အခန်း ၁၅၅
Vol. 16 Ch. 155
📗 Chapter 155
ယဲ့ရှောင်ရှောင်သည် ဒေသထွက် လက်ဆောင်များကို လက်ခံကာ ရှားလီအား ကျေးဇူးတင်လိုက်သည်။
ရှားလီ ပြုံးလျက်ဆိုသည်။
“ဘာတွေ ကျေးဇူးတင်နေတာလဲ၊ ဒီရှောက်ပင်းမုန့်လေးတွေက အရမ်းအရသာရှိတာ၊ စားကြည့်ကြပါဦး”
ညမိုးချုပ်၍ ကိုယ်လက်သန့်စင်ရမည့် အချိန်ရောက်မှသာ လီမိန့်ရူတစ်ယောက် ကုတင်ပေါ်မှ ဆင်းလာခဲ့ပါသည်။
သူမ မျက်နှာပေါ်တွင် ထင်ကျန်နေဆဲဖြစ်သည့် လက်ဝါးရာကြီးကြောင့် သူမ ရိုက်နှက်ခံထားရခြင်းဖြစ်မှန်း အခန်းဖော်များအားလုံးနားလည်သွားခဲ့ကြသည်။
“ဘာတွေ ဖြစ်ကြတာတုန်း”
ရှားလီ အခန်းထဲတွင် တီးတိုးမေးမြန်းလိုက်သည်။
ထန်ရှို့ရှို့ကမူ ခေါင်းခါပြီး မစပ်စုဖို့သာ အချက်ပြလိုက်သည်။
ဝမ်ကျောင်း ခန့်မှန်းကာ ဝင်ပြောသည်။
“ဧကန္တ အချိန်ပိုင်းအလုပ်လုပ်နေတုန်း အရိုက်ခံထားရတာများလား”
ထန်ရှို့ရှို့ “ဘာမှမဖြစ်သလိုသာ ဟန်ဆောင်နေကြစမ်းပါ”
ဝမ်ကျောင်း “နင်တစ်ခုခုသိထားတယ်မဟုတ်လား ရှို့ရှို့”
ထန်ရှို့ရှို့ “အဲ့တာ လီမိန့်ရူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ငါတို့အရမ်းကြီး ဝင်မစွက်ဖက်သင့်ဘူး”
ယဲ့ရှောင်ရှောင်သည် သူမ၏ ရေဇလုံကို ကိုင်ဆောင်လျက် စုပေါင်းရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ အထဲသို့ ရောက်သောအခါ လီမိန့်ရူကို မမြင်ခဲ့ရပါ။
သူမ ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာခါမှ လှေကားထောင့်တွင် လီမိန့်ရူတစ်ယောက် တီးတိုး ငိုကြွေးနေသည်ကို မြင်ခဲ့ရသည်။
ယဲ့ရှောင်ရှောင် အနားသို့ လျှောက်သွားပြီး စကားပြောလိုက်ပါသည်။
“နင့် မိဘတွေကိစ္စ စိတ်ပူနေတာလား၊ သူတို့ ကျောင်းကို ထပ်ရောက်လာတော့မှာ မဟုတ်ဘူး၊ သူတို့ကို ရွာပြန်ပို့ဖို့တစ် ယောက်ယောက် စီစဉ်ပေးလိမ့်မယ်”
လီမိန့်ရူ ခေါင်းမော့ကြည့်လိုက်သည်။ သူမ မျက်ဝန်းများက အလွန်နီမြန်းနေပြီး မျက်နှာပေါ်တွင်လည်း လက်ဝါးရာကြီး ထင်ကျန်နေသေးသဖြင့် အလွန်သနားစရာကောင်းနေပါသည်။
“ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် နင်နဲ့ ရှို့ရှို့ကို ကျေးဇူးတင်ပါတယ်”
ယဲ့ရှောင်ရှောင် “နင်ကျေးဇူးတင်ရမယ့်လူ နောက်တစ်ယောက် ကျန်နေသေးတယ်၊ ငါ့ကောင်လေးလေ”
လီမိန့်ရူ ရင်တုန်သွားလေသည်။ ထို့နောက် တုန်ယင်နေသော နှုတ်ခမ်းများဖြင့် တောင်းပန်စကားဆိုလိုက်သည်။
“ငါ တောင်းပန်ပါတယ်”
ယဲ့ရှောင်ရှောင်၏မျက်ဝန်းများမှာ အလွန်ကြည်လင်တောက် ပလွန်းသဖြင့် သူမ၏ အကြည့်ကြောင့် လီမိန့်ရူ အလွန် စိတ်ဖိစီးခဲ့ရပါသည်။
“ငါ… ငါတောင်းပန်ပါတယ်၊ စစ်သင်တန်းမှာတုန်းက နင်နဲ့ နင့်ကောင်လေးတို့ကို ငါတိုင်ကြားခဲ့တာ၊ အဲ့အချိန်တုန်းက နင်တို့နှစ်ယောက်ကို…”
“ငါတို့နှစ်ယောက်ကို မသင့်တော်တဲ့ ပတ်သတ်မှုမျိုး ရှိနေတယ်လို့ ထင်ခဲ့လို့လား”
ယဲ့ရှောင်ရှောင် စကားကို အဆုံးသတ်ပေးလိုက်သည်။
လီမိန့်ရူ ခေါင်းတစ်ချက်ငုံ့သွားသော်လည်း ချက်ချင်းပင် ပြန်မော့လာကာ ဆက်တောင်းပန်လေသည်။
“ငါ့ကို ခွင့်လွှတ်ပါ၊ ငါဘာပဲ လုပ်ပေးရ၊ လုပ်ပေးရ လုပ်ပေးပါ့မယ်၊ ငါ့အမှားတွေအတွက် ပြန်ပေးဆပ်ပါ့မယ်”
သူမကို လုဟန်ချွမ် ခြိမ်းခြောက်ဖူးကြောင်း ယဲ့ရှောင်ရှောင်အားပြောမပြရဲခဲ့ပါ။
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“တချို့အမှားတွေက ပြန်ပေးဆပ်လို့မရတော့ဘူး၊ နောက် နောင် နင်အဲ့လို စိတ်လိုက်မာန်ပါထပ်မလုပ်ဖို့ပဲ ငါမျှော်လင့်ပါတယ်”
လီမိန့်ရူ အရှက်ရစွာ တီးတိုး ကတိပြုလိုက်သည်။
“ငါတစ်သက်လုံးမှတ်ထားပါ့မယ်၊ ဒီလိုအမှားမျိုး ထပ်မကျူးလွန်တော့ဘူး”
၆ လ ဟူသည့် အချိန်တွင်းမှာပင် လီမိန့်ရူသည် လောကဓံ၏ ထိုးနှက်မှုများအကြား အလွန်နာကျင်မွန်းကျပ်ခဲ့ရသဖြင့် သူမ၏အတိတ်ဘဝကို ထာဝရ နှုတ်ဆက်နိုင်ခဲ့ပါပြီ။
သို့သော် အသူရာချောက်နက်ပမာ နက်ရှိုင်းလှသည့် ဒုက္ခတွင်းထဲမှ လွတ်မြောက်နိုင်ဖို့ ခက်ခက်ခဲခဲ ဆက်လက် ရုန်းကန်ရပေဦးမည်။
ယဲ့ရှောင်ရှောင် “ကိုယ်လက်သန့်စင်ပြီးရင် အဆောင်မြန်မြန်ပြန်တော့၊ မနက်ဖြန် အတန်းတွေ ပြန်တက်ရတော့မှာ”
ယဲ့ရှောင်ရှောင်၏နှုတ်မှ နှစ်သိမ့်စကားဟူ၍ ထွက်လာခြင်းမရှိသော်လည်း လီမိန့်ရူအတွက် အားတစ်ခု ဖြစ်စေခဲ့ပါသည်။ သူမ ခေါင်းညိတ်ကာ ကိုယ်လက်သန့်စင်ဖို့ ထွက်သွားလေတော့သည်။
--- --- ---
တရုတ်တိုင်းရင်းဆေးမေဂျာ စာသင်ခန်းတွင်…
စာသင်ခန်းထဲရှိ ကျောင်းသားများအားလုံး တစ်စုံတစ်ရာကို အသည်းအသန် ဆွေးနွေးတိုင်ပင်နေကြပုံပေါ်သည်။ ယဲ့ရှောင်ရှောင်ဝင်လာသောအခါ ဟင်းသီးဟင်းရွက် ဈေးတန်းထဲ ရောက်ရှိသွားသလားဟုပင် ခံစားခဲ့ရပါသည်။
“သူတို့ ဘာတွေ ပြောနေကြတာလဲ”
ကျန်းခိုင်နင် “နားလည်ရခက်တဲ့ ရှားပါးရောဂါတစ်ခုအကြောင်း ပြောနေကြတာ၊ လွှတ်ထားလိုက်စမ်းပါ၊ ငါ့သုတေသန ဘယ်အဆင့်ရောက်နေပြီလဲဆိုတာသာ ခန့်မှန်းကြည့်လိုက်”
ယဲ့ရှောင်ရှောင် ခန့်မှန်း ကြည့်လိုက်သည်။
“လက်တွေ့စမ်းသပ်မှု အဆင့်(၁) ရောက်ပြီလား”
ကျန်းခိုင်နင်က လက်ခုပ်လက်ဝါးတီးကာ အောင်ပွဲခံလိုက်သည်။
“ဒါပေါ့! ငါ့ဆီက သတင်းကောင်းကြားရမယ့်အချိန်ကို စောင့်နေလိုက်တော့”
အတန်းခေါင်းဆောင်ဖြစ်သူ ချူးယွင်ရှောင်သည် ယဲ့ရှောင်ရှောင်တို့နှစ်ဦး စကားပြောနေကြသည်ကိုမြင်သွားပြီး သူတို့ရှေ့၌ ရုတ်တရက် ဝင်ထိုင်လိုက်ပါသည်။
ကျန်းခိုင်နင်က မေးသည်။
“အတန်းခေါင်းဆောင်ကြီး ဆွေးနွေးလို့ ပြီးသွားပြီလား”
ချူးယွင်ရှောင်က သူ့စကားကို လျစ်လျူရှုကာ ပြန်မေးလိုက်ပါသည်။
“ကျန်းမိသားစု ဆေးပလာစတာဆိုတာ အရင်တစ်ခေါက်က အဆောင်မှာ မင်း ထုတ်ပြတဲ့ဟာနဲ့ အတူတူပဲလား”
နောက်ဆုံးတော့ ကြွားဝါဖို့ အခွင့်အရေးရရှိသွားပြီဖြစ်၍ ကျန်းခိုင်နင် ခေါင်းမော့ရင်ကော့ကာ ပြောလိုက်သည်။
“ဟုတ်တယ်လေ၊ ငါ မင်းကို အရင်က ကမ်းလှမ်းခဲ့သားပဲ၊ မင်းမှ စိတ်မဝင်စားတာ၊ ယဲ့ရှောင်ရှောင်ရဲ့ကျေးဇူးကြောင့်သာ အခုလို အောင်မြင်လာခဲ့တာ”
ထိုအခါ ချူးယွင်ရှောင်က ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်လိုက်သည်။
“နင်နဲ့ ရမ်သဲ့ထန်နဲ့ ဘယ်လိုပတ်သတ်တာလဲ”
ရုတ်ခြည်းဆန်သော မေးခွန်းကြောင့် ယဲ့ရှောင်ရှောင် အနည်း ငယ် အံ့အားသင့်သွားသော်လည်း ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။
“ငါအဲ့မှာ အချိန်ပိုင်း အလုပ်လုပ်ဖူးတယ်”
ချူးယွင်ရှောင်၏ပုံစံက အနည်းငယ် သံသယဝင်နေသည့် ပုံစံပင်။
ထိုစဉ် ကျန်းခိုင်နင်က ကြားဖြတ်ဝင်မေးလိုက်ပါသည်။
“မင်းက ငါ့ဆေးပလာစတာကို စိတ်ဝင်စားတာလား၊ ရမ်သဲ့ထန်ကို စိတ်ဝင်စားတာလား”
ချူးယွင်ရှောင် “ဘယ်ဟာမှ စိတ်မဝင်စားဘူး၊ ဒါပေမယ့် မင်းကို တောင်းပန်သင့်တာတော့မှန်ပါတယ်၊ အရင်တုန်းက မင်းဒီတိုင်း လေလုံးထွားနေတယ်လို့ ငါထင်ခဲ့တာ၊ အခုလို တကယ်အောင်မြင်လာမယ်လို့ ထင်မထားဘူး”
မူလက ဟိတ်ဟန်ထုတ်ဖို့ ကြံထားသည့် ကျန်းခိုင်နင်လည်း ချူးယွင်ရှောင်၏စကားကို ကြားပြီး ကြွားချင်စိတ်ပျောက် ဆုံးကာ ခေါင်းသာညိတ်ပြလိုက်ပါသည်။
“သိရင်လည်း ပြီးတာပဲ”
ကျောင်းတက်ခေါင်းလောင်းထိုးသောအခါ အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြသည့် ကျောင်းသားများအားလုံး မိမိတို့၏ ထိုင်ခုံများတွင် အသီးသီး ပြန်ထိုင်နေလိုက်ကြသည်။
တရုတ်တိုင်းရင်းဆေးမေဂျာမှ ပါမောက္ခဆရာကြီးများနှင့် ဆရာမကြီးများမှာ ယခင်စာသင်နှစ်နှင့် သိပ်မကွာသဖြင့် အပြောင်းအလဲ သိပ်မရှိလှပေ။
အခြားသော ဘာသာရပ်ဆရာအချို့မှာမူ အနည်းငယ်ပြောင်းလဲမှု ရှိသော်လည်း အလွယ်တကူ အောင်မြင်နိုင်သည့် ဘာသာရပ်များ ဖြစ်ကြသဖြင့် အခက်အခဲ မရှိနိုင်ပါ။
တရုတ်တိုင်းရင်းဆေးမေဂျာ၏ ပထမဦးဆုံးသော အတန်းမှာ ခန္ဓာဗေဒသင်ကြားပေးမည့် ပါမောက္ခဝေ့ယင်၏ အတန်းပင် ဖြစ်သည်။
ရုတ်တရက်ဆိုလျှင် အနောက်တိုင်းဆေးပညာဘာသာရပ်ဟု ထင်ရသော်လည်း တရုတ်တိုင်းရင်းဆေးမေဂျာအတွက် အလွန် အချက်အချာကျသည့် ဘာသာရပ်တစ်ခု ဖြစ်ပေသည်။
ပါမောက္ခဝေ့ယင်သည် ယခင်စာသင်နှစ်က ဇီဝကမ္မဗေဒကို သင်ကြားပေးခဲ့ခြင်းဖြစ်ကာ ခန္ဓာဗေဒသည် ယခုစာသင်နှစ်အတွက် အသစ်စက်စက် သင်ရိုးတစ်ခုဖြစ်ပြီး အခြေခံသီအိုရီအတန်းနှင့် လက်တွေ့ဓာတ်ခွဲခန်းဆင်းရမည့် အတန်းဟူ၍ ခွဲခြားထားသည်။
အခြေခံသီအိုရီအတန်းကို စာသင်ခန်းထဲတွင်သာ သင်ကြားရမည်ဖြစ်ပြီး လက်တွေ့အတန်းအတွက်မူ ခန္ဓာဗေဒဓာတ်ခွဲခန်းသို့ သွားရောက်ကြရပါမည်။
ပထမဆုံးအတန်းဖြစ်သော်လည်း ကျောင်းသားအားလုံးသည် သင်ခန်းစာအသစ်အပေါ် အလွန်စိတ်ဝင်စားမှု ရှိကြသည်။
အတန်းမပြီးဆုံးခင် ပါမောက္ခဝေ့ယင်က အားလုံးကို သတိပေးလိုက်ပါသည်။
“မင်းတို့တွေ လက်တွေ့အတန်းကို စီနီယာတွေနဲ့အတူ ဆင်းကြရမှာမို့လို့ ကြိုတင်ပြင်ဆင်ထားကြဦးနော်”
ကျန်းခိုင်နင်က မကျေမနပ် ပြောလိုက်သည်။
“ပါမောက္ခဝေ့က တမင်သက်သက် ခြောက်နေတာပါ၊ ငါတို့ထဲမှာ ချူးမြောင်နဲ့ ရှောင်ရှောင်တို့က လွဲလို့ ဘယ်သူမှ လူမကြောက်တတ်ကြဘူးမလား”
ချုးမြောင်ဟူသည်မှာ အသားဖြူဖြူ၊ သပ်သပ်ရပ်ရပ်ပုံစံနှင့် ကောင်လေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ဦးပမာ လှပသည်။
ထိုကဲ့သို့ အသွင်သဏ္ဌာန်မျိုးကို ယခုခေတ်တွင် မြင်ရခဲပါသည်။ အတန်းဖော်များက သူ့ကို အထင်မသေးကြသော် လည်း ‘အတန်းရဲ့ ပန်းပွင့်လေး’ဟု မကြာခဏ ကျီစယ်ခေါ်ဝေါ်လေ့ ရှိကြသည်။
ချူးမြောင်က စကားနည်းသူဖြစ်သော်လည်း သူ၏ နက်မှောင်စူးရှသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သောအခါ လူတိုင်း၏ မျက်နှာပေါ်မှ အပြုံးများကို ချက်ချင်းဖျောက်ပစ် နိုင်စွမ်းရှိပါသည်။
သူသည် မြောင်လူမျိုးဖြစ်သဖြင့် ဆိုးဝါးလှသော ‘ကူ’အဆိပ် ပြုလုပ်နည်းကို တတ်ကျွမ်းသည်ဟု ကောလဟာလများ ထွက်ဖူးပြီး ကျောင်းသားကျောင်းသူများကလည်း မကြာ ခဏ အတင်းတုပ်လေ့ ရှိကြသည်။
ယဲ့ရှောင်ရှောင်ကမူ ထိုအဆိပ်ကို တစ်ခါမှ မမြင်ဖူးပါ။ ကောလဟာလများကိုလည်း ယုံကြည်မှု မရှိပေ။
ယခု ကျန်းခိုင်နင်၏ ကျီစယ်စကားကိုကြားပြီး သူမ ပြန်ချေပလိုက်ပါသည်။
“ငါတို့က ဘာလို့ကြောက်ရမှာလဲ၊ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးတဲ့၊ တကယ်လက်တွေ့ ကြုံလာရတဲ့ အချိန်ကျမှ ငိုရတဲ့လူက နင်ဖြစ်နေမယ်နော်”
ကျန်းခိုင်နင် ရင်ဘတ်ပုတ်ကာ အာမခံလိုက်သည်။
“ငါကတော့ လုံးဝ ငိုမှာ မဟုတ်ဘူး”
ချူးမြောင် တစ်ချက်စောင်းကြည့်ကာ ရေရွတ်လိုက်သည်။
“ကလေးဆန်လိုက်တာ”
ကျန်းခိုင်နင် ရယ်မောလိုက်ပါသည်။
“ဒီတိုင်းနောက်တာပါကွာ၊ စိတ်မဆိုးပါနဲ့”
ချူးမြောင်က ဘာမှပြန်မပြောဘဲ စာအုပ်များသိမ်းဆည်းကာ ထွက်သွားပါသည်။
ယဲ့ရှောင်ရှောင်လည်း ပြန်ဖို့ပြင်နေစဉ် ကျန်းခိုင်နင်က ဓာတ်ခွဲခန်းသို့ ဖိတ်ကြားလိုက်လေသည်။
“နင်ရွာပြန်တာ တော်တော်ကြာသွားလို့ ငါတို့ သုတေသနရလဒ်တွေကို အချိန်ပေးပြီး ပြန်စစ်ပေးဖို့ လိုမယ်နော်”
ကျန်းခိုင်နင်သည် ယဲ့ရှောင်ရှောင်အား သူ၏ ကိုယ်ပွားပမာ အလွန်ယုံကြည်မှုရှိပါသည်။ အခြားသူသာဆို သူ၏ သုတေသန လျှို့ဝှက်ချက်များကို ထုတ်ပြလိမ့်မည် မဟုတ်ဘဲ အမြဲတမ်း သတိကြီးစွာ ကာကွယ်ထားမည်ဖြစ်သည်။
ယဲ့ရှောင်ရှောင်ကလည်း သဘောတူ လိုက်သည်။
“ဟုတ်ပြီ၊ ဒါဆို နေ့လယ်ခင်း အတန်းမရှိတဲ့အချိန် သွားကြတာပေါ့”
ကျန်းခိုင်နင်: “ရတယ်၊ နေ့လယ်စာတစ်ခုခု ဝယ်ပြီး သွားကြမယ်”
ယဲ့ရှောင်ရှောင်သည် ကျန်းခိုင်နင်နှင့်အတူ တစ်နေ့ခင်းလုံး ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်ခဲ့ရသဖြင့် သူမကို လာတွေ့သော လုဟန်ချွမ်နှင့် လွဲချော်သွားခဲ့ရသည်။
မနေ့က သူတို့နှစ်ဦး နှုတ်ဆက်ခဲ့စဉ်ကလည်း ယနေ့ပြန်ဆုံကြမည်ဟု ချိန်းဆိုထားခြင်း မရှိခဲ့ပေ။
ထို့ကြောင့် လုဟန်ချွမ်တစ်ယောက် ကျောင်းသို့ ရောက်လာပြီး ယဲ့ရှောင်ရှောင်နှင့် ပထမဆုံးအကြိမ်အဖြစ် လွဲချော်သွားခဲ့ရတော့သည်။
လုဟန်ချွမ်သည် သူအောင်မြင်စွာ ထမ်းဆောင်ခဲ့သည့် တာဝန်အတွက် ချီးကျူးစကား ကြားချင်၍ လာခဲ့ခြင်း ဖြစ်သောလည်း စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်သွားခဲ့ရပါသည်။
ထိုနေ့မနက် ယဲ့ရှောင်ရှောင် အတန်းတက်နေစဉ် လုဟန်ချွမ်သည် လီတာ့ကျွမ်းတို့ လင်မယားနှစ်ဦးအား ရွာသို့ ပြန်ပို့ပေးဖို့ လူအချို့ကို စေလွှတ်ထားပြီးပါပြီ။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ သာယာချောမွေ့မှုတော့ သိပ်မရှိလှပေ။ လီတာ့ကျွမ်းက ကြမ်းကြုတ်ခက်ထန်စွာ တုံ့ပြန်သော်လည်း ‘သဘောထားချင်း ဖလှယ်’ပြီးနောက် လှုပ်ပင်မလှုပ်ရဲတော့ဘဲ ငြိမ်ကျသွားခဲ့ရသည်။
ယခုလောက်ဆို သူတို့လင်မယားနှစ်ဦး ရွာပြန်မည့် ရထားပေါ် ရောက်ရှိနေလောက်ပါပြီ။
ယခုခေတ်တွင် မည်သည့်နေရာဒေသသို့မဆို ခရီးသွားလာရန် အထောက်အထားနှင့် ခွင့်ပြုချက်စာရွက်စာတမ်းများ လိုအပ်သဖြင့် ထိုလင်မယားနှစ်ယောက် ရွာသို့ ရောက်ရှိသွားပြီးနောက် ရထားလက်မှတ်များဝယ်ယူပြီး ပေကျင်းသို့ လုံးဝ ပြန်လာနိုင်တော့မည် မဟုတ်ဟု လုဟန်ချွမ် အပြည့်အဝ အာမခံနိုင်ပါသည်။