အခန်း ၁၅၃
Vol. 16 Ch. 153
📗 Chapter 153
အဆောင်အခန်းတံခါးဝသို့ ရောက်ရှိလာသောအခါ တံခါးအပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေသည့် သက်လတ်ပိုင်း လင်မယားနှစ်ယောက်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။
ယဲ့ရှောင်ရှောင်သည် သူမ၏ အခန်းနံပါတ် ဟုတ် မဟုတ် နှစ်ခါ ပြန်စစ်ကြည့်ခဲ့ရသည်။ သူမ အခန်းဖြစ်မှန်းတော့ သေချာပါသည်။
“တဆိတ်လောက်ရှင့်… ဘယ်သူ့ကို စောင့်နေတာလဲဟင်”
သူမ၏ အသံကိုကြားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့် လင်မယားနှစ်ဦးမှာ ချက်ချင်းဆိုသလိုပင် မတ်တပ် ထရပ်လိုက်ကြသည်။
အမျိုးသမီးက ဆိုသည်။
“တို့တွေက လီမိန့်ရူရဲ့ မိဘတွေပါ”
ယဲ့ရှောင်ရှောင်သည် လီမိန့်ရူ၏ မိသားစုနှင့် ပတ်သတ်သည့်အကြောင်းအရာများကို စိတ်ထဲတွင် မှတ်မိသလောက် ပြန်စဉ်းစားလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
“ဒါအဆောင်ကော်ရစ်ဒါနော်၊ ကျောင်းသားတွေကလွဲပြီး ဒီမှာ ဘယ်သူမှ ကြာကြာနေခွင့်မရှိဘူး၊ ပြီးတော့ ဒီပေါ်မှာ ဦးလေးကြီးတစ်ယောက် ရောက်နေတာ တကယ် မသင့်တော်ဘူး၊ အောက်ပြန်ဆင်းပြီး အပြင်မှာပဲ သူ့ကိုစောင့်နေတာ ပိုကောင်းမယ်”
မျက်နှာကြမ်းကြီးနှင့် လီတာ့ကျွမ်းက ယဲ့ရှောင်ရှောင်ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
“နင့်လိုကလေးမက ဘာသိလို့လဲ၊ အဆောင်မှူးကတောင် ဝင်ခွင့်ပြုထားတာကို နင်က ဘာလို့ ငါတို့ကို လာမောင်းထုတ်နေတာလဲ”
ယဲ့ရှောင်ရှောင်က လုံးဝ မကြောက်ပေ။
“အဆောင်မှူးက ရှင်တို့ကို အထုပ်အပိုးကူသယ်ပေးတဲ့လူတွေလို့ ယူဆပြီး သွားခွင့်ပြုလိုက်တာ၊ ရှင်တို့ ဒီမှာ တဝဲလည် လည် လုပ်နေမှန်းသာသိရင် ကျိန်းသေပေါက် မောင်းထုတ်မှာပဲ”
လီတာ့ကျွမ်း ဒေါသတကြီး ငေါက်လိုက်သည်။
“ငါ့သမီး ငါ လာတွေ့တာ! ဘယ်သူ လာမောင်းထုတ်ရဲသလဲ ကြည့်ကြသေးတာပေါ့!”
အမျိုးသမီးက ချက်ချင်းပင် သနားစဖွယ်အသွင်ဆောင်ကာ တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။
“သမီးရယ်၊ ဒေါ်လေးတို့က ဒေါ်လေးတို့ရဲ့ သမီးကို တကယ်လာတွေ့တာပါ၊ ကျေးဇူးပြုပြီး မောင်းမထုတ်ပါနဲ့နော်၊ ဒေါ်လေးတို့လင်မယားက ရွာက တက်လာတဲ့ ရိုးရိုးသားသား လူတွေပါ၊ ရွာကလာတယ်ဆိုပေမယ့် ဒေါ်လေးတို့ရဲ့ အဝတ်အစားတွေက သန့်ရှင်းတယ်၊ ပြီးတော့ တံခါးရှေ့မှာ ဒီတိုင်း ထိုင်နေရုံပါ၊ သမီးတို့ အဆောင်မညစ်ပတ်စေရပါဘူး”
လင်မယားနှစ်ယောက်မှာ အနုနည်း အကြမ်းနည်း ကိုယ်စီဖြင့် ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နေကြပါသည်။
ယဲ့ရှောင်ရှောင်သည် သူတို့ကြောင့် အဆောင်ညစ်ပတ်သွားမည်ကို စိတ်ပူနေခြင်း မဟုတ်ပေ။
လီမိန့်ရူမှာ မိသားစုနှင့် အဆင်ပြေသူမဟုတ်မှန်း သူမ သိထားကာ ဤနှစ်ယောက်ကလည်း ကောင်းသောရည်ရွယ် ချက်ဖြင့် လာခဲ့ခြင်းမဖြစ်နိုင်ပေ။
သို့သော် ယခုကဲ့သို့ ဆူဆူညံညံ ပြဿနာလာရှာနေကြသော အခါ ဖြတ်သွားဖြတ်လာ ကျောင်းသူများက သူမတို့ကို ထူးထူးဆန်းဆန်း အကြည့်များဖြင့် ကြည့်ကုန်ကြပါပြီ။
ယဲ့ရှောင်ရှောင်မှာ သူတို့၏ အရှက်တရားကင်းမဲ့မှုကို မြင်ပြီး ဒေါသထွက်လွန်းသဖြင့် အော်ရယ်ချင်သွားသည်။
“အဲ့တာဆို တံခါးရှေ့ကဖယ်ပေးလို့ရမလား ဦးလေးနဲ့ဒေါ်လေးတို့၊ ကျွန်မ အထဲဝင်ချင်လို့ပါ”
အမျိုးသမီးက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
“ရပါတယ် ရပါတယ်၊ ဝင်ပါ၊ ဒေါ်လေးတို့ ဘေးဖယ်ပေးမယ်နော်”
သို့သော် ယဲ့ရှောင်ရှောင် တံခါးသော့ဖွင့်လိုက်သည်နှင့် ထိုနှစ်ဦးက အထဲသို့ အလုအယက် တိုးဝှေ့ ဝင်ရောက်ဖို့ ကြိုးစားကြပါသည်။
လုဟန်ချွမ် ရှေ့သို့တိုးလာပြီး လီတာ့ကျွမ်း၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။ ထို့နောက် သူ့လက်တစ်ဖက်ဖြင့် ထိုလူ့၏ ပခုံးကို ဆုပ်ကိုင်ကာ အားအနည်းငယ် ထည့်လိုက်ပါသည်။
လီတာ့ကျွမ်းတစ်ယောက် စူးစူးဝါးဝါး အော်ဟစ်လိုက်မိပြီး အံကြိတ်ကာ မေးလိုက်သည်။
“မင်း ဘာလုပ်တာလဲကွ!”
“မိန်းကလေး အဆောင်ထဲကို စည်းမဲ့ကမ်းမဲ့ ဝင်ချင်တိုင်း မဝင်တာ ပိုကောင်းမယ်၊ ပြီးတော့ တံခါးရှေ့မှာပဲ အေးအေးချမ်းချမ်း စောင့်နေပါ့မယ်လို့ ခင်ဗျားတို့နှစ်ယောက် ခုနကတင် ကတိပေးခဲ့တာ မဟုတ်ဘူးလား”
လီတာ့ကျွမ်း “ဒါငါ့သမီးရဲ့ အခန်းကွ၊ ငါ့ဖာသာငါ ဝင်ချင်ဝင်မယ် ဘာဖြစ်လဲ!”
လုဟန်ချွမ် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“ဒါ ကျုပ်ကောင်မလေးရဲ့ အခန်းဆိုလည်း ဟုတ်တယ်၊ ခင်ဗျားကို ကျုပ်မဝင်နဲ့လို့ ပြောရင် အထဲကို ခြေတစ်လှမ်းတောင် လှမ်းလို့ မရဘူး”
လုဟန်ချွမ် အသာအယာ တွန်းထုတ်လိုက်ရာ လီတာ့ကျွမ်း အနောက်သို့ ယိမ်းယိုင်သွားပြီး နောက်ပြန်လဲကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။
“နင်… နင်သူများကို ဘာလို့ လက်ပါရတာလဲ!”
လီမိန့်ရူ၏ မိခင်ဖြစ်သူ ဖန့်မေ့ဟွားက လီတာ့ကျွမ်းကို အပြေးသွားကူတွဲလိုက်ပြီး လုဟန်ချွမ်အား ဒေါသတကြီး စိုက်ကြည့်လိုက်ပါသည်။
လုဟန်ချွမ်မှာ ကော်ရစ်ဒါနံရံကို ကျောမှီလျက် ပြောလိုက်သည်။
“ဒီအဆောင်ကို ခင်ဗျားတို့သမီးတစ်ယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘူး၊ တခြားကျောင်းသူတွေရဲ့ ကိုယ်ပိုင်လွတ် လပ်ခွင့်ကိုလည်း လေးစားမှုရှိကြပါ”
အခန်းထဲတွင် ယဲ့ရှောင်ရှောင် ပစ္စည်းများ နေရာချနေစဉ် ထန်ရှို့ရှို့လည်း လွယ်အိတ်တစ်လုံးနှင့် ပြန်ရောက်လာပါသည်။ အပြင်ဘက်မှ ပြဿနာများကို မြင်ပြီး သူမအနည်းငယ် မှင်သက်သွားခဲ့ရသည်။
လုဟန်ချွမ်က ရှောင်ရှောင်၏ကောင်လေးဖြစ်မှန်း ထန်ရှို့ရှို့မှတ်မိသော်လည်း တစ်ဖက်လင်မယားမှာမူ ရှောင်ရှောင်နှင့် တစ်စက်မှ မတူသဖြင့် သူမ မိဘများ မဖြစ်နိုင်ပေ။
“သူတို့ နှစ်ယောက်က ဘယ်သူလဲ”
မည်သူမှ ရှင်းမပြနိုင်ခင် ဖန့်မေ့ဟွားက ထန်ရှို့ရှို့၏လက်ကို အပြေးသွားကိုင်ကာ အကူအညီတောင်းလိုက်ပါသည်။
“သမီးလေး၊ သမီးက မိန့်ရူရဲ့အခန်းဖော်မဟုတ်လား၊ ဒေါ်လေးတို့ကို အခန်းထဲ ဝင်ကြည့်ခွင့် ပေးပါလားဟင်၊ ဒါမှမဟုတ် မိန့်ရူ ဘယ်သွားတာလဲ ပြောပြပေးပါလား၊ အဲ့ဒီ ကလေးဆိုးက အားလပ်ရက်မှာတောင် အိမ်ကိုပြန်မလာဘူး၊ အခန်းထဲမှာလည်း မရှိလို့ သူဘာတွေဖြစ်နေမလဲ စိတ်ပူလို့ပါ”
ထိုနှစ်ဦးသည် လီမိန့်ရူ၏မိဘများဖြစ်ကြကြောင်း သိလိုက်ရသည်နှင့် ထန်ရှို့ရှို့ လက်ကို အတင်းအကျပ် ခါထုတ်ပစ်လိုက်ပါသည်။
“လီမိန့်ရူ အခုဘယ်မှာရှိလဲ ကျွန်မလည်း မသိဘူး ဒေါ်လေး၊ ဒေါ်လေးတို့နှစ်ယောက် အိမ်ပဲပြန်လိုက်တာ ပိုကောင်းမယ်”
ဖန့်မေ့ဟွား ညည်းတွားသည်။
“အိမ်ပြန်ရမယ်ဟုတ်လား၊ ဒေါ်လေးတို့မှာ လမ်းစရိတ်တောင် မရှိတော့ဘူး၊ အိမ်ကို ဘယ်လိုပြန်ရမတုန်း”
ထန်ရှို့ရှို့ “အဲ့တာဆို ဒီကို ဘယ်လိုရောက်လာကြတာလဲ၊ အပြန်ခရီးအတွက် ဘာမှ မစဉ်းစားခဲ့ကြဘူးလား”
ဖန့်မေ့ဟွား ပေါ့ပေါ့တန်တန်ပင် ပြောလိုက်သည်။
“ဒေါ်လေးတို့မှာ လီမိန့်ရူ ရှိနေသေးတာပဲလေ၊ သူက စာမေးပွဲတွေအောင်ပြီး တက္ကသိုလ်တောင် တက်နိုင်နေပြီဆိုတော့ လူရာဝင်နေပြီပဲ၊ သူ့လက်ထဲမှာ ငွေမရှိဘဲ နေပါ့မလား”
ထန်ရှို့ရှို့ နားလည်သွားခဲ့ပါပြီ။ ဤမိဘများမှာ လီမိန့်ရူထံမှ ငွေညှစ်ဖို့ ရောက်ရှိလာကြခြင်းပင်။
အသက် ၄၀ ဝန်းကျင်သာ ရှိကြသေးသော်လည်း ကျောင်းပင်မပြီးသေးသည့် ကလေးထံမှငွေညှစ်ဖို့ ကြိုးစားနေကြသည်။ ဤမျှ စက်ဆုပ်စရာကောင်းသော မိဘမျိုးကို ထန်ရှို့ရှို့ တစ်ခါမှ မမြင်ဖူးချေ။
ထန်ရှို့ရှို့ မေးလိုက်သည်။
“လီမိန့်ရူက ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်လေ၊ သူ့မှာရှိတဲ့ငွေက သူ့ရဲ့ အခြေခံအသုံးစရိတ်တွေပဲ၊ အဲ့တာကိုသာ ရှင်တို့ ယူသွားရင် သူ ဘယ်လို ဆက်နေရမလဲ”
ဖန့်မေ့ဟွားမှာ ထိုသို့ တစ်ခါမှ မစဉ်းစားဖူးပေ။
ထန်ရှို့ရှို့ ထင်ထင်ရှားရှား ချပြနေသော်လည်း ယခုချိန်ထိ နားမလည်နိုင်ကြသေးပါ။
“တို့တွေရဲ့ ရွာသေးသေးလေးထက်စာရင် ဒီလိုမြို့ကြီးပြကြီးမှာ အလုပ်အကိုင်ပိုပေါမှာပေါ့၊ သူသာ အလုပ်ကြိုးစားချင်စိတ် ရှိမယ်ဆိုရင် ငွေရှာရတာ လွယ်ပါတယ်”
ထန်ရှို့ရှို့ အလွန်စိတ်ပျက်သွားပြီး ခေါင်းသာ ခါမိတော့သသည်။ ဤလူနှစ်ယောက်ကို ဘာမှ ဆက်ပြောချင်စိတ် မရှိတော့ပါ။
ထိုစဉ် ယဲ့ရှောင်ရှောင်သည် ပစ္စည်းများ နေရာချပြီးပြီဖြစ်ကာ အခန်းတံခါးဖွင့်လျက် ပြန်ထွက်လာခဲ့သည်။
“ရှို့ရှို့၊ ငါ အပြင်မှာ လမ်းခဏသွားလျှောက်လိုက်ဦးမယ်၊ နင်အခန်းထဲမှာပဲ နေမှာလား”
ထန်ရှို့ရှို့လည်း ချက်ချင်း နားလည်သွားသည်။
“ခဏလေး၊ ငါ့ပစ္စည်းတွေ နေရာချပြီး လိုက်ခဲ့မယ်”
တံခါးရှေ့တွင် လုဟန်ချွမ် ရပ်စောင့်နေသဖြင့် လီတာ့ကျွမ်းတို့ လင်မယား အတင်းအဓမ္မမဝင်ရဲကြတော့ပါ။ ခြေဖျား ထောက်လျက် အခန်းထဲသို့ ချောင်းကြည့်ဖို့သာ ကြိုးစားနေကြသည်။
ယဲ့ရှောင်ရှောင်ကမူ သူတို့ရှေ့မှာပင် တံခါးကို ဆောင့်ပိတ်လိုက်ပါသည်။
လီတာ့ကျွမ်းလည်း တံခါးရှေ့တွင် ဆောင့်ကြောင့် ပြန်ထိုင်နေလိုက်သည်။
“အိပ်ချိန်ရောက်ရင်တော့ အဲ့ဟာမ ပြန်လာမှာ သေချာတယ်”
ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့ လက်ချင်းချိတ်ပြီး အောက်ဆင်းလာခဲ့ကြသည်။
ထန်ရှို့ရှို့ အကြံပြုလိုက်သည်။
“သူတို့ကို မောင်းထုတ်လို့ရအောင် အဆောင်မှူးကို သွားပြောကြစို့”
အခန်းရှေ့တွင် ဤသို့ ဝေ့လည်ကြောင်ပတ်လုပ်နေကြသည် မှာ ကြည့်ရဆိုးလှသည့်အပြင် လီတာ့ကျွမ်းကလည်း အရွယ် ရောက်ပြီးသား ယောက်ျားကြီးတစ်ဦးဖြစ်၍ မိန်းကလေးအဆောင်ထဲမှ ထွက်သွားဖို့ ငြင်းဆန်နေခြင်းမှာ အဆောင်စည်းကမ်းနှင့် ကိုက်ညီမှုမရှိပေ။
မြေညီထပ်ရှိ အဆောင်မှူးရုံးခန်းသို့ သူမတို့ သွားရောက်ခဲ့ကြပြီး အခြေအနေကို တိုင်ကြားခဲ့ပါသည်။
အဆောင်မှူးက ဆိုသည်။
“အခန်းရှေ့မှာ ထိုင်စောင့်နေကြတယ်ဟုတ်လား၊ မဖြစ်သေးပါဘူး၊ ငါသွားကြည့်ဦးမှပါ”
ယဲ့ရှောင်ရှောင်က အကြံပြုလိုက်ပါသည်။
“လုံခြုံရေးအရာရှိတွေကိုပါ ခေါ်သွားသင့်တယ် ဒေါ်လေး၊ အဲ့ဒီဦးလေးကြီးက ရမ်းကားတတ်တဲ့ ပုံစံပေါက်နေလို့”
အဆောင်မှူး ခေါင်းညိတ်လိုက်သည်။
“မပူပါနဲ့၊ တို့တက္ကသိုလ်က စည်းကမ်းတင်းကျပ်တယ်၊ ဘယ်သူမှ ဒီနေရာမှာ စည်းမဲ့ကမ်းမဲ့ လာရမ်းကားလို့ မရဘူး”
ထို့နောက် လုံခြုံရေးဌာနသို့ ဖုန်းဆက်လိုက်ပြီး အပေါ်ထပ်သို့ အဆောင်မှူး အားမာန်အပြည့်ဖြင့် တက်သွားလေတော့သည်။
ခဏအကြာတွင် လုံခြုံရေးအရာရှိနှစ်ဦးလည်း အဆောင်ထဲ ဝင်လာခဲ့ပါသည်။
ထန်ရှို့ရှို့: “ဒီကိစ္စ လီမိန့်ရူ သိပြီးပြီလား”
ယဲ့ရှောင်ရှောင်: “သူတို့ ဒီနေ့မှ ရောက်ကြတာဆိုရင် မသိလောက်သေးဘူး၊ လီမိန့်ရူ အချိန်ပိုင်းအလုပ်ဆင်းနေတာပဲဖြစ်မှာ”
ထန်ရှို့ရှို့ ဆုံးဖြတ်လိုက်သည်။
“နင် ဒီမှာ ခဏစောင့်နေ၊ ငါသူ့ကို သွားရှာလိုက်မယ်”
ထို့နောက် ထန်ရှို့ရှို့ စက်ဘီးစီးကာ ထွက်သွားလေသည်။
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့နှစ်ယောက် အဆောင်ရှေ့ရှိ ပန်းခင်းဘေးတွင် ထိုင်စောင့်နေခဲ့ကြသည်။
ခဏအကြာတွင် လင်မယားနှစ်ယောက်ကို လုံခြုံရေးအရာရှိများ အဆောင်တွင်းမှ ခေါ်ထုတ်လာသည်ကို မြင်လိုက်ရပါသည်။
“ကျွန်တော်တို့ သမီးကို တကယ်လာတွေ့တာပါ၊ နည်းနည်းလောက် နားလည်ပေးကြပါဦး!”
“ကျွန်မတို့ တောင်းပန်ပါတယ် အရာရှိကြီးတို့ရယ်…”
ဖန့်မေ့ဟွား၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်သည်ဟု ဆိုရမည်။
လင်မယားနှစ်ယောက်က ပြောရဆိုရခက်သူများမဟုတ်သည်ကိုမြင်ပြီး လုံခြုံရေးအရာရှိများက အနည်းငယ် လိုက် လျောပေးဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။
“ခင်ဗျားတို့ ကျောင်ဝင်းထဲမှာ စောင့်လို့ရတယ်၊ ဒါပေမယ့် အဆောင်ထဲကိုလုံးဝမဝင်ရဘူး”
ထိုစဉ် လှေကားပေါ်မှ အဆောင်မှူးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဒီအဆောင်မှာ မိန်းကလေးငယ်တွေပဲ နေကြတာ၊ ရှင်တို့ကို ဝင်ခွင့်ပေးလိုက်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်သူ တာဝန်ယူမှာလဲ၊ ရှင်တို့သမီးကို တကယ်တွေ့ချင်တယ်ဆိုလည်း အပြင်မှာသာ စောင့်ကြ၊ ပြဿနာထပ်ရှာရင် ကျောင်းဝင်းထဲ ဝင်ခွင့်မရတော့အောင် လုပ်ပစ်မယ်!”
လုဟန်ချွမ် တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။
“အဆောင်မှူးက ကြောက်စရာပဲ၊ သူ့ဆီက ပညာနည်းနည်း သင်ယူသင့်တယ်”
ယဲ့ရှောင်ရှောင် “အဆောင်မှူးအဒေါ်ကြီးက နေ့တိုင်း တိုက်ပွဲဆင်နွှဲနေရလို့ အတွေ့အကြုံ ရင့်ကျက်နေတာပါ”
ဖန့်မေ့ဟွားနှင့် လီတာ့ကျွမ်းတို့ လင်မယားနှစ်ယောက်လည်း ဆက်မအော်ရဲကြတော့ပေ။
သို့သော် ထွက်သွားဖို့ လုံးဝအစီအစဉ်ရှိပုံမပေါ်ဘဲ အဆောင်ရှေ့တွင်သာ ခေါင်းမာမာနှင့် ဆက်စောင့်နေခဲ့ကြသည်။