အခန်း ၁၅၁
Vol. 16 Ch. 151
📗 Chapter 151
လုဟန်ချွမ်တစ်ယောက် တီဗွီဖန်သားပြင်ကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။
ယဲ့ရှောင်ရှောင် အပြေးအလွှားရောက်လာပြီး သူမ၏ လက်နှစ်ဖက်ဖြင့် သူ့မျက်လုံးများကို လှမ်းပိတ်လိုက်ပါသည်။
“မကြည့်နဲ့ဦး!”
ထိုကြော်ငြာကို သူမကိုယ်တိုင် အရင်ကြည့်ရှုပြီး စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားချင်ပါသည်။
လုဟန်ချွမ်ကမူ သူမကို ရင်ခွင်ထဲ အသာအယာဆွဲသွင်းလိုက်သည်။
“ဘယ်တုန်းက ရိုက်ထားတာလဲ”
ယဲ့ရှောင်ရှောင်: “နှစ်သစ်ကူး မတိုင်ခင်က”
လုဟန်ချွမ်က အပြုံးဖြင့် ကျီစယ်လိုက်သည်။
“ဪ… ဒါဆို တို့ရှောင်ရှောင်လေးက မင်းသမီးဖြစ်ချင်တာလား”
ယဲ့ရှောင်ရှောင် ခေါင်းခါယမ်းလိုက်သည်။
“မဖြစ်ချင်ပါဘူး၊ သရုပ်ဆောင်ကြေးသက်သာအောင် ကိုယ်တိုင် ဝင်ရိုက်လိုက်တာ”
မင်းသမီးလုပ်ဖို့ဟူသည်မှာ သူမ၏ စိတ်ကူးအိပ်မက်နှင့် များစွာ အလှမ်းဝေးကွာလှပါသည်။
သူမ၏ ရည်မှန်းချက် အစစ်အမှန်သည် ဆေးပညာကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူပြီး ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာစေဖို့ ဖြစ်ပါသည်။
အခြားသော လမ်းကြောင်းများကိုမူ စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်း မရှိသေးပေ။
လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို ဆက်လက်ပွေ့ဖက်ထားပြီး ကြော်ငြာကို အဆုံးထိ အတူတူ ကြည့်ရှုခဲ့ကြပါသည်။
ဤခေတ်ကာလ၏ နည်းပညာအရည်အသွေးအရ ကြော်ငြာရုပ်ထွက်မှာ သိပ်မကောင်းလှသော်လည်း ယဲ့ရှောင်ရှောင်မှာမူ ဗီဒီယိုထဲတွင် အလွန်ကြည့်ကောင်းနေခဲ့သည်။
ကင်မရာက သူမ၏ အလှတရားတိုင်းကို ပြစ်ချက်မရှိအောင် အမိအရ ဖမ်းယူပုံဖော်ပေးနိုင်ခဲ့သည်။
ကြော်ငြာကို ကြည့်ရှုမိသူတိုင်း အသားဖြူလိမ်းဆေးခရင်မ်အား ဝယ်ယူစမ်းသပ်ကြည့်ချင်စိတ်များ ကျိန်းသေပေါက် ပြင်းထန်လာပါလိမ့်မည်။
ထို့ကြောင့် ဤကြော်ငြာမှာ အတိုင်းထက်အလွန် အောင်မြင်သွားသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ထိုအောင်မြင်မှုများက ယဲ့ရှောင်ရှောင် ရင်ထဲတွင် ခံစားနေရသော အရှက်တရားများကို ဖုံးဖိမပေးနိုင်ခဲ့ပါ။
ပိုမိုဆိုးရွားသည်မှာ လုဟန်ချွမ်သည် ကြော်ငြာကို တစ်ကြိမ်ကြည့်ရှုပြီး နောက်တစ်ကြိမ် ထပ်မံ ကြည့်ရှုချင်နေခြင်းပင်။
“ရှင်မပင်ပန်းသေးဘူးလား”
လုဟန်ချွမ်က ဖြေသည်။
“ဒီလောက်စိတ်ဝင်စားစရာကောင်းတာကို ကြည့်ရတာ ပင်ပန်းစရာလား”
ယဲ့ရှောင်ရှောင် မတ်တပ်ထရပ်လိုက်သည်။
“ဒါဆိုလည်း ကိုယ့်ဖာသာကိုယ်ပဲ ဆက်ကြည့်တော့၊ ကျွန်မတော့ အပေါ်တက်ပြီး အိပ်တော့မယ်”
လုဟန်ချွမ်ကလည်း အလိုက်တသိနှင့် လွှတ်ပေးလိုက်ပါသည်။
“ဟုတ်ပြီ၊ စောစောအိပ်တော့၊ ကောင်းသောညပါ”
ယဲ့ရှောင်ရှောင် နောက်ပင် ပြန်လှည့်မကြည့်ဘဲ ဧည့်ခန်းထဲမှ သုတ်ခြေတင်ကာ ထွက်ပြေးလာခဲ့တော့သည်။
မနေ့ညက လုဟန်ချွမ်တစ်ယောက် ကြော်ငြာကို ဘယ်နှကြိမ်ပင်ကြည့်ရှုခဲ့မှန်း ယဲ့ရှောင်ရှောင် မသိနိုင်သော်လည်း မနက် အိပ်ရာနိုးလာသည့်အခါ အိမ်တွင် သူ မရှိတော့ပေ။
ဧည့်ခန်းထဲတွင် သူမအတွက် ချန်ထားပေးသည့် မှတ်စုလေးကို တွေ့ခဲ့ရပါသည်။ မီးဖိုချောင်ထဲတွင် မနက်စာ အသင့် ပြင်ဆင်ပေးထားသဖြင့် သူမ အိပ်ရာနိုးလာသည့်အခါ ပြန်နွှေးစားဖို့သာ လိုအပ်သည်ဟု ဆိုသည်။
မနက်စာစားပြီးနောက် ယဲ့ရှောင်ရှောင်လည်း အပြင်သွားမည်ဟူသည့်အကြောင်း မှတ်စုတစ်စောင် ရေးပေးခဲ့လိုက်ပါသည်။
ထို့နောက် စုန့်ရှောင်းကွမ်ကို ဖုန်းဆက်ကာ လာခေါ်ခိုင်းလိုက်သည်။ မနေ့က ကြော်ငြာ၏ ထိရောက်မှုအခြေအနေကို သူမ သွားစစ်ဆေးရပါမည်။
ရမ်သဲ့ထန်တွင် မန်နေဂျာမာတစ်ယောက် အလုပ်ရှုပ်လွန်းသဖြင့် ရုံးခန်းထဲ လှည့်ပတ်ပြေးလွှားနေရလေပြီ။
သူ ရုံးသို့ ရောက်လာသည့် မနက်ရှစ်နာရီ အချိန်မှစ၍ ရုံးခန်းထဲမှ ဖုန်းမှာ အဆက်မပြတ် မြည်နေခဲ့ပါသည်။ ရမ်သဲ့ထန်၏ အသားဖြူလိမ်းဆေးခရင်မ်သည် ဒုတိယအကြိမ်မြောက် ရောင်းအား ထိုးတက်သွားခဲ့ပြန်ပါပြီ။
ယဲ့ရှောင်ရှောင်က စုန့်ရှောင်းကွမ်အား လှည့်ပြောလိုက်သည်။
“စက်ရုံဆောက်လုပ်ရေး စနေပြီ မဟုတ်လား”
စုန့်ရှောင်းကွမ်က ခေါင်းညိတ်သည်။
“ပရောဂျက်ကို အရှိန်မြှင့်လိုက်မယ်ဆိုရင် ဖေဖော်ဝါရီလကုန်လောက် ပြီးစီးနိုင်တယ်၊ မတ်လထဲရောက်ရင်တော့ တရားဝင်လည်ပတ်နိုင်ပါပြီ”
ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်ပြလိုက်ပါသည်။
ငွေကြေးအရ မည်သည့်အခက်အခဲမှ မရှိသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ အထိရောက်ဆုံးနှင့် အမြန်ဆန်ဆုံးပင် ဖြစ်သည်။
စက်ရုံဆောက်လုပ်မှု မပြီးဆုံးမီအချိန်ထိတော့ အသားဖြူလိမ်းဆေးခရင်မ်များကို ရမ်သဲ့ထန်၏ လက်ရှိ ထုတ်လုပ်မှုလိုင်းများတွင်သာ ဆက်လက်၍ ထုတ်လုပ်သွားပါမည်။
ကြော်ငြာရိုက်ကူးရသည့် မူလရည်ရွယ်ချက်မှာ အသားဖြူလိမ်းဆေးခရင်မ်၏ ဘရန်းအမည်ကိုခိုင်မာစွာ တည်ဆောက် ရန်နှင့် တစ်ချိန်တည်းမှာပင် ဈေးကွက်အတွင်း ဝင်ရောက်နေသည့် အတုအပပစ္စည်းများအား ပြင်းပြင်းထန်ထန် တိုက်ဖျက်နိုင်ရန် ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် လူထု၏ တုံ့ပြန်မှုအား သေသေချာချာ စောင့်ကြည့်ထားဖို့ မန်နေဂျာမာကို ညွှန်ကြားလိုက်လေသည်။
ဈေးကွက်ထဲ အတုအပများ ထပ်မံပေါ်ပေါက်လာသည်နှင့် ဝယ်သူများကို ပစ္စည်းအစစ်အမှန် ခွဲခြားနိုင်အောင် လမ်းညွှန်ပြသပေးရပါမည်။
မန်နေဂျာမာက အာမခံလိုက်သည်။
“စိတ်ချပါ၊ ငါသေသေချာချာ စောင့်ကြည့်ထားမယ်”
ထို့နောက် ယဲ့ရှောင်ရှောင်နှင့် စုန့်ရှောင်းကွမ်တို့နှစ်ယောက် ဟွာရုန်ကုမ္ပဏီ မန်နေဂျာရာထူးအတွက် အင်တာဗျူးဖြေမည့်လူကို သွားရောက်စစ်ဆေးခဲ့ကြသည်။
နောင်တွင် ဟွာရုန်ကုမ္ပဏီ၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို ထိုမန်နေဂျာလက်ထဲဿို့ လွှဲပြောင်းပေးအပ်သွားရမည်ဖြစ်၍ လူချင်းတွေ့ကာ ကိုယ်တိုင်ကိုယ်ကျ အကဲခတ်သင့်သည်ဟု ယဲ့ရှောင်ရှောင် ခံစားခဲ့ရပါသည်။
စုန့်ရှောင်းကွမ်သည် ထိုလူနှင့် တွေ့ဆုံဖို့အတွက် တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး လုံခြုံရေးကောင်းမွန်သည့် ချွန်းရှီလက်ဘက်ရည်ဆိုင်တွင် ချိန်းဆိုထားခဲ့သည်။
ရမ်ကျားရှင်းတစ်ယောက် ချွန်းရှီလက်ဘက်ရည်ဆိုင်သီးသန့် အခန်းလေးထဲတွင် စောစီးစွာ ရောက်ရှိနေပါသည်။ အထဲသို့ ဝင်လာသည့် လူငယ်နှစ်ဦးကို မြင်ပြီး သူအလွန်အံ့အားသင့်သွားခဲ့ရသည်။
စုန့်ကောရှမ့်က မိတ်ဆက်ပေးထားသဖြင့် စုန့်ရှောင်းကွမ်ကို သူမြင်ဖူးပါသည်။ ငယ်ရွယ်သော်လည်း စုန့်ရှောင်းကွမ်မှာ ဟွာရုန်ကုမ္ပဏီ၏ ပိုင်ရှင်တစ်ဦးဖြစ်သည်ဟု ကြားသိထားရသည်။
စုန့်ရှောင်းကွမ်က ငယ်ရွယ်သဖြင့် သူ၏ တွဲဖက်မှာတော့ အသက်ကြီးကြီးလူတစ်ယောက် ဖြစ်လိမ့်မည်ဟု ရမ်ကျားရှင်း ခန့်မှန်းထားခဲ့သည်။
သို့သော် တစ်ဖက်လူမှာ မိန်းကလေးတစ်ဦးဖြစ်နေရုံသာမကဘဲ စုန့်ရှောင်းကွမ်ထက်ပင် ပိုမိုငယ်ရွယ်မည့်ပုံပေါက်သဖြင့် ရမ်ကျားရှင်း မှင်သက်သွားခဲ့ရသည်။
စုန့်ကောရှမ့်၏ ဂုဏ်သိက္ခာကြောင့်သာ မဟုတ်လျှင် သူ့ကို နောက်ပြောင်နေသည်ဟုပင် ထင်သွားလောက်သည်။
ယဲ့ရှောင်ရှောင်က လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ပါသည်။
“တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာရမ်၊ ကျွန်မနာမည် ယဲ့ရှောင်ရှောင်ပါ၊ ဟွာရုန်ရဲ့ တွဲဖက်တည်ထောင်သူတွေထဲက တစ်ယောက်ပါ”
ရမ်ကျားရှင်းလည်း အသိစိတ်ပြန်ကပ်သွားပြီး ယဲ့ရှောင်ရှောင်နှင့် အမြန်လက်ဆွဲနှုတ်လိုက်ပါသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ နှစ်ယောက်သား ဒီလောက် ငယ်ရွယ်ထက်မြက်ကြလိမ့်မယ်လို့ ကျွန်တော် တကယ် ထင်မထားဘူး”
ယဲ့ရှောင်ရှောင် နူးညံ့သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။
“စကားအေးအေးဆေးဆေး ထိုင်ပြောကြရအောင်လေ”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”
သူတို့သုံးဦး စားပွဲဝိုင်းတွင် အတူတူထိုင်လိုက်ကြပြီးနောက် ယဲ့ရှောင်ရှောင်သည် ယဉ်ကျေးမှုအရ စကားပလ္လင်ခံလိုက်ပြီး ရမ်ကျားရှင်း၏ ဇာတိမြေအကြောင်း၊ ယခင်က လုပ်ငန်းအတွေ့အကြုံများအကြောင်း စတင်မေးမြန်းလေတော့သည်။
ရမ်ကျားရှင်းသည် မူလက ကျီကျိုးတွင် နေထိုင်သူဖြစ်သော်လည်း နောက်ပိုင်းတွင် ဘဏ္ဍာရေးပညာသင်ယူဖို့အတွက် ပေကျင်းမြို့ရှိ တက္ကသိုလ်တစ်ခုတွင် တက်ရောက်ခဲ့သည်။
ဘွဲရပြီးနောက် ဘဏ်တစ်ခုတွင် အလုပ်ရခဲ့သည်။ အခြေခိုင်သည့် အလုပ်တစ်ခုဖြစ်သော်ငြား ထိုအလုပ်မှ ထွက်လာပြီး ယခု အသစ်စက်စက်တည်ထောက်ထားသော လုပ်ငန်းတွင် ဝင်ရောက်လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့ပါသည်။
“အရင်အလုပ်ကနေ ဘာလို့ ထွက်လာခဲ့တာလဲ မေးခွင့်ရှိမလား မစ္စတာရမ်”
ရမ်ကျားရှင်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပါသည်။
“ရိုးရိုးသားသား ပြောရရင် ကျွန်တော် ဆန္ဒရှိလို့ အလုပ်ထွက်ခဲ့တာ မဟုတ်ပါဘူး၊ အရင်အလုပ်မှာ အမှားအယွင်းတစ်ခု မတော်တဆ လုပ်ခဲ့မိလို့ပါ”
ယဲ့ရှောင်ရှောင် မျက်ခုံးပင့်သွားသည်။ ထိုမတော်တဆဟူသည်မှာ အသေးအဖွဲတော့ မဖြစ်နိုင်ပေ။
စုန့်ရှောင်းကွမ်က ထိုကိစ္စကို ကြိုတင်စုံစမ်းထားပြီးသားဖြစ်၍ အသေးစိတ် သိရှိထားပါသည်။ ထို့ကြောင့် လေသံတိုးတိုးဖြင့် ဝင်ရှင်းပြလိုက်သည်။
“လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ချောက်ချခဲ့လို့ မစ္စတာရမ် အလုပ်ထွက်ခဲ့ရတာပါ”
ဆိုလိုသည်မှာ ရမ်ကျားရှင်းသည် လုပ်ငန်းခွင်အတွင်းရှိ လှည့်စားမှုများကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိသူ မဟုတ်ပေ။
ယဲ့ရှောင်ရှောင်က အလိုက်တသိနှင့် စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
“မစ္စတာရမ်၊ လက်ရှိ ပြည်တွင်းအလှကုန်ဈေးကွက်ကို ဘယ်လိုမြင်လဲ”
ရမ်ကျားရှင်းက ဖြေသည်။
“ပြည်တွင်းအလှကုန်ဈေးကွက်က လက်ရှိမှာ လူတွေသိပ်ပြီး သတိမပြုမိကြသေးတဲ့ အခြေအနေမျိုးမှာပဲ ရှိနေပါသေးတယ်၊ ဒါပေမယ့် ဒီဈေးကွက်က အလားအလာအရမ်းကောင်းတယ်၊ ဥပမာအားဖြင့် အဲ့ဒီ ကြွေအိုးဖြူ အသားဖြူလိမ်းဆေးခရင်မ်ကိုပဲကြည့်လိုက်၊ လောလောဆယ် ပေကျင်းမြို့မှာပဲ ရေပန်းစားသေးတာဆိုပေမယ့် ရလာတဲ့ အကျိုးအမြတ်က အံ့အားသင့်ဖို့ကောင်းလောက်အောင်ပဲ၊ အခုကြော်ငြာကိုလည်း တရားဝင်ထုတ်လွှင့်လိုက်ပြီဆိုတော့ နိုင်ငံအနှံ့တိုးချဲ့နိုင်မယ့် အလားအလာ ရှိသွားပြီလေ”
ကုမ္ပဏီကို တည်ထောင်ပြိး အစောပိုင်းအဆင့်မှာပင် ဤထုတ်ကုန်တစ်မျိုးတည်းမှ ရရှိလာသည့် အသားတင်အမြတ်များမှာ ကြောက်စရာ ကောင်းလွန်းပါသည်။
သူတို့အားလုံး လက်ဘက်ရည် အေးအေးဆေးဆေး သောက်သုံးခဲ့ကြပြီး ယဲ့ရှောင်ရှောင်သည် ရမ်ကျားရှင်းနှင့်အတူ စီးပွားရေးကိစ္စများအကြောင်း ဆက်လက်ဆွေးနွေးခဲ့သည်။
ရမ်ကျားရှင်းသည် အမှန်တကယ် အစွမ်းအစရှိသူဖြစ်ပြီး ပြည်တွင်းစီးပွားရေး အခြေအနေအပေါ်တွင်လည်း ပရော်ဖက်ရှင်နယ်ဆန်စွာ သုံးသပ်ပြနိုင်ခဲ့သည်။
ဟွာရုန်ကုမ္ပဏီအနေဖြင့် နောင်အနာဂတ်တွင် ဝယ်ယူသူ လူတန်းစားအလွှာအသီးသီးအတွက် အဆင့်မြင့် ထုတ်ကုန်နှင့် အခြေခံထုတ်ကုန်ဟူ၍ နှစ်မျိုး ခွဲခြားသင့်ကြောင်းကိုပင် အကြံပြုခဲ့သည်။
ကြွေအိုးဖြူ လိမ်းဆေးခရင်မ်မှာ ယခုလက်ရှိတွင် အဆင့်မြင့်ထုတ်ကုန်တစ်မျိုး ဖြစ်သော်ငြား နောင်အနာဂတ်တွင် ဈေးချိုသည့် အခြားထုတ်ကုန်တစ်ခုကိုလည်း ထပ်မံထုတ်လုပ်သွားသင့်သည်ဟု ဆိုပါသည်။
နောက်ဆုံးတွင် ရမ်ကျားရှင်းသည် ဤမန်နေဂျာရာထူးအတွက် လုံးဝ ထိုက်တန်သူဖြစ်မှန်း ယဲ့ရှောင်ရှောင် နားလည်ခဲ့ရသည်။
“ဟွာရုန်ကနေ ကြိုဆိုပါတယ် မစ္စတာရမ်”
ရမ်ကျားရှင်းသည် အပေါ်ယံတည်ငြိမ်နေသည့်ပုံစံပေါက်သော်လည်း ရင်ထဲတွင်မူ တစ်ချိန်လုံး ဗလောင်ဆူနေခဲ့ပါသည်။
အထူးသဖြင့် သူနှင့် စီးပွားရေးလုပ်ငန်းများအကြောင်း ပါးပါးနပ်နပ် ဆွေးနွေးနိုင်သော ထိုလူငယ်နှစ်ဦးကြောင့် အမြဲတမ်း နောက်ကျကျန်နေခဲ့သလို ခံစားခဲ့ရသည်။
ယဲ့ရှောင်ရှောင်၏ အတည်ပြုစကားကို ကြားခါမှ ရမ်ကျားရှင်း စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။
“ကျွန်တော် ကျိန်းသေပေါက် အစွမ်းကုန် ကြိုးစားသွားပါ့မယ်!”
မကြာမီ ယဲ့ရှောင်ရှောင် ကျောင်းပြန်တက်ရတော့မည်ဖြစ်၍ ဝန်ထမ်းခေါ်ယူမှုကိစ္စအဝဝကို စုန့်ရှောင်းကွမ်နှင့် ရမ်ကျားရှင်းတို့ကသာ တာဝန်ယူရပါလိမ့်မည်။
ဟွာရုန်ကုမ္ပဏီ၏ ပထမဦးဆုံးဝန်ထမ်းဖြစ်ပြီး အရေးပါသည့်ရာထူးကို ရရှိထားခြင်းကြောင့် ရမ်ကျားရှင်းအား ယဲ့ရှောင်ရှောင် လစာကောင်းကောင်း ကမ်းလှမ်းခဲ့ပါသည်။ ဘဏ်တွင် လုပ်ကိုင်ခဲ့စဉ်က လစာထက်တော့ ကျိန်းသေ မနည်းနိုင်ပေ။
ထို့အပြင် ဤလစာမှာ အခြေခံလစာသာဖြစ်ပြီး နောက်ပိုင်း စွမ်းဆောင်ရည်အပေါ် မူတည်၍ ဘောနပ်စ်များကိုပါ ပေးအပ်သွားဦးမည်ဖြစ်ကြောင်း ယဲ့ရှောင်ရှောင် ရှင်းပြခဲ့ပါသည်။
ဤသည်မှာ တစ်ဖက်လူ ပိုမိုကြိုးစားအားထုတ်လာစေရန် စည်းရုံးလှုံ့ဆော်သည့် နည်းလမ်းတစ်မျိုး ဖြစ်သော်ငြား လက်ရှိအခြေအနေတွင် ထိုသတ်မှတ်ချက်များကို နှစ်ဦးနှစ်ဖက်စလုံး စိတ်ကျေနပ်မှု အပြည့်အဝ ရှိကြပါသည်။
လက်ဘက်ရည်ဆိုင်မှ ထွက်ခွာလာပြီးနောက် ယဲ့ရှောင်ရှောင်သည် စက်ရုံတည်ဆောက်မည့် မြေနေရာသို့ သွားရောက် ကြည့်ရှုခဲ့သည်။
လက်ရှိအချိန်တွင် ထိုနေရာမှာ သာမန်မြေရိုင်းကွင်းကြီးတစ်ကွင်းအဖြစ်သာ ရှိနေသေးပြီး ဆောက်လုပ်ရေး အဖွဲ့သားများက ဆူညံနေသော စက်ယန္တရားကြီးများကို မောင်းနှင်လျက် မြေပြင်ရှင်းလင်းခြင်း၊ မြေညှိခြင်း လုပ်ငန်းများကို အသေးစိတ် လုပ်ဆောင်နေကြပါသည်။
စုန့်ရှောင်းကွမ်က အာမခံကာ ပြောလိုက်သည်။
“နင်အိမ်စောစော ပြန်သင့်တယ်၊ ဆောက်လုပ်ရေးခွင်ဆိုတော့ ဖုန်တွေသဲတွေနဲ့ ဗရုတ်သုက္ခဖြစ်နေတာ ငါဒီမှာနေပြီး အခြေအနေကို စောင့်ကြည့်ပေးထားမှာမို့လို့ ဘာပြဿနာမှ မဖြစ်စေရပါဘူး”
ယဲ့ရှောင်ရှောင် ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ ဆောက်လုပ်ရေးဆိုက်သို့ လာဖို့ပင် မသင့်တော်သဖြင့် သူမ ခေါင်းညိတ်သဘောတူလိုက်ပါသည်။
ယဲ့ရှောင်ရှောင် အိမ်ပြန်ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်သော်လည်း လုဟန်ချွမ် ပြန်ရောက်မလာသေးပေ။
သူမ အပေါ်ထပ်တက်ပြီး တက္ကသိုလ်ပြန်ဖို့အတွက် အထုပ် အပိုးများ စတင် ပြင်ဆင်ခဲ့ပါသည်။
လုဟန်ချွမ် ပြန်ရောက်လာပြီး အခန်းထဲဝင်လာသောအခါ သူတို့၏ နှစ်ယောက်တည်းကမ္ဘာလေး အဆုံးသတ်ဖို့ နီးကပ်လာပြီဖြစ်မှန်း သိလိုက်ရသည်။
ယဲ့ရှောင်ရှောင်က နှစ်သိမ့်စကားဆိုလိုက်ပါသည်။
“ကျွန်မ ကျောင်းပြန်တက်ရတော့မှာမို့လို့ လက်တွေ့ကျကျ ဆုံးဖြတ်လိုက်ရတာပါ၊ ရှင်နဲ့အတူ ဆက်မနေချင်လို့ မဟုတ်ဘူး”