← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

📗 Chapter 150

လုဟန်ချွမ်၏ ဩဇာနှင့် အရှိန်အဝါကို ယဲ့ချန်းနင် အထင်သေးခဲ့မိပါသည်။

ကားရွေးချယ်ဖို့အတွက် မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ ယဲ့ချန်းနင်တို့ သွားရောက်သည့်အခါ်တွင် သူတို့ကို လက်ထောက်ညွှန်ကြားရေးမှူးကိုယ်တိုင် ထွက်ကြိုဆိုခဲ့ပြီး စကားပြောဆိုသည့် ပုံစံမှာလည်း အလွန် ချိုသာလွန်းသဖြင့် ကုန်တင်ကားကို အလကားပေးတော့မည်လားဟုပင် ထင်ချင်စရာ ကောင်းလှသည်။

စက်ရုံတွင် ကုန်တင်ကားအမျိုးအစား အစုံအလင်ရှိသော်လည်း ယဲ့ချန်းနင်ကမူ သူ့လိုအပ်ချက်နှင့် ကိုက်ညီသည့် အလယ်အလတ်တန်းစား ကုန်တင်ကားတစ်စီးကိုသာ ရွေးချယ်ခဲ့သည်။

ဈေးနှုန်းကလည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသဖြင့် လက်ထောက်ညွှန်ကြားရေးမှူး၏ ‘ရက်ရောလှသော ကမ်းလှမ်းချက်များ’ကို ယဲ့ချန်းနင် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်ပြီး အလကား ကုန်းဆင်းဖို့ လာသူ မဟုတ်ကြောင်း အလုပ်ဖြင့် သက်သေပြလိုက်ပါသည်။

ယဲ့ချန်းနင် ကုန်တင်ကားဝယ်ယူပြီးနောက် ပထမဆုံးလုပ်သည့်အရာမှာ စာချုပ်တစ်ခုချုပ်ဖို့အတွက် ယဲ့ရှောင်ရှောင်ကို သွားရောက်ရှာဖွေခြင်းပင်။

တောင်ပိုင်းတွင် ရောင်းချဖို့အတွက် ဆေးပလာစတာ မြောက်များစွာကို ကုန်တင်ကားနှင့်အပြည့် သယ်ဆောင်သွားဖို့ ယဲ့ချန်းနင် ရည်ရွယ်ထားပါသည်။

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“အစ်ကိုယွီကန်း ယာဉ်မောင်းလိုင်စင် ရတဲ့အချိန်ထိ စောင့်ပြီးမှ တောင်ပိုင်းကို အတူတူ ပြန်သင့်တယ်နော် တတိယအစ်ကို၊ ခရီးကဝေးတော့ လမ်းမှာ အလှည့်ကျမောင်းမှဖြစ်မှာ”

ယဲ့ချန်းနင်ကမူ အေးအေးလူလူပင် ပြန်ပြောလိုက်သည်။

“ဆေးပလာစတာတွေက တောင်ပိုင်းရောက်တဲ့ထိတောင် ခံမှာမဟုတ်ပါဘူး၊ လမ်းမှာတင် ရောင်းကုန်သွားလောက်တယ်”

ယဲ့ချန်းနင်မှာ အလွန်ပင် အကောင်းမြင်တတ်သော စီးပွားရေးသမားတစ်ဦး ဖြစ်ပါသည်။

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ကို ရမ်သဲ့ထန်သို့ ခေါ်လာခဲ့ပြီး စာချုပ်တစ်ခုစီစဉ်ပေးဖို့ မန်နေဂျာမာအား အကူအညီ တောင်းလိုက်သည်။

ယခုချိန်မှစ၍ ကျန်းမိသားစု ဆေးပလာစတာတစ်သုတ် ရောင်းရတိုင်း ယဲ့ချန်းနင် ကော်မစ်ရှင်ခ ၁ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။

ထို့အပြင် ရမ်သဲ့ထန်မှ ကုန်ပစ္စည်းများကို ယဲ့ချန်းနင် ယူဆောင်ရာ၌ စရံငွေလည်း တစ်ပြားတစ်ချပ်မှ ပေးချေရန် မလိုအပ်ပေ။

စာချုပ်ချုပ်ဆိုပြီးသောအခါ မန်နေဂျာမာသည် ဂိုထောင်မန်နေဂျာကို ဆက်သွယ်ခဲ့ပြီး ယဲ့ချန်းနင်အား အဆင်ပြေသည့်အချိန် ကုန်ပစ္စည်းများ သွားရောက်ယူဆောင်နိုင်ကြောင်း အသိပေးလိုက်ပါသည်။

ထို့နောက် မန်နေဂျာမာသည် ယဲ့ရှောင်ရှောင်ကို တောက်ပစွာကြည့်လျက် ဝမ်းသာစရာ သတင်းတစ်ခုကို အသိပေးလိုက်သည်။

“ဒါနဲ့ ရှောင်ရှောင်၊ တို့တွေရဲ့ ကြော်ငြာကို လာမယ့် မီးပုံးပွဲတော်ကျရင် တီဗွီမှာ ထုတ်လွှင့်ပြသတော့မယ်တဲ့!”

ယဲ့ရှောင်ရှောင်: “…”

‘အင်း… ဂုဏ်ယူစရာပါပဲ’

မီးပုံးပွဲတော်နေ့သို့ ရောက်ရှိဖို့ ရက်အနည်းငယ်လိုသေးသဖြင့် ယွီကန်းသည် ယာဉ်မောင်းလိုင်စင် စာမေးပွဲကို ဒုတိယအကြိမ် ထပ်မံဖြေဆိုခဲ့ပါသည်။

ယွီကန်း စာမေးပွဲအောင်ပြီး ယာဉ်မောင်းလိုင်စင် ရရှိသွားသောအခါ ယဲ့ချန်းနင်မှာ ငွေရှာဖို့ မစောင့်နိုင်တော့ဘဲ ပေကျင်းမြို့မှ စောစီးစွာ ထွက်ခွာဖို့ စီစဉ်ခဲ့လေသည်။

မသွားခင် ယဲ့ရှောင်ရှောင်ကိုလည်း သတိပေးခဲ့သေးသည်။

“လက်မထပ်ရသေးခင် လူပျိုနဲ့ အပျိုကြားမှာ စည်းရှိရှိ နေရမယ်နော်”

ယဲ့ရှောင်ရှောင်: “တတိယအစ်ကို မလိုတာတွေ လျှောက်ပူနေပြန်ပြီ”

ယဲ့ချန်းနင်က ညီမဖြစ်သူကို တယုတယကြည့်ကာ မှာကြားလိုက်ပါသည်။

“ဘာပဲဖြစ်ဖြစ် ဂရုတစိုက်နဲ့နေဦး”

ယဲ့ရှောင်ရှောင်: “…”

လုဟန်ချွမ်သည် တာဝန်အချို့ကြောင့် နေ့စဉ် စခန်းသို့ ပြန်ရပြီး ညနေစောင်းခါမှ ပြန်လာတတ်ပါသည်။

ယဲ့ချန်းနင်တို့ မရှိကြတော့သောအခါ ထိုအိမ်လေးမှာ ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့အတွက် နှစ်ယောက်တည်းကမ္ဘာလေး ဖြစ်သွားခဲ့ရသည်။

ယဲ့ရှောင်ရှောင်ကမူ စုန့်ကွမ်းကျင့်၏ အိမ်သို့ ပြန်ပြောင်းနေရကောင်း၊ သို့မဟုတ် တက္ကသိုလ်အနီးရှိ တိုက်ခန်းတွင် ပြန်နေရကောင်း စဉ်းစားနေခဲ့သည်။

“ဘာလို့ ပြန်သွားမှာလဲ၊ ဒီမှာ ကိုယ်ဧည့်ဝတ်မကျေလို့လား”

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ ပါးလေးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ မေးမြန်းလိုက်သည်။

ယဲ့ရှောင်ရှောင်သည် စူးရှလှသော သူ့မျက်ဝန်းများကို ခံနိုင်ရည်မရှိဘဲ အကြည့်လွှဲကာ ပြောလိုက်ပါသည်။

“အဲ့လောက် အဖြစ်သည်းမနေစမ်းပါနဲ့၊ ကျွန်မ အလုပ်တွေကို အာရုံစိုက်ထားချင်လို့”

လုဟန်ချွမ်: “အဲ့တာဆို ကိုယ်ဒရိုင်ဘာတစ်ယောက် စီစဉ်ပေးမယ်”

ယဲ့ရှောင်ရှောင်: “… ကျွန်မကို ကားမောင်းပဲ သင်ပေးလိုက်ပါတော့လား”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ တစ်ခွန်းမကျန် ပွစိပွစိ ပြန်ပြောနေသော နှုတ်ခမ်းလေးကို ဆိတ်ကာ ပြောလိုက်သည်။

“မင်းကျောင်းပြန်တက်ရတဲ့အချိန်ကျရင် ကိုယ်တို့ ဒီလိုမျိုး ခဏခဏ တွေ့ရတော့မှာ မဟုတ်ဘူးလေ”

ယဲ့ရှောင်ရှောင်: “…”

အလွန်တရာမှ ချောမောခန့်ညားသော ယောက်ျားတစ်ဦးက သူမရှေ့တွင် ဤကဲ့သို့ ကလေးဆိုး ဆိုးပြနေသည်ကို ယဲ့ရှောင်ရှောင် ခုခံနိုင်စွမ်း မရှိတော့ပါ။

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွန်မ မပြောင်းတော့ဘူး၊ ကျေနပ်ပြီလား”

နောက်ဆုံးတော့ သူမကို လုဟန်ချွမ် ပြန်လွှတ်ပေးလိုက်ပါသည်။

“ဒီလိုမှပေါ့၊ မီးပုံးပွဲတော်နေ့ကျရင် ကိုယ်မီးပုံးပြပွဲ လိုက်ပို့ပေးမယ်”

ယဲ့ရှောင်ရှောင်တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

မီးပုံးပွဲတော်နေ့တွင် သူမ၏ ကြော်ငြာကို ထုတ်လွှင့်ပြသမည်ဖြစ်၍ အိမ်တွင်စောင့်ကြည့်ရမည် မဟုတ်ပါလား။

မထုတ်လွှင့်ခင် နောက်ဆုံးတည်းဖြတ်မှုကိုပင် ယဲ့ရှောင်ရှောင် သွားမကြည့်ခဲ့ရသဖြင့် အမှန်တကယ် ထုတ်လွှင့်သည့်အခါတွင် ရှက်စရာကောင်းမနေစေဖို့သာ ဆုတောင်းမိတော့သည်။

ထိုနေ့တွင် မီးပုံးပြပွဲသို့ အမှန်တကယ် သွားကြည့်ချင်လျှင် ကြော်ငြာကို အခြားနေ့မှ ကြည့်ရှုနိုင်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင် စိတ်ထဲတွင် အကြံအမျိုးမျိုး တွေးတောချိန်ဆနေစဉ် လုဟန်ချွမ်က သူ့ကောင်မလေး၏ ဂနာမငြိမ် ဖြစ်နေသော မျက်ဝန်းတို့ကို စိုက်ကြည့်လိုက်သည်။

“ရှောင်ရှောင်၊ တခြားအစီအစဉ်တွေရှိလို့လား”

ယဲ့ရှောင်ရှောင် ချက်ချင်း လက်ခါပြလိုက်သည်။

“မရှိပါဘူး၊ မီးပုံးပြပွဲ သွားကြည့်ကြမယ်”

လုဟန်ချွမ် ခပ်တိုးတိုး ရယ်မောလိုက်ပါသည်။

“ဟုတ်ပါပြီ၊ ဒါဆို အဲ့ဒီနေ့ကျ ကိုယ်စောစော ပြန်လာခဲ့မယ်နော်”

မီးပုံးပွဲတော်နေ့တွင် လုဟန်ချွမ် စကားတည်ခဲ့ပြီး အိမ်သို့ စောစောပြန်လာခဲ့ပါသည်။

ထို့အပြင် ကောက်ညှင်းမုန့်လုံးချိုများနှင့် ညစာချက်ပြုတ်ဖို့ လတ်လတ်ဆတ်ဆတ် အသားငါး၊ ဟင်းသီးဟင်းရွက်များကိုလည်း ဝယ်ယူလာခဲ့လေသည်။

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် လုဟန်ချွမ်ကို ကြည့်ရင်း ယဲ့ရှောင်ရှောင် မေးမြန်းလိုက်သည်။

“ရှင်က ဟင်းလည်းချက်တတ်သေးတယ်ပေါ့”

လုဟန်ချွမ်: “အရင်ကတည်းက သူများချက်ပေးတာတွေဆိုရင် ချေးများတတ်လို့လေ၊ ပြီးတော့ အစာငတ်ပြီး မသေချင်သေးလို့”

ယဲ့ရှောင်ရှောင်သည် မီးဖိုချောင်ထဲတွင် ဝင်ကူညီပေးဖို့ ပြင်လိုက်စဉ် လုဟန်ချွမ်က သူမလက်ထဲ ကြက်သွန်ဖြူတစ်လုံး ထည့်ပေးကာ ပြောလိုက်သည်။

“အပြင်မှာ ကြက်သွန်သွားနွှာလိုက်၊ ဒီထဲမှာ မီးခိုးအရမ်းမွှန်လိမ့်မယ်”

ယဲ့ရှောင်ရှောင်သည် လက်ထဲက ကြက်သွန်ဖြူဥလေးကို ငုံ့ကြည့်လိုက်ပြီး ထိုင်ခုံပုလေးတစ်လုံးဖြင့် မီးဖိုချောင်ဝင်ပေါက်ဘေးတွင်ထိုင်ကာ ကြက်သွန်နွှာရင်း လုဟန်ချွမ်နှင့် စကားပြောခဲ့သည်။

“ရှင့်ပုံစံက ချက်တတ်ပြုတ်တတ်မယ့် ပုံစံမျိုးလို့ ထင်စရာမရှိဘူးနော်”

လုဟန်ချွမ်သည် အရသာရှိလှသော ပုစွန်ဆီပြန်ဟင်းကို ပန်းကန်ထဲ လှလှပပ ထည့်လိုက်ပြီး ဒယ်အိုးကို စနစ်တကျ ဆေးကြောကာ နောက်ထပ်ဟင်းတစ်ခွက်ကို ချက်ချင်းပင် ဆက်လက် ချက်ပြုတ်ခဲ့သည်။

“စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး အကဲမဖြတ်ပါနဲ့”

“မဖြတ်ပါဘူး”

ယဲ့ရှောင်ရှောင်သည် အခွံနွှာထားသော ကြက်သွန်ဖြူများကို ဘေးသို့ချလိုက်ပြီး လုဟန်ချွမ် ပြင်ဆင်ပေးထားသော ဟင်းပန်းကန်များကို စားပွဲထံသို့ သယ်ဆောင်သွားခဲ့ပါသည်။

လုဟန်ချွမ်က သတိလှမ်းပေးလိုက်သည်။

“ဖြည်းဖြည်းလုပ်နော်၊ လက်တွေ အပူလောင်သွားဦးမယ်”

ယဲ့ရှောင်ရှောင်သည် စားပွဲထံသို့ ဂရုတစိုက် လျှောက်သွားပြီး ဟင်းပန်းကန်များကို ကျကျနန တည်ခင်းလိုက်ပါသည်။

“ဒီလောက်တော့ ကျွန်မလုပ်တတ်ပါတယ်”

လုဟန်ချွမ်သည် အသားဟင်း သုံးမျိုး၊ အသီးအရွက်ဟင်း နှစ်မျိုးဖြင့် စုစုပေါင်း ဟင်းလျာ ငါးမျိုးကို ချက်ပြုတ်ပေးခဲ့သည်။ ဘေးတွင်လည်း ကောက်ညှင်းမုန့်လုံးနှစ်ပန်းကန် ပါသေးသည်။

လုဟန်ချွမ်က ပြောသည်။

“ကောက်ညှင်းမုန့်လုံးတွေ စားပါများရင် အီသွားမှာစိုးလို့ တစ်လုံးနှစ်လုံးလောက်ပဲစား၊ ကိုယ်ထမင်းဖြူလည်း ချက်ပေးထားသေးတယ်”

စားပွဲပေါ်မှ ဟင်းလျာအစုံအလင်ကို ကြည့်ပြီး ယဲ့ရှောင်ရှောင် အံ့အားသင့်သွားခဲ့ရသည်။

“ဗိုလ်မှူးလုက အရမ်းတော်တာပဲနော်”

သူမတွင် စမတ်ဖုန်းတစ်လုံးသာ ရှိနေလျှင် ဤစားပွဲကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်မိပါလိမ့်မည်။

လုဟန်ချွမ်က သူမ၏ ပန်းကန်ထဲသို့ ဝက်နံရိုးတစ်ချောင်း ထည့်ပေးလိုက်သည်။

“မြည်းကြည့်ပါဦး ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်လည်း မြည်းကြည့်လိုက်ကာ အကြိုက်တွေ့သွားခဲ့သည်။

“အရသာရှိတယ်!”

ညစာစားပြီးသွားသောအခါ လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို ခေါ်ဆောင်ကာ အစာကြေစေဖို့အတွက် လမ်းလျှောက်ထွက်ခဲ့သည်။

ပေကျင်းမြို့ရှိ လမ်းမအတော်များများတွင် အနီရောင်မီးပုံးလေးများကို လှပစွာ ချိတ်ဆွဲထားကြပါပြီ။

သူတို့နှစ်ဦးသည် စည်းကားသိုက်မြိုက်လှသော မီးပုံးပြပွဲသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုနေရာတွင် ဈေးဆိုင်တန်းများ မြောက်များစွာ ရှိပြီး ဒေသထွက် အစားအစာမျိုးစုံနှင့် ဆန်းကြယ်လှသော လက်ဆောင်ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည်။

ယဲ့ရှောင်ရှောင်သည် လေထုထဲမှ စူးရှသော ဆီတို့ဟူးရနံ့ကို ရရှိလိုက်သည်။

‘ဒီခေတ်မှာတောင် ဆီတို့ဟူးက ရေပန်းစားနေပြီလား’

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ လက်ကလေးကို ဆုပ်ကိုင်လျက် မေးလိုက်သည်။

“စားချင်လို့လား”

ယဲ့ရှောင်ရှောင် ခေါင်းအမြန်ခါလိုက်သည်။

“မစားတော့ပါဘူး”

ဤကဲ့သို့ အနံ့ပြင်းသည့် အစားအသောက်များကို သူမ ကြိုက်နှက်သက်လေ့ မရှိပါ။

လုဟန်ချွမ်က သူမကို မီးပုံးတစ်ခု ဝယ်ပေးခဲ့သည်။ ရောင်စုံစက္ကူများ၊ ပလတ်စတစ်သားများဖြင့် ပြုလုပ်ထားသော ရိုးရာမီးပုံးလေးတစ်ခုပင် ဖြစ်ပါသည်။

ယဲ့ရှောင်ရှောင်သည် မီးပုံးလေးကို ဟိုလှည့်ဒီလှည့်ကြည့်ရှုလိုက်သည်။

“ဒါ ကလေးကစားစရာမဟုတ်ဘူးလား”

ထို့အပြင် ဖယောင်းတိုင်စိုက်ရမည့် နေရာမှာလည်း တည်ငြိမ်မှုသိပ်မရှိဘဲ မီးလောင်လွယ်သဖြင့် လူထူထပ်သည့် နေရာတွင် ထွန်းညှိဖို့ အဆင်မပြေနိုင်ပါ။

လုဟန်ချွမ်က ချေပသည်။

“မင်းက ကလေးပဲ မဟုတ်ဘူးလား”

သူမသာ ကလေးတစ်ယောက်ဆိုလျှင် ဗိုလ်မှူးလု၏ လုပ်ရပ်များက ကလေးပြန်ပေးသမားတစ်ယောက်ပမာ ဖြစ်နေလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ပြန်ပြောချင်မိပါသည်။

မုန့်ပဲသရေစာများ ရောင်းချသည့် လမ်းမ၏ ဘေးတစ်ဖက်တွင်မူ ခမ်းနားလှသော ဖျော်ဖြေပွဲကြီးများကို သိုက်သိုက်မြိုက်မြိုက် ကျင်းပနေကြပါသည်။

ဒေါက်မြင့်ခြေတုဖြင့် လမ်းလျှောက်ပြသူများ၊ ရိုးရာအက ကပြသူများနှင့် စီစီညံနေသည့် ဗုံသံ၊ မောင်းသံများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး စည်ကားသက်ဝင်နေခဲ့သည်။

လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့လည်း လူစုကွဲသွားမည်စိုးသဖြင့် တစ်ယောက်နှင့်တစ်ယောက် အနီးဆုံးဖြစ်အောင် ပူးကပ်လျက် လျှောက်လာခဲ့ရသည်။

ယဲ့ရှောင်ရှောင်သည် ခပ်လှမ်းလှမ်းတစ်နေရာတွင် ပြသထားသော မီးပုံးများစွာကို ညွှန်ပြကာ ရေရွတ်လိုက်ပါသည်။

“ဟိုမှာကြည့်ဦး၊ နဂါးမီးပုံးကြီး အကြီးကြီးပဲ!”

လက်ရာမှာလည်း အလွန်ပင် သေသပ်လှသည်။

လုဟန်ချွမ်က အကြံပြုသည်။

“တစ်လုံးလောက်ဝယ်ပြီး အိမ်မှာချိတ်ထားရအောင်”

ယဲ့ရှောင်ရှောင် ကျီစယ်လိုက်ပါသည်။

“ရှင့်ရဲ့ စတိုင်နဲ့ လိုက်မယ်မထင်ဘူးနော်”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ ပခုံးကိုဖက်ကာ ပြောလိုက်သည်။

“စတိုင်ဆိုတာ အချိန်မရွေး ပြောင်းလို့ရတယ်”

ယဲ့ရှောင်ရှောင် ခေါင်းလေးစောင်းကာ သူ့ကို မော့ကြည့်လိုက်ပါသည်။

သူ၏ မျက်နှာတစ်ခြမ်းမှာ ပွဲတောင်၏ ရောင်စုံမီးရောင်များအောက်တွင် အရောင်အသွေးစုံလင်နေခဲ့သည်။ ကျန်မျက်နှာတစ်ခြမ်းမှာလည်း ပြစ်ချက်မရှိဘဲ အလွန်ချောမွေ့ခန့်ညားနေခဲ့ပါသည်။

“ဒါဆို ကောင်မလေးရွေးတဲ့အခါမှာကော ဘယ်လိုစတိုင်မျိုးကို သဘောကျတာလဲ”

လုဟန်ချွမ်က မတုံ့မဆိုင်းဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“အဲ့တာက စတိုင်နဲ့မဆိုင်ဘူး၊ နှလုံးသားနဲ့ပဲ ဆိုင်တာ၊ ကိုယ့်နှလုံးသားကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင် အားရပါးရ ရယ်မောလိုက်သည်။

“အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်မှတ်”

ည ၁၀ နာရီ ဝန်းကျင်တွင် ရင်ပြင်၌ မီးရှူးမီးပန်းများကို စတင်ဖောက်ခဲ့ကြပါသည်။

အလွန်လှပသည့် မီးရှူးမီးပန်းများကို အတူတူ ကြည့်ရှုပြီးကြသောအခါ ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ အိမ်သို့ ပြန်လာခဲ့ကြတော့သည်။

အိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင် အလွန်ညည့်နက်နေပါပြီ။

လုဟန်ချွမ်: “အိပ်တော့”

သို့သော် ယဲ့ရှောင်ရှောင်ကမူ တီဗွီကို ရုတ်တရက် ဖွင့်လိုက်သည်။

“မအိပ်သေးဘူးလား”

လုဟန်ချွမ် အချိန်ကို လှမ်းကြည့်လိုက်သည်။ ပုံမှန် ဤအချိန်ဆိုလျှင် ရှောင်ရှောင် အိပ်ရာဝင်သင့်နေပါပြီ။

ယဲ့ရှောင်ရှောင်ကမူ သူမ၏ ကြော်ငြာလေးကို ကြည့်ရှုချင်ရုံသာဖြစ်သည်။ သူမ ခေါင်းမော့ကြည့်လိုက်ရာ လုဟန်ချွမ်လည်း အိပ်ခန်းထဲ မဝင်သေးဘဲ ရစ်သီသီ လုပ်နေသည်ကို မြင်လိုက်ရသည်။

“ရှင်လည်း စောစောအိပ်တော့လေ၊ ကောင်းသောညပါ”

လုဟန်ချွမ် ကြောင်စီစီဖြစ်သွားလေသည်။

သူမ ဘာတွေကြံစည်နေသည်ကို လုဟန်ချွမ် မခန့်မှန်းနိုင်ခင် တီဗွီထဲမှ ရင်းနှီးနေသည့်အသံတစ်သံ ထွက်လာပါသည်။

ဖန်သားပြင်ပေါ်တွင် ငယ်ရွယ်နုပျိုပြီး အလွန်လှပသော တက္ကသိုလ်ကျောင်းသူလေးတစ်ဦးပေါ်လာပြီး လက်ထဲတွင်လည်း အသားဖြူလိမ်းဆေးခရင်မ်ဘူးကို ကိုင်ဆောင်ထားသည်။

ထိုပုံရိပ်လေးမှာ တစ်ခဏချင်းအတွင်းမှာပင် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။

All Chapters