← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

📗 Chapter 154

လုဟန်ချွမ်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ကမ်းလှမ်းလိုက်သည်။

“သူတို့ကို သူတို့မြို့ဆီ ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်လို့ ရတယ်နော်”

သူ၏ပြောဆိုပုံမှာ ပစ္စည်းတစ်ခုကို ပါဆယ်ထုပ်ပြီး ပြန်ပို့ပေးရသကဲ့သို့ လွယ်ကူလှပေသည်။

ယဲ့ရှောင်ရှောင် အနည်းငယ် တွန့်ဆုတ်သွားသည်။

“ဘာပဲဖြစ်ဖြစ် သူတို့က လီမိန့်ရူရဲ့ မိဘတွေပဲလေ၊ လီမိန့်ရူကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်”

လုဟန်ချွမ် ကျိုးသင့်ကြောင်းသင့် သုံးသပ်ပြလိုက်သည်။

“ဒါပေမယ့် သူတို့က မင်းတို့ အဆောင်ဘယ်မှာရှိလဲ သိသွားကြပြီ၊ မင်းကိုလည်း မြင်ဖူးပြီးသွားပြီ၊ မကောင်းတဲ့စကားတွေလည်း လာပြောပြီးသွားပြီ၊ ကိုယ် မရှိတဲ့အချိန် ပြဿနာ ထပ်လာရှာမှာမျိုးကို မလိုလားဘူး၊ ပြဿနာကို အစောကြီးကတည်းက အမြစ်ပြတ်အောင် ဖြေရှင်းထားတာ ပိုကောင်းမယ်”

သူတို့နှစ်ဦး တိုင်ပင်နေကြစဉ် ထန်ရှို့ရှို့သည် လီမိန့်ရူကို ခေါ်ဆောင်ပြီး ပြန်ရောက်လာခဲ့ပါသည်။

လီမိန့်ရူကို မြင်လိုက်ရသည်နှင့် လီတာ့ကျွမ်းတစ်ယောက် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်လေသည်။

လီမိန့်ရူ တစ်ခွန်းမှ မပြောရသေးခင်မှာပင် လီတာ့ကျွမ်းက လက်မြှောက်ကာ သမီးဖြစ်သူကို ပါးရိုက်ပစ်လိုက်သည်။

ထိုအခါ ထန်ရှို့ရှို့က လီမိန့်ရူကို အနောက်သို့ ပြန်ဆွဲခေါ်လိုက်ပါသည်။

“ဘာလို့ သူများကို အဲ့လိုရိုက်ရတာလဲ!”

လီတာ့ကျွမ်း “ကျေးဇူးမသိတတ်တဲ့ အဲ့ဟာမကို သေအောင် ရိုက်ပစ်သင့်တာ!”

လီမိန့်ရူကမူ ကြောက်ရွံ့မှု အလျင်းမရှိဘဲ ဖခင်ဖြစ်သူကို စေ့စေ့စိုက်ကြည့်ကာ ပြောလိုက်သည်။

“ရှင်တို့ ဘယ်လိုမိဘတွေလဲ၊ ရှင်တို့ကများ ကျွန်မကို ကျေးဇူးမသိတတ်ဘူးဆိုတဲ့စကား ပြောရဲသေးတယ်ပေါ့”

“ငါတို့နင့်ကို ဒီအရွယ်ထိ ရောက်လာအောင် ကျွေးမွေးပျိုး ထောင်ပေးခဲ့တာ၊ ကျောင်းလည်းတက်ခွင့်ပေးခဲ့တယ်၊ အခုတော့ ငါတို့ကို ဒီလိုစကားမျိုး ပြန်ပြောနေပြီပေါ့ ဟုတ်လား၊ နင် အဲ့ဒီစာတွေ သင်နေစရာမလိုတော့ပါဘူး၊ အိမ်ပြန်လာပြီး ယောက်ျားသာ ယူလိုက်စမ်းပါ!”

လီမိန့်ရူ “ရှင်တို့ဖာသာ စိတ်ကူးပဲ ယဉ်နေလိုက်ကြ! ရှင်တို့နဲ့ ပြန်လိုက်မယ့်အစား အသေပဲခံလိုက်မယ်”

ထိုစဉ် ဖန့်မေ့ဟွားပါ ရှေ့သို့ လျှောက်လာပြီး လီမိန့်ရူ၏ အင်္ကျီကို ဆွဲကာ ပြောလိုက်သည်။

“မိန့်ရူ၊ နင်အဲ့လို စကားမျိုး ပြောလို့မရဘူးလေ၊ မိသားစုအခြေအနေကိုလည်း ထည့်တွက်ဦးမှပေါ့၊ ငါတို့မိသားစုက ဆင်းရဲလွန်းလို့ စားဖို့တောင် အနိုင်နိုင်ပဲ၊ တို့ဇာတိက လူတစ်ယောက်က နင့်ကို လက်ထပ်ချင်လို့တဲ့၊ သူနဲ့ လက်ထပ်မယ် ဆိုရင် ငါတို့ကို ယွမ်တစ်ထောင်နဲ့တောင် တင်တောင်းမှာတဲ့! အဲ့ဒီငွေသာ ရရင် ငါတို့မိသားစု ပြည့်ပြည့်စုံစုံနဲ့ နေနိုင်ပြီ၊ အခုလိုချိန်မှာ တစ်ကိုယ်ကောင်းဆန်ပြီး နင့်အတွက်ပဲနင် မစဉ်း စားစမ်းပါနဲ့”

မိဘနှစ်ပါး ရောက်ရှိလာခြင်းက ပြဿနာလာရှာခြင်းဖြစ်မှန်း လီမိန့်ရူ သိသော်လည်း ဤမျှ အရှက်မဲ့လိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူမကို ရောင်းစားဖို့ ကြံနေကြခြင်းနှင့် အတူတူပင်။

“ရှင်တို့အဲ့လောက် လက်ထပ်စေချင်နေရင် ရှင်တို့ဖာသာ သွားလက်ထပ်လိုက်! ကျွန်မအတွက် ရှင်တို့ လင်ကောင်းသားကောင်း ရှာပေးထားတယ်ဆိုတာ နည်းနည်းလေးတောင် မယုံကြည်ဘူး၊ ကျွန်မ ဖာသာ ကျောင်းဆက်တက်မယ်”

လီတာ့ကျွမ်း မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

“ကျောင်းဆက်တက်ပြီး ဘာလုပ်မှာလဲ၊ အခုတောင် နင့်ကို ငွေနည်းနည်းလောက် ပို့ပေးပါလို့ တောင်းဆိုတိုင်း အမြဲတမ်း ကပ်စေးနည်းနေတာ၊ ကျောင်းတက်တာက အိမ်ထောင်ပြုတာလောက် ကောင်းမှာမို့လို့လား”

လီတာ့ကျွမ်း၏ကျယ်လောင်သော အော်သံများကြောင့် အနီးနားရှိ ကျောင်းသားကျောင်းသူများလည်း သတိထားမိစပြုလာကြပါပြီ။

ဤနေရာမှာ ကျင့်ဟွာတက္ကသိုလ်ဖြစ်ပြီး ဤနေရာတွင် ပညာ သင်ကြားနေကြသော ကျောင်းသူများကလည်း အဆင့်အ တန်း မြင့်မားသူများဖြစ်ကာ ဉာဏ်ထက်မြက်မှုရှိကြသည်။

ယခုကဲ့သို့ ခေတ်နောက်ပြန်ဆွဲနေသော စကားများကို ကြားပြီး ကျောင်းသူတစ်ဦးက သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။

“ဦးလေးပြောတာတွေ အရမ်းမှားတယ်၊ မိန်းကလေးတစ်ယောက်ရဲ့ကံကြမ္မာက အရွယ်ရောက်လာတာနဲ့ အိမ်ထောင် ပြုဖို့ သက်သက်ပဲလား၊ အခုလိုခေတ်ကြီးထဲ မိန်းကလေးတွေကို မြေတောင်မြှောက်ပေးရမယ်လို့ လူတိုင်းထောက်ခံအားပေးနေချိန်မှာ ဦးလေးတို့က ကိုယ့်သမီးကိုယ် ဘာလို့ ဒီလောက်ထိ နှိမ့်ချနေရတာလဲ”

“ဟုတ်ပ၊ သူအခုလို တက္ကသိုလ်တက်ခွင့်ရဖို့ အများကြီး ကြိုးစားခဲ့ရမှာ၊ အဲ့တာကို ရှင်တို့က ပညာ‌ရေးစွန့်လွှတ်ပြီး အိမ်ထောင်ပြုဖို့ တိုက်တွန်းနေကြတယ်ပေါ့၊ နှမ်းစေ့ကောက်ဖို့ ဖရဲသီးကို လွှင့်ပစ်တယ်ဆိုတာ ဒါမျိုးကို ပြောတာပဲ!”

ကျောင်းသားကျောင်းသူများ၏ ဝေဖန်စကားများကို လီတာ့ကျွမ်းဂရုမစိုက်အားပါ။ သူစိမ်းများကို ကြမ်းကြုတ်သော အကြည့်ဖြင့်ကြည့်ကာ သူငေါက်လိုက်သည်။

“ဒါ ငါ့မိသားစုကိစ္စကွ၊ မဆိုင်တဲ့လူတွေ ဘေးဖယ်နေကြစမ်း!”

အပြင်ဘက်မှ ဆူညံသံများကိုကြားပြီး အဆောင်မှူး ထွက်လာကာ အော်ပြောလိုက်သည်။

“ဘာတွေဖြစ်နေကြတာလဲ၊ ကျောင်းဝင်းထဲမှာ ပြဿနာ ရှာနေကြပြန်ပြီလား၊ ပြဿနာရှိရင် အပြင်မှာ ထွက်ရှင်းကြလေ!”

လီမိန့်ရူ အရှက်ရစွာ‌ ခေါင်းငုံ့ထားလိုက်မိသည်။

ဤကဲ့သို့ အရှက်ကင်းမဲ့သော မိဘများနှင့် ရင်ဆိုင်နေရသည် မှာ သူမအတွက် အလွန်ရင်နာစရာကောင်းလှသည်။

ထိုအဖြစ်များကို ဘေးမှ ရပ်ကြည့်နေရသည့် ယဲ့ရှောင်ရှောင်လည်း ချက်ချင်းစိတ်ပြောင်းသွားတော့သည်။ လုဟန်ချွမ်အား သူမ တီးတိုးလှည့်ပြောလိုက်ပါသည်။

“အင်း… အဲ့ဒီနှစ်ယောက်ကို ပြန်ပို့ဖို့ နည်းလမ်းရှာလိုက်ပါတော့၊ ပေကျင်းမှာ ဘယ်တော့မှခြေမချနိုင်တော့ရင် အကောင်းဆုံးပဲ”

ဤကဲ့သို့ ဆုံးဖြတ်ရခြင်းမှာ လီမိန့်ရူအတွက်ဟူသည်ထက် ကျောင်းတွင် သူမ အေးအေးဆေးဆေး နေထိုင်ချင်ခြင်းကြောင့်ဟု ဆိုလျှင် ပိုမှန်ကန်ပါလိမ့်မည်။

ဤလင်မယား ကျောင်းထံနေ့တိုင်းလာပြီး ပြဿနာရှာနေပါက ယဲ့ရှောင်ရှောင် အလွန်စိတ်ညစ်ရပေလိမ့်မည်။

လုဟန်ချွမ်ကမေးသည်။

“သူတို့ကို ပျောက်ချင်းမလှ ပျောက်သွားအောင် လုပ်လိုက်ရမလား”

သူကျီစယ်နေမှန်းသိသော်လည်း ယဲ့ရှောင်ရှောင် အနည်းငယ် ကြက်သီးထမိပါသည်။

“ဗိုလ်မှူးလု၊ ထိန်းထိန်းသိမ်းသိမ်း စဉ်းစားပါဦး”

လုဟန်ချွမ်ပြုံးလိုက်သည်။

“ဟုတ်ပါပြီ၊ ဒီကိစ္စ ကိုယ့်တာဝန်သာ ထားလိုက်၊ သူတို့ကို အဝေးဆုံး ရောက်သွားအောင် ပို့ပေးမယ်”

လုဟန်ချွမ်၏အာမခံချက်ကြောင့် ယဲ့ရှောင်ရှောင် စိတ်အေးသွားတော့သည်။ လောလောဆယ်တော့ အဆောင်မှူး၏ အာဏာကို အသုံးချကာ လီတာ့ကျွမ်းတို့ လင်မယားကို ကျောင်းဝင်းထဲမှ မောင်းထုတ်ရပါမည်။

လီတာ့ကျွမ်း လီမိန့်ရူကို ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။

“ငါနဲ့လိုက်ခဲ့စမ်း!”

လီမိန့်ရူက ပြန်အော်သည်။

“မလိုက်ဘူး! ရှင်တို့ ကျွန်မညီမလေးကို သေအောင်လုပ်ပြီးလို့ ကျွန်မဘဝကိုပါ ဖျက်ဆီးဖို့ ကြံနေကြတာလား”

သူစိမ်းများ၏လက်ညှိုးထိုးမှု၊ တီးတိုးပြောဆိုမှုများကို မြင်ပြီး လီတာ့ကျွမ်း အလွန်အရှက်ရသွားပါသည်။

ထို့ကြောင့် လီမိန့်ရူကို ထပ်ရိုက်ဖို့ လက်မြှောက်လိုက်သည်။

“ပေါက်ကရတွေ လာမပြောနဲ့!”

“ကျောင်းဝင်းထဲမှာ ရန်လာမဖြစ်နဲ့လို့ ပြောနေတယ်!”

အဆောင်မှူးသည် တံခါးဝတွင်ချထားသော တံမြက်စည်းကို ကိုင်ကာ လီတာ့ကျွမ်းထံသို့ ပစ်ပေါက်လိုက်သည်။ တံမြက် စည်းက လီတာ့ကျွမ်း၏ခေါင်းကို ဒုတ်ခနဲမြည်အောင် တည့်တည့်ထိမှန်သွားခဲ့ပါသည်။

“အား!!”

လီတာ့ကျွမ်းတစ်ယောက် ခေါင်းကိုင်ကာ သံကုန်ဟစ်အော်လိုက်သည်။ သူ့ခေါင်းပေါ် ဘုကြီးတစ်လုံး ထွက်လာတော့မည်ဟုပင် ခံစားနေရပါသည်။

“ရှင်တို့နှစ်ယောက်စလုံး အခုချက်ချင်း ကျောင်းဝင်းထဲကနေ ထွက်သွား! မဟုတ်ရင် ရဲခေါ်ပြီး အချုပ်ထဲထည့်ခိုင်းလိုက်မှာနော်! သူက ရှင်တို့သမီးဖြစ်နေတာနဲ့ပဲ ဒီတိုင်း ဆွဲခေါ်သွားလို့ရမယ်မထင်နဲ့၊ အခုချိန်မှာ သူက ကျင့်ဟွာတက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲ၊ သူ့ကို ကာကွယ်ပေးဖို့ ကျောင်းမှာ တာဝန်အပြည့်အဝရှီတယ်!”

အဆောင်မှူး၏ အာဏာပါဝါကြောင့် ကျောင်းသူများအား တက်သွားကြသည်။

လီတာ့ကျွမ်းလည်း မတတ်သာတော့ဘဲ ဒေါသကို ခေတ္တချုပ်တည်းလိုက်ရတော့သည်။ သို့သော် လီမိန့်ရူကို ခြိမ်းခြောက်ခဲ့သေးသည်။

“ငါနင့်ကို စဉ်းစားဖို့ ရက်နည်းနည်းအချိန်ပေးမယ်၊ ဒီကြားထဲ ထွက်ပြေးဖို့ ကြိုးစားလို့ကတော့ သေဖို့သာပြင်ထား!”

ထိုသို့ခြိမ်းခြောက်ပြီးနောက် လီတာ့ကျွမ်း ဒေါသတကြီး ထွက်သွားလေတော့သည်။

ဖန့်မေ့ဟွားကလည်း လီမိန့်ရူကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်ကာ ဖျောင်းဖျလိုက်သည်။

“မိန့်ရူ၊ နင့်အဖေစကားကို နားထောင်လိုက်စမ်းပါ၊ ငါ့ကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားပြီး ဒီတစ်ခါပဲ လိုက် လျောပေးစမ်းပါ”

မိခင်ဖြစ်သူ၏မျက်နှာကို မကြည့်ချင်သဖြင့် လီမိန့်ရူ မျက် နှာလွှဲပစ်လိုက်ပါသည်။

သူမ၏ မိခင်ဖြစ်သူသည် ဆယ်စုနှစ်များစွာ ကြာသည်အထိ ဖခင်ဖြစ်သူ ဖိနှိပ်မှုအောက်တွင် ခါးသီးသော ဘဝနှင့်နေခဲ့ရသူဖြစ်သော်ငြား ပြန်လည်မတွန်းလှန်ခဲ့ဘဲ သူမခံစားခဲ့ရသော ဆင်းရဲဒုက္ခမျိုးကို သမီးဖြစ်သူပေါ်ကိုပါ ကျရောက်စေခဲ့သည်။

ယခုတစ်ခါတွင်တော့ လီမိန့်ရူ လိုက်လျောမပေးနိုင်တော့ပါ။

သမီးဖြစ်သူ တုံ့ပြန်မှုမရှိသည်ကိုမြင်ပြဇီး ဖန့်မေ့ဟွား၏ မျက်နှာမှာ အလွန်တရာမှပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတော့ သူမလည်း လီတာ့ကျွမ်းနောက်သို့သာ ပြေးလိုက်သွားရတော့သည်။

ယဲ့ရှောင်ရှောင် လုဟန်ချွမ်အား လှည့်မေးလိုက်၏။

“သူတို့နှစ်ယောက်ကို ပြန်မလာနိုင်အောင် လုပ်နိုင်မှာ သေချာရဲ့လား”

ထိုနှစ်ယောက် မကြာမီ ပြန်လာကြဦးမည်ဟု ယဲ့ရှောင်ရှောင် ခံစားနေရပါသည်။

“ကိုယ် ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ”

ယဲ့ရှောင်ရှောင် တောက်တောက်ပပ ပြုံးလိုက်ပါသည်။

“ဟုတ်ပါတယ် မဖျက်ဖူးပါဘူး၊ ရှင်ကသာ အစွမ်းအစအရှိဆုံးနဲ့ အားအကိုးရဆုံးပါ”

အရွဲ့တိုက်သည့် ချီးကျူးစကားမျိုး ဖြစ်သော်လည်း လုဟန်ချွမ်ကမူ သဘောကျသွားသည်။

“သိရင်လည်း ပြီးတာပဲ၊ အခု အဆောင်ထဲဝင်တော့မှာလား”

ထန်ရှို့ရှို့နှင့် လီမိန့်ရူတို့ အဆောင်ထဲ ပြန်ဝင်သွားကြပြီဖြစ်မှန်း ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။

သူမက အခြားသူများကို နှစ်သိမ့်ပေးရသည့်နေရာတွင် မထူးချွန်သဖြင့် ယခုချိန် အခန်းထဲ ပြန်ဝင်သွားလျှင် လီမိန့်ရူအတွက် အနေခက်စရာ ပိုဖြစ်သွားရုံသာ ရှိပါလိမ့်မည်။

“အပြင်မှာ ခဏလောက် လမ်းထွက်လျှောက်ရအောင်၊ လီမိန့်ရူ စိတ်တည်ငြိမ်သွားလောက်မယ့် အချိန်ကျမှ ပြန်လာခဲ့မယ်”

“တို့ရှောင်ရှောင်လေးက ဒီလောက် နားလည်မှုရှိလိမ့်မယ်လို့ ထင်မထားဘူး”

ယဲ့ရှောင်ရှောင် သက်ပြင်းချလိုက်သည်။

“လီမိန့်ရူက သနားစရာကောင်းပါတယ်၊ ဟိုတစ်ခေါက်က တိုင်ကြားစာနဲ့ ပတ်သတ်တဲ့ ပြဿနာမှာ သူမှားတယ်ဆိုပေမယ့် သူ့ကံက ဆိုးလွန်းတယ်…”

စကားတစ်ဝက်တွင် လုဟန်ချွမ်အားကြည့်ကာ သူမ ပြောလိုက်သည်။

“အဲ့ဒီတိုင်ကြားစာကြောင့် ရှင်ပြဿနာတက်ခဲ့ရတာဆိုတော့ သူ့ကိုခွင့်လွှတ်ပေးပါလို့ ကျွန်မ မတောင်းဆိုပါဘူး”

“သူ့ဖာသာ သူ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနေရင် ကိုယ်လည်း အဲ့ပြဿနာကို အစပြန်မဖော်ပါဘူး””

လုဟန်ချွမ်တည်တည်ငြိမ်ငြိမ်ပင် ကတိပေးလိုက်သည်။

သူကိုယ်တိုင် ‘ပညာပေး’ထားသဖြင့် ရှောင်ရှောင်ကို လီမိန့်ရူ ပြဿနာ ထပ်ရှာရဲတော့မည် မဟုတ်ဟုလည်း ယုံကြည်မှုအပြည့် ရှိနေပါသည်။

ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ လက်ချင်းတွဲကာ ကျောင်းဝင်းထဲမှ ထွက်လာခဲ့ကြသည်။

“ရှင်က တော်တော်သိတတ်တဲ့ ကောင်လေးပဲ၊ ဆုချတဲ့အနေနဲ့ ကျွန်မ ညစာလိုက်ကျွေးဖို့ ဆုံးဖြတ်လိုက်ပြီ”

လုဟန်ချွမ်: “…”

‘ကိုယ့်ဖာသာ ကိုယ် ဗိုက်ဆာရင် ဗိုက်ဆာတယ်ပေါ့”

နောက်ဆုံးတွင် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား ကျောင်းနှင့် အနည်းငယ် အလှမ်းဝေးသည့် စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့ပါသည်။

ထိုစားသောက်ဆိုင်က တိတ်ဆိတ်မှုရှိကာ ဟင်းလျာများကလည်း အရည်အသွေးကောင်းလှပေသည်။

လုဟန်ချွမ်အား နှုတ်ဆက်ပြီးနောက် ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်လာခဲ့သည်။ ယခုလောက်ဆို အခြားအခန်းဖော်များလည်း ပြန်ရောက်နေကြလောက်ပြီ ဖြစ်သည်။

ထန်ရှို့ရှို့က လီမိန့်ရူ မိဘများနှင့်ဖြစ်ခဲ့သည့် ပြဿနာကို အခြားသူများအား ပြောမပြရသေးသဖြင့် အခန်းထဲတွင် အလွန်သာယာနေပါသည်။

လီမိန့်ရူကမူ ကုတင်ပေါ်တွင် မျက်နှာအပ်လျက် လှဲလျောင်းနေသည်။ သူမက အချိန်ပိုင်းအလုပ်လုပ်နေသူဖြစ်၍ ပင်ပန်းမှုကြောင့် အနားယူနေခြင်းဖြစ်မည်ဟုသာ အားလုံး ယူဆခဲ့ကြပါသည်။

တစ်ဖက်တွင်မူ ရှားလီက ဇာတိမြေမှ ယူဆောင်လာသည့် ဒေသထွက်အစားအစာများကို အခန်းဖော်များအား ဝေငှပေးနေပါသည်။

All Chapters