← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

📗 Chapter 157

“ငါက ဟောက်မိသားစုရဲ့ သမီးအရင်း မဟုတ်ဘူးလေ၊ အခု သူတို့အိမ်မှာလည်း မနေတော့ဘူး၊ နင်တို့အားလုံး ဟောက်ယန်ယန်နဲ့ ဆုံဖူးပြီးလောက်ပြီမလား”

တစ်စုံတစ်ယောက်က ချက်ချင်းပင် ဖြေလိုက်သည်။

“မဆုံဖူးသေးပါဘူး၊ ဒါဆို ဟိုတလောက ဟောက်မိသားစု ခေါ်လာတဲ့ ကောင်မလေးနာမည်က ဟောက်ယန်ယန်ပေါ့ ဟုတ်လား”

ထိုသို့ပြောသည့် ကောင်လေးအား ယဲ့ရှောင်ရှောင်လှည့်ကြည့်လိုက်သည်။ ထိုကောင်လေးမှာ အသက် ၂၀ ဝန်းကျင်ရှိပြီး ရုပ်ရည်သန့်ကာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပါသည်။

“ဟုတ်တယ်၊ အခု ငါ့နာမည် ယဲ့ရှောင်ရှောင် ဖြစ်သွားပြီ”

ထိုကောင်လေးက စိတ်ဝင်တစား ထပ်မေးသည်။

“ဒါဆို နင်နဲ့ ရှုမိသားစုနဲ့ စေ့စပ်ထားတဲ့ ကိစ္စကကော”

“တန့်ရွှယ်ဖုန်း!”

ရှုကျမ့်လီ လှမ်းငေါက်လိုက်သည်။ ထိုအခါမှသာ ထိုကောင်လေးနာမည်က တန့်ရွှယ်ဖုန်းဖြစ်မှန်း ယဲ့ရှောင်ရှောင် သိလိုက်ရပါသည်။

သူမ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“အဲ့ဒီကိစ္စတွေက အခုအကျုံးမဝင်တော့ပါဘူး”

ရှုကျမ့်လီ၏ အငွေ့တထောင်းထောင်းထနေသော မျက်နှာကြောင့် တန့်ရွှယ်ဖုန်း အနည်းငယ် နောက်ဆုတ်လိုက်သည်။

“အေးပါ အေးပါ၊ ငါထပ်မမေးတော့ပါဘူး”

ထို့နောက် ယဲ့ရှောင်ရှောင်ဘက်သို့ လှည့်ကာ သူထပ်ပြောလိုက်သည်။

“ရှောင်ရှောင်၊ နင်က ဟောက်မိသားစုရဲ့ သမီးအရင်း မဟုတ်ပေမယ့် ငါတို့တွေအတူတူ ကြီးပြင်းလာတဲ့ သံယောဇဉ်က ရှိသေးတယ်လေ၊ နင် သွားစရာမရှိရင် ငါကူညီပေးပါ့မယ်”

တန့်ရွှယ်ဖုန်းသည် ထိုစကားအနည်းငယ်ဖြင့် ယဲ့ရှောင်ရှောင်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိအောင် ကြိုးစားနေပြီ ဖြစ်သည်။

ယဲ့ရှောင်ရှောင်မှာ သူ့ကို ကြည့်ရင်း ဆွံ့အသွားရသည်။

ထိုစဉ် ရှောက်ကျီယုက စကားဖြတ်ပြောလိုက်ပါသည်။

“ရှောင်ရှောင်က အခု ကျောင်းတက်ရင်း တက္ကသိုလ်ကအဆောင်မှာပဲ နေနေတယ်၊ မင်းက ဘာမဟုတ်တာအတွက် စိတ်ပူနေတာပဲ ရွှယ်ဖုန်း”

ထို့နောက် တန့်ရွှယ်ဖုန်းကို စကားထပ်ပြောဖို့ပင် အခွင့်အ ရေးမပေးတော့ဘဲ ရှုကျမ့်လီအား သူမေးလိုက်သည်။

“ကျမ့်လီ၊ မင်း ကိတ်မုန့်က ဘယ်မှာလဲ”

ထိုအခါ ရှုကျမ့်လီ မီးဖိုချောင်ထဲ ပြေးဝင်သွားပြီး အိမ်အကူအဒေါ်ကြီးအား ကိတ်မုန့်ယူလာခိုင်းလိုက်သည်။ အလွန်လှပသော သုံးထပ်ကိတ်မုန့်ကြီးတစ်လုံး ဖြစ်ပါသည်။

အားလုံးကို ရှုကျမ့်လီ ကိတ်မုန့်များ လိုက်ဝေပေးနေသဖြင့် ယခင်အကြောင်းအရာကို အားလုံးမေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။

သို့သော် တန့်ရွှယ်ဖုန်းဟူသည့် ထိုကောင်လေးမှာ သူမကို အလွန်တရာမှ အရေးစိုက်နေပြီး လိုအပ်သည်များကို အသည်းအသန် လိုက်လံကူညီပေးနေမှန်း ယဲ့ရှောင်ရှောင် သတိထားမိပါသည်။

ယဲ့ရှောင်ရှောင် သူ့ကို အကဲခတ်သည့်အကြည့်ဖြင့် လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

ထို့နောက် အခြားသူများ ကစားရင်းအလုပ်ရှုပ်နေကြစဉ် ရှုကျမ့်လီက တန့်ရွှယ်ဖုန်းအား ဘေးသို့ ဆွဲခေါ်ကာ မေးမြန်းလိုက်သည်။

“မင်း ဘာသဘောနဲ့ ဒီလိုတွေ လုပ်နေတာလဲ”

တန့်ရွှယ်ဖုန်းက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။

“ရှောင်ရှောင်က အခု တစ်ယောက်တည်းသမားဖြစ်သွားပြီလို့ ပြောတယ်လေ၊ မင်းတို့ ရှုမိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး၊ ပြီးတော့ မင်းအစ်ကိုကြီးကတောင် ဂရုမစိုက်တာ မင်းက ဘာတွေဝင်ဖြစ်နေတာလဲ”

ရှုကျမ့်လီ ဒေါသတကြီး ငေါက်လိုက်သည်။

“မင်းက တကယ့်နှာဘူးကောင်ပဲ! အစ်မရှောင်ရှောင်ကို လာရှုပ်ဖို့ မစဉ်းစားနဲ့”

တန့်ရွှယ်ဖုန်းက အရွဲ့တိုက်ကာဆိုသည်။

“အနည်းဆုံးတော့ ငါက မင်းအစ်ကိုထက် ပိုသာပါသေးတယ်၊ မင်းအစ်ကိုဆို ရှောင်ရှောင်ကို အရမ်းအထင်သေးခဲ့တာ မဟုတ်ဘူးလား၊ မင်းအစ်ကိုက သူ့ကို မကြိုက်ဘူးဆိုရင် သူများတွေ ကြိုက်တာကို ဝင်တားစရာအကြောင်း မရှိဘူးလေ၊ ငါဆုံးဖြတ်လိုက်ပြီ၊ ရှောင်ရှောင်ကို ရအောင်လိုက်မယ်!”

ရှုကျမ့်လီ ဒေါသ အလွန်ထွက်သွားသည်။ ယခုလို ဖြစ်လာမည်မှန်းသာ ကြိုသိခဲ့လျှင် တန့်ရွှယ်ဖုန်းအား ဖိတ်ကြားခဲ့မည် မဟုတ်ပါ။

“အစ်မရှောင်ရှောင်က မင်းလိုကောင်မျိုးကို လုံးဝ ကြိုက်မှာ မဟုတ်ဘူး!”

တန့်ရွှယ်ဖုန်း: “ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့”

ရှုကျမ့်လီ တီးတိုး ရေရွတ်လိုက်ပါသည်။

“မင်းလို အပြင်ပန်းပဲဟန်ရှိပြီး အတွင်းကပုပ်နေတဲ့ကောင်ကို ဘယ်သူမှ သဘောကျမှာမဟုတ်ဘူး”

အပြန်လမ်းတွင် ဤသူဌေးသားငရှုပ်နှင့် ခပ်ဝေးဝေးတွင်နေဖို့ အစ်မရှောင်ရှောင်အား သတိပေးရမည်ဟု ရှုကျမ့်လီ ဆုံးဖြတ်လိုက်သည်။

တန့်ရွှယ်ဖုန်းက ကျိန်းသေပေါက် လူကောင်းမဟုတ်ပါ။ စစ်တပ်ဝင်းထဲတွင် ကြီးပြင်းခဲ့သူဖြစ်သော်ငြား ကောင်မ လေးများ မကြာခဏ ပြောင်းတွဲတတ်သူဖြစ်သည်။

ရှုကျမ့်လီ၏ အတန်းဖော်များနှင့် သူငယ်ချင်းများက ညနေ စောင်းသည်အထိ နေကြမည်ဖြစ်ပြီး ယဲ့ရှောင်ရှောင်ကလည်း လုအိမ်တော်သို့ သွားရောက်ဖို့ အစီအစဉ်ရှိသေးသဖြင့် စောစောပြန်မည်ဟု ရှုကျမ့်လီအား အသိပေးလိုက်ပါသည်။

ရှုကျမ့်လီက ယဲ့ရှောင်ရှောင်ကို ခြံတံခါးဝထိ လိုက်ပို့ပေးခဲ့သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်အား အကဲခတ်ကာ တီးတိုး သတိပေးလိုက်ပါသည်။

“အစ်မရှောင်ရှောင်၊ တန့်ရွှယ်ဖုန်းဆိုတဲ့ အဲ့ဒီကောင်ကို သတိ ထားနော်၊ အဲ့ဒီကောင်က စိတ်ဓာတ်ကောင်းတာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင် တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“မပူပါနဲ့၊ ငါ့မှာ ကောင်လေးရှိပြီးသား”

ရှုကျမ့်လီ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

“ဘာ!”

“တကယ်ပြောတာ”

“ဘယ်သူလဲ အစ်မရှောင်ရှောင်၊ ကျောင်းက အတန်းဖော်တစ်ယောက်လား”

“အတန်းဖော်မဟုတ်ပါဘူး၊ ဒီဝင်းထဲက လူတစ်ယောက်ပဲ၊ အချိန်ရမှ နင်နဲ့ မိတ်ဆက်ပေးမယ်”

ထိုစကားကြားသောအခါ ရှုကျမ့်လီတစ်ယောက် ပိုလို့သိလိုစိတ်ပြင်းပြသွားခဲ့သည်။

“သူ့နာမည်ကိုတောင် ပြောပြလို့မရဘူးလား”

ယဲ့ရှောင်ရှောင်က ကျီစယ်စွာ ပြောလိုက်သည်။

“အဲ့လောက် မစပ်စုချင်စမ်းပါနဲ့၊ နင့်လိုကလေးမျိုးက ပျော်ပါးဖို့ပဲ စိတ်ဝင်စားသင့်တာ၊ တခြားဘာမှ စိတ်ပူမနေနဲ့”

ရှုကျမ့်လီ: “ဟုတ်ပါပြီ…၊ လမ်းမှာ ဂရုစိုက်ဦး အစ်မရှောင်ရှောင်၊ ကျွန်တော် အိမ်ထဲ ပြန်ဝင်တော့မယ်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“သွားတော့ သွားတော့”

--- --- ---

ယဲ့ရှောင်ရှောင်သည် လွယ်အိတ်တစ်လုံးလွယ်ကာ လုအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ အဘိုးလုနှင့် အဘွားလုတို့ နှစ်ယောက်စလုံး ခြံဝင်းထဲတွင် ရှိနေကြပါသည်။

“အဘိုးနဲ့အဘွား၊ သမီးလာလည်တာပါ”

အဘွားလုက ဝမ်းသာအားရ ဆီးကြိုလိုက်သည်။

“ရှောင်ရှောင်ပါလား!”

“ဟုတ်တယ်၊ သမီးတို့ ကျောင်းတွေ ပြန်ဖွင့်ပြီလေ”

“အဘွားတို့ဆီ ဘာလို့ လာမလည်တာလဲ၊ အဘွားက သတိရနေတာ”

ယဲ့ရှောင်ရှောင်: “သမီးအချိန်ရတာနဲ့ ချက်ချင်းလာခဲ့တာပါ၊ အဘိုးနဲ့အဘွားအတွက် လက်ဆောင်တွေတောင် ယူလာသေးတယ်၊ ဒါတွေက သမီးကိုယ်တိုင် ဖော်စပ်ထားတဲ့ တိုင်းရင်းဆေးညွှန်းတွေလေ၊ အစာအိမ်နဲ့ သရက်ရွက်အတွက် ကောင်းတယ်၊ ပါဝင်ပစ္စည်းတွေက အားပျော့တော့ အဘွားတို့လက် ရှိသောက်နေတဲ့ တခြားအနောက်တိုင်းဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုးလည်း မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဒီဆေးတွေကို မှီဝဲနေတုန်း သစ်သီးတွေဘာတွေတော့ နည်းနည်း လျှော့စားဖို့ လိုလိမ့်မယ်”

အဘွားလုက ဆေးညွှန်းများကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

“တို့ရှောင်ရှောင်လေး ဖော်စပ်ထားတဲ့ဆေးတွေဆိုတော့ အကောင်းဆုံးပဲ ဖြစ်မှာပေါ့”

ယဲ့ရှောင်ရှောင် ရင်ထဲ အနည်းငယ် ကြည်နူးသွားသည်။ သူမအပေါ်ထားသည့် အဘွားအို၏ ယုံကြည်မှုက အလွန်ပင် အဖိုးတန်လှပါသည်။

“လာလာ၊ အိမ်ထဲဝင်ကြစို့”

အဘိုးလုက အိမ်အကူအဒေါ်ကြီးကို ခေါ်ကာ မနေ့က သူကိုယ်တိုင် ဖမ်းထားသော လတ်လတ်ဆတ်ဆတ်ငါးများကို ယဲ့ရှောင်ရှောင်အတွက် ချက်ပြုတ်ခိုင်းလိုက်သည်။

ထိုစဉ် ယဲ့ရှောင်ရှောင်က အဘွားလုနှင့် ဧည့်ခန်းထဲတွင် စကားပြောနေပါသည်။

အဘွားလုက သူမအိပ်ခန်းထဲ ဝင်သွားပြီး ချော့ကလက်များစွာ ယူဆောင်ကာ ယဲ့ရှောင်ရှောင်လက်ထဲ ထည့်ပေးလိုက်သည်။

“အဘွား ဒါတွေ ဖွက်ထားတာလား”

အဘွားလု အနည်းငယ် ရှက်သွားပြီး ချော့ကလက်များကို ကော်ဖီစားပွဲအောက်ထဲသို့ ထိုးထည့်ထားလိုက်သည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ သမီးအတွက် အဘွားဝယ်ထားတာတွေပါ”

ယဲ့ရှောင်ရှောင် မျက်ခုံးပင့်သွားသည်။ ယခင်တစ်ခေါက်က သကြားဖြတ်ဖို့ အဘွားလုကို သူမ သေချာမှာကြားခဲ့ပါသည်။ ရံဖန်ရံခါ လူကြီးသူမများက ပြောစကားနားမထောင်တတ်ပေ။

“ကျေးဇူးတင်ပါတယ် အဘွား၊ ဒါဆို သမီးပြန်ရင် ဒါတွေအကုန်ယူသွားမယ်နော်”

အဘွားလုသည် သူမ၏ချောကလက်များနှင့် ခွဲခွာဖို့ အနည်း ငယ် တွန့်ဆုတ်နေသော်လည်း ချောကလက်များထက် ရှောင်ရှောင်ကို ချစ်မြတ်နိုးသဖြင့် လိုက်လျောလိုက်ရသည်။

“ဟုတ်ပါပြီ”

“အဘွား သကြားလျှော့စားရမယ်နော်”

အဘွားလု လက်ချောင်းလေးများထောင်ကာ သရုပ်ပြလိုက်သည်။

“အဘွားနည်းနည်းလေးပဲစားတာ၊ ဒီလောက်လေးပဲ”

ယဲ့ရှောင်ရှောင်လည်း သူမကို အတုခိုးကာ ပြန်သရုပ်ပြလိုက်သည်။

“ဟုတ်ပြီလေ၊ ဒါဆို သမီးလည်း အဘွားအတွက် ဒီလောက် လေးပဲ ချန်ထားပေးခဲ့မယ်”

အဘွားလု၏ပျော်ရွှင်မှုများ ချက်ချင်းပင် အငွေ့ပြန်သွားတော့သည်။

“ဒါဆို ရှောင်ရှောင် မကြာခဏ လာလည်မှ ဖြစ်မှာပေါ့၊ မဟုတ်ရင် အဘွားပျော်ရမှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင် ကတိပေးသည်။

“သမီးအချိန်ရရင် လာလည်ပါ့မယ်”

ထိုအခါမှသာ အဘွားလု ပြန်ပြုံးနိုင်သည်။

“သမီးနဲ့ ရှောင်းချွမ်တို့နှစ်ယောက်စလုံး အရမ်း အလုပ်များကြတာပဲနော်၊ သမီးတို့နှစ်ယောက် တွေ့ဖို့ အချိန်တောင် ရှိရဲ့လား၊ အခုချိန်ကတည်းက သံယောဇဉ်တွေကို ပျိုးထောင်မထားရင် ဘယ်အချိန်ကျမှ လက်ထပ်ကြမှာလဲ”

“အခုလို တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေရတာလည်း အလှတရားတစ်ခုပါပဲ အဘွားရဲ့”

အဘွားလုက လက်မခံပေ။

“မဟုတ်တာ၊ တစ်ယောက်ယောက်ကို သဘောကျမိပြီဆိုရင် နေ့တိုင်းအချိန်တိုင်း အတူတူ ရှိချင်မှာပဲလေ၊ သမီးတို့ နှစ်ယောက် အခုလို ငြိမ်းချမ်းတဲ့ ခေတ်ကာလမှာ နေထိုင်နေရတာ ကံကောင်းတယ်၊ အဘွားတို့တုန်းကဆိုရင် ဒီလို မဟုတ်ဘူး၊ စစ်ဖြစ်တုန်းက အဘွားတို့လင်မယားနှစ်ယောက် တစ်နှစ်လောက် မတွေ့ရဘဲ ဝေးကွာနေရတာ၊ အခု တိုင်းပြည်ငြိမ်းချမ်းနေပြီ ဆိုပေမယ့် အဘွားတို့အိမ်ထောင်ရေးက အရင်ကလို မဟုတ်တော့ဘူးလေ၊ သမီးတို့လည်း အမြန်ဆုံး လက်ထပ်သင့်ပါပြီ”

ယဲ့ရှောင်ရှောင်သည် အဘွားလုနှင့် စကားပြောဆိုရခြင်းကို နှစ်သက်သော်လည်း အဘွားလု၏ အတွေးအခေါ်များမှာ အလွန်ပင် အဆင့်ကျော်လွန်းပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင် မတတ်သာတော့ဘဲ ချော့ချော့မော့မော့ ရှင်းပြလိုက်ရသည်။

“သမီးက အခု ကျောင်းတက်နေတုန်းလေ အဘွားရဲ့၊ လက်ထပ်ပြီးရင်တောင် တစ်နေရာတည်းမှာ အတူတူနေနိုင်ဦးမှာ မဟုတ်ဘူး”

အဘွားလုက ယဲ့ရှောင်ရှောင်၏လက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ တောင်းဆိုလိုက်သည်။

“ရှောင်ရှောင်၊ ဘာတွေပဲဖြစ်လာဖြစ်လာ အဘွားတို့ရဲ့ ရှောင်းချွမ်လေးကို မထားခဲ့ပါနဲ့နော်”

ယဲ့ရှောင်ရှောင် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

“လုဟန်ချွမ်အပေါ် ယုံကြည်မှုလေးနည်းနည်းထားပါဦး အဘွားရဲ့”

အဘွားလုက မကျေမနပ် တီးတိုးရေရွတ်လိုက်ပါသည်။

“သူ့ကို ဘယ်လိုစိတ်နဲ့ ယုံကြည်ရမှာလဲ၊ အရင်က ရည်းစားတောင် ထားဖူးတာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင် : “…”

ယဲ့ရှောင်ရှောင်သည် လုအိမ်တော်၌ ညနေစောင်းသည်အထိ ဆက်နေခဲ့သည်။

ညစာစားချိန်ရောက်သော်လည်း လုဟန်ချွမ်၏ မိဘများ ပြန်ရောက်မလာသေးပါ။ အဘိုးလုနှင့် အဘွားလုတို့ကမူ ဤအခြေအနေနှင့် အသားကျနေပြီးသားဖြစ်၍ ယဲ့ရှောင်ရှောင်နှင့်သာ ညစာအတူ စားနှင့်ခဲ့ကြသည်။

ယဲ့ရှောင်ရှောင် ပြန်ဖို့အချိန်ရောက်သောအခါ အဘိုးလုက ပြောလိုက်ပါသည်။

“ရှောင်ရှောင်၊ သမီးကို ကားနဲ့လိုက်ပို့ပေးဖို့ ဘော်ဒီဂတ်တစ်ယောက်ကို အဘိုးဖုန်းဆက်လိုက်မယ်”

အဘွားလုလည်း ထောက်ခံသည်။

“ဟုတ်တယ်၊ မိုးချုပ်နေပြီ၊ သမီးတစ်ယောက်တည်း ပြန်ဖို့ အန္တရာယ်များတယ်”

အဘိုးလုနှင့် အဘွားလုတို့အား ယဲ့ရှောင်ရှောင် ကျေးဇူးတင်လိုက်ပါသည်။

စစ်တပ်ဝင်းထဲမှ ကားဖြင့် ပြန်ထွက်လာစဉ် ရှုအိမ်တော်ထဲမှ လမ်းလျှောက်ထွက်လာသည့် တန့်ရွှယ်ဖုန်းကို ယဲ့ရှောင်ရှောင် လှမ်းမြင်လိုက်ရသည်။

တန့်ရွှယ်ဖုန်းကမူ ကားထဲတွင် ထိုင်နေသည့် ယဲ့ရှောင်ရှောင်ကိုမမြင်ခဲ့ပေ။

All Chapters