချိန်တွင် သူတို့မိသားစုခိုကိုးရာမဲ့သွားခဲ့ကြသည်။

နောက်ဆုံးတွင် သူတို့မိသားစုသည် မြို့ထဲရှိ ကျဉ်းမြောင်းလှသော အိမ်ဝင်းလေးတစ်ခုကို ငှားရမ်းနေထိုင်ခဲ့ကြရသည်။ လီသဲ့ရှုမှာ ဆင်းရဲဒုက္ခကို အံတုနိုင်စွမ်းမရှိဘဲ အလွန်ပျင်းရိတတ်သူဖြစ်ရာ စိတ်ဓာတ်အလွန်အမင်း ကျဆင်းသွားပြီး ဘဝကို အရက်သောက်၊ လောင်းကစားလုပ်ရင်းနှင့်သာ ဖြတ် သန်းခဲ့သည်။

နောက်ဆုံးတွင် ဟောက်ယန်ယန်လည်း မူးရူးနေသည့် လီသဲ့ရှု၏ရိုက်နှက်မှုကြောင့် မတော်တဆသေဆုံးသွားရပြီးပြန် လည်မွေးဖွားလာရခြင််းပင်။

မူလဇာတ်ကြောင်းများကို ပြန်လည်တွေးတောမိသောအခါ ယဲ့ရှောင်ရှောင်သည် လီသဲ့ရှုအပေါ် ပိုမိုစက်ဆုပ်သွားခဲ့ရသည်။ ထိုချောက်ထဲတွင် သူ ဇက်ကျိုးပြီးသေသွားလျှင် အားလုံးအတွက် ပိုကောင်းနိုင်လိမ့်မည်ဟုပင် စဉ်းစားမိ သည်။

ကျန်းအာ့နီ: “သူ ပြန်မလာတာမှ ပိုကောင်းဦးမယ်၊ သူ့မျက်နှာကိုမြင်တိုင်း ရိုက်ချင်စိတ်ပေါ်ပေါ်လာလို့”

ယခင်က သူမကို ပြောခဲ့သည့် စကားလုံးများကြောင့် လီသဲ့ရှုအား ကျန်းအာ့နီ မုန်းတီးနေဆဲပင်။

တစ်ချိန်တည်းမှာပင် လီသဲ့ရှု၏ ဦးလေးအကြီးဆုံးအိမ်၌ ဗရုတ်သုက္ခဖြစ်နေပါသည်။

ရွာ၏ဆရာဝန်ဖြစ်သော အဘိုးလျို့သည် ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာမျိုးကိုရွာတွင် ကုသပေးဖို့ မဖြစ်နိုင်ဘဲ ကောင်တီဆေးရုံသို့ ပို့ဆောင်ပေးရမည်ဟု ဆိုခဲ့ပါသည်။

လီသဲ့ရှု၏ ဦးလေးဖြစ်သူကလည်း လီသဲ့ရှုအားကောင်တီမြို့သို့ ပို့ဆောင်ဖို့ လှည်းတစ်စီး အလျင်အမြန်သွားရှာရသည်။ လီသဲ့ရှု ဇနီးဖြစ်သည့်အလျောက် ဖုန့်ယန်လည်း လိုက်သွားရပါသည်။

ဖုန့်ယန်မှာ အသက်ပင်ဝအောင်မရှူနိုင်သေးခင်မှာပင် လမ်းမပေါ် ပြန်ရောက်သွားပါတော့မည်။

ဖုန့်ယန် အထွန့်တက်လိုက်သည်။

“ဦးလေး၊ သမီးတကယ် လမ်းမလျှောက်နိုင်တော့ဘူး”

“ရွာမှာ နေချင်နေခဲ့လေ၊ ဒါပေမယ့် နင်တို့ ပိုက်ဆံယူလာကြလား၊ ဆေးရုံတင်ရင် ပိုက်ဆံအများကြီးကုန်မှာ”

ဖုန့်ယန်လည်း သူမ အိတ်ထဲ လက်နှိုက်လိုက်ပြီး ယွမ် ၂၀ ထုတ်ပေးလိုက်ပါသည်။

“သမီးမှာတော့ ဒါပဲပါတယ်”

ဦးလေးဖြစ်သူက ပိုက်ဆံကို လက်ခံကာ ပြောလိုက်သည်။

“လောလောဆယ်တော့ ဒါကိုသုံးထားနှင့်မယ်၊ မလောက်ရင် သဲ့ရှုကို ထပ်တောင်းလိုက်မယ်”

သူ့ညီမနှင့် ယောက်ဖဖြစ်သူတို့မှာ ကောင်တီမြို့တွင် နေထိုင်ကြသူများဖြစ်၍ သူဆေးဖိုးဝါးခများ စိုက်ထားပေးရလျှင်ပင် မကြာမီပြန်ပေးလိမ့်မည်ဟု ယုံကြည်နေပါသည်။

ဖုန့်ယန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ပိုင်ချွမ်ရွာမှာပင် တစ်ညအိပ်ခဲ့ရတော့သည်။ မနက်ဖြန်မနက် မိုးလင်းသည်နှင့် ဤရွာစုတ်မှ အမြန်ဆုံးထွက်သွားဖို့ ဖုန့်ယန် ဆုံးဖြတ်ချက်ချပြီးပါပြီ။ အိမ်ရောင်းမည့်ကိစ္စကိုလည်း သူမ ဂရုမစိုက်ပါ။

အဘိုးလျို့ကမူ ကျိုးနေသော သူ့ခြေထောက်ကို ငြိမ်သွားအောင် ကျပ်စည်းပေးနေစဉ် လီသဲ့ရှုမှာ နာကျင်လွန်းသဖြင့် သတိပင်လစ်မတတ်ဖြစ်သွားခဲ့ပါသည်။

ကြမ်းတမ်းလှသော လမ်းများကိုဖြတ်ကျော်ရင်း ကောင်တီဆေးရုံသို့ ရောက်ရှိချိန်တွင် လီသဲ့ရှုမှာ သေလုမျောပါးပင် ဖြစ်နေလေပြီ။

ကံကောင်းစွာဖြင့် ကောင်တီဆေးရုံရှိ ဆရာဝန်များက အလွန်ကျွမ်းကျင်ကြပါသည်။ ဓာတ်မှန်ရိုက်ပေးပြီးနောက် သူ့အရိုးကို သေချာပြန်ချိန်ညှိပေးလိုက်ပြီး ကျောက်ပတ်တီးစည်းပေးခဲ့သည်။

ဆိုလိုသည်မှာ လီသဲ့ရှု နောက်ထပ် ၃ လလောက် အိပ်ရာထဲ လဲနေပါတော့မည်။

ဦးလေးဖြစ်သူက ပြောလိုက်သည်။

“မင်း တော်တော်ကံဆိုးတာပဲ၊ မင်းအဲ့ဒီလမ်းကို အရင်က အကြိမ်ပေါင်းများစွာ လျှောက်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား၊ ဘာပြဿနာဖြစ်ဖူးလို့လဲ၊ အခုကျမှ ချောက်ထဲ လိမ့်ကျသွားရတယ်လို့”

လီသဲ့ရှုလည်း ရင်ထဲတွင် အလွန်ခါးသီးနေပါသည်။ ဖုန့်ယန်ကိုမုန်းတီးသည့်စိတ်က သူ့ရင်ထဲ စတင်အမြစ်တွယ်လာလေပြီ။

ကလေးတစ်ယောက်လို ဂျီကျပြီး သူ့ကိုသာ ဂုန်းမပိုးခိုင်းခဲ့လျှင် သူယခုလို ဒဏ်ရာရရှိသွားစရာအကြောင်း မရှိပါ။

“ကျေးဇူးပါဦးလေး၊ အစကတော့ ကျွန်တော်တို့ အိမ်ရောင်းဖို့ပြန်လာတာ၊ အခုတော့ ခဏလောက် ရွှေ့ဆိုင်းထားရတော့မယ် ထင်တယ်”

ဦးလေးဖြစ်သူက အကြံပြုသည်။

“မင်းတို့အိမ်က အကောင်းကြီးရှိပါသေးတယ်၊ အဲ့တာကြောင့် ရောင်းမယ်ဆိုရင် ဝယ်မယ့်လူက ရှိမှာပဲ၊ ဒါပေမယ့် အချိန်ကြာလာလေလေ တန်ဖိုးက နည်းလာလေလေပဲနော်”

လီသဲ့ရှု စိတ်ဖိစီးသွားပြီး သူ့ခြေထောက်ကို မတော်တဆ လှုပ်ရှားလိုက်မိသည်။

“အား!”

လီသဲ့ရှု အသက်ဝဝ ရှူကာ ဦးလေးဖြစ်သူကို အကူအညီတောင်းလိုက်ပါသည်။

“အဲ့တာဆို ကျွန်တော့်ကိုယ်စား စီစဉ်ပေးဖို့ ဦးလေးကိုပဲ အကူအညီတောင်းရတော့မှာပဲ”

“ကူညီပေးဖို့က မခက်ပါဘူး၊ မင်းက ဘယ်လောက်နဲ့ ရောင်းမယ်လို့ ကြံထားလဲ”

လီသဲ့ရှု: “အနည်းဆုံး ယွမ် ၃၀၀ လောက်ပေါ့”

ဦးလေးလီက ခေါင်းခါသည်။

“ငါတို့ရွာမှာ အိမ်တစ်လုံးအတွက် ယွမ် ၁၀၀ ရတာတောင် ကံကောင်းလှပြီ၊ အဲ့ထက်များရင်တော့ လူတွေက သူတို့ဖာသာ အိမ်အသစ်တစ်လုံးပဲ ဆောက်လိုက်ကြတော့မှာပေါ့”

ထို့နောက် လီသဲ့ရှုအား နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

“မင်းတို့မိသားစု ငွေကြေးအခက်အခဲ ရှိလို့လား၊ အိမ်ကို ဘာလို့ အလောတကြီး ရောင်းချင်နေတာလဲ”

လီသဲ့ရှုသည် အခြေအနေမှန်ကို ဖွင့်မပြောဝံ့သဖြင့် ဆင်ခြေတစ်ခုသာ လုပ်ကြံဖန်တီးလိုက်ရသည်။

“ကျွန်တော့်အဖေက လုပ်ငန်းကိစ္စကြောင့် မကြာခင် မြို့ပြင်ထွက်ရတော့မှာ၊ ကျွန်တော်တို့လည်း ရွာကိုပြန်လာဖို့ အစီ အစဉ်မရှိလို့ အိမ်ကိုရောင်းခဲ့လိုက်တာ ပိုစိတ်ချရမယ်လို့ အမေက ပြောလို့ပါ”

“မင်းတို့ ငွေလိုနေရင် ငါခဏ ချေးထားပေးလို့ရတယ်လို့ မင်းအမေကိုပြောလိုက်၊ ရွာကအိမ်ကိုတော့ မရောင်းဘဲ ခဏလောက် ထားလိုက်ပါဦး”

လီသဲ့ရှု နှုတ်ဆိတ်သွားသည်။ ယခုတစ်ခေါက် အခွင့်အရေးကိုသာ လက်လွှတ်လိုက်ရလျှင် ဤအိမ်ဟောင်းကြီးကိုနောင်တွင် မည်သည့်အခါမှ ရောင်းချနိုင်တော့မည် မဟုတ်ချေ။

သို့သော်လည်း လောလောဆယ်ထိုကိစ္စများကို ဆက်စဉ်းစားဖို့ သူ့တွင် အားမရှိတော့ပါ။

သူ့ခြေထောက်၏တဆစ်ဆစ် နာကျင်ကိုက်ခဲမှုများက တစ်စ တစ်စ ပိုမိုပြင်းထန်လာသဖြင့် အကောင်းပကတိအတိုင်းပြန်ဖြစ်နိုင်ပါစေဟုသာ ဆုတောင်းနေမိတော့သည်။

ဖုန့်ယန်သည် ပိုင်ချွမ်ရွာတွင် တစ်ညသာနေခဲ့ပြီး မနက်မိုး လင်းသောအခါ ကောင်တီမြို့သို့ ပြန်တော့မည်ဟု အိမ်သားများကို အကြောင်းကြားခဲ့သည်။

အလိုလိုက်ခံထားရသဖြင့် နူးညံ့ပျော့ပြောင်းလွန်းသော တူမိန်းမကိုကြည့်ရင်း ဒေါ်လေးဖြစ်သူက ခက်ခက်ခဲခဲ ပြောလိုက်ပါသည်။

“ရှောင်းယန်၊ သမီးအခုပြန်မယ်ဆိုရင် သမီးကို လိုက်ပို့ပေးဖို့ ဘယ်သူမှ မရှိဘူးနော်”

ဖုန့်ယန်ကမေးသည်။

“ရွာထဲမှာ လှည်းတစ်စီးလောက် ငှားလို့မရဘူးလား ဒေါ်လေး”

“ရွာလမ်းအခြေအနေတွေကိုလည်း သမီးမြင်ရဲ့သားနဲ့၊ မနေ့က သဲ့ရှုကို ဆေးရုံပို့ပေးတုန်းကတောင် လူအားနဲ့ လှည်းကို ဆွဲသွားရတယ်၊ အခုလိုချိန်မှာ ဘယ်ကလှည်းကို ရှာလို့ရမှာလဲ၊ ရွာထဲက နွားလှည်းတွေကလည်း ငှားထားတဲ့လူတွေနဲ့ ပြည့်နေလို့ မိုးမလင်းခင်ကတည်းက ထွက်သွားကြလောက်ပြီ”

ထိုစကားကို ကြားသောအခါ ဖုန့်ယန် ချက်ချင်းပင် ပျာယာ ခတ်သွားတော့သည်။

“ဒါဆို သမီး ဘယ်လိုပြန်ရမှာလဲ… ဪ ဟုတ်သားပဲ! သမီးတို့ စက်ဘီးကို လမ်းဘေးမှာ ရပ်ထားခဲ့တာလေ!”

ဒေါ်လေးဖြစ်သူက သုတ်သုတ်ပျာပျာ ပြောလိုက်သည်။

“စက်ဘီးကို လမ်းဘေးမှာ ထားခဲ့တာလား! အခုလောက်ဆို သူများယူသွားလောက်ပြီထင်တယ်၊ ဒေါ်လေးနဲ့ မြန်မြန်သွားကြည့်ရအောင်၊ အဲ့တာ အရမ်းအဖိုးတန်တဲ့ ပစ္စည်းနော်!”

ဖုန့်ယန်: “…”

‘ဒေါ်လေးအတွက် စက်ဘီးက ငါ့ထက် ပိုအဖိုးတန်နေသလိုပဲ’

ဖုန့်ယန် ပစ္စည်းများကို သိမ်းဆည်းပြီး စက်ဘီးကိုသွားရှာဖို့ ပြင်လိုက်ပါသည်။ စက်ဘီးကို ရှာမတွေ့ခဲ့လျှင်ပင် ခြေကျင် လျှောက်သွားဖို့ သူမ ဆုံးဖြတ်ထားသည်။

ရွာမှ တောင်စောင်းလမ်းအထိ အကွာအဝေးမှာ မသေးလှသဖြင့် ဤနေရာတွင် ဖုန့်ယန် အချိန်ထပ်မဖြုန်းချင်တော့ပေ။

ဒေါ်လေးဖြစ်သူက ဖုန့်ယန်ကို ခေါ်ဆောင်ရင်း ရွာပြင်သို့ သုတ်သုတ်ပျာပျာ ထွက်လာခဲ့စဉ် လမ်းတွင် ကျန်းအာ့နီနှင့် ဆုံသွားသည်။

ကျန်းအာ့နီလည်း ကောင်တီမြို့သို့ ပြန်ဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ သူမ အလုပ်လုပ်သည့် ဆံသဆိုင်မှာ နှစ်သစ်ကူးပြီး၍ ဆိုင်ပြန်ဖွင့်ပါတော့မည်။

ရှေးအယူအဆများအရ နှစ်သစ်၏ ပထမဆုံးလတွင် ဆံပင်ညှပ်သူ နည်းပါးသော်လည်း ခေါင်းလာလျှော်သူများတော့ ရှိတတ်သဖြင့် ကတ်စတမ်မာများ ကျိန်းသေ ရောက်လာပါလိမ့်မည်။

တစ်ရက်စောစောပြန်လျှင် တစ်ရက်စာ လုပ်အားခ ပိုရမည့်သဘောပင်။

“အာ့နီ၊ သမီးလည်း ကောင်တီမြို့ကို ပြန်မလို့လား၊ ကောင်းတယ် ကောင်းတယ်၊ တစ်လမ်းတည်းသွားကြမှာဆိုတော့ ဖုန့်ယန်နဲ့ အတူတူသွားပေါ့”

လီသဲ့ရှု၏ဒေါ်လေးဖြစ်သူ တရင်းတနှီးဖြင့် ချဉ်းကပ်လာသောအခါ ကျန်းအာ့နီသည် ဖုန့်ယန်အား ပြုံးတစ်ဝက် မဲ့တစ်ဝက်ဖြင့် အကဲခတ်လိုက်ပါသည်။

ဖုန့်ယန်သည် မူလက အလွန်တရာမှ ဖက်ရှင်ကျကျ ဝတ်စားတတ်သော မြို့သူဖြစ်သော်ငြား မနေ့ကဖြစ်ပျက်ခဲ့သော ပြဿနာမျိုးစုံကြောင့် သူမသည် အဝတ်အစားများကိုပင် လဲလှယ်ခွင့်မရခဲ့ဘဲ ဆံပင်များမှာလည်း ဖရိုဖရဲဖြစ်နေသဖြင့် ယခုအခါ သူမပုံစံမှာ အလွန်စုတ်ချာနေပြီး ဒုက္ခရောက်နေရှာသော သနားစရာပုံစံမျိုး အပြည့်အဝပေါက်နေလေသည်။

All Chapters