← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

📗 Chapter 148

လီသဲ့ရှု၏ ဒေါ်လေးဖြစ်သူမှာ ကျန်းအာ့နီကို အနည်းငယ် အားနာမိလေသည်။ အရေးကြုံလာသဖြင့်သာ လက်လှမ်းမီရာ တွေ့သမျှလူတိုင်းကို အသည်းအသန် အကူအညီတောင်းနေရခြင်း ဖြစ်ပါသည်။

ကျန်းအာ့နီသည် ယခင်က လီသဲ့ရှုနှင့် စေ့စပ်ထားဖူးသူဖြစ်ကာ လီသဲ့ရှုတို့ မိသားစုဘက်မှ စေ့စပ်မှုကို ဖျက်သိမ်းခဲ့ကြသည်။ အမှန်စင်စစ် ကျန်းအာ့နီအပေါ် မတရားခဲ့သူမှာ လီသဲ့ရှုသာ ဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူကို ယခုကဲ့သို့ အကူအညီတောင်းဆိုရခြင်းမှာ ရှက်စရာကောင်းလှပါသည်။

ကျန်းအာ့နီကမူ ခပ်ပါးပါးပြုံးကာ ခေါင်းညိတ်သဘောတူလိုက်သည်။

“သမီးလည်း ကောင်တီမြို့ကို သွားမှာပဲ၊ လမ်းကြုံတာဆိုတော့ အတူတူ သွားကြတာပေါ့”

“ဟုတ်တယ် ဟုတ်တယ်… မိန်းကလေးတွေဆိုတော့ တစ်ယောက်တည်းသွားရင် စိတ်မချရဘူး၊ လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီစောင့်ရှောက်ပေးတော့ ပိုကောင်းတာပေါ့”

ကျန်းအာ့နီက ခေါင်းခါလိုက်သည်။

“သမီးက တစ်ယောက်တည်းသွားမှာ မဟုတ်ဘူး”

ကျန်းအာ့နီသည် စက်ဘီးကို ရပ်လျက် တစ်စုံတစ်ယောက်ကို စောင့်နေပုံပေါ်ပါသည်။

“ဪ အာ့နီက တစ်ယောက်ယောက်ကို စောင့်နေတာလား၊ အဲ့တာဆိုလည်း စောင့်ပါ၊ ဒေါ်လေးနဲ့ ဖုန့်ယန်တို့ တောင်စောင်းမှာ စက်ဘီးသွားရှာလိုက်ဦးမယ်နော်”

ဒေါ်လေးက ဖုန့်ယန်ကို ခေါ်ကာ ထွက်သွားခဲ့ပါသည်။

ကျန်းအာ့နီဆိုသည်မှာ မည်သူမည်ဝါဖြစ်မှန်း ဖုန့်ယန်မသိပေ။ သို့သော် ကျန်းအာ့နီ၏ မိသားစုနောက်ခံက သာမန်မဟုတ်မှန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပါသည်။

သူမ တွန်းလာသည့် စက်ဘီးမှာ အသစ်စက်စက်ဖြစ်ကာ သူမ၏ဆံနွယ်တွင် တပ်ဆင်ထားသည့် ကလစ်ကလေးမှာလည်း မြို့ပေါ်တွင် ခေတ်စားနေသော ဒီဇိုင်းအသစ် ဖြစ်နေခြင်းကြောင့်ပင်။

“အဲ့တာဘယ်သူလဲဟင်”

“ရွာသူကြီးရဲ့ သမီးလေ၊ မြို့ထဲမှာ အလုပ်ရထားလို့ အလုပ်သွားဖို့ ပြင်နေတာဖြစ်မယ်”

ဖုန့်ယန် ခေါင်းညိတ်လိုက်သည်။ သူမကို ထိုမိန်းကလေး ကြည့်ခဲ့သည့် အကြည့်များက အနည်းငယ် ထူးဆန်းနေသည်ဟုတော့ ခံစားရပါသည်။

ထိုအချိန်တွင် ကျန်းအာ့နီမှာ သူမစောင့်မျှော်နေသည့် လူနှင့် ဆုံခဲ့ရသည်။

ထိုလူမှာ အနက်ရောင်ဂွမ်းခံအနွေးထည်ထူထူကို ဝတ်ဆင်ထာားပြီး သားမွေးဦးထုပ်တစ်လုံးကိုလည်း ဆောင်းထားသေးသည်။

ဖေးချင့်ကလည်း ဤရွာသားတစ်ဦးဖြစ်ကာ ကျန်းအာ့နီနှင့် ရင်းနှီးနေခြင်းမှာ တိုက်ဆိုင်မှုသက်သက်မဟုတ်ပေ။

ယခင်တစ်ခေါက်က ကျန်းအာ့နီ မြစ်ထဲသို့ ပြတ်ကျသွားခဲ့စဉ် သူမကို ကယ်ဆယ်ပေးခဲ့သူမှာ ဖေးချင့်ပင် ဖြစ်သည်။ သူမ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့အတွက် ရေထဲမှ ဆယ်ကာ ကုန်းပေါ်သို့ တင်ပေးပြီးနောက် ချက်ချင်း ထွက်သွားခဲ့ပါသည်။

သို့သော် ကျန်းအာ့နီက သူ့အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး ကျေးဇူးတင်ခဲ့သည်။ ကျန်းအာ့နီမှာ ယခင်ကနှင့် မတူတော့ဘဲ ယုံကြည်မှုပိုရှိကာ ပိုမိုလှပလာမှန်း ဖေးချင့်လည်း သတိထားမိပါသည်။

ဖေးချင့်သည် ရွာထဲမှ လက်သမားတစ်ဦးဖြစ်ကာ ယခုမြို့ထဲသို့ သွားရောက်ရခြင်းမှာလည်း မိသားစုတစ်စုက ၎င်းတို့ အိမ်အတွက် ပရိဘောဂများဖန်တီးလိုသဖြင့် အိမ်တွင်း အတိုင်းအတာများ တိုင်းတာပေးဖို့ ခေါ်ယူထားခြင်းကြောင့် ဖြစ်ပါသည်။

လက်သမားပညာတွင် အလွန်ကျွမ်းကျင်သူဖြစ်ရာ အခြားရွာများကပင် ဖေးချင့်ကို တကူးတက အလုပ်လာအပ်လေ့ ရှိကြသည်။ မြို့ကို မကြာခဏ အတူတူသွားလေ့ရှိသဖြင့် သူနှင့် ကျန်းအာ့နီတို့မှာ တဖြည်းဖြည်း ရင်းနှီးလာခဲ့ပါသည်။

“သွားကြမယ်၊ ခုနက ငါဘယ်သူနဲ့တွေ့ခဲ့လဲသိလား၊ လီသဲ့ရှုရဲ့ မိန်းမလေ၊ သူ့နာမည် ဖုန့်ယန်ထင်တယ်”

ဖေးချင့်သည် စက်ဘီးကိုတွန်းရင်း လမ်းလျှောက်နေစဉ် ခြေလှမ်းများ ရုတ်တရက် တုံ့ဆိုင်းသွားရသည်။

“စိတ်မပူပါနဲ့၊ လီသဲ့ရှုကို ငါလုံးဝ ရွံသွားပြီ၊ သူ့လိုလူမျိုးကို အယုတ်တမာလို့ ခေါ်တယ်လို့ ရှောင်ရှောင်ကလည်း ပြောတယ်၊ ငါ့ဘဝကို ပုံအပ်သင့်တဲ့လူစားမျိုး မဟုတ်ဘူးတဲ့”

ကျန်းအာ့နီမှာ လမ်းတစ်လျှောက်လုံး ပျော်ပျော်ကြီး အတင်းအဖျင်းပြောခဲ့ပါသည်။

ဖေးချင့်က စကားနည်းသူဖြစ်ရာ တိတ်တဆိတ်ပင် နားထောင်ရင်း လိုက်လာခဲ့သည်။

တောင်စောင်းနားသို့ သူတို့နှစ်ဦး ရောက်ရှိသွားသောအခါ ဖုန့်ယန်နှင့် ဒေါ်လေးဖြစ်သူတို့ စက်ဘီးကို ချောက်ထဲမှ ပြန်ယူပြီးကြပါပြီ။

အံ့အားသင့်ဖို့ကောင်းစွာဖြင့် ထိုစက်ဘီးကို မည်သူမှ ခိုးမသွားကြသေးပေ။ ပိုင်ချွမ်ရွာသို့ လူသွားလူလာ အလွန်နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

သို့သော် ပြုတ်ကျသည့်အရှိန်ကြောင့် စက်ဘီးချိန်းကြိုးမှာ ပြဿနာတစ်ခုခုဖြစ်သွားပုံရသည်။

ကျန်းအာ့နီနှင့် ဖေးချင့်တို့ကို မြင်သောအခါ လီသဲ့ရှု၏ ဒေါ်လေးက နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်လေသည်။

“ကောင်လေးဖေးပါလား! ဒီစက်ဘီးကို ရွှေ့လို့မရလို့ တစ်ချက်လောက်လာကြည့်ပေးပါဦး”

ဖေးချင့်သည် စက်ဘီးရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး အနည်းငယ် ကိုင်တွယ်ပေးလိုက်ရာ စက်ဘီးမှာ အလွယ်တကူပင် ပြန်ကောင်းသွားပါသည်။

“ရွာမှာ လက်သမားကောင်းတစ်ယောက်ရှိတာ တကယ်ကောင်းတာပဲ”

ကျန်းအာ့နီက မေးသည်။

“ဒေါ်လေးလည်း မြို့ကို သွားမလို့လား”

“မသွားပါဘူး မသွားပါဘူး၊ သမီးတို့သုံးယောက် သွားမယ့်နေရာချင်း တူကြတော့ အတူတူ သွားကြနော်၊ ဒေါ်လေး ပြန်တော့မယ်”

ဤသို့ဖြင့် လီသဲ့ရှု၏ ဒေါ်လေး ရွာဘက်သို့ လှည့်ပြန်သွားပါသည်။

ဖုန့်ယန်သည် ဖေးချင့်နှင့် ကျန်းအာ့နီတို့နှင့်အတူတူ ဆက်လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင်လည်း သုံးယောက်စလုံး တိတ်ဆိတ်နေခဲ့ကြသည်။

ဖုန့်ယန်သည် ဤကဲ့သို့ တောင်လမ်းမျိုးကို လျှောက်လေ့လျှောက်ထ မရှိပေ။ သို့သော် ကျန်းအာ့နီမှာ မိန်းကလေးတစ်ဦး ဖြစ်သော်ငြား လမ်းလျှောက်အလွန်မြန်ဆန်သည်ကို သူမ သတိထားမိပါသည်။

ကံကောင်းစွာဖြင့် တောင်စောင်းကို ကျော်သည်နှင့် စက်ဘီးစီးနိုင်တော့မည်ဖြစ်သည်။

သို့သော် တောင်လမ်းတစ်ခုပေါ်တွင် စက်ဘီးစီးဖို့ ဟူသည်မှာလည်း ဖုန့်ယန်အတွက် အလွန်ခက်ခဲနေဆဲပင်။ စက်ဘီးလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ဘယ်ညာယိမ်းထိုးလျက် ခရုတစ်ကောင်ပမာ အလွန်နှေးကွေးစွာ နင်းနေခဲ့ပါသည်။

ကျန်းအာ့နီက ဘေးမှနေ၍ ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်သည်။

“နင်ကလမ်းလည်းမလျှောက်တတ်ဘူး၊ စက်ဘီးလည်း မစီးတတ်ဘူး၊ အဲ့တာကို လီသဲ့ရှုနဲ့ ဘာလို့လိုက်လာခဲ့တာလဲ”

ဖုန့်ယန် မျက်နှာ နီမြန်းသွားသည်။

“ရွာက ဒီလောက်ဝေးမယ်လို့ ထင်မထားလို့လေ”

လီသဲ့ရှု၏ မိသားစုက ချမ်းသာမည့်ပုံစံပေါက်သဖြင့် သူတို့၏ မွေးရပ်မြေမှာ ဤကဲ့သို့ ချောင်ချသည့်နေရာမျိုး ဖြစ်နေလိမ့်မည်ဟု ဖုန့်ယန် ထင်မထားခဲ့ပါ။

“အခုမှ ရောက်ဖူးတာဆိုပေမယ့် နောက်တစ်ခါလာရဖို့ အခွင့်အရေးမရှိလောက်ဘူးနော်”

ကျန်းအာ့နီသည် ဖုန့်ယန်အပေါ်တွင် မနာလိုစိတ် မရှိတော့ပေ။ ဖုန့်ယန်က လှပသော်ငြား သူမကိုယ်တိုင်ကလည်း အကျည်းတန်သူ မဟုတ်ပေ။

ဖုန့်ယန် တိတ်ဆိတ်သွားသည်။

စိတ်ထဲတွင်တော့ ဤရွာစုတ်ကို တစ်သက်လုံး ပြန်လာမည်မဟုတ်ဟု တွေးတောနေမိပါသည်။

ကောင်တီမြို့သို့ ရောက်သည်နှင့် သူတို့သုံးဦး လမ်းခွဲခဲ့ကြသည်။ ဖုန့်ယန်က သူတို့နှစ်ဦးကို ကျေးဇူးတင်ခဲ့ပါသည်။ အဖော်သာမရှိလျှင် ဤခရီးကို သူမတစ်ယောက်တည်း လာရဲမည် မဟုတ်ပေ။

“ငါတစ်ခုခု လိုက်ကျွေးပါရစေ”

ကျန်းအာ့နီက ခေါင်းခါလိုက်သည်။

“မလိုပါဘူး၊ အိမ်သာ မြန်မြန်ပြန်လိုက်နော်”

ယခုချိန်တွင် ကျန်းအာ့နီမှာ အရာအားလုံးကို စွန့်လွှတ်ခဲ့ပါပြီ။

ဖုန့်ယန် ထွက်သွားသောအခါ ဖေးချင့်က ကျန်းအာ့နီကို လှည့်ပြောလိုက်သည်။

“ငါဆံသဆိုင်အထိ လိုက်ပို့ပေးမယ်”

ကျန်းအာ့နီ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးအတူတူ ဆက်လျှောက်လာခဲ့တော့သည်။

--- --- ---

ယဲ့မိသားစုအိမ်တွင်…

ယဲ့ချန်းချင့်နှင့် ကျန်းရွှယ်တို့ လင်မယားနှစ်ယောက် မိဘများထံ သွားရောက်လည်ပတ်ပြီး ပြန်လာကြပါပြီ။

ကျန်းရွှယ်မှာ ယခင်ကထက် သိသိသာသာ ပျော်ရွှင်နေပုံရသည်။ သူမ၏ မိသားစုကလည်း ယဲ့မိသားစုအတွက် လက်ဆောင်များ ရက်ရက်ရောရော ထည့်ပေးလိုက်ပါသည်။

မြောင်စွေ့ဖန်း: “ဘာလို့ ဒီလောက်အများကြီး ယူလာတာလဲ၊ နင့်မိဘတွေကို အားနာစရာကြီး”

ကျန်းရွှယ်က ရှင်းပြသည်။

“သမီးအမေကိုယ်တိုင် စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပါ၊ အားလုံးစားလို့ရအောင် ထည့်ပေးလိုက်တာ”

ယဲ့ရှောင်ရှောင်သည် သူမ၏ အခန်းထဲတွင် အထုပ်အပိုးများ ပြင်ဆင်ရင်း အလုပ်များနေပါသည်။ သူမ လာခဲ့စဉ်က အဝတ်အစားအနည်းငယ်နှင့် အနွေးထည်ထူထူ တစ်ထည်ကိုသာ ယူဆောင်လာခဲ့သည်။

ပိုင်ချွမ်ရွာနှင့် ပေကျင်းမြို့၏ အပူချိန်ကွာခြားချက်မှာ အလွန်သိသာသဖြင့် ဤနေရာတွင် အသုံးဝင်ခဲ့သည့် အနွေးထည်ထူထူများမှာ ပေကျင်းကို ရောက်သည်နှင့် အသုံးတည့်တော့မည် မဟုတ်ချေ။

သားရေဖိနပ်များကို သိမ်းဆည်းပြီးနောက် အပြန်ခရီးတွင် သာမန်ဂွမ်းဖိနပ်များကိုသာ ပေါ့ပေါ့ပါးပါး စီးသွားရန် ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် ပိုက်ဆံအိတ်ထဲမှ ယွမ် ၂၀၀ ထုတ်ကာ မြောင်စွေ့ဖန်းအား သွားပေးခဲ့သည်။

“အမေ ဒီပိုက်ဆံကို အိမ်မှာ သိမ်းထားနော်”

ယခင်တစ်ခေါက်က သူမ ပို့ဆောင်ပေးလိုက်သော ငွေအများစုကို ယဲ့မိသားစုက သူမအတွက်သာ သုံးပေးခဲ့သည်ဟု ယဲ့ရှောင်ရှောင် ခံစားနေရသည်။

ဥပမာအားဖြင့် သူမအခန်းထဲရှိ ပြူတင်းပေါက်များ လဲလှယ်ပေးခြင်း၊ အိပ်ရာခင်းနှင့် စောင်အသစ်များ လဲလှယ်ပေးခြင်းနှင့် သူမအတွက် ဆောင်းတွင်းအဝတ်အစားထူထူ အသစ်နှစ်စုံပင်ပြုလုပ်ပေးထားကြသည်။

မြောင်စွေ့ဖန်းနှင့် ကျန်းရွှယ်တို့ နှစ်ဦးစလုံး၏ ဂရုစိုက်မှုကြောင့် ယဲ့ရှောင်ရှောင် အိမ်သို့ ပြန်ရောက်လာပြီး လက်ချောင်း တစ်ချောင်းပင် မ,စရာမလိုအောင် သက်တောင့်သက်သာ ရှိခဲ့ပါသည်။

ပိုက်ဆံကိုင်ကာ အခန်းထဲဝင်လာသော ယဲ့ရှောင်ရှောင်ကို မြင်ပြီး မြောင်စွေ့ဖန်း ထိတ်လန့်သွားခဲ့သည်။ လောလောဆယ်တွင် ကလေးများအား အသုံးစရိတ်မည်မျှထည့်ပေးရမည်ကို ခင်ပွန်းဖြစ်သူ ယဲ့ကျန်းကော်နှင့် သူမ ဆွေးနွေးတိုင်ပင်နေခြင်းဖြစ်သည်။

“ရှောင်ရှောင်၊ အဲ့ဒီပိုက်ဆံကို အမေတို့ လုံးဝ လက်မခံနိုင်ဘူးနော်”

ယဲ့ကျန်းကော်ကလည်း ဝင်ဖျောင်းဖျသည်။

“ရှောင်ရှောင်၊ အိမ်ကို ပိုက်ဆံတွေ ပို့နေတာ ရပ်လိုက်ပါတော့၊ အိမ်မှာက ချွေချွေတာတာနဲ့ နေလို့ရတာမို့လို့ အဝေးကို ခရီးသွားရမယ့်လူတွေက ပိုက်ဆံလုံလုံလောက်လောက် ပါသွားတာ ပိုကောင်းတယ်၊ သမီးတို့ကသာ ပိုက်ဆံများများ ဆောင်သွားသင့်တာ”

ယဲ့ရှောင်ရှောင်က လက်မခံပေ။

“အဖေနဲ့ အမေတို့ သမီးကို ဘယ်လောက်ဂရုစိုက်လဲ သမီးသိပါတယ်၊ ဒါပေမယ့် သမီးလည်း သမီးမိသားစုကို ပြည့်စုံတဲ့ ဘဝမျိုးနဲ့ နေစေချင်တယ်၊ ဒီပိုက်ဆံတွေကို သမီးရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ရှာထားတာ၊ ဟောက်မိသားစုဆီက သွားတောင်းလာတာ မဟုတ်ဘူး၊ အဲ့တာကြောင့် အမေတို့ စိတ်သန့်သန့်နဲ့ သုံးလို့ရပါတယ်”

မြောင်စွေ့ဖန်း: “ဒါပေမယ့် သမီးက ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်လေ”

“ကျောင်းတက်နေတော့ကော ဘာဖြစ်လို့လဲ၊ သမီးမှာ ငွေရှာနိုင်တဲ့ အစွမ်းအစရှိပြီးသားပဲဥစ္စာ၊ ဒါအဖေနဲ့ အမေ့ကို ကျေးဇူးပြန်ဆပ်တဲ့သဘောပါ”

နောက်ဆုံးတွင် မြောင်စွေ့ဖန်းလည်း မတတ်သာတော့ဘဲ ငွေကို လက်ခံလိုက်ရပါသည်။ ထိုအခါမှသာ ယဲ့ရှောင်ရှောင် အခန်းထဲမှ စိတ်အေးလက်အေး ပြန်ထွက်လာနိုင်သည်။

ယဲ့ရှောင်ရှောင် ထွက်သွားသည်နှင့် ယဲ့ချန်းနင်က ထပ်ဝင်လာသည်။

မြောင်စွေ့ဖန်းသည် သားဖြစ်သူများကို သမီးဖြစ်သူလောက် နုနုရွရွ မဆက်ဆံနိုင်ပေ။ အထူးသဖြင့် ငယ်စဉ်ကတည်းက ပြဿနာရှာလေ့ရှိသည့် တတိယသားဆိုလျှင် ပိုဆိုးပါသည်။

“နင်ကကော ဘာလို့ ဝင်လာတာတုန်း၊ နင်လည်း ပိုက်ဆံပေးမလို့လား”

ယဲ့ချန်းနင်: “အမေက စိတ်လည်းဖတ်တတ်တာပဲလား”

ထို့နောက် ယဲ့ချန်းနင် ယွမ် ၅၀၀ ထုတ်ကာ မြောင်စွေ့ဖန်း၏ လက်ထဲ ထည့်ပေးလိုက်ပါသည်။

“ကျန်တာတွေကိုတော့ ကျွန်တော်လုပ်ငန်းချဲ့ထွင်ဖို့အတွက် သိမ်းထားဦးမယ်၊ အစ်ကိုကြီးနဲ့ အစ်ကိုကျွင်းတို့အတွက် အလုပ်အကိုင်စီစဉ်ပေးဖို့လည်း အသိမိတ်ဆွေတစ်ယောက်ကို အကူအညီ တောင်းထားပြီးပြီ၊ အဲ့တာကြောင့် မကြာခင် သတင်းကြားရလိမ့်မယ်၊ အစ်ကိုကြီး အလုပ်ရလို့ မြို့ထဲမှာ သွားနေရမယ်ဆိုရင် မရီးနဲ့ ကလေးတွေနေဖို့အတွက် အိမ်တစ်လုံးတော့ ငှားရမှာပဲ၊ အဲ့အခါကျရင် အကုန်အကျ အရမ်းများမှာမို့လို့ ကျွန်တော်ကြိုပေးထားတာ”

မိဘများကို ငြင်းဆန်ခွင့်ပင် မပေးဘဲ ယဲ့ချန်းနင်သည် အစီအစဉ်များစွာကို ချပြလိုက်ပါသည်။

“ချန်းရှန့်ကို ကျွန်တော်တို့နဲ့အတူ ပေကျင်းဆီ ရက်နည်းနည်းလောက် အလည်ခေါ်သွားမယ်၊ သူ့အသုံးစရိတ်တွေအတွက် အမေတို့ ပူစရာမလိုဘူး၊ ကျွန်တော်ပဲ ထုတ်ပေးလိုက်မယ်”

ယဲ့ညီအစ်ကိုများက စည်းလုံးမှုရှိပြီး တစ်ဦးကိုတစ်ဦး အမြဲလိုလို ဖေးမကူညီပေးတတ်ကြသည်။

မြောင်စွေ့ဖန်းမှာ ထူထပ်လှသော ငွေစက္ကူအုပ်ကိုကိုင်ရင်း မျက်ဝန်းများ စိုစွတ်သွားခဲ့သည်။

“ဒီကလေးတွေကတော့…”

All Chapters