အခန်း ၁၅၂
Vol. 16 Ch. 152
📗 Chapter 152
လုဟန်ချွမ်: “…”
ယဲ့ရှောင်ရှောင်သည် လက်ထဲတွင် ကိုင်ထားသည့်ပစ္စည်းများကို အောက်ချလိုက်ပြီး ချစ်သူကောင်လေးကို ချော့မော့ဖို့ ပြင်လိုက်ပါသည်။
“ကျွန်မ ဘွဲ့ရတဲ့အခါကျရင် နေ့တိုင်းနေ့တိုင်း အတူတူရှိနေလို့ရပြီလေ”
လုဟန်ချွမ် ခေါင်းငုံ့သွားပြီး နှုတ်ခမ်းပါးထက်တွင်လည်း ကျီစယ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“တို့ရဲ့ရှောင်ရှောင်လေး ပြောချင်တာက နောက်လေးနှစ်လောက်ကြာမှ ကိုယ်တို့တွေ အတူတူနေခွင့်ရမယ်လို့ ဆိုလိုတာပေါ့ ဟုတ်လား”
ယဲ့ရှောင်ရှောင်၏ ဗလာကျင်း ကတိစကားများကို ဖောက်ထွင်းမြင်နိုင်သူဟူ၍ လုဟန်ချွမ်တစ်ဦးတည်းသာ ရှိနိုင်သည်။
ယဲ့ရှောင်ရှောင် လက်နှစ်ဖက်ကို ခါးနောက်ပစ်ကာ အောက်ထပ်သို့ လစ်ထွက်သွားဖို့ ကြံလိုက်ပါသည်။
“ဒီနေ့ကော ညစာအတွက် ဘာတွေဝယ်လာလဲ သွားကြည့်ရအောင်”
ယဲ့ရှောင်ရှောင် ခြေလှမ်း နှစ်လှမ်းသာ လှမ်းရသေးချိန်တွင် လုဟန်ချွမ်က ပြန်ဆွဲခေါ်လိုက်ပြီး သူမ၏ ဆံနွယ်လေးကို လက်ဖြင့်ဖွကာ ဖိသပ်ပေးလိုက်သည်။
“မင်းကိုတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး… သွားကြစို့၊ ဒီနေ့ မင်းအတွက် ဝက်သားချက်ပေးမယ်”
ဆံပင်များ ရှုပ်ပွသွားသည့် ယဲ့ရှောင်ရှောင်တစ်ယောက် သူ့နောက်မှ တစ်လှမ်းချင်း လိုက်လာခဲ့ပါသည်။
“ရှင်အကောင်းဆုံးပဲ လုဟန်ချွမ်”
အပေါ်ယံတွင် မဝံ့မရဲ ပုံစံပေါက်နေသော်လည်း အမှန်တကယ်တွင် သူမသည် လုဟန်ချွမ်ကို စိတ်ကြိုက် လှည့်စားနိုင်စွမ်း ရှိပါသည်။
အသားဖြူလိမ်းဆေးခရင်မ် ကြော်ငြာအား စတင်ထုတ်လွှင့်လိုက်သည့်အချိန်မှစ၍ ထုတ်ကုန်ကို ဝယ်လိုသူ ပို၍ပင် များပြားလာခဲ့သည်။
အချို့ကုန်သည်များက ပစ္စည်းအစစ်အမှန်ကို မတင်သွင်းနိုင်ကြသဖြင့် အရည်အသွေးညံ့ဖျင်းသော အတုအပများကိုသာ ရောင်းချခဲ့ကြသည်။
သူတို့၏ လိမ်းဆေးခရင်မ်များက တီဗွီပေါ်တွင် ကြော်ငြာထားသည့် ‘ကြွေအိုးဖြူ’လိမ်းဆေးခရင်မ်ဖြစ်သည်ဟုပင် အတိအကျ လိမ်ညာ ပြောဆိုကြသေးသည်။
ထို့ကြောင့် မသိနားမလည်သည့် ဝယ်သူများက အတုအပများကို ဝယ်ယူမိကြပါသည်။
အစောပိုင်းတွင် ဝယ်သူအများအပြားမှာ ထိုကဲ့သို့သော လိမ်လည်မှုများ၏ သားကောင်ဖြစ်ခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိလာကြသည်။
ရှုကျင်းရှားလည်း ကြွေအိုးဖြူ လိမ်းဆေးခရင်မ်များ ပြန်လည်ဝင်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
အခွင့်အရေးရသည်နှင့် ကုန်တိုက်သို့ အပြေးသွားပြီး နှစ်ဘူး ဝယ်ယူခဲ့ပါသည်။
ထို့ထက်များများ ဝယ်ယူချင်ခဲ့သော်လည်း သူမ၏ ငွေကြေးအခြေအနေက ခွင့်မပြုပေ။ လက်ထဲတွင် ငွေပိုငွေလျှံ များများစားစား မရှိပါ။
တစ်နေ့တွင် ရုံးခန်းအတွင်း သတင်းထုတ်ပြန်ချက်များကို စုစည်းနေစဉ် သူမ၏ လုပ်ဖော်ကိုင်ဖက် အချို့မှာလည်း ထိုအသားဖြူလိမ်းဆေးခရင်မ်အကြောင်း ပြောဆိုနေကြသည်ကို ရှုကျင်းရှား သတိထားမိခဲ့ပါသည်။
၎င်းတို့အနက်မှ တစ်ဦးဖြစ်သည့် ဝမ်မျိုးရိုးအမည်ရှိသော အမျိုးသမီးမှာ ယခင်ကတည်းက ရှုကျင်းရှားနှင့် ဆက်ဆံရေး အဆင်မပြေပေ။ ယခုလည်း အားလုံးထဲတွင် သူမ၏ အသံက အကျယ်လောင်ဆုံး ဖြစ်နေသည်။
“တီဗွီပေါ်မှာ ကြော်ငြာနေတဲ့ ကြွေအိုးဖြူ လိမ်းဆေးခရင်မ်ဆိုတာတွေကို ဘယ်သူမှ လျှောက်မဝယ်ကြနဲ့နော်! ငါတစ်ဘူးလောက်ဝယ်ပြီး စမ်းသုံးကြည့်လိုက်တာ အခု ငါ့မျက်နှာကို ကြည့်ကြပါဦး! ဝက်ခြံတွေ အများကြီး ထွက်နေပြီ!”
ဝမ်ရောယီသည် သူမ၏ မျက်နှာကို ပိုပိုကဲကဲ လက်ညှိုးထိုးပြလိုက်ပြီး အားလုံးကို ပြသလိုက်ပါသည်။
“တကယ်ကြီးပါလား… အရင်ကဆို နင့်အသားအရေက အရမ်းလှတာနော် ရောယီ၊ အခုလို ဖြစ်သွားတာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသလိုပဲ”
ဝမ်ရောယီ ဒေါသထွက်လွန်းသဖြင့် အငွေ့တထောင်းထောင်း ထနေပါပြီ။
“ဒေါသတွေ ထွက်လိုက်တာ! ဒီနေ့ အလုပ်ဆင်းတာနဲ့ အဲ့ဒီအရောင်းဆိုင်ကို သွားပြီး ဖြေရှင်းချက် ချက်ချင်း တောင်းရမယ်!”
ထိုသို့ပြောပြီးနောက် သူမ၏ မျက်နှာလိမ်းဆေးခရင်မ်ဘူးကို စက်ဆုပ်စွာဖြင့် စားပွဲပေါ်သို့ ဒုန်းခနဲမြည်အောင် ဆောင့်ချပစ်လိုက်ပါသည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း ဝင်ပြောသည်။
“ငါလည်း အစက တစ်ဘူးလောက်ဝယ်ဖို့ ကြံထားတာ၊ ဒါပေမယ့် ပစ္စည်းပြတ်နေတယ်တဲ့၊ ကံကောင်းလို့ မဝယ်မိလိုက်တာပေါ့၊ ဒီလောက်ဈေးကြီးပေးဝယ်ရတဲ့ ပစ္စည်းက ဘေးထွက်ဆိုးကျိုး ရှိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”
ရှုကျင်းရှားကမူ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရသည်။
ကြွေပုလင်းနှစ်ခုစလုံးက တစ်ပုံစံတည်းနီးပါး တူညီနေသော်လည်း ခြားနားချက်အချို့တော့ ရှိပါသည်။
ရှုကျင်းရှားမှာ ဘူးအမြောက်အများကို ကိုယ်တိုင်ကိုယ်ကျ သုံးစွဲခဲ့ဖူးသူဖြစ်သည့်အလျောက် ဝမ်ရောယီဝယ်ယူထားသည့် ဘူးသည် သူမ၏ ဘူးများနှင့် တစ်စုံတစ်ရာ ကွဲပြားနေသည်ဟု ခံစားခဲ့ရသည်။
ထို့ကြောင့် ရှုကျင်းရှားသည် အနားသို့ လျှောက်သွားခဲ့ပြီး ဝမ်ရောယီ၏ စားပွဲပေါ်မှ ဘူးကို ယူကာ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
“ဝမ်ရောယီ၊ နင်အတုဝယ်မိထားတာမလား၊ ငါသုံးတဲ့ဘူးနဲ့လည်း သိပ်မတူဘူး”
ဝမ်ရောယီက မကျေမနပ် လှည့်ပြောလိုက်သည်။
“ဒီဘူးကို ကုန်တိုက်မှာ ငါကိုယ်တိုင်သွားဝယ်ထားတာ၊ ဘာလို့အတုဖြစ်ရမှာလဲ၊ နင်သုံးနေတာတွေကမှ အတုဖြစ်မှာ”
ရှုကျင်းရှားက ပုလင်းအောက်ခြေကို ပြသကာ ရှင်းပြလိုက်သည်။
“ဒါဆို နင်တံဆိပ်မှားဝယ်ထားတာပဲဖြစ်မယ်၊ ဒီမှာကြည့်၊ ဒီပုလင်းပေါ်မှာ ‘ရမ်သဲ့ထန်’လို့ ဘယ်နေရာမှာမှ ရေးမထားဘူး၊ အဲ့တာကြောင့် ရမ်သဲ့ထန်က ထုတ်လုပ်ထားတဲ့ တရားဝင်ပစ္စည်း မဟုတ်နိုင်ဘူး”
အခြားလုပ်ဖော်ကိုင်ဖက်များလည်း ဝိုင်းဝန်းကြည့်ရှုလိုက်ကြသည်။
“တကယ်ကြီးမပါဘူးဟဲ့”
“ရောယီ၊ နင်တော့ အတုကြီး ဝယ်လိုက်မိပြီ”
“ပုလင်းပေါ်မှာ ဘာမှကို ရေးမထားတာ၊ နာမည်မရှိ တံဆိပ်မရှိတဲ့ အတုအပစ္စည်းပဲ”
ဝမ်ရောယီ အရှက်ကွဲသွားခဲ့သည်။
“ငါ ၆ ယွမ်တောင်ပေးပြီး ဝယ်ထားတာ! ကုန်တိုက်က ငါ့ကို အတုကြီး ရောင်းလိုက်တယ်ပေါ့!”
ပိုဆိုးသည်မှာ သူမ၏ ပြိုင်ဘက်ဖြစ်သော ရှုကျင်းရှားက အမှန်တရားကို ထုတ်ဖော်ပေးလိုက်ခြင်းဖြစ်၍ ဝမ်ရောယီ ပိုမို ရှက်ရွံ့ခဲ့ရသည်။
“ဒီဘူးက အစစ်နဲ့ တော်တော်တူတာပဲ၊ ငါတို့က ဘယ်လိုခွဲခြားရမှာလဲ”
“ငါလည်း ဝယ်ချင်တယ်၊ ဒါပေမယ့် အတုနဲ့တိုးမှာလည်း ကြောက်တယ်”
ရှုကျင်းရှားက အကြံပြုသည်။
“နင်တို့ တကယ်စိတ်ပူနေတာဆိုရင် ရမ်သဲ့ထန်မှာ တိုက်ရိုက်သွားဝယ်လို့ရတယ်၊ အဲ့ဒီမှာရှိရင် ရောင်းပေးလိမ့်မယ်၊ ပြီးတော့ ရမ်သဲ့ထန်က ဝန်ထမ်းတွေကလည်း အတုအစစ် ဘယ်လိုခွဲခြားရမလဲ သင်ပေးလိမ့်မယ်”
ရှုကျင်းရှား၏ စကားကိုကြားပြီး လုပ်ဖော်ကိုင်ဖက်များလည်း အလုပ်ဆင်းသည်နှင့် ရမ်သဲ့ထန်သို့ အတူတူ သွားဖို့ ဆုံးဖြတ်ခဲ့ကြတော့သည်။
တစ်ဖက်တွင် ဝမ်ရောယီ၏ ဒေါသမှာတော့ မပြေပျောက်နိုင်သေးဘဲ အလုပ်ဆင်းသည်နှင့် ထိုအရောင်းဝန်ထမ်းဆီ ကျိန်းသေပေါက် ပြဿနာသွားရှာမည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါသည်။
ပေကျင်းမြို့၏ နေရာအနှံ့အပြားတွင်လည်း အလားတူဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့သည်။
အချိန်တိုအတွင်းမှာပင် အကျိုးအမြတ် ရှာချင်သဖြင့် အတုအပ လိမ်လည် ရောင်းချနေသော ကုန်သည်များမှာ တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရပါသည်။
“ငါဝယ်ချင်တဲ့ အသားဖြူခရင်မ်က ရမ်သဲ့ထန်က ထုတ်လုပ်ထားတဲ့ဟာကွ! မင်းငါ့ကို ဘယ်လိုအမှိုက်သရိုက်မျိုး ရောင်းလိုက်တာလဲ! မင်းရောင်းတဲ့ဟာကို သုံးပြီး ဓာတ်မတည့်လို့ ငါ့မိန်းမ ဆေးရုံအကြိမ်ကြိမ် တင်လိုက်ရတယ်၊ အခုချက်ချင်း ပြန်လျော်ပေးစမ်း!”
“ငါလည်း အတုကြီး ဝယ်ခဲ့မိတယ်! ဒီလောက်နာမည်ကြီးတဲ့ ကုန်တိုက်ကြီးတစ်ခုမှာ အရည်အသွေးနိမ့်တဲ့ အတုအပတွေ ရောင်းလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး၊ ဒီကုန်တိုက်က ပစ္စည်းတွေကို ဝယ်ဖို့မသင့်တော့ဘူးထင်တယ်!”
ကောင်တာအနောက်မှ အရောင်းဝန်ထမ်းကလည်း ထစ်ထစ်ငေါ့ငေါ့နှင့် ခုခံကာကွယ်ခဲ့သည်။
“အဲ့ဒီပစ္စည်းတွေကို ခင်ဗျားတို့ဖာသာ ရွေးသွားကြတာလေ၊ အဲ့တာ ရမ်သဲ့ထန်ထုတ်ကုန်ပါလို့ ကျုပ်ဘယ်တုန်းက ပြောခဲ့လို့လဲ!”
“အဓိပ္ပာယ်မရှိတာ! မင်းတို့က ကတ်စတမ်မာတွေကို လိမ်ညာနေတာပဲ! ဒီနေ့ ငါ့ပိုက်ဆံတွေ ပြန်လျော်မပေးဘူးဆိုရင် မင်းတို့တစ်ဆိုင်လုံးကို ရိုက်ခွဲပစ်မယ်!”
လူပေါင်းများစွာက ပြဿနာရှာလာနေကြသဖြင့် နောက်ဆုံးတွင် ကုန်တိုက်မန်နေဂျာလည်း ရွေးချယ်စရာ မရှိတော့ဘဲ ကြားဝင်ဖြေရှင်းပေးလိုက်ရတော့သည်။
ကြွေအိုးဖြူ လိမ်းဆေးခရင်မ်နှင့် ပုံစံချင်းတူညီသည့် အပေါစား ပစ္စည်းတစ်မျိုးကို ရောင်းချမိရုံနှင့် သူတို့ကုန်တိုက် ဤမျှ နာမည်ပျက်သွားလိမ့်မည်ဟု လုံးဝ ထင်မထားမိခဲ့ချေ။
မန်နေဂျာက လူတိုင်းကို ငွေပြန်လျော်ပေးခဲ့ပြီး ယခုချိန်မှစ၍ ရမ်သဲ့ထန်မှ ထုတ်လုပ်သည့် ပစ္စည်းအစစ်အမှန် ဟုတ်ခြင်းမဟုတ်ခြင်းကို သေချာ ရှင်းပြပြီးမှ ရောင်းချပါမည်ဟု ကတိပြုခဲ့ပါသည်။
ဓာတ်မတည့်၍ ဆေးရုံတင်ရသော ကိစ္စများအတွက်မူ ကုန်တိုက်မန်နေဂျာက တာဝန်မယူနိုင်ဘဲ အတုအပ ထုတ်လုပ်သည့် ထုတ်လုပ်သူများကိုသာ သွားရှာဖွေကြဖို့ အကြံပြုလိုက်ပါသည်။
အချိန်တိုအတွင်းမှာပင် ပေကျင်းမြို့ရှိ တရားမဝင်သည့် စက်ရုံ၊ အလုပ်ရုံငယ်ပေါင်းများစွာ ဒေဝါလီ ခံသွားခဲ့ရသည်။
ယဲ့ရှောင်ရှောင်ကလည်း အခွင့်အရေးကို အရယူပြီး ပေကျင်းနေ့စဉ်သတင်းစာဌာနမှ သတင်းထောက်တစ်ဦးကို ဆက်သွယ်ဖို့ မန်နေဂျာမာအား တာဝန်ပေးခဲ့သည်။
ထို့နောက် ပစ္စည်းအစစ်အမှန်နှင့် အတုအပတို့၏ ကွာခြားမှုများအား သတင်းစာမျက်နှာဖုံးတွင် အသေးစိတ်ကျကျ ထည့်သွင်း ဖော်ပြစေခဲ့သည်။
ထို့ကြောင့် နောက်နောင်တွင် အသားဖြူလိမ်းဆေးခရင်မ် လာရောက်ဝယ်ယူသည့်လူတိုင်း စကားတစ်ခွန်းသာ ပြောဖို့လိုအပ်ပါတော့သည်။
“ရမ်သဲ့ထန်က ထုတ်လုပ်တဲ့ အသားဖြူလိမ်းဆေးခရင်မ်ကို ဝယ်ချင်လို့ပါ”
အသားဖြူလိမ်းဆေးခရင်မ် ပြဿနာကြောင့် ရမ်သဲ့ထန်သည် နောက်တစ်ဖန် ရေပန်းစားခဲ့ရပြန်သည်။
မန်နေဂျာမာမှာ သတင်းကောင်းများ တစ်ခုပြီးတစ်ခု ကြားနေရသဖြင့် ဖုန်းကိုပင် လက်ထဲမှ မချနိုင်ဘဲ အလွန် ပျော်ရွှင်နေရပါသည်။
ဤသို့ဖြင့် ကြော်ငြာတိုက်ပွဲမှာ အလျင်အမြန်ပဲ ပြီးဆုံးသွားခဲ့ပြီး ရမ်သဲ့ထန်က အပြတ်အသတ် အနိုင်ရရှိသွားခဲ့လေသည်။
အပြင်ဘက်တွင် မုန်တိုင်းများ ထန်နေဆဲဖြစ်သော်လည်း ယဲ့ရှောင်ရှောင်ကမူ အိုင်ဒီယာအသစ်များပင် ထုတ်နေပါပြီ။
ယခုတစ်ခေါက် အသားဖြူလိမ်းဆေးခရင်မ် ထုတ်လုပ်ပြီးပြီဖြစ်၍ နောက်တစ်ကြိမ်တွင် Serum သို့မဟုတ် Face Mask များ ထုတ်လုပ်သင့်ပါသည်။
လုဟန်ချွမ်၏ တရစပ် တောင်းဆိုမှုများကြောင့် ယဲ့ရှောင်ရှောင်သည် သူ့အိမ်တွင် နှစ်ရက်ခန့် ဆက်နေခဲ့ပြီး ကျောင်းပြန်ဖွင့်ဖို့ တစ်ရက်အလိုမှသာ တက္ကသိုလ်သို့ ပြန်လာခဲ့ပါသည်။
ယခုအခါတွင်တော့ လုဟန်ချွမ် အထွန့်မတက်တော့ဘဲ သူမကို ကျောင်းသို့ ကားဖြင့်လိုက်ပို့ပေးခဲ့သည်။
ယဲ့ရှောင်ရှောင်တွင် ပစ္စည်းပစ္စယများစွာ ပါလာပါသည်။
“အဲ့လောက်အများကြီး မဝယ်ပါနဲ့လို့ ရှင့်ကိုပြောသားပဲ၊ အခန်းထဲမှာတောင် ထည့်လို့ ဆံ့ပါ့မလားမသိဘူး”
လုဟန်ချွမ်က ချေပသည်။
“ဒါဆိုလည်း တိုက်ခန်းမှာ ခဏလောက်သွားထားလိုက်ပေါ့၊ ကျောင်းနဲ့လည်း နီးနီးလေးပဲဥစ္စာ”
ယဲ့ရှောင်ရှောင်: “ကျွန်မအဝတ်အစားတွေကို ရွှေ့ပြီးမှ စီစဉ်လိုက်ပါ့မယ်”
လုဟန်ချွမ်က ရုတ်တရက် မေးမြန်းလိုက်သည်။
“ဒုတိယနှစ်ကျောင်းသားတွေက ကျောင်းပြင်ပမှာ နေထိုင်ဖို့ လျှောက်ထားလို့ရလား”
ယဲ့ရှောင်ရှောင် လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။
“ရတော့ရပါတယ်၊ ဒါပေမယ့် အဆောင်မှာပဲနေတာက ကျွန်မအတွက် ပိုအဆင်ပြေတယ်”
လုဟန်ချွမ်က ကျိုးသင့်ကြောင်းသင့် ရှင်းပြသည်။
“ဆရာကြီးစုန့်ရဲ့ ကိစ္စတွေကိုလည်း ကူညီပေးနေရတာ မဟုတ်လား၊ တစ်ခါတလေ နောက်ကျရင် ခွင့်ပါယူရသေးတယ်၊ ကျောင်းထဲမှာနေလို့ ပိုအဆင်ပြေတယ်ဆိုတာ သေချာရဲ့လား”
ထိုစကားကြောင့် ယဲ့ရှောင်ရှောင်လည်း အမှန်တကယ် အတွေးများသွားခဲ့သည်။
“ရှင်ပြောတာ မှန်တော့မှန်ပါတယ်၊ ဒီစာသင်နှစ်ပြီးရင်တော့ အပြင်မှာနေဖို့ကိစ္စ သေချာစဉ်းစားလိုက်မယ်”
လုဟန်ချွမ် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကားကို ပါကင်ထိုးကာ ယဲ့ရှောင်ရှောင်အား အဆောင်သို့ လိုက်ပို့ပေးခဲ့ပါသည်။
ယနေ့က ကျောင်းသို့ တရားဝင် ပြန်လာရသည့်နေ့ဖြစ်၍ ကျောင်းဝင်းထဲတွင် အထုပ်အပိုးများ သယ်ဆောင်ကာ ပြန်လာသည့် ကျောင်းသားများနှင့် ပြည့်နှက်နေပါသည်။
မိန်းကလေးအဆောင်သို့ ရောက်ရှိသောအခါ ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို အောက်ထပ်တွင် စောင့်ခိုင်းထားပြီး အပေါ်သို့ တစ်ယောက်တည်းတက်ကာ ပစ္စည်းများ သွားထားဖို့ ကြံရွယ်လိုက်ပါသည်။
သို့သော် ယနေ့က အထူးနေ့ရက်ဖြစ်၍ အထုပ်အပိုးများ ကူညီသယ်ဆောင်ပေးမည့် ယောက်ျားလေးများအား အဆောင်တွင်းသို့ ဝင်ခွင့်ပြုသည်ဟု အဆောင်မှူးက ဆိုသည်။
အဆောင်မှူး၏ ခွင့်ပြုချက်ဖြင့် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ အထုပ်အပိုးများကို အပေါ်ထပ်သို့ ကူသယ်ပေးခဲ့သည်။
“ကျွန်မရဲ့ အခန်းဖော်တွေ ပြန်ရောက်ကြပြီလားမသိဘူး”
အခန်းတံခါးဆီသို့ ချဉ်းကပ်လာရင်း ယဲ့ရှောင်ရှောင် ရေရွတ်မိလေသည်။